← Chapters

ထွက်ခွာခြင်း

Vol. 013 Ch. 1240

ထွက်ခွာခြင်း

Vol. 013 Ch. 1240

ရှီချန်၏ခန္ဓာကိုယ်က နေကိုးစင်းလှည့်ပတ်ခြင်းနှင့်အတူ အလွန်အားကောင်းလာခဲ့သည်။ သူမကား နေမင်းမီးတောက်များ တောက်ပခြင်းကြောင့် စစ်မှတ်သော နတ်ဘုရားမတစ်ပါး အလား ထင်မှတ်ရ၏။ ပြင်းထန်သော မီးတောက်လှိုင်းများသည် သူမအနီးတစ်ဝိုက်ကို ရိုက်ခတ်နေတော့သည်။

ဘုန်း  ...

ရှီချန်က ရှေ့သို့ လှမ်းတက်လိုက်ကာ ရှားရှန်းယွန်ထံသို့ တိုက်ရိုက်ဦးတည်လိုက်သည်။ ကျိုယန်မီးတောက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး မီးတောက်ရောင်စဉ် ကိုးခုသည်လည်း ရှားရှင်းယွန်ထံသို့ ဦးတည်သွားကြ၏။

ရှားရှင်းယွန်၏ရှေ့တွင် ကြာပန်းများ ပွင့်လာကာ အလင်းတန်းများကို တားဆီးသော်လည်း ပူပြင်းသော အငွေ့အသက်များမှာ သူမထံသို့ ရိုက်ခတ်လာနိုင်ဆဲဖြစ်သည်။ စူးရှတောက်ပနေသော ရှီချန်၏ခန္ဓာကိုယ်သည် သူမထံသို့ တိုးဝင်လာနေ၏။ ထိုအခိုက်တွင် ရှီချန်သည် သူမကိုယ်တိုင် နေမင်းတစ်စင်းအလား ပြောင်းလဲသွားဟန်ရသည်။ သူမက ရှားရှင်းယွန်ထံသို့ မရောက်မီတွင်ပင် ပူးပြင်းလောင်မြိုက်သော အငွေ့အသက်များသည် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းလာတော့သည်။

ရှားရှင်းယွန်က လက်ဟန်အချို့ကို လှုပ်ရှားလိုက်လျှင် အနီးတွင် မရေမတွက်နိုင်သော ကြာပန်းများ ပွင့်လာသည်။ ကြာပန်းပွင့်ချပ်များတွင် လောက ပျက်သုဉ်းခြင်းဓားများ ခိုအောင်းနေ၏။ ဖျက်ဆီးခြင်းအလင်းတန်းများသည် ရှီချန်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

သို့သော်လည်း ရှီချန်က ထိုတိုက်ခိုက်မှုများကို လျစ်လျူရှုကာ ဆက်လက်၍ တိုးဝင်လာခဲ့သည်။

ဘုန်း  ...

သူမထံသို့ ရိုက်ခတ်လာသော လှိုင်းများမှာ အလွန်တရာ ဖျက်ဆီးအားကောင်းသည်ကို သတိထားမိသည်။ လောကပျက်သုဉ်းခြင်းဓားများ ကွဲထွက်လာခဲ့ကာ ဓားများသည် ရှီချန်ထံသို့ ဦးတည်သွားကြ၏။ ရှီချန်သည် အနည်းငယ်မျှပင် နှေးကွေးသွားခြင်း မရှိဘဲ လက်ဝါးရိုက်ချက်ထုတ်ရန် ရှေ့သို့ လျှပ်စီးတန်းအလား တိုးဝင်လာခဲ့သည်။ သူမ၏ ကြောက်မက်ဖွယ်မီးတောက်များသည် ဓားအသိမျာကို ခဏချင်း ယိုယွင်းသွားစေနိုင်အောင် ပြင်းထန်၏။

“နေကိုးစင်းနတ်ဘုရားခန္ဓာ” ရှီချန်က ရေရွတ်သည်။ သူမက နေကိုးစင်းနတ်ဘုရားခန္ဓာအား အသက်သွင်းလိုက်လျှင် ရှေ့တွင် ရှိသမျှ အရာခပ်သိမ်းကို ပျက်စီးစေ၏။

ဓားများမှာ ပျက်စီးပြီး ကြာပန်းများမှာ ပြိုပျက်သည်။ ရှားရှင်းယွန်က နောက်ဆုတ်လျှင် ရှီချန်က ကောင်းကင်မှ ကျဆင်းလာသော နေတစ်စင်းအလား ဆက်လက်ဖိအားပေးလာခဲ့သည်။ မည်သည့်အရာကမှ သူမအား ရပ်တန့်နိုင်ဟန်မတူ။

ဘုန်း  ... ဘုန်း  ... ဘုန်း  ...

ပေါက်ကွဲသံများ အဆက်မပြတ် ကြားရကာ ရှားရှင်းယွန်၏ တိုက်ခိုက်မှုများမှာ ဆက်လက်၍ ပြိုပျက်သည်။ သူမရှေ့မှ တော်ဝင်အလင်းများမှာ ပိုမို၍ လင်းလက်တောက်ပလာခဲ့သည်။ ကြာပန်းလွှာများ ပွင့်အာလာကာ နောက်ဆုံးတွင် ကြာပန်းတစ်ခုတည်း၌ ပေါင်းစည်းကြ၏။ ထောင်ပေါင်းများစွာသော ဓာများသည် သူမအနီး၌ လှည့်ပတ်နေကြပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုအသွင် ဖြစ်လာ၏။

လေထဲတွင် သူတို့နှစ်ဦး ပြေးလွှားတိုက်ခိုက်လျှင် ကြောက်မက်ဖွယ် ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ရှီချန်ကား မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ရှေ့သို့ နေတစ်စင်းအလား တိုးဝင်သွားနေသည်။ ထိုအခိုက်တွင် ရှားရှင်းယွန်က ပြန်လည်တိုက်ခိုက်လိုက်၏။

ရှားရှင်းယွန်က အောက်မှ ရှီချန်ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ ချက်ချင်းပင် အဆုံးအစမဲ့သော ဓားများ ဖြစ်ပေါ်လာသည်။ သူတို့က ပျက်စီးခြင်းနဂါးအသွင်သို့ ပြောင်းလဲသွား၏။ လောကပျက်စီးခြင်း အလင်းတန်းများသည် အပေါ်မှ မိုးစက်မိုးပေါက်များပမာ ကျဆင်းလာခဲ့ကြ၏။ ဓားများသည် ရှီချန်ထံသို့ ပြင်းထန်စွာ ကျဆင်းလာကြသည်။ အဆုံးမရှိသော ဓားများ၏ တိုက်ခိုက်မှုအောက်တွင် ရှီချန်၏ နေကိုးစင်းနတ်ဘုရားခန္ဓာမှာ ပြိုပျက်သွားတော့သည်။ သို့သော်လည်း နဂါးကြီးမူကား ပြိုပျက်နိုင်ခြင်း မရှိသောအရာဖြစ်ဟန်ရသည်။ နဂါးကြီးက ဆက်လက် အော်ဟစ်မာန်မဲကာ ကောင်းကင်တစ်ခွင်လုံးကို ရစ်ပတ်လာခဲ့သည်။

သွေးနဂါးစစ်တပ်မှ တန်ခိုးရှင်များကား ထွက်မသွားရသေးပေ။ သူတို့က တိုက်ပွဲမှ စွမ်းအားလှိုင်းများသည် မြေပြင်မှ လူများအား မထိခိုက်စေရန်အတွက် ကာကွယ်ရန် ဆက်လက်ရှိနေကြခြင်း ဖြစ်သည်။ ထိုတိုက်ပွဲကို မြင်တွေ့သူတိုင်းမှာ အလွန်တရာ ထိတ်လန့်မိကြသည်။ မိန်းမနှစ်ယောက်၏ တိုက်ပွဲကား သူတို့ထင်မှတ်ထားသည်ထက် ပြင်းထန်နေသည်။

ရီဖူရှင်းသည်လည်း တိုက်ပွဲကို သေသေချာချာ ကြည့်နေသည်။ ရှီကလန်သည် အလွန်အားကောင်းကြောင်း သူပြောနိုင်၏။ မဟုတ်လျှင် ရှီကလန်မှ ကျိုယန်ရှန့်ထိုက သူမကို ရှားရှင်းယွန်နှင့် တိုက်ခိုက်စေမည် မဟုတ်ပေ။ ရန်ဟောင်တစ်ပါး၏သမီးတော်က မည်သို့ သာမန်ဖြစ်မည်နည်း။

ထိုအချက်ကပင် ရှီချန်အပေါ် သူက မည်မျှ ယုံကြည်မှုရှိသည်ကို တွေ့နိုင်၏။

ထို့အပြင် ချီချန်၏တန်ခိုးအဆင့် ရှားရှင်းယွန်ထက် အနည်းငယ် အားကောင်းသည်ဟု ဆိုနိုင်သည်။ သူမ၏နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့် ကိုယ်ရောင်ကိုယ်ဝါသည် ရှားရှင်းယွန်ထက် ပိုမိုသိပ်သည်း၏။

ထိုအခိုက်တွင် နေမင်းရောင်စဉ်များမှာ ပိုမိုလင်းလက်လာခဲ့သည်။ ရှီချန်၏ နတ်ဘုရားခန္ဓာသည် ရှေ့သို့ တက်လာခဲ့ကာ ရှားရှင်းယွန်အား ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

သို့သော်လည်း ရှားရှင်းယွန်၏ ပုံရိပ်ယောင်များစွာတို့သည် ကြာပန်းများပေါ်၌ ပေါ်ထွက်လာခဲ့သည်။ ကြာပန်းလွှာများသည် ဓားအသိအရှိန်အဝါများ ပြင်းထန်စွာ ထုတ်လွှတ်နေကြ၏။

ရှီချန်သည် အလယ်ဗဟိုတွင် ရပ်နေသည်။ သူမ၏ နေမင်းနတ်ဘုရား တိုက်ခိုက်ရေးပုံစံသည် စူးရှလင်းလက်နေခဲ့၏။ သူမက ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ် ကြည့်သော်လည်း ရှားရှင်းယွန်၏စစ်မှန်သော ခန္ဓာကိုယ်အား ရှာမတွေ့ပေ။

ရှားရှင်းယွန်၏ ပုံရိပ်များအားလုံးသည် လက်ဟန်တစ်ခုအား တူညီစွာ လှုပ်ရှားလိုက်ကြသည်။ အားကောင်းသော ဓားအသိများ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။ ဆူညံသံများသည် လေထုတစ်ခုလုံးကို တုန်ခါလျက် ဖြစ်ပေါ်စေ၏။

“ထောင်ပေါင်းများစွာသော ပျက်သုဉ်းခြင်း၊ ထောင်ပေါင်းများစွာသော အရိပ်များ၊ အားလုံးသည် ကြာပန်းမှ မွေးဖွား၏” အသံများက တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာကာ တစ်လောကလုံးကို တုန်ခါစေသည်။ များစွာသော ကြာပန်းများ ကောင်းကင်၌ ဖြစ်ပေါ်လာသည်။ ရှားရှင်းယွန်ကား ကြာပန်းတိုင်းပေါ်၌ ရပ်နေသည်။

ထိုနေရာသည် အမှန်အကန် ပြင်းထန်သော ဖိအားအောက်သို့ ကျရောက်နေဟန်ရှိသည်။ မရေမတွက်နိုင်သော ကြာပန်းများသည် ရှီချန်ကို လှည့်ပတ်နေကြသည်။ တိုက်ခိုက်မှုများမှာ ထိုနေရာ တစ်ခုလုံးကို ပြည့်နှက်လာဟန်ရ၏။ ဓားများလှည့်ပတ်ခြင်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းအသွင်သို့ ပြောင်းလာ၏။

ဓားမုန်တိုင်းသည် ရှီချန်ထံသို့ ရိုက်ခတ်လာခဲ့သည်။ ဓားမုန်တိုင်းတစ်ခုစီက မရေမတွက်နိုင်သော ဓားများဖြင့် ဖွဲ့စည်းထား၏။ ရှီချန်က ထိုဓားမုန်တိုင်းများအား ထိုးဖောက်ရန် ကြိုးစားသည်။ တဝုန်းဝုန်းမြည်သံများ သူမရှိနေရာမှ ဖြစ်ပေါ်လာ၏။ သို့သော်လည်း ထိုဓားမုန်တိုင်းများကို သူမက ဖျက်ဆီးနိုင်ဟန်မတူ။ ပိုဆိုးသည်မှာ သူမသည် ဓားမုန်တိုင်းထဲ၌ ပိတ်မိတော့မည့် အခြေအနေသို့ ရောက်လာသည်။

ရှားရှင်းယွန်ကား ထိုရှုပ်ထွေးမှုများ၏ အပြင်ဘက်တွင် ရပ်နေခဲ့ကာ ပြိုင်ဘက်ကို အေးစက်စွာ ကြည့်နေသည်။ သူမ၏အသိက လောကနှင့်တစ်ဖန် ပေါင်းစည်းသွား၏။ အရာခပ်သိမ်းမှာ မဟာလမ်းစဉ်နှင့် ဆက်နွှယ်နေကာ ထူးဆန်းသော ဖြစ်စဉ်များနှင့် အရာခပ်သိမ်းတို့မှာ မဟာလမ်းစဉ်မှ မွေးဖွားသည်။ သူကကား ထိုအခိုက်တွင် မဟာလမ်းစဉ်၏ အရှင်သခင်တစ်ပါး အလား ထင်မှတ်ရတော့သည်။

နေမင်းကိုးစင်းမှာ ရှီချန်ကို လှည့်ပတ်လျက် ကောင်းကင်၌ တည်ရှိနေသည်။ သူမက အော်ဟစ်လိုက်လျှင် နေမင်းများမှာ အလင်းတန်းများ ထွက်ပေါ်လာ၏။ သူမ၏အနီးမှ မုန်တိုင်းများသည် အဆက်မပြတ် ပေါက်ကွဲကြ၏။ သို့သော်လည်း မုန်တိုင်းများမှာ မီးတောက်များ ဖုံးအုပ်လျက်ပင် ဆက်လက်တည်ရှိနေကြသေးသည်။ မီးတောက်များက မုန်တိုင်းကို ပိုမိုအားကောင်းစေဟန်ပင်ရ၏။ မုန်တိုင်းမီးတောက်များက ရှီချန်ထံသို့ ဦးတည်လာကြတော့သည်။

ထိုအခိုက်တွင် ရှီချန်၏မျက်နှာက ပြာနှမ်းနေသည်။ ကောင်းကင်ထက်မှ ကြည့်နေသော ကျိုးရန်ရှန့်ထိုသည် သူမ၏အမူအရာမှ တစ်ဆင့် ရှီချန် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိနိုင်၏။

သည်ရန်ဟောင်၏ သမီးတော်သည် ရန်ဟောင်မျိုးဆက်များ အထဲတွင် အလွန်အားကောင်း၏။ သူမ၏တိုက်ခိုက်ရေးစွမ်းအားမှာ အမြင့်ဆုံး၌ ရှိနေပေသည်။

ကျန့်မုမြို့၏ အင်အားအကြီးဆုံး ကလန်တစ်ခု ဖြစ်သည့်အလျောက် ရှီကလန်သည် ရန်ဟောင် အင်အားစုများနှင့် မကြာမကြာ ထိတွေ့ရပေသည်။ သို့သော်လည်း မည်သည့် ရန်ဟောင်မျိုးဆက်ကမှ သူမကဲ့သို့ အားကောင်းခြင်း မရှိပေ။

“ ဒီလောက်နဲ့ပဲ တော်ကြရအောင်  ... ရှီချန်” ကျိုယန်ရှန့်ထိုက ပြောသည်။ ရှီချန်က ကောင်းကင်ထက်ကို ကြည့်သည်။ ပြင်းထန်သော မုန်တိုင်းများမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားကြသည်။ ရှီချန်ထံမှ တောက်ပ လောင်ကျွမ်းနေသော နေမင်းများမှာလည်း မှေးမှိန်ပျောက်ကွယ် သွားကြတော့သည်။ သူမက ရှားရှင်းယွန်အား ဒေါသတကြီး ကြည့်၏။

ရှီချန်က နောက်လှည့်ကာ တောင်းပန်ခြင်း မပြုဘဲ ထွက်သွားတော့သည်။ သူမက အလွန်တရာ စိတ်ဆိုးသွားသည်မှာ သေချာ၏။

ရှားရှင်းယွန်ကလည်း သူမအား တောင်းပန်ရန် မမျှော်လင့်ထားပေ။ သို့သော်လည်း ရှီကလန်မှ လွန်ကဲစွာ ပြုမူခဲ့မှတော့ သူတို့က မီးတောက်အား ရှီကလန်သို့ မည်သည့်နည်းနှင့်မှ ပေးမည် မဟုတ်ပေ။

ရှီကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များ ထွက်ခွာသွားကြသည်။ ကျိုယန်ရှန့်ထို ဖန်တီးထားသော မီးတောက်များမှာလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရှီကလန်ကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ရှီကလန်အနေဖြင့် ထိုမီးတောက်အား မည်သည့်အခါမှ ရရှိတော့မည်မဟုတ်ပေ။

“ သွားရအောင် ” ရီဖူရှင်းက ပြောသည်။ သူကား ကျန့်မုမြို့တွင် အတန်ကြာနေလိုရန် ဆန္ဒရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင် ထိုသို့မဖြစ်နိုင်တော့ပေ။ သူတို့က ချန်ယဲ့မြို့သို့ ပြန်ရပေမည်။

မီးတောက်က သူတို့ထံတွင် ရှိသေးသော်လည်း သတိထားရန် လိုပေသေးသည်။

“အရှင်ရီ” လူအချို့က သူတို့လမ်းအားပိတ်ဆို့လိုက်သည်။ ပြောလိုက်သူကား သူတို့ကို သည်အတိုင်းဖမ်းသွားရန် ချီကလန်သို့ ပြောခဲ့သော လူငယ်ဖြစ်သည်။

လူငယ်၏နောက်တွင် စွမ်းအားမြင့် တန်ခိုးရှင်အများအပြား ရှိနေသည်။ သူတို့မှာလည်း နာမည်ကျော်ကလန်မှ ဖြစ်သည်မှာ သံသယ ဖြစ်စရာမလိုပေ။

ကျန့်မုမြို့မှ လူအများအပြားမှာ သူတို့ကို သိကြပေသည်။ သူကား ကျန့်မုမြို့မှ အင်အားကြီးကလန် တစ်ခုဖြစ်သော ချန်ကလန်ဝင် တစ်ဦးဖြစ်၏။ ချန်ကလန်သည် ရှီကလန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိ၏။

လူငယ်၏နာမည်မှာ ချန်ဟွိုက်ဖြစ်ကာ ပါရမီမြင့်မားသော ရှန့်ထိုတစ်ပါးဖြစ်၏။ သူကား ချီချန်ကို လိုက်လံပိုးပန်း နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကာ ကလန်နှစ်အခုအကြား လက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့လိုနေသည်။

“ ဘာလဲ ” ရီဖူရှင်းက အေးစက်စွာ မေးသည်။ ချန်ဟွိုက်သည် ရီဖူရှင်းတို့အုပ်စုအား ဖမ်းခေါ်သွားရန် အကြံပေးသူဖြစ်ရာ ရီဖူရှင်းအနေဖြင့် သူ့အား ကောင်းမွန်စွာ ဆက်ဆံရန် ဆန္ဒမရှိပေ။

“ကျုပ် အဲဒီမီးတောက်ကို လိုချင်တယ်။ အရှင်ရီက စျေးပြောပါ ” ချန်ဟွိုက်က ရီဖူရှင်းအား ယဉ်ကျေးပျူငှာစွာဖြင့် ပြုံးလျက်ပြောသည်။ သူ့ထံတွင် သည်မတိုင်မီက အနိုင်ကျင့်လိုသော အငွေ့အသက်များ စိုးစဉ်းမျှ မတွေ့ရတော့။

“စိတ်မဝင်စားဘူး ” ရီဖူရှင်းက ငြင်းပယ်ကာ ချန်ဟွိုက်တို့အား ဖြတ်လျက် ဆက်သွားသည်။

ချန်ဟွိုက်ကား တစ်ခဏမျှ မှင်တက်သွား၏။ သူက ပြုံးလျက်ပြောသည်  ... “အရှင်ရီက နတ်ဘုရား ဆေးကြောသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့လည်း မြို့စားတစ်ယောက် ဖြစ်နေခဲ့ပြီ။ ဒီလိုမျိုးလုပ်နိုင်တာ သွေးနဂါးဘုံမှာတော့ ခင်ဗျားက ပထမဆုံးသောသူ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားက မိန်းမတစ်ယောက် နောက်မှာ ရပ်နေတဲ့ ရှန့်ထိုတစ်ပါးသာသာပဲ။ ခင်ဗျား တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား”

ရီဖူရှင်းတို့အဖွဲ့က ရပ်လိုက်ကာ ရှားရှင်းယွန်က သူ့အား အေးစက်စွာ ပြောသည်  ... “ရှင့်မှာ ဒါနဲ့ပတ်သက်ပြီး ပြဿနာ တစ်ခုခုရှိလား ”

ရီဖူရှင်းကလည်း ချန်ဟွိုက်အား ပြုံးလျက်ကြည့်ကာ ပြောသည်  ... “တစ်စုံတစ်ယောက်က မိန်းမတစ်ယောက် အနားကို ကပ်ချင်ပေမဲ့ တစ်ဖက် မိန်းကလေးကတော့ အလေးတောင်မထားဘူး ဆိုတာကပဲ ထူးဆန်းတာ မဟုတ်ဘူးလား။ ခင်ဗျားက ဒီမီးတောက်ကို လိုချင်တာ ရှီချန်ကို ပေးမလို့မလား ”

ထို့နောက် သူက ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ ချန်ဟွိုက်ကား သည်မတိုင်မှီက ရှီချန်ဘေးတွင် ရှိနေခဲ့သော်လည်း ရှီချန်ကား သူနှင့် သိပ်ပတ်သက်လိုဟန်မရပေ။

ရှီချန်နှင့် သူ့လူများက မီးတောက်ကို ရယူနိုင်ခြင်း မရှိသောအခါ ချန်ဟွိုက်က မီးတောက်ကို ရယူ၍ သူမအားပေးလိုခြင်းသည် ထူးဆန်းသည်တော့ မဟုတ်ပေ။

ရီဖူရှင်းတို့က သူတို့အား ဖြတ်ကျော်၍ ထွက်သွားခဲ့ပြီဖြစ်သည်။

ချန်ဟွိုက်ကား သူတို့ထွက်သွားပြီးသောအခါ အသံကို နှိမ့်လျက်ပြောသည်  ... “ ချန်ယဲ့မြို့စားမှာ သူ့အနားက လူတွေကို သူ့အတွက် အလုပ်လုပ်ပေးစေနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါက တကယ်ကို ကောင်းတဲ့စွမ်းရည်ဆိုတာ ကျုပ်ဝန်ခံရမယ်”

ယူချင်းအား ဒေသနန်းတော်သို့ စေလွှတ်နိုင်ခြင်း၊ အင်ပါယာရှားဘုံက သူ့ကျောထောက် နောက်ခံဖြစ်စေခြင်း၊ ရာရာ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိခြင်းနှင် ရှားရှင်းယွန်ကို သူ့အတွက် တိုက်ခိုက်ပေးစေခြင်းတို့သည်  ... သူကား ထိုသို့မစွမ်းပေ။

ချန်ဟွိုက်အနီးမှ လူများက ထိုစကားကို ကြားသောအခါ သူတို့ကလည်း ချန်ဟွိုက်ပြောသည်ကို သဘောတူကြ၏။ ထိုလူကား တစ်ခါမှ တိုက်ခိုက်ခြင်း မရှိပေ။ သူ မည်မျှစွမ်းသည်ကိုလည်း လူအများက မသိကြပေ။

သွေးနဂါးမြစ်ကမ်း တိုက်ပွဲကို တွေ့မြင်ခဲ့ကြသူများက သူ့စွမ်းရည်မှာ ယူချင်းနှင့် မတိမ်းမယိမ်းရှိမည်ဟု ကောက်ချက်ချကြသည်။ ယူချင်းက သူ့စကားကို နားထောင်သည် မဟုတ်ပါလား။

သို့သော်လည်း ရီဖူရှင်းက တစ်ခါမှ တိုက်ခိုက်သည်ကို သူတို့ မမြင်ဖူးရာ သူမည်မျှအားကောင်းသည်ကိုတော့ မသိကြပေ။

ရီဖူရှင်းကား ချန်ဟွိုက် ပြောသည်ကို အလေးမထားပေ။ ရှားရှင်းယွန်က ထိုနေရာမှ ထွက်လာပြီးနောက် ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ပြောသည်  ... “သူပြောတာကို စိတ်ထဲမထားနဲ့”

“မင်းသမီးက စိတ်ထဲမထားဖို့ပဲ လိုပါတယ် ” ရီဖူရှင်းက ပြုံးကာ ဘာမှ ထပ်မပြောတော့။ သူတို့က မြန်ဆန်စွာ ပျံသန်းကာ ကျန့်မုမြို့မှ ထွက်သွားခဲ့ကြသည်။

***

All Chapters