← Chapters

အကျဉ်းထောင်မှ ချုပ်နှောင်လိုက်ခြင်း

Vol. 105 Ch. 1374

အကျဉ်းထောင်မှ ချုပ်နှောင်လိုက်ခြင်း

Vol. 105 Ch. 1374

ချင်မူသည် အကျဉ်းထောင်ကိုးထပ်စင်မြင့် ဒုတိယထပ်သို့ ရောက်လာ၏။ အကျဉ်းထောင်၏ အချုပ်အနှောင်မဟာတာအိုမှာ ဤနေရာ၌ ပို၍ပင် ပြင်းထန်သောကြောင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်လည်ပတ်မှုမှာ ကြောက်ခမန်းလိလိ လျော့ရဲလာသည်။

သူခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော မွှေးညှင်းပေါက်များမှာ ပိတ်ဆို့ခံလိုက်ရသကဲ့သို့သူ့ခန္ဓာကိုယ်ထဲရှိ ချီတို့မှာ အပြင်လောကနှင့် မလှည့်ပတ်နိုင်တော့ချေ။

ထိုမျှသာမက တဆစ်ဆစ် ထိုးနေသည့် နာကျင်မှုမှာ ပို၍ပင် ပြင်းထန်လာပြီး မရေမတွက်နိုင်သော ကိုယ်ပျောက်အပ်များက သူ့ခန္ဓာကိုယ်ကို ထိုးစိုက်နေသည့်အလား ထင်ရသည်။

ပို၍ထူးဆန်းသည်က သူ၏မူလဝိညာဉ်၊ အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်တို့အားလုံးသည် အပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားနေရခြင်းပင်။

‘ဒါကလည်း အဆင့်တစ်ဆင့်ဆိုရင် ဘယ်လိုအသုံးချလို့ရလဲ…. အစ်ကိုကြီး မရှိတာ နှမြောစရာပဲကွာ’

သူ့မှာ အနည်းငယ်ဇဝေဇဝါ ဖြစ်နေမိသည်။ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်ဘုံအကျဉ်းထောင်ရှိပြီး ပြစ်မှုကျူးလွန်ထားသည့် အပြစ်သားများအား အပြစ်ပေးရာတွင် အသုံးပြုသည်။ ယခင်က တိမ်တိုက်ဧကရာဇ်ဝေစွေ့ဖုန်းသည် အဖမ်းခံခဲ့ရဖူးပြီး ကောင်းကင်ဘုံအကျဉ်းထောင်တွင် အကျဉ်းချခံရဖူး၏။

ဝေစွေ့ဖုန်းသာ ဤနေရာတွင် ရှိနေလျှင် ကောင်းကင်ဘုံအကျဉ်းထောင်မှာတုန်းက သူ၏အတွေ့အကြုံများကို ကိုးကားနိုင်ရန် ချင်မူ့ကို ပြောပြလိမ့်မည်။

‘အကျဉ်းထောင်ကိုးထပ်က အဆင့်တစ်ဆင့်ဆိုရင် ဒီအဆင့်က ကောင်းကင်နန်းဆောင်ရဲ့ အဆင့်ခုနှစ်ဆင့်မှာ ဘယ်နေရာမှာ ထားရမလဲ…. နတ်ဘုရားစီရင်ရာစင်မြင့်ထက် မြင့်တာလား နိမ့်တာလား”

သူက အသေအချာ အာရုံခံနေပြီး အကျဉ်းထောင်ကိုးခုစင်မြင့်ထဲတွင် ပါရှိသော မဟာတာအိုကို ရှာတွေ့ချင်နေသည်။ သို့သော် နာကျင်မှုမှလွဲ၍ မည်သည့်တာအိုကိုမှ ရှာမတွေ့ပေ။

ထို့နောက် အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ တတိယအထပ်သို့ ခုန်တက်လိုက်သည့်အခါ တွန့်လိမ်ကောက်ကွေးနေသည့် အလောင်းများစွာ တွေ့လိုက်ရသည်။

၎င်းတို့က အလွန်တရာကြီးမားလွန်းသောကြောင့် ဖန်ဆင်းရှင်များဖြစ်ပေလိမ့်မည်။ နာကျင်မှုကို အဆမတန် ခံစားခဲ့ကြရသဖြင့် သူတို့၏အရိုးများပင် ပုံပျက်နေကြချေပြီ။ ချင်မူသည် ဖန်ဆင်းရှင်တစ်ဦး၏ ခေါင်းမှာ တွန့်လိမ်နေကြောင်း တွေ့လိုက်ရပြီး ထိုပုဂ္ဂိုလ် အသက်ရှိစဉ်တုန်းက နာကျင်လွန်းသဖြင့် သူ၏မျက်နှာပင်လျှင် ပုံပျက်သွားခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ချင်မူ၏ သိုင်းအဆင့်နှင့် အစွမ်းအစသည် ကမ္ဘာဦးခေတ်မှ အရှင်သခင်တစ်ဦးဟုပင် ပြော၍ရနိုင်ပေသည်။ တတိယအထပ်သို့ ရောက်သည့်တိုင် ခံနိုင်ရည် ရှိနေသေးပြီး ဆက်လျှောက်နေဆဲပင်။

ဤသို့ဖြင့် ကောင်းကင်ဘုံအကျဉ်းထောင်၏ စတုတ္ထအထပ်သို့ ရောက်သွားသည်။ သို့သော်လည်း တာအိုတွင် မည်သည့်တိုးတက်မှုမှ မခံစား‌ရသေးပေ။ စူးရှသောနာကျင်မှုက သူ၏မူလဝိညာဉ်အပေါ် သက်ရောက်မှုရှိလာပြီး သူ့ကောင်းကင်နန်းဆောင်များထဲရှိ နာကျင်မှုမှာ ပုံစံပြောင်းလဲလာသည်။

‘စိတ်ဝင်စားစရာပဲ…’

သူက ဆက်သွားနေရင်း ပဉ္စမအထပ်သို့ ရောက်လာ၏။ သူ ထိုနေရာသို့ ရောက်ရှိချိန်တွင် မဟာတာအိုမှာ ချုပ်နှောင်ခံထားရသောကြောင့် ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များကို အသုံးမပြုနိုင်တော့ချေ။

“ဒါပေမဲ့ ထိုက်ကျိ၊ ထိုက်ချူ၊ ထိုက်စုနဲ့ ထိုက်ရှီတို့ရဲ့ လမ်းစဉ်တွေကိုတော့ အသုံးပြုလို့ရသေးတယ်…. အဲ့ဒီမဟာတာအိုလေးခုကို သုံးလို့ရသရွေ့ ဒီနေရာက ငါ့ကို ချုပ်နှောင်နိုင်မှာ မဟုတ်ဘူး”

ဆဌမအထပ်သို့ ရောက်ရှိလာသည့်အခါ သူ၏မူလဝိညာဉ်မှာ ချုပ်နှောင်ခံလိုက်ရသည်။ ကောင်းကင်နန်းဆောင်အသီးသီးရှိ မူလဝိညာဉ်အသီးသီးသည် အင်အားကြီးမားသော ချိပ်တံဆိပ်တစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရ၏။ ချင်မူ့စိတ်မှာ ဝေဝါးလာပြီး ကယောက်ကယက်အတွေးများ ဝင်ရောက်လာကြောင်း ခံစားလိုက်ရသည်။

“ဒီနေရာက ယိုတု မိစ္ဆာလမ်းစဉ်နဲ့ မိစ္ဆာသဘာဝလို ငါ့ရဲ့တာအိုနှလုံးသားကို နှောင့်ယှက်နိုင်တယ်”

သတ္တမအထပ်သို့ ရောက်သည့်အချိန်တွင် သူ့အသိစိတ်အလျဉ်မှာ ချုပ်နှောင်ခံလိုက်ရသည်။ သူ၏အတွေးများသည် အလုပ်မလုပ်တော့သဖြင့် ချင်မူက သူ့အတွေးများကို ထိန်းချုပ်ကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲရှိ ဘိုးဘေးနန်းတော်ထဲတွင် စုစည်းစေလိုက်သည်။ သူက ကျောက်တုံးတွင်းငါးတွင်း၏ စွမ်းအားကို ငှားယူရင်း သူ၏အတွေးများနှင့် အသိစိတ်အလျဉ်ကို ကာကွယ်ထား၏။

အဋ္ဌမအဆင့်သို့ ရောက်လာရာ၌ သူ၏ ချီစွမ်းအင်မှာ လုံးလုံးလျားလျား ငြိမ်ကျ‌သွားတော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မည်သည့်မဟာတာအိုအရှိန်အဝါကိုမှ အာရုံမခံနိုင်တော့ပေ။ သူ၏သွေးများပင်လျှင် ပြင်းထန်စူးရှသော နာကျင်မှုအား ခံစားလာရသည်။

ကောင်းကင်ဘုံအကျဉ်းထောင်၏ အဋ္ဌမအထပ်တွင် အလောင်းများ၊ အရိုးများ ပုံအောတိုက်နေသည်။ ပုံပျက်နေလွန်းသဖြင့် မူလပုံစံများကိုပင် မမြင်ရနိုင်ချေ။

ရှေးဟောင်းနတ်ဘုရားများကိုပင် တွေ့ခဲ့ရသည်။

လုံရှောင် မလိမ်ခဲ့ချေ။ များစွာသော ရှေးဟောင်းနတ်ဘုရားများသည် ဤနေရာသို့ ပို့ဆောင်ခံခဲ့ရပြီး နောက်ဆုံးတွင် ထွက်မလာနိုင်ခဲ့ကြပေ။ ဤကြောက်စရာကောင်းသော ကောင်းကင်ဘုံအကျဉ်းထောင်၏ နာကျင်မှုကို ခံစားရင်း သေဆုံးသွားခဲ့ကြရသည်။

ချင်မူ့စိတ်မှာ ကုဋေချီသော စိတ်နှလုံးမိစ္ဆာများ သောင်းကျန်းနေသကဲ့သို့ မြည်ဟည်းနေသဖြင့် တာအိုနှလုံးသားကို ထိန်းချုပ်ရန် ခက်ခဲနေသည်။

သူ၏မျက်လုံးများက သွေးချင်းနီနေပြီး သူ မြင်မြင်သမျှ အရာအားလုံးမှာ ပုံပျက်ရှုံ့တွနေတော့သည်။ တစ်ကမ္ဘာလုံးသည် ကောက်ကွေးတွန့်လိမ်နေသည့်အပြင် ကောင်းကင်၊ မြေကြီးနှင့် သူကိုယ်တိုင်ပင်လျှင် ပုံပျက်နေတော့သည်။

‘မကောင်းတော့ဘူး… ကောင်းကင်ဘုံအကျဉ်းထောင်က ငါ့တာအိုနှလုံးသားကို ချုပ်နှောင်နေပြီ… ငါ့ တာအိုနှလုံးသား ပြိုလဲသွားရင် ဒီနေရာက အလောင်းတွေလို ဘယ်တော့မှ ထွက်နိုင်တော့မှာမဟုတ်ဘူး’

သူက ကပျာကယာ မျက်လုံးမှိတ်လိုက်သည်။ ကောင်းကင်ဘုံအကျဉ်းထောင် မဟာတာအို၏ အချုပ်အနှောင်သည် သူထင်ထားသည်ထက်ပင် ထိတ်လန့်ဖွယ်ကောင်းကာ ရက်စက်လှသည်။

သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ပွင့်လာပြီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါတွင် တစ်လောကလုံး ပုံပျက်နေသည့် မြင်ကွင်းမှာ ပျောက်ကွယ်သွား၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီထူးဆန်းတဲ့ နေရာကို ရောက်နေပြီပေါ့” ထိုက်ရှီ၏ အသံက သူ၏ကောင်းကင်ရတနာထဲမှ ထွက်ပေါ်လာသည်။

ထိုက်ရှီသည် ယခုတလော ဥထဲရှိ မူလကျောက်တုံးအား သန့်စင်နေရသဖြင့် ထွက်မလာတတ်ပေ။ ချင်မူ ဤနေရာသို့ ရောက်နေခြင်းက သူ့ကို အလန့်တကြား ဖြစ်သွားစေသည်။

“ဒီနေရာက ဘိုးဘေးနန်းတော်ထဲမှာ အနှိုင်းမဲ့အောင် ရက်စက်ကြမ်းကြုတ်တဲ့ နေရာတစ်နေရာပဲ… မင်း လာလို့ရတဲ့ နေရာမဟုတ်ဘူး… ပြန်သွားဖို့ နောက်မကျသေးဘူးနော်”

ဥထဲရှိ ထိုက်ရှီသည် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို သုံးကာ ပတ်ဝန်းကျင်အား လေ့လာအကဲခတ်လိုက်ရင်း တုန်လှုပ်သွားပြီး တည်ကြည်လေးနက်စွာ ပြောသည်။ “ဘိုးဘေးနန်းတော်ထဲမှာ ငါတောင် အာရုံခံလို့မရတဲ့ နေရာတချို့ရှိတယ်… ဒီနေရာလည်း အပါအဝင်ပဲ… အဲဒါတွေက လွဲလို့ ငါ တခြားနေရာတွေ အာရုံခံနိုင်တယ်… သူတို့ထဲမှာ မင်းရဲ့မဟူရာသစ်ပင်ကြီးလည်း ပါတယ်”

ချင်မူမှာ အနည်းငယ်‌ ကြောင်အသွားသည်။ “ဒါဆိုရင် တာအိုနောင်တော် ဘယ်အထပ်ကို အာရုံခံမိလိုက်လဲ”

“အနိမ့်ဆုံးအထပ်”

ချင်မူက အဋ္ဌမအထပ်၏ အစွန်းနားသို့ သွားကာ ငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဥထဲရှိ ထိုက်ရှီက အလျင်အမြန် အော်လိုက်၏။ “မကြည့်နဲ့”

ထိုအခိုက်အတန့်တွင် ချင်မူကား ကောင်းကင်ဘုံအကျဉ်းထောင်၏ န၀မအထပ်ကို မြင်ခဲ့ရလေပြီ။ ထိုနေရာတွင် အဖြူရောင်အလင်းတန်းတစ်တန်းသာ ရှိပြီး လရောင်ကို အလင်းပြန်နေသည့် ရေတွင်းတစ်တွင်းသဖွယ် ထင်ရသည်။

ရေတွင်းထဲမှ ရေများသည် တည်ငြိမ်နေပြီး ချင်မူ့မျက်နှာကို ထင်ဟပ်ပြသနေ၏။

ကောင်းကင်ဘုံအကျဉ်းထောင်၏ န၀မအထပ်မှာ မကြီးမားဘဲ ကိုက်နှစ်ဆယ်သာ ရှိလေသည်။

ချင်မူက ပြုံးလိုက်၏။ “ဘာမှလည်း မရှိပါဘူးဗျ… ဘာတွေကို အံ့ဩနေတာတုန်း”

ထိုက်ရှီဥက သက်ပြင်းချ၍ ပြောသည်။ “မင်း န၀မအထပ်ဆီ ရောက်သွားပြီ”

ချင်မူမှာ ငေးကြောင်သွားတော့သည်။ ထိုအချိန်မှသာ သူသည် န၀မအထပ်ကို ငုံ့ကြည့်နေခြင်းမဟုတ်ဘဲ ကောင်းကင်အား မော့ကြည့်နေခြင်းဖြစ်မှန်း နားလည်သွားသည်။

ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်အကျဉ်းထောင်၏ နဝမအထပ်သို့ ရောက်ရှိနေပြီး ရေတွင်းတစ်တွင်းနှင့် တူသော ကောင်းကင်ကို မော့ကြည့်နေမိ၏။

သူကိုယ်တိုင်ပင်လျှင် ဘယ်တုန်းက ရောက်လာခဲ့မှန်း မသိပေ။

“မင်းတော့ သွားပြီ… မင်းရဲ့တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရပြီ”

ထိုက်ရှီဥက သက်ပြင်းချလျက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရပြီ….. မဟာတာအိုနဲ့ ချီစွမ်းအင်လည်း ချုပ်နှောင်ခံလိုက်ရပြီ… ရုပ်ခန္ဓာရဲ့ စွမ်းအားလည်း ချုပ်နှောင်ခံထားရသေးတယ်… မင်းမှာ ရှိတာဆိုလို့ မင်းရဲ့ ကောင်းကင်ရတနာထဲမှာ ရှိတဲ့ ဘိုးဘေးနန်းတော်ထဲက အသိစိတ်အလျဉ်ပဲ ကျန်တော့တယ်”

ချင်မူ၏ မူလဝိညာဉ်မှာ သစ်သားဖြစ်နေပြီး သူ၏ချီစွမ်းအင်တို့သည် အေးခဲနေ၏။ ကောင်းကင်နန်းဆောင်များအတွင်းရှိ မဟာတာအိုသင်္ကေတတို့လည်း မပြောင်းလဲတော့ဘဲ ကောင်းကင်ရတနာများထဲရှိ ကြယ်တာရာများနှင့် သူရုပ်ခန္ဓာပေါ်မှ ရှေးဟောင်းနတ်ဘုရား အမှတ်အသားများလည်း ချုပ်နှောင်ခံလိုက်ရတော့၏။

သူ၏ဒေါင်လိုက်မျက်လုံးထဲတွင် ယင်နှင့် ယန်ချီတို့သည် လှည့်ပတ်နေသေးသော်လည်း ချင်မူမှာ ဒေါင်လိုက်မျက်လုံး၏ စွမ်းအားကို အသုံးပြု၍မရပေ။

သူကား ယခုတွင် မည်သည့်ကောင်းကင်နတ်သိုင်းကိုမှ အသုံးမပြုနိုင်သည့် သာမန်လူတစ်ယောက် ဖြစ်သွားလေပြီ။

“တာအိုနောင်တော်၊ အခုဘာလုပ်ကြမလဲ” သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာတော့သည်။

ထိုက်ရှီဥက အေးစက်စွာ ပြော၏။ “အရင်တုန်းကဆို ငါ့ကို ဘာလုပ်ရမလဲ မေးမှာ မဟုတ်ဘူးလေ…. မင်းမှာ အခက်အခဲတွေကို ကျော်လွှားဖို့ ထူးဆန်းတဲ့အကြံဉာဏ်တွေ ရှိနေကျ… အခုတော့ ဘာအကြံမှ မရှိတော့ဘဲ ငါ့ကိုမေးနေရပြီလား…. မင်းရဲ့ တာအိုနှလုံးသားက လုံးဝပျောက်ကွယ်သွားပြီလားကွ”

ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ဘိုးဘေးနန်းတော်ထဲရှိ ကျောက်တုံးတွင်းငါးတွင်း ဖုံးအုပ်ထားသော ကျောက်တူးသည့်နေရာထဲတွင် ချင်မူ၏အသိစိတ်အလျဉ်မှာ ကစဉ့်ကလျားဖြစ်နေပြီး မည်သည့်အကြံဉာဏ်မှ ထွက်မလာတော့ချေ။

ကောင်းကင်ဘုံအကျဉ်းထောင် တာအိုနှလုံးသား။ ကောင်းကင်ဘုံအကျဉ်းထောင်၏ နောက်ဆုံးအထပ်မှာ အကြီးမားဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး အ‌ဆင့်ဖြစ်လေသည်။

ထိုက်ရှီဥက သက်ပြင်းချ၏။ “ဒီကောင်းကင်ဘုံအကျဉ်းထောင်ကိုးထပ်ရဲ့ အဆင့်ကိုးဆင့်က မင်းရဲ့ လက်ရှိအဆင့်နဲ့ ဝင်လို့ရတဲ့ နေရာတစ်နေရာ မဟုတ်ဘူး… ငါထင်တာသာ မမှားရင် ကောင်းကင်အကျဉ်းထောင်ကိုးထပ်စင်မြင့်က ကောင်းကင်နန်းဆောင်ရဲ့ အဆင့်ခုနစ်၊ နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ ကျောက်စိမ်းမြို့တော်ကြားမှာ ရှိလိမ့်မယ်…. မင်းရဲ့လက်ရှိအစွမ်းအစနဲ့က ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ကိုတောင် မတတ်နိုင်သေးဘူး…. ကောင်းကင်ဘုံအကျဉ်းထောင်ကိုးခုအဆင့်ကိုတော့ မျှော်လင့်မနေနဲ့”

ချင်မူမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေကြီးပေါ် ထိုင်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ အင်မတန်စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ နာကျင်လွန်းသဖြင့် သူ၏ခန္ဓာကိုယ်မှာ ရှုံ့တွပုံပျက်လာသည်။

“မင်းက နတ်ဘုရားစီရင်ရာစင်မြင့်ကို ဖြတ်သွားပြီးပြီဆိုတော့ အသုံးတော့ ဝင်နိုင်တယ်…. အဲ့ဒါက မူလဝိညာဉ်ကိုတင် သတ်တာမဟုတ်ဘူး…. တာအိုလမ်းစဉ်နဲ့ တာအိုနှလုံးသားကိုပါ ဖျက်ဆီးလိုက်တာပဲ… အဲဒါကိုအောင်မြင်သွားရင် အကျဉ်းထောင်ကိုးထပ်ကို ဝင်ရောက်ဖို့ အဆင့်မီလိမ့်မယ်… အခု မင်းရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျောက်တုံးတွင်းငါးတွင်းထဲမှာ ဝှက်ထားတဲ့ အသိစိတ်အလျဉ်ကို သုံးဖို့ပဲ…. အဲဒါက မင်းရဲ့မျှော်လင့်ချက်ပဲ… ကောင်းကင်နတ်အရှင်မူ”

ထိုက်ရှီဥက အော်လိုက်သည်။ “အာရုံစိုက်စမ်း…. အာရုံစိုက်ပြီးတော့ မင်းရဲ့တာအိုနှလုံးသားကို ပြန်စုစည်းရမယ်… မဟုတ်ရင် ကောင်းကင်ဘုံအကျဉ်းထောင်ထဲက ဖန်ဆင်းရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေလို သေသွားလိမ့်မယ်ကွ”

All Chapters