တာအိုနှလုံးသားကို ပြန်တည်ဆောက်ခြင်း
Vol. 105 Ch. 1375
ချင်မူမှာ ထိုက်ရှီဆီမှ စကားများကို ကြားသော်လည်း အသိစိတ်အလျဉ်ကိုပင် မစုစည်းနိုင်လေရာ တာအိုနှလုံးသားကိုတော့ ထည့်တွက်နေရန်ပင် မလိုချေ။
ထိုက်ရှီပြောသည့်အတိုင်းပင် ဤအကျဉ်းထောင်ကိုးထပ်စင်မြင့်မှာ လက်ရှိ သူ ဝင်နိုင်သည့် နေရာတစ်နေရာ မဟုတ်ပေ။ ဤသဘာ၀ကောင်းကင်ဘုံအကျဉ်းထောင်မှာ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်ပြီးလျှင် နောက်အဆင့် ဖြစ်ပေလိမ့်မည်။
သို့သော် နဂါးဟန်ခေတ်၏ စဦးပိုင်းနှစ်၊ နတ်ဘုရားများ ကောင်းကင်နတ်ဘုံကို တည်ဆောက်ခဲ့သည့် အချိန်တုန်းက ကောင်းကင်နတ်ဘုံသည် ကောင်းကင်ဘုံအကျဉ်းထောင်ကို သိုင်းအဆင့်များ၌ မထည့်သွင်းခဲ့ပေ။
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဘုံအကျဉ်းထောင်မှာ ဤအကျဉ်းထောင်ကိုးထပ်စင်မြင့်နှင့် မတူပေ။ ဤအကျဉ်းထောင်ကိုးထပ်စင်မြင့်အကြောင်း မည်သူမှလည်း မသိပေ။ နှစ်တစ်သန်းကြာသည်အထိ အကျဉ်းထောင်ကိုးထပ်အား လေ့လာရှာဖွေခြင်း မရှိခဲ့ကြ။
ချင်မူ့လက်ရှိအဆင့်မှာ နဂါးသွဲ့ရေကန်အဆင့်သို့ မရောက်ရှိသေးသဖြင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ စမ်းသပ်မှုနှင့် တွေ့ကြုံရသည်အခါတွင် အားကိုးစရာ အတွေ့အကြုံ မရှိတော့ပေ။
သူ့အနေဖြင့် ကောင်းကင်အကျဉ်းထောင်ကိုးထပ်စင်မြင့်အား တစ်ယောက်တည်းသာ တိုက်ခိုက်နိုင်လေသည်။ သူ့မှာ တာအိုနှလုံးသား ချိတ်ပိတ်ခံထားရသဖြင့် မာန်ဟုန်မြစ်ထဲတွင် မျောနေသော ကလေးငယ်တစ်ဦးပမာ ဖြစ်နေတော့သည်။
သူ၏ ပတ်၀န်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး မာန်ဟုန်မြစ်သည် လှိုင်းထန်အုံကြွနေ၏။ သူ့ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းလည်ဆွဲမှသာ မှိန်ဖျော့ဖျော့ အလင်းရောင်အား ထုတ်လွှတ်နေသည်။ မြစ်ထဲမှ သရဲ၊ မိစ္ဆာအသံများ ပျံ့လွင့်လာ၏။ မြစ်ပြင်ထက်၌ မိစ္ဆာ၊ မကောင်းဆိုးဝါးများသည် ပေါ်လိုက်ပျောက်လိုက် ပြေးလွှားရင်း သူ့အား စိုက်ကြည့်နေကြလေသည်။
“မင်းမှာ တာအိုနှလုံးသားက မွေးကတည်းက ပါလာတာမဟုတ်ဘူးလေ... တာအိုနှလုံးသားကို မင်းဘာသာမင်း တစ်ဆင့်ချင်း တစ်လှမ်းချင်း ကျင့်ကြံတည်ဆောက်ခဲ့ရတာ”
ဥထဲမှ ထိုက်ရှီ၏ အသံမှာ အဝေးကြီးမှ လာနေသကဲ့သို့ တိုးညှင်းလှသည်။ “မင်းအနေနဲ့ မင်းရဲ့စိတ်နဲ့မင်း ကျော်လွှားပြီး မင့်တာအိုနှလုံးသားကို ပြန်တည်ဆောက်ရမှာ... မင်း အသက်ရှင်နိုင်ပါသေး...”
သူ့အသံသည် ဝေးသထက် ဝေး၍ တိုးသထက် တိုးသွားကာ နောက်ဆုံးတော့ ကြားပင် မကြားရတော့ပေ။
ပြင်းထန်စူးရှလှသည့် နာကျင်မှုသည် ချင်မူ့ကို ဝိုင်းရံထားပြီး ကြောက်စိတ်က သူ့ကို ပြိုလဲလာစေသည်။ သူ့မှာ မြစ်ထဲ၌ ကူရာမဲ့နေသာ ကလေးတစ်ယောက်ပမာ တစ်ယောက်တည်း မျောနေပြီး မြင်မြင်ရသမျှသာ အမှောင်ထုသာ ဖြစ်နေတော့သည်။
အဘွားစစ်သာ ... အဘွားစစ်သာ ခြင်းထဲမှ သူ့ငိုသံကို မကြားခဲ့လျှင် ...၊ မဟာမြို့ပျက်၏ အမှောင်ထဲသို့ ဝင်၍ သူ့အား မရှာခဲ့လျှင်... ခြင်းထဲမှ သူ့အား မကောက်ခဲ့လျှင်...
လက်ရှိသူသည် သူ ဖြစ်နေပါဦးမည်လော။
ကောင်းကင်နတ်အရှင်မူ ဖြစ်နေပါဦးမည်လော။
ကောင်းကင်ဘုံအကျဉ်းထောင်ကိုးထပ်စင်မြင့်က သူ၏တာအိုနှလုံးသားကို ချိုးဖျက်ရင်း မူလအခြေအနေသို့ ပြန်ရောက်စေခဲ့သောကြောင့် သူ၏တိုက်ခိုက်လိုစိတ် သေဆုံးသွားပြီး အားနည်းသော ကလေးငယ်လေး ဖြစ်သွားချေပြီ။
အမှောင်ထုသည် တဖြည်းဖြည်း ကျူးကျော်လာကာ သူ့အား ဝါးမြိုသွားလိမ့်မည်။
ချင်မူ့မျက်လုံးများ တစတစ မှေးမှိန်လာပြီး အဆုံးသတ်ဖြင့် အရာအားလုံး အမှောင်ဖုံးသွားတော့သည်။
ချင်မူ့အား အသည်းအသန် အော်ခေါ်နေခဲ့သော ထိုက်ရှီလည်း ငြိမ်သက်သွား၏။
ပြီးဆုံးသွားပြီ။ ချင်မူ့တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရပြီး တိုက်ခိုက်လိုစိတ် ပျက်စီးသွားပြီ။ သူ့တာအိုနှလုံးသား ပြန်လည်နိုးထလာပြီး ကောင်းကင်နတ်အရှင်မူ ဖြစ်နိုင်တော့မည်မဟုတ်တော့။
အကျဉ်းထောင်ကိုးထပ်လုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။
အော်ဟစ်သံများ၊ အသိစိတ်အလျဉ်.. ချီစွမ်းအင်... မူလဝိညာဉ်... မည်သည်မျှ မကြားရ။
သူ ဤနေရာသို့ ဝင်ရောက်လာခဲ့ကတည်းက ချုပ်နှောင်ခံလိုက်ရသည်မှာ သူ၏တာအိုနှလုံးသား ဖြစ်သည်။
မဟာတာအိုကို ချုပ်နှောင်ခြင်း၊ ရုပ်ခန္ဓာ၊ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့အပေါ် ချုပ်နှောင်ခြင်းအားလုံးကား... ဟန်ပြသက်သက်သာ။
သူ၏တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရသည့်အတွက်ကြောင့်သာ ရုပ်ခန္ဓာ၊ ချီစွမ်းအင်၊ မူလဝိညာဉ်၊ မဟာတာအိုနှင့် အသိစိတ်အလျဉ်တို့အားလုံး ချုပ်နှောင်ခံလိုက်ရခြင်း ဖြစ်သည်။
ရွာလူကြီး၏ လောကသခင်ခန္ဓာ ထွင်လုံးက ... သူ့အား မည်သည့်အရာမဆို လုပ်နိုင်သည်ဟု ထင်မြင်စေခဲ့သည်။
တာအိုနှလုံးသားကို ချုပ်နှောင်သည့် အကျဉ်းထောင်ကိုးထပ်ကမူ ... ဘယ်အရာကိုမှ မလုပ်နိုင်ဟု ထင်မြင်စေသည်။
ချင်မူမှာ အကျဉ်းထောင်ကိုးထပ်၏ အလယ်၌ လဲနေချေပြီ။ အချိန်အတော်ကြာသည့်တိုင်အောင် လှုပ်ရှားခြင်းမရှိ။.. တစ်ချက်တစ်ချက် တွန့်တွန့်သွားရုံသာ ရှိသည်။
‘ဒီကမ္ဘာမှာ အခိုင်မာဆုံး တာအိုနှလုံးသားရှိတဲ့ ဖြစ်တည်မှုတောင် အကျဉ်းထောင်ကိုးထပ်ကို မတွန်းလှန်နိုင်ဘူး... ငါတော့ သူ သေတဲ့နေ့အထိ သူ့ကိုယ်ထဲမှာ ပိတ်မိနေမယ်ထင်တယ်’
ထိုက်ရှီတစ်ယောက်ထဲ တွေးနေမိသည်။ ‘သူ့အလောင်း ပုပ်သွားမှပဲ ငါ ထွက်နိုင်လောက်တယ်... ကောင်းကင်နတ်အရှင်မူ.. မင်း တာအိုနှလုံးသားအကျဉ်းထောင်ကနေ လွတ်မြောက်နိုင်ပါ့မလား’
...
ချင်မူသည် ကလေးငယ်ပမာ ခန္ဓာကိုယ်အား ကွေးထား၏။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီး အလင်းရောင်ဟူ၍ မရှိချေ။
“နားထောင်... အပြင်မှာ ကလေးငိုသံ ကြားရတယ်”
“မူအာမှာ သူများနဲ့မတူတဲ့ ရုပ်ခန္ဓာ ရှိတယ် ထင်တယ်ဟ... ဝိညာဉ်ခန္ဓာလေးခုကို ပေါင်းစည်းထားတဲ့ လောကသခင်ခန္ဓာပဲ ဖြစ်လိမ့်မယ်”
“ယုံကြည်ချက်ရှိသရွေ့ သေမျိုးခန္ဓာကနေလည်း လောကသခင်ခန္ဓာ ဖြစ်လာနိုင်ပါတယ်”
“ဘုရားကျောင်းပျက်ထဲက နတ်ဘုရားကို ချိုးဖျက်ဖို့ ခက်တယ်.... နှလုံးသားထဲက နတ်ဘုရားကို ချိုးဖျက်ဖို့က ပိုလို့တောင် ခက်သေးတယ်”
“သူတော်စင်တန်ခိုးရှင်လမ်းစဉ်ဆိုတာ သာမန်လူသားတွေရဲ့ နိစ္စဒူဝအသုံးထက် မပိုဘူး.... မတူကွဲပြားတဲ့ ဘယ်အရာမဆို အသက်မွေးဝမ်းကျောင်း ဖြစ်လာနိုင်တယ်”
“မိမိရဲ့သဘာဝအတိုင်း ပြုမူတာ.. သဘာဝအတိုင်း ဖြစ်ခွင့်ပေးလိုက်တာ... အဲဒါ လမ်းစဉ်ပဲ”
“ငါ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာတဲ့အကြောင်းရင်း... ငါ ပြုပြင်ပြောင်းလဲချင်တဲ့ အကြောင်းရင်းက ... ဂိုဏ်းတွေ ပြည်သူပြည်သားတွေအပေါ် ဂုတ်သွေးစုပ်နေတဲ့ကိစ္စ၊ တိုင်းပြည်အပေါ် အမြတ်ထုတ်နေတဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲချင်လို့ပဲ... ငါက ပြောင်းလဲချင်ရုံတင်မဟုတ်ဘူး... တော်လှန်ပစ်ချင်တာ... အဲဒီဂိုဏ်းတွေရဲ့ ခံယူချက်တွေ ဘဝတွေနဲ့ ငါ့ဘဝကိုပါ တော်လှန်ပြီး ပြုပြင်ပြောင်းလဲပစ်ချင်တာ”
“ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုက လူသားတွေရဲ့ စိတ်ဆန္ဒအတိုင်း ပြုမူဖို့ပဲ”
“ဒီကမ္ဘာမှာ ရွှင်ပျော်ပျော်ကျေးရွာဆိုတာ မရှိဘူး”
“နောင်တစ်ချိန်မှာ ငါတို့အကျင့်ပျက်ခြစားရင် ငါတို့ကို တော်လှန်မယ့် မျိုးဆက်တွေ ရှိလိမ့်မယ်.. အများကြီး တွေးစရာမလိုဘူး”
“ဂရုစိုက်... ငါ မင်းကို မျှော်လင့်ထားမယ်”
“ဂိုဏ်းသခင်၊ ခင်ဗျားမှန်တယ်”
..
အတော်လေးကြာသော် ချင်မူ မျက်လုံးများ ဖွင့်လိုက်သည်။ သူ့တာအိုနှလုံးသားမှာ အပိတ်ခံထားရသောကြောင့် သာမန်လူသားသဖွယ် ဖြစ်နေဆဲပင်။ သို့သော် မျှော်လင့်ချက်က သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။
“ထိုက်ရှီ မှန်တယ်... ငါ့မှာ အရင်ကတည်းက တာအိုနှလုံးသား ပါလာခဲ့တာ မဟုတ်ဘူး... ကျင့်ကြံတည်ဆောက်ခဲ့ရတာ.... အရင်တုန်းက ငါက နတ်ဘုရား မပြောနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တောင် မဟုတ်ခဲ့ဘူး... ငါ တာအိုနှလုံးသားကို ကျင့်ကြံခဲ့ရတာပဲ”
“အတိတ်တုန်းက ငါဟာ ဂိုဏ်းသခင်ချင်လည်း မဟုတ်၊ လူသားဧကရာဇ်ချင်လည်း မဟုတ်... ကောင်းကင်နတ်အရှင်မူလည်း မဟုတ်ခဲ့ဘူး... အဲဒါတွေအတွက် ငါ့ဘာသာငါ တစ်လှမ်းချင်း တိုက်ခိုက်ရယူခဲ့ရတာ”
“အတိတ်တုန်းက ငါ့မှာ ကိုယ်ပိုင်ဝိညာဉ်ရော၊ ကိုယ်ပိုင်ရုပ်ခန္ဓာရော မရှိခဲ့ဘူး... ကိုယ်ပိုင်အသိစိတ်အလျဉ်တော့ ရှိခဲ့တယ်”
“အတိတ်တုန်းက ငါ့မှာ တာအိုမိတ်ဆွေတွေ မရှိခဲ့ဘူး... အခုတော့ မိတ်ဆွေတွေ အများကြီး ရှိလာခဲ့ပြီ”
“အတိတ်တုန်းက ငါက ဆွေမျိုးမရှိတဲ့ မိဘမဲ့တစ်ယောက်ပဲ... ဒါပေမဲ့ ဒုက္ခိတဘိုးဘွားကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး ငါ့မှာ ရှိနေခဲ့ပြီ”
“အတိတ်တုန်းက ငါ့မှာ ငါ့အပိုင်လမ်းစဉ်ရယ် မရှိခဲ့ဘူး... အခုတော့...”
သူသည် အံတင်းတင်းကြိတ်လိုက်ကာ အသည်းထဲအထိ ခိုက်စေသော နာကျင်မှုအား တောင့်ခံလိုက်၏။ ထို့နောက် ယိုင်တီးယိုင်တိုင်ဖြင့် ထရပ်ရင်း စိတ်ရှင်းလင်းနေအောင် အသိစိတ်အလျဉ်အား ထိန်းချုပ်လိုက်သည်။
“ငါ့မှာ ငါ့လမ်းစဉ်နဲ့ငါ ရှိနေပြီ”
နာကျင်မှုသည် အသိစိတ်ကို ထုံထိုင်းသွားစေသော်လည်း သူက စိတ်အားတင်းရင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အတင်းအကြပ် လှည့်ပတ်နေသည်။
သူ လမ်းလျှောက်နေစဉ် ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်သွားသည့်အလား ၊ ပြေးလွှားလေ့ကျင့်ခဲ့ရသော နေ့ရက်များသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရ၏။
သို့သော် ဤတစ်ကြိမ်တွင် သူ့ခြေလှမ်းများမှာ အလွန်အားနည်းနေသည်။ သူ့ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေပြီး အကျဉ်းကိုးထပ်၏ အနိမ့်ဆုံးအထပ်၌ ခက်ခက်ခဲခဲ လမ်းလျှောက်နေရလေသည်။
သူ၏အသိစိတ်အလျည်က တောင့်တင်းနေပြီဖြစ်သော ချီစွမ်းအင်ကို လှုံ့ဆော်ရင်း စီးဆင်းလာစေသည်။ သူက အားကုန်ထုတ်ရင်း ကျင့်စဉ်အား လည်ပတ်လာစေ၏။ အသိစိတ်အလျဉ်နှင့် ချီစွမ်းအင် ဖြတ်သွားသည့် နေရာတိုင်းတွင် အရိုးကို ဓားဖြင့် လာခြစ်နေသကဲ့သို့ နာကျင်ရလေသည်။
သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ လှမ်းရသည့် ခြေလှမ်းတစ်လှမ်းတိုင်းက အလွန်မှ နာကျင်ရ၏။
ထိုက်ရှီကား စကားမပြောသေးဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ အဆင့်နိမ့်ပါးလှသော သတ္တဝါလေးသည် ကူကယ်ရာမဲ့သော အခြေအနေသို့ ကျရောက်သွားခဲ့သည့်တိုင်အောင် ဆက်လျှောက်နေသေး၏။ မည်သည့်အရာက သူ ဆက်လျှောက်နိုင်အောင် ပံ့ပိုးပေးနေမှန်းလည်း သူ ကြည့်ချင်မိသည်။
ထိုက်ရှီသည် ကမ္ဘာခေတ်နှောင်းသတ္တဝါများအား အထင်သေးသလို၊ ရှေးဟောင်းနတ်ဘုရားများကိုလည်း အထင်မကြီးပေ။ သူ့အား ထိုက်ရှီမူလကျောက်တုံးတွင်းထဲမှ တူးထုတ်သွားခဲ့သူသည် ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဖြစ်သည် မဟုတ်လော။
သို့တို်ငအောင် ယခုတွင် ဤကမ္ဘာ၏ သတ္တဝါလေး ချင်မူ့ဆီမှ စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သည့် စိတ်ခွန်အားကို မြင်နေရချေပြီ။
ချင်မူ၏ ပြိုင်ဘက်ကင်းသော ဇွဲနှင့် ခေါင်းမာမှုက သူ့အား လေးစားလာစေသည်။
ပေနှစ်ဆယ်သာ ရှိသော စတုရန်းကွက်ဧရိယာထဲတွင် ချင်မူအနေဖြင့် ခြေတစ်လှမ်းလျှင် တစ်နာရီနီးပါး လှမ်းနေရသည်။
နဂါးချီလင်နှင့် လုံရှောင်က အလွန်မြင့်မားလှသော ကမ်းပါးစွန်း၌ ရပ်နေကြသည်။ သူတို့ ငုံ့ကြည့်လိုက်သည့်အခါ တစ်လက်မအရွယ် စတုရန်းကွက်ထဲ၌ နှေးကွေးစွာ ရွေ့နေသော လူသေးသေးလေးကိုသာ မြင်ကြရ၏။
“ဂိုဏ်းသခင် အထဲကနေ လမ်းလျှောက်ထွက်လာနိုင်ပါ့မလား” နဂါးချီလင်မှာ အနည်းငယ် စိတ်ပူလာသဖြင့် လုံရှောင်ကို မော့ကြည့်လိုက်သည်။
သားရဲကြီးတချို့က အပြင်မှ ပရဆေးပင်များ သွားခူး၍ ဤနေရာသို့ ပြန်လာကြ၏။ သူတို့မှာ မရောက်ခင်မှာပင် နာကျင်မှုကြောင့် တွန့်လိမ်နေကြသဖြင့် နဂါးချီလင်က ဆေးပင်အား အပြေးအလွှား သွားယူလိုက်ရသည်။ နဂါးချီလင်၏ တာအိုနှလုံးသားက ဤသားရဲကြီးများထက် ခိုင်မာလေသည်။
“ကောင်းကင်နတ်အရှင်မူသာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကနေ ထွက်လာနိုင်ရင် ငါ သူနဲ့ တကယ် ပူးပေါင်းရတော့မှာလား” လုံရှောင်သည် စတုရန်းကွက်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
နဂါးချီလင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ မေးလိုက်သည်။ “ဂိုဏ်းသခင် အဲဒီကနေ ထွက်လာနိုင်မှာလား”
လုံရှောင်သည် ကိုးထပ်မြောက်အဆင့်ဆီသို့ စိုက်ကြည့်၍ တိုးညင်းစွာ ဖြေ၏။ “သူ့အမြန်နှုန်းက တဖြည်းဖြည်း တိုးလာတယ်... အကျဉ်းထောင်ကိုးထပ်ရဲ့ ကိုးထပ်မြောက်ကနေ ထွက်လာနိုင်တဲ့သူ ငါ မမြင်ဖူးဘူး... တာအိုနှလုံးသား ချုပ်နှောင်ခံလိုက်ရတဲ့အချိန်မှာတောင် တာအိုနှလုံးသားကို ပြန်တည်ဆောက်နိုင်တဲ့သူလည်း မမြင်ဖူးဘူး... ဒါပေမဲ့ သူကတော့ လုပ်ခဲ့လိုက်ပြီ”