← Chapters

အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့်

Vol. 105 Ch. 1376

အကျဉ်းထောင်ကိုးထပ်စင်မြင့်အဆင့်

Vol. 105 Ch. 1376

နဂါးချီလင်သည် ပျော်ရွှင်၀မ်းမြောက်စွာဖြင့် တောင်ကမ်းပါးစွန်းပေါ်မှ လှမ်းကြည့်နေ၏။ သို့သော် ချင်မူမှာ ခက်ခက်ခဲခဲဖြင့် ဖြည်းဖြည်းသာ လျှောက်နိုင်သေးသည်ကို တွေ့လိုက်ရသည်။ ခြေတစ်လှမ်းချင်းစီက သူ၏ အားအင်မှန်သမျှကို စုပ်ယူနေသည့်အလားပင်။

နောက်ထပ်နှစ်ရက်ကြာပြီးနောက် ချင်မူ၏အမြန်နှုန်းမှာ တိုးတက်လာကြောင်း တွေ့လိုက်ရသည်။

သို့သော် ဤသို့တိုးတက်မှုမျိုးက နှေးလွန်းသဖြင့် သူ့မှာ စိုးရိမ်ပူပန်နေရ၏။

တဖြည်းဖြည်း ချင်မူ၏ ခြေလှမ်းများက ပိုပို၍ မြန်လာသည်။ သူ့မှာ နာရီဝက်အတွင်း ခြေလှမ်းတစ်ဝက်သာ လျှောက်နိုင်ခဲ့သော်လည်း ယခုတွင် အမွှေးတိုင်တစ်တိုင်ထွန်းစာ ပမာဏသာ လိုအပ်တော့ချေပြီ။

လုံရှောင်က ခေါက်တုံ့ခေါက်ပြန် လျှောက်လျက် မကြာခဏ ကောင်းကင်သို့ မော့ကြည့်လိုက်၊ ရုန်းကန်နေသော ချင်မူ့ကို ကြည့်လိုက် လုပ်နေသည်။ သူ့စိတ်ထဲတွင် ချိတုံချတုံ ဖြစ်နေသည်။

သူသည် ချင်မူနှင့် မဟာမိတ်မဖွဲ့လိုပေ။ ချင်မူ၏ အစွမ်းအစများသည် အားနည်းလွန်းသည်မဟုတ်လော။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ယောက်ကိုသာ အားကိုးလိုက်လျှင် သူ၏လက်ရှိအခြေအနေကို ထိန်းထားနိုင်ပေလိမ့်မည်။ အဆိုးဆုံးဟူ၍ ကောင်းကင်နတ်အရှင်များ၏ စီးတော်ယာဉ်ဖြစ်လာနိုင်သော အခြေအနေသာ ရှိသည်။

ချင်မူနှင့် မဟာမိတ်ဖွဲ့လိုက်ပါက နာမည်အရ လွတ်လပ်နေဦးမည်ဖြစ်သော်လည်း ချင်မူသည် ဘိုးဘေးနန်းတော်အနောက်ဘက်ရှိ ဧရာမသားရဲများအပေါ် ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

'ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက အလားအလာ တော်တော်ကောင်းတယ်…. ဒါ့အပြင် ကောင်းကင်နတ်အရှင်မူ ပြောတဲ့အတိုင်း ကောင်းကင်နတ်အရှင်ဆယ်ပါးက ဘိုးဘေးနန်းတော် အနောက်ဘက်ခြမ်းကို ခွဲဝေယူကြရင် ငါ့အတွက် အခက်တွေ့လိမ့်မယ်”

လုံရှောင်၏ မျက်နှာကိုးခုလုံးမှာ ‌မရေမရာဒွိဟ ဖြစ်နေသည်။ ‘သူတို့က ငါ့ကို ဆယ်ပိုင်းပိုင်းပြီး အညီအမျှ ခွဲယူကြမှာပဲ…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါး ရှိရင် ဆယ့်တစ်ပိုင်း ပိုင်းကြမှာ… ပြောရရင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ နတ်မင်းလေးပါးက သဘာ၀အတိုင်းဆို လေးပါးပဲ ရှိရမှာဆိုပေမယ့် ငါးပါးတောင် ရှိနေတာပဲမလား…. ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း ဆယ့်တစ်ပါး ဖြစ်နိုင်ချေ ရှိတယ်…”

ရုတ်တရက် လုံရှောင်မှာ ပျက်နှာအနည်းငယ် ပျက်သွားသည်။ ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ဆင်းသက်လာသည်ကို သူ အာရုံခံလိုက်မိချေပြီ။

“ဒီလူက ကောင်းကင်နတ်အရှင်ကုန်း မဟုတ်သလို နတ်ဧကရာဇ်လန်ရွှမ်နဲ့ နတ်အရှင်မချန်းလည်း မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ယောက် ဖြစ်ရမယ်…”

လုံရှောင်သည် အရှိန်အဝါကို အသေအချာ အာရုံခံရင်း နဂါးချီလင် ပေးသည့် ပရဆေးပင်တချို့စားကာ ဒဏ်ရာများအား တည်ငြိမ်စေလိုက်သည်။ သူက ခပ်ဩဩအသံဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ရောက်လာပြီ…. ကျန်တဲ့ကောင်းကင်နတ်အရှင်တွေလည်း သိပ်မကြာလောက်တော့ဘူး…. နဂါးတွေက အရွယ်အစား ချဲ့နိုင်၊ ကျုံ့နိုင်ကြပေမယ့် ‌အလိုရှိသလို ပေါ်နိုင်၊ ပျောက်နိုင်တော့ မလုပ်နိုင်ကြဘူး…. လုံပိ၊ ငါတို့ အခုပုန်းမှ ဖြစ်မယ်”

နဂါးချီလင်မှာ တုံ့ဆိုင်းနေသည်။ “ဒါဆို ကောင်းကင်နတ်အရှင်မူကရော…”

“သူ ထွက်လာရင် ငါ ပြန်လာ‌ခေါ်မယ်… ငါလည်း ထွက်ဖို့ လမ်း လိုတယ်လေ….”

လုံရှောင်မှာ ကြောက်မက်ဖွယ် အရှိန်အဝါနောက်တစ်ခု ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ဆင်းသက်လာကြောင်း အာရုံခံလိုက်မိပြန်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက ထင်ထားတာထက် ပိုပြီးမြန်မြန် ရောက်လာတာပဲ… သွားကြစို့”

သူက နဂါးချီလင်အား ကောက်ယူလိုက်ပြီး ခပ်ဩဩ ပြောသည်။ “မင်းကို အသွင်ပြောင်းနိုင်တဲ့ နည်းလမ်း သင်ပေးမယ်…. နားလည်ဖို့ ကြိုးစားကြည့်”

ထိုအခိုက်အတန့်တွင် နောက်ထပ်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဘိုးဘေးနန်းတော်ထဲသို့ ဆင်းသက်လာ၏။ လုံရှောင်က လေပြေတစ်ခုအလား ပျောက်ကွယ်သွားတော့သည်။

အချိန်တိုအတွင်း ကောင်းကင်နတ်အရှင်ခြောက်ပါး ရောက်လာခဲ့ကြချေပြီ။ ကောင်းကင်နတ်အရှင်ခြောက်ပါးကား အလွန်တရာ မြန်ဆန်ကြ၏။ သူတို့က ခြေဖဝါးဖြင့် ဤကမ္ဘာ၏အကျယ်အဝန်းအား တိုင်းတာပြီး မျက်လုံးများဖြင့် အကဲခတ်နေသောကြောင့် ထိုနေရာတွင် အနားယူနေကြသည့် ဧရာမသားရဲကြီးများကို အလန့်တကြား ဖြစ်သွားစေသည်။

သူတို့၏ခန္ဓာကိုယ်များက မြင့်မားသန်မာကြ၏။ ကောင်းကင်နတ်အရှင်တစ်ပါး၏ အရှိန်အဝါသည် ဘိုးဘေးနန်းတော်အနောက်ဘက်အပေါ် ဖိနှိပ်ရန် လုံလောက်လေရာ ကောင်းကင်နတ်အရှင်ခြောက်ပါးကတော့ ပြောနေစရာပင် မလိုအပ်ချေ။

ဘိုးဘေးနန်းတော်ရှိ အလွန်တရာ အင်အားကြီးမားသော ဧရာမသားရဲကြီးများပင်လျှင် ဤအခြေအနေတွင် ခေါင်းထောင် မကြည့်ရဲကြပေ။ သူတို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်တွင် ပြားပြား၀ပ်နေကြ၏။

ကောင်းကင်နတ်အရှင်ခြောက်ပါးက ကောင်းကင်နှင့် မြေကြီးကို တိုင်းတာပြီး ရက်အနည်းငယ်ကြာသော် မြစ်ချောင်းများ၊ ပင်လယ်များ၊ တောင်တန်းများကို ဖြတ်သန်းသွားလာကာ စစ်ဆေးနေကြသည်။

ရွှံ့နွံတစ်အိုင်၏ အစွန်းတွင် ခွေ့နွားအုပ်များ ရှိကြ၏။ ခွေ့နွားများက ခေါင်းငုံ့၍ သိပ်သည်းလှသော ရေမြက်ပင်များကို စားသုံးနေကြ၏။ သူတို့ပတ်ပတ်လည်ရှိ မြက်ပင်များ ကုန်ဆုံးသွားလျှင် ရေမြက်ပင် ပေါများသော နောက်တစ်နေရာသို့ ခုန်ကူးသွားကြ၍ ဆက်လက်စားသုံးကြသည်။

ခွေ့နွားများအထဲရှိ နွားသိုးများမှာ ဒေါသကြီးပြီး မကြာခဏ တိုက်ခိုက်တတ်ကြ၏။ သူတို့တိုက်ခိုက်ကြတိုင်း ဗိုက်များမှ လျှပ်စီးများ တဂျိန်းဂျိန်း ထွက်ပေါ်လာတတ်လေသည်။

ခွေ့နွားများသည် မိုးကြိုးကို ထိန်းချုပ်ရန် မွေးဖွားလာခြင်း ဖြစ်သည့်အလျောက် အားမနည်းကြပေ။

ဤအချိန်တွင် ကောင်းကင်နတ်အရှင်တစ်ပါး၏ အရိပ်က နွားအုပ်အပေါ်ရှိ ကောင်းကင်တွင် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အရှိန်အဝါများက မီးတောက်များအလား ထွန်းလင်းတောက်ပနေကြ၏။ ၎င်းတို့က ဦးခေါင်းနောက်တွင် ဧရာမမီးတောက်ဘီးကြီးတစ်ခုအဖြစ် ဖွဲ့တည်နေသောကြောင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ၏ခန္ဓာကိုယ်က အကြီးမားဆုံးသားရဲထက်ပင် ပို၍ကြီးမားနေသည်။ သူက ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်လျက် ကောင်းကင်အား ပုံပျက်ရှုံ့တွနေစေသည်။

သူ၏အကြည့်က နွားအုပ်ဆီသို့ ဝေ့ဝဲကြည့်လိုက်ပြီး နွားအားလုံး မြေပေါ်လဲကျသွား၏။

ကောင်းကင်နတ်အရှင်က နွားအုပ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မတွေ့ရသောကြောင့် အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နတ်အရှင် ထွက်ခွာသွားပြီးနောက် နွားအုပ်က ယခင်အတိုင်း ဆက်လက်မြက်စားနေကြ၏။

ခွေ့နွား ခပ်ကြီးကြီးတစ်ကောင်နှင့် နွားပေါက်လေးတစ်ကောင်သည် အမြှီးများလွှဲရမ်းလျက် မြက်စားရန် ကြိုးစားနေကြသည်။ နွားပေါက်က မြက်စားနေရင်း ခပ်တိုးတိုး အော်၏။ “မွေးစားဖေဖေ၊ ကျွန်တော်တို့ တကယ် မြက်စားရမှာလား”

“စကားမပြောနဲ့”

ခပ်ကြီးကြီးနွားက မြက်ကို အသေအချာ စားနေရင်း တိုးညှင်းစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်က အဝေးကြီး မရောက်သေးဘူး… ငါတို့ကို စောင့်ကြည့်နေတုန်းပဲ… ဆက်စားနေ… မျက်ရည်ကျလာရင်တောင် စားနေရမယ်”

ထိုစဉ် ကောင်းကင်ထက်တွင် မီးတောက်မျက်လုံးတစ်လုံး တိတ်တဆိတ် ထွက်ပေါ်လာ၏။ ၎င်းက နွားအုပ်ကို ကြည့်ရှုပြီးနောက် တိတ်တဆိတ်ပင် ပျောက်ကွယ်သွားသည်။

“လုံရှောင်က အပုန်းတော်တယ်… ရှာရခက်လိုက်တာ”

ကောင်းကင်နတ်အရှင်ခြောက်ပါးက လူစု၍ ခေါင်းခါရမ်းလိုက်ကြသည်။ “သူက အပြင်းထန်ထန် ဒဏ်ရာရထားတယ်…. ပြောရရင် လူနေမှုအဖွဲ့အစည်းမရှိတဲ့ ကမ္ဘာဦးခေတ်က သားရဲတစ်ကောင်လေ… ကုသချင်ရင် ငါတို့ထက် နှစ်ထောင်ပေါင်းများစွာ စောင့်ရလိမ့်မယ်”

သူတို့စကားပြောနေကြစဉ် နောက်ထပ်ကောင်းကင်နတ်အရှင်နှစ်ပါး ပေါ်လာ၏။ သူတို့က ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်အရှင်ဟုန်တို့ ဖြစ်ပြီး ဘိုးဘေးနန်းတော်အနောက်ဘက်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။

“ရောက်မလာသေးတဲ့ ကောင်းကင်နတ်အရှင်နှစ်ပါး ရှိသေးတယ်…. ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်ကတော့ မလာလောက်တော့ဘူးမလား” ကောင်းကင်နတ်အရှင်ဟုန်က ဟိုဟိုသည်သည် ကြည့်လျက် ခပ်ဟဟ ရယ်လိုက်သည်။

သူ့စကားဆုံးသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ အသံက ကောင်းကင်အပြင်ဘက်မှ ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်အရှင်ယွဲ့နဲ့ တခြားသူပုန်တွေကြောင့် နှင်ထုတ်ခံခဲ့ရတယ်…. သူက လာလို့မရပေမယ့် ကျုပ်က ဘာကြောင့် လာလို့မရမှာတုန်း”

အခြားကောင်းကင်နတ်အရှင်များမှာ ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့လျှင် အံ့အားသင့်သွားကြသည်။

“အားလုံးပဲ ကျုပ်တို့ ဘိုးဘေးနန်းတော်အနောက်ဘက်ကို ဘယ်လိုခွဲယူကြမှာလဲ…. စည်းကမ်းချမှတ်ဖို့ လိုတယ်” ကောင်းကင်နတ်အရှင်ဟောင်က ပတ်ဝန်းကျင်သို့ ကြည့်ရှုနေသဖြင့် ကျန်ကောင်းကင်နတ်အရှင်အားလုံး နှလုံးသားများ အေးခဲသွားကြသည်။

‘တာအိုနှလုံးသား အကျဉ်းထောင်ကိုးထပ် … ဒီလိုအတားအဆီးမျိုးကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲတယ်…”

ဥထဲတွင် ထိုက်ရှီသည် ချင်မူ့လုပ်ရပ်များကို အသေအချာအကဲခတ်နေသည်။ သူသည် ချင်မူ့ ဝိညာဉ်သန္ဓေသားရတနာထဲရှိ ဘိုးဘေးနန်းတော်ထဲတွင် ဖြစ်ပြီး ဘိုးဘေးနန်းတော်သည် တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာနေကြောင်း တွေ့မြင်နေရ၏။

သူ၏ မဟာတာအိုက တဖြည်းဖြည်း အသက်ဝင်လာပြီး ချီစွမ်းအင်တို့က လေထဲတွင် ပြည့်နှက်လာသည်။ နွေဦးလေပြေသဖွယ် ဘိုးဘေးနန်းတော်ခန်းမထဲမှ အသက်စွမ်းအားကို တဖြည်းဖြည်း ကြီးထွားလာစေ၏။

‘ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက ဒီလိုချိပ်ပိတ်မှုမျိုးကို ကျော်ဖြတ်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားနေတယ်… သူ့ရဲ့အမြန်နှုန်းက ပိုပိုပြီး မြန်ဆန်လာလိမ့်မယ်… သူ့တာအိုနှလုံးသားသာ အချုပ်အနှောင်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် သူ့ရဲ့သိုင်းအဆင့်လည်း အချုပ်အနှောင်ကို ဖြတ်သွားလိမ့်မယ်…. မူလဝိညာဉ်၊ ရုပ်ခန္ဓာ၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်၊ ကောင်းကင်ရတနာ၊ သွေး၊ ကောင်းကင်နန်းဆောင်တို့လည်း တစ်ခုပြီးတစ်ခု ချိုးဖျက်လာကြလိမ့်မယ်…”

ဥထဲရှိ ထိုက်ရှီမှာ ချင်မူ၏လက်ရှိအခြေအနေကို အတော်လေး သိချင်နေမိသည်။ သူ့တွင် သိုင်းအခြေခံမရှိ‌ပေ။ သူသာ ပြည့်ပြည့်စုံစုံ မွေးဖွားလာခဲ့ပါက ကောင်းကင်နတ်ဘုံအဆင့်ကိုပင် ကျော်လွန်၍ မဟာတာအို၏ အန္တိမဟင်းလင်းပြင်အထိ ရောက်ရှိနိုင်ပေလိမ့်မည်။

ချင်မူ့ကဲ့သို့ ကျင့်ကြံနေစရာ မလိုအပ်ပေ။ အသက်ကို ထပ်ခါထပ်ခါ စွန့်စား၍ နားလည်သိမြင်စရာလည်း မလိုချေ။ ချင်မူ့လို အသက်စွန့်ရန်မလို။

သို့သော် တာအိုနှလုံးသားတွင်တော့ သူသည် ချင်မူ့ထက် ပို၍ မထူးချွန်ပေ။

သူ့တွင် အတွေ့အကြုံ များများစားစားမရှိပေ။

သူ့အတွက် ယခုလို ကံတရားက ကံဆိုးမှုမဟုတ်ပေ။

ချင်မူ၏လက်ရှိအခြေအနေက သူ့အား မျက်လုံးပွင့်သွားစေသည်။ သူသာ ဥမှမွေးဖွားသော ရှေးဟောင်းနတ်ဘုရားဟူသည့် သရုပ်မှန်ကို ဆုံးရှုံးလိုက်ရပါက ပြန်လည် ထလာနိုင်ပါ့မည်လော။

သူရဲကောင်းတစ်ဦး၏ လမ်းစဉ်မှာ အလွန်တရာ ခက်ခဲပြီး ပို၍ခက်သည်က ရှုံးနိမ့်၍ လဲကျသွားသည့်အခါတွင် ပြန်ထခြင်းဖြစ်သည်။

ထိုသို့လုပ်နိုင်သူအားလုံးသည် အံ့မခန်းပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ချင်မူ့တာအိုနှလုံးသားသည် ဖြည်းဖြည်းချင်း ပြန်လည်ဆောက်တည်လာနေပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသဘောင် ထင်ရ၏။ သိုင်းအဆင့်မှာလည်း အကျဉ်းထောင်ကိုးထပ်စင်မြင့်အား ဖြတ်ကျော်နေချေပြီ။

သူ၏ တာအိုနှလုံးသား ဖွဲ့တည်လာနေစဉ် အကျဉ်းထောင်ကိုးထပ်မှာ တဖြည်းဖြည်း ဖွင့်လှစ်ခံနေရကာ သူ၏သိုင်းအ‌ဆင့်မှာလည်း ပြန်တက်လာနေသည်။ ထိုမျှသာမက အတားအဆီးတစ်ခု ပွင့်သွားတိုင်း အကျဉ်းထောင်ကိုးထပ်စင်မြင့်သည် ထူးဆန်းသော တာအိုသံနှင့် တာအိုစည်းချက်အဖြစ် ပြောင်းလဲကာ သူ၏တာအိုနှလုံးသားနှင့် တာအိုလမ်းစဉ်ထဲသို့ ပူးပေါင်းဝင်ရောက်သွားလေသည်။

ဤသည်က ချင်မူ ယခင်က တစ်ခါမှ မရောက်ဖူးသော အသစ်အဆန်း အဆင့်တစ်ဆင့်ပင်။

All Chapters