ကောင်းကင်မုခ်ဝလေးခု
Vol. 105 Ch. 1380
'လုံရှောင်က ခေါင်းမာပေမယ့် သိပ်ဉာဏ်ကောင်းတာမဟုတ်တော့ ငါ သူ့ကို သတိထားရမယ်’
ချင်မူက ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀ဆီသို့ လျှောက်ရင်း တွေးနေသည်။ ‘သူက အသိစိတ်အလျဉ်နဲ့ ရုပ်ခန္ဓာမှာ သန်မာပေမယ့် ကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တွေလိုပဲ…. ဝိညာဉ်ကိုတော့ မကျင့်ကြံနိုင်ဘူး… သူ့ဝိညာဉ်က သူ့အသိစိတ်အလျဉ်နဲ့ ရုပ်ခန္ဓာနဲ့ ယှဉ်ရင် အရမ်းအားနည်းတယ်….သူ ကတိဖျက်ရင် သေချာပေါက် သေရမှာပဲ… ဒါပေမဲ့ အရှင်မယွမ်မုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းက အကျိုးအမြတ်တွေကြောင့် လွှတ်လိုက်လိမ့်မယ်လို့တော့ ငါ ထင်မထားခဲ့ဘူး”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းသို့ ရောက်လာ၍ ကောင်းကင်နတ်အရှင်ကိုးပါးကို အာရုံစိုက်စေခဲ့သော်လည်း ယခုလောလောဆယ်တွင်တော့ မည်သည့်တိုက်ပွဲမှ မဖြစ်ပွားသေးပေ။
ဟောင်၊ ဟုန်၊ ဟွေ့နှင့် နတ်ဧကရာဇ်လန်ရွှမ်အတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုကို ဖျက်ဆီးရန် မခက်ခဲချေ။ သူတို့ကိုးယောက်သာ ပူးပေါင်းလိုက်ပါက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ပင်လျှင် ခံနိုင်ရည်ရှိကြမည်မဟုတ်။ သေချာပေါက် သေကြရလိမ့်မည်။
အရှင်မယွမ်မု၏ ကောင်းကင်လက်နက် ကောင်းက်နတ်အရှင်ယွီအနေဖြင့် စွမ်းအားကြီးသော်လည်း ထိုမျှ ခံနိုင်ရည်မရှိ။
သူတို့ မလှုပ်ရှားရသည့် အကြောင်းအရင်းက အရှင်မယွမ်မု၏ သရုပ်မှန်ကို မသိရသည့်အတွက်ကြောင့်ပင်။ ထိုမျှသာမက အရှင်မယွမ်မုသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုသာ ဆင်းသက်စေခဲ့သည်မဟုတ်လော။ သူမ၏ခန္ဓာကိုယ်အစစ်အမှန်မှာ ပေါ်မလာခဲ့ရာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုသာ ဖျက်ဆီးလိုက်ပါက အရှင်မယွမ်မုသည် ခိုင်ဧကရာဇ်၊ ကောင်းကင်နယ်စားမင်းတို့နှင့် ပူးပေါင်း၍ ရန်သူ၏ အင်အားတိုးသွားမည်ကို စိုးရိမ်နေကြလေသည်။
ပို၍အရေးကြီးသည်က အရှင်မယွမ်မုနှင့် သူတို့ကြားတွင် မည်သည့်ပဋိပက္ခမှ မရှိပေ။ တစ်ဖက်သူ သေဆုံးမှ အေးအေးချမ်းချမ်း နေနိုင်မည့် ရန်သူတော်များ မဟုတ်ကြပေ။။
သို့ဖြစ်ရာ မဟာမိတ်တစ်ဦး ရနိုင်လျှင် အရှင်မယွမ်မုနှင့် အကျိုးအမြတ် ခွဲဝေမယူစရာ အကြောင်းမရှိသည်သာ။
အကျဉ်းထောင်ကိုးထပ်စင်မြင့်အား ဖြတ်သန်းပြီးနောက် ချင်မူ၏ တာအိုနှလုံးသားမှာ ပိုပို၍ ကြည်လင်လာပြီး သူ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမှာလည်း ရှင်းလင်းပြတ်သားလာသည်။ သူသည် အချိန်တိုအတွင်း အကျိုးအကြောင်းကို စဉ်းစားဆင်ခြင်ကာ အနာဂတ်ပြောင်းလဲမှုများကိုပင် တွက်ချက်မှန်းဆခဲ့၏။
အကျဉ်းထောင်ကိုးထပ်စင်မြင့်ကား အမှန်တကယ် အံ့မခန်းလိလိ သက်ရောက်မှုများ ရှိလေသည်။ ၎င်းက သူ့ကို ကြည်လင်ပြတ်သားစွာ ကြိုမြင်စေနိုင်စရာ သူ၏ဆုံးဖြတ်ချက်များအား မှန်ကန်စွာ ချမှတ်နိုင်စေသည်။
‘အကျဉ်းထောင်ကိုးထပ်အဆင့်က အနာဂတ်မှာ နတ်ဘုရားတွေအကြားမှာ တောက်ပလာပြီး သိပ်ကိုအရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်လာမှာပဲ… ဒါပေမဲ့ သေဆုံးမှုအများဆုံးအဆင့်လည်း ဖြစ်လာလိမ့်မယ်… နတ်ဘုရားစီရင်ရာစင်မြင်ရဲ့ သေဆုံးမှုထက်တောင် မနိမ့်ဘဲ များသွားနိုင်တယ်… ဒါပေမဲ့လည်း..”
ချင်မူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။အကျဉ်းထောင်ကိုးထပ်စင်မြင့်သည် နတ်ဘုရားစီရင်ရာစင်မြင့်အနောက်တွင် ဖြစ်၏။ ကျောက်စိမ်းမြို့တော်အဆင့်မတိုင်ခင် အကျဉ်းထောင်ကိုးထပ်အဆင့်ကို ကျင့်ကြံခဲ့သော်လည်း သူ၏သိုင်းအဆင့်မှာ နဂါးသွဲ့ရေကန်အဆင့်သာ ရောက်ရှိသေးသည်။
ထိုသို့ဆိုပါက သူသည် ယခု မည်သည့်အဆင့်တွင်နည်း။
‘ဒါက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က မပြီးပြည့်စုံဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ…. ငါ့ရဲ့ သိုင်းအဆင့်ကို ပြည့်ပြည့်စုံစုံ မရှင်းပြနိုင်ခဲ့ဘူး…. ပြီးပြည့်စုံတဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကတောင် ငါ့သိုင်းအဆင့်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိနေတယ်”
“ငါ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ရဲ့ အဆုံးကို ရောက်သွားရင် နောက်ထပ်လမ်း ဆက်ရှိသေးပါ့မလား… ငါ ဘာလုပ်သင့်လဲ”
သူက ရပ်၍ တိတ်ဆိတ်စွာ တွေးတောနေသည်။ တခဏကြာသော် ဆက်လက် လျှောက်သွားကာ တွေးနေ၏။ “ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က လက်ရှိဘိုးဘေးနန်းတော်ရဲ့ အခြေခံနဲ့ မဟာတာအိုပေါ်မှာ မူတည်ထားတာ…. အဲ့ဒါအပြင် ကမ္ဘာခေတ်နှောင်းတာအိုရဲ့ တိုးတက်လာမှုနဲ့ ဖန်တီးနိုင်မှုလည်း ရှိသေးတယ်…. ကျင့်ကြံပြီးမှရနိုင်တဲ့ မဟာတာအိုမှာ ဆက်ပြီး ဆန်းသစ်စရာ အများကြီးကျန်သေးတယ်… တန်ခိုးရှင်သစ်ခုတ်သမားရဲ့ ကမ္ဘာခေတ်နှောင်းမဟာတာအိုလမ်းစဉ်က မွေးရာပါမူလမ်းစဉ်ထက် ကျော်လွန်ပြီး အင်မတန် အရေးကြီးတဲ့လမ်းတစ်လမ်း ဖြစ်လာခဲ့ပြီ…”
“ဒါပေမဲ့ ဘိုဘေးနန်းတော်က တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပြည့်ပြည့်စုံစုံ ပေါင်းစည်းနိုင်မယ့် သော့ချက်ပဲ… ဘာပဲဖြစ်ဖြစ် ဘိုးဘေးနန်းတော်မှာ အခြေခံခိုင်မာမှ ဖြစ်မယ်”
သူက ဘိုးဘေးနန်းတော်၏ တောင်ကောင်းကင်မုခ်၀သို့ ရောက်လာသည့်အခါ ပန်းချီရေးဆွဲနေကြသော ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ဝေစွေ့ဖုန်း၊ မင်းသားယိုမင်းနှင့် ပထမလူသားဧကရာဇ်တို့အား တွေ့လိုက်ရသည်။ သူတို့က တောင်ကောင်းကင်မုခ်၀နှင့် မုခ်၀ထဲရှိ မီးတောက်များကို အသေးစိတ် ရေးဆွဲနေကြလေသည်။
ရှုရှန်းဟွာနှင့် ကျန်သူများက တောင်ကောင်းကင်မုခ်၀၏ မီးတောက်များထံ သွားကာ မီးတောက်အမှတ်အသားများအား ကူးရေးဆွဲနေကြ၏။ ဤတာအိုမီးတောက်တို့က မူလဝိညာဉ်၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်နှင့် မဟာတာအိုသင်္ကေတများကို ပစ်မှတ်ထားသည့်အတွက် မူလဝိညာဉ်ကို မထုတ်လွှတ်သရွေ့ မည်သည့်အန္တရာယ်မှမရှိချေ။
သို့သော် ချင်မူသည် ရှုကျွင်း၊ ဝေစွေ့ဖုန်း၊ အဘွားစစ်၊ မင်းသားယိုမင်း၊ ပထမလူသားဧကရာဇ်နှင့် အခြားသူများ၏ မူလဝိညာဉ်များ သူတို့၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ တာအိုမီးတောက်များအကြား၌ ကျင့်ကြံရန် ထွက်ခွာနေကြသေးသည်ကို တွေ့မြင်နေရ၏။
သူတို့၏ မူလဝိညာဉ်များက ခံနိုင်ရည်မရှိတော့သည့်အခါ မီးတောက်များ၏ လောင်ကျွမ်းခြင်းမခံရစေရန် ရုပ်ခန္ဓာများဆီ အလျင်အမြန် ပြန်ပြေးလာတတ်ကြသည်။
ချင်မူက စုတ်တစ်ချက် သပ်လိုက်မိသည်။ မီးတောက်၏ လောင်ကျွမ်းခြင်းမခံရအောင် ဤမျှရိုးရှင်းသော နည်းလမ်းအား သူတို့ အသုံးပြုလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သို့သော် တောင်ကောင်းကင်မုခ်၀၏ ဖိအားမှာ မီးတောက်များထံမှသာ လာခြင်းမဟုတ်သဖြင့် အန္တရာယ်များနေသေး၏။ တောင်ကောင်းကင်မုခ်၀ကိုယ်တိုင်၏ ဖိအားကလည်း အလွန်အမင်း ပြင်းထန်သည်။ သူတို့၏ရုပ်ခန္ဓာများသာ အစစ်အမှန်နတ်ဘုရားအဆင့်အထိ မကျင့်ကြံထားပါက ကြိတ်ချေခံရလိမ့်မည်။
မှန်ပါသည်။ ထိုသူများ၏ ရုပ်ခန္ဓာများမှာ အားလုံး သန်မာကြ၏။ အထူးသဖြင့် ရှုကျွင်းပင်။ သူ၏ရုပ်ခန္ဓာသည် ဧကရာဇ်ပလ္လင်အဆင့်သို့ပင် ရောက်နေပြီမဟုတ်လော။
ချင်မူက ရှေ့သို့လျှောက်သွား၏။ ဝေစွေ့ဖုန်းက သူ့ကို မြင်လျှင် သူ၏မူလဝိညာဥ်သည် ချက်ချင်း ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး မီးတောက်များထဲ ဝင်ရောက်ပြလေသည်။ သူကား သူ့ကိုယ်သူ အလွန်တရာ ဂုဏ်ယူနေ၏။
ချင်မူက ပြုံးကာ စိတ်ထဲမထားပေ။
ဝေစွေ့ဖုန်းနှင့် တခြားသူများသာ တောင်ကောင်းကင်မုခ်၀ကို ဖြတ်သန်းနိုင်လျှင် သူလည်း သူတို့အတွက် ပျော်ရွှင်ပေးသည်။
‘ဒါပေမဲ့ အရမ်းခက်တယ်' ချင်မူက ပြုံးလျက် တွေးနေ၏။
ရှုကျွင်းက သူ့အား အခြားကောင်းကင်မုခ်၀များ၏ တည်နေရာကို ပြောပြသည်။ ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်အား ဝေစွေ့ဖုန်းထံမှ တောင်း၍ ထွက်ခွာသွားတော့၏။
အခြားကောင်းကင်မုခ်သုံးခုထဲတွင် မြောက်ကောင်းကင်မုခ်၀သည် တောင်ကောင်းကင်မုခ်၀နှင့် မျက်နှာချင်းဆိုင်အရပ်ဖြစ်သော ဘိုးဘေးနန်းတော်အနောက်အရပ်၌ တည်ရှိ၏။
အရှေ့ကောင်းကင်မုခ်၀နှင့် အနောက်ကောင်းကင်မုခ်၀တို့ကတော့ ဘိုးဘေးနန်းတော်အရှေ့အရပ်တွင် တည်ရှိသည်။
နှစ်ရက်မျှကြာပြီးသော် ချင်မူသည် မြောက်ကောင်းကင်မုခ်ဝထံသို့ ရောက်လာပြီး ပတ်ဝန်းကျင်၌ ရေခဲများ၊ နှင်းများ ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရ၏။ လေများက အေးခဲစွာ တိုက်ခိုက်နေပြီး ကောင်းကင်တွင် တိမ်မည်းတိမ်စိုင်တို့က နေရာယူထားသည်။ လျှပ်စီးများက မိုးစက်များကဲ့သို့ မြောက်ကောင်းကင်မုခ်၀အား အဆက်မပြတ် ပစ်ချနေ၏။
မြောက်ကောင်းကင်မုခ်၀တွင် သွေးရာများရှိပြီး လျှပ်စီးတို့ တလက်လက် ထွက်ပေါ်နေကြသည်။ ကမ္ဘာဦးခေတ်က လူများစွာ သေဆုံးခဲ့သည့် ဧရာမတိုက်ပွဲကြီးတစ်ပွဲ ဤနေရာတွင် ဖြစ်ခဲ့ပေလိမ့်မည်။
ချင်မူက ကောင်းကင်မုခ်၀ရှေ့သို့ လျှောက်သွားလိုက်ရင်း သူ၏ရုပ်ခန္ဓာကို အလယ်တွင် ရပ်စေလိုက်သည်။ ထို့နောက် သူ၏မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာ၍ ကောင်းကင်မုခ်၀၏ အယူအဆများကို သိမြင်နားလည်နေ၏။
ဆယ်ရက်ကြာပြီးနောက် သူကား မြောက်ကောင်းကင်မုခ်၀ထဲတွင် ပါရှိသည့် အယူအဆနိယာမများကို တစ်ခါမျှ နားလည်သဘောပေါက်သွားချေပြီ။
မြောက်ကောင်းကင်မုခ်၀တွင် ကိန်းအောင်းနေသော မဟာတာအိုသည် သူ ယခင်က မထိတွေ့ဖူးသော အရာတစ်မျိုး ဖြစ်ကာ အလွန်တရာ ဆန်းကြယ်၏။ ချင်မူက နောက်ထပ် ရက်အနည်းငယ်ကြာ အချိန်ယူ၍ မြောက်ကောင်းကင်မုခ်၀တွင် ပါရှိသော အယူအဆများကို ဆက်လက်နားလည်နေပြီးနောက် ဘိုးဘေးနန်းတော်အရှေ့အရပ်သို့ ပျံသွားလေသည်။
ထိုနေရာသို့ ရောက်သည့်အခါ ခရမ်းရောင်ချီများနှင့် ရဲရဲတောက် နေလုံးကြီးအား ပိုင်ဆိုင်ထားသာ အရှေ့ကောင်းကင်မုခ်၀ကို တွေ့လိုက်ရ၏။ ဤကောင်းကင်မုခ်၀မှာ အလွန်တရာ ထူးဆန်းသည်။ ခရမ်းရောင်နေသည် ကောင်းကင်မုခ်၀အပေါ်တွင် လှည့်ပတ်နေပြီး ခရမ်းရောင်ချီမျှင်တစ်မျှင်က နေမင်းမှ ထွက်ကာ မုခ်၀ထဲသို့ ကျဆင်းနေ၏။
ကောင်းကင်မုခ်၀အဖြစ် ဖွဲ့တည်နေသော တောင်နှစ်လုံးအလယ်တွင် ခရမ်းရောင်ချီသည် ခရမ်းရောင်မျက်လုံးတစ်လုံးအား ဖော်ဆောင်ထားသည်။ ချင်မူ မုခ်၀ထဲသို့ ၀င်ရောက်လိုက်ချိန်တွင် ခရမ်းရောင်ချီက သံကြိုးများကို ထုတ်လွှတ်၍ သူ၏ရုပ်ခန္ဓာအား ထိုးဖောက်ပစ်လိုက်သည်။
ချင်မူက ဤကောင်းကင်မုခ်တတွင် ရက်နှစ်ဆယ်ကျော် နေခဲ့သည်။ တာအိုအပေါ် သူ၏ နားလည်သိမြင်မှုမှာ ပိုမိုလေးနက်လာကြောင်း ခံစားရသော်လည်း တာအိုအဆင့်ကတော့ ဆက်လက်မတက်သေးချေ။
သူက မီးအိမ်ကို ကိုင်ရင်း အနောက်ကောင်းကင်မုခ်ဝဆီသို့ ထွက်သွား၏။
အနောက်ကောင်းကင်မုခ်၀၏ ပတ်၀န်းကျင်မှာ နတ်ရွှေတို့ဖြင့် ဖွဲ့တည်ထားသော ရွှေရောင်တောင်တန်းတို့ဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်ချီတို့က လေထဲတွင် မြောလွင့်နေပြီး တောင်များ၏ နေရာယူထားပုံက ဝင်္ကပါတစ်ခုနှင့် ဆင်တူနေ၏။ ထောင်သောင်းချီသော ရွှေရောင်အလင်းတန်းတို့က တောင်များထိပ်မှ အနောက်ကောင်းကင်မုခ်၀အထက်သို့ ဖြာကျနေပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်နေစေသည်။
ချင်မူသည် ဤမုခ်၀တွင်လည်း ရက်နှစ်ဆယ်ကျော်နေ၍ သိမြင်နားလည်ခဲ့ပြီးနောက် စေ့စေ့စပ်စပ် သိရှိပြီးနောက်မှသာ ထွက်ခွာလာခဲ့၏။
သူ၏ ကောင်းကင်နန်းဆောင် ၁၉ ဆောင်တွင် ကောင်းကင်မုခ်၀လေးခုကား ပြန်လည်ဖွဲ့တည်နေပြီးဖြစ်၏။ ဘိုးဘေးနန်းတော်ထဲတွင်လည်း ကောင်းကင်မုခ်၀လေးခုသည် ပေါ်လွင်လာသောကြောင့် သူ၏ သိုင်းအခြေခံက ပိုမိုအားကောင်းပြင်းထန်လာသည်။
ထိုမျှသာမက သူ၏ တာအိုစနစ်အပေါ် သိမြင်နားလည်မှုမှာလည်း ခြေတစ်လှမ်းတက်လာသလို ခံစားနေရ၏။ တာအိုအဆင့် ကောင်းကင်ဘုံ ၂၆ ဘုံအပေါ် နားလည်မှုမှာလည်း မြင့်တက်လာခဲ့သည်။ သို့သော် တာအိုသို့ ထပ်မံ၀င်ရောက်ရန် တစ်စုံတစ်ခု လိုအပ်နေသေးသယောင်ပင်။။
'ကောင်းကင်မုခ်၀က သဘာ၀အတိုင်း ဖြစ်ပေါ်လာတာလား… ဒါမှမဟုတ် အရင်ခေတ်က ကျန်ခဲ့တဲ့ အမွေအနှစ်တွေလား..’
ချင်မူက တခဏစဉ်းစားနေပြီးနောက် ခေါင်းရမ်းကာ ဘိုးဘေးနန်းတော်၏ သစ်နက်တောင်တန်းများဆီသို့ ပြန်လည်ထွက်ခွာသွားသည်။ သူ သစ်နက်တောင်တန်များဆီသို့ ပြန်လည်ရောက်ရှိသည့်အခါ သံတမန်တစ်ဦးက ကြွရောက်လာကာ ဖိတ်ကြားလွှာကို ဆက်သသည်။ ထိုသူက ဦးညွှတ်အရိုအသေပေးလျက် လျှောက်တင်၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင် ကောင်းကင်နတ်အရှင်မူကို ကောင်းကင်မဟာမိတ်ခန်းမဆီ ကြွရောက်ပြီး ကောင်းကင်မဟာမိတ်အစည်းအဝေးကို လက်ခံကျင်းပပေးဖို့ အတူတကွ ဖိတ်ကြားလိုက်ပါတယ်”
ချင်မူက ဖိတ်ကြားလွှာအား ဖွင့်ကြည့်လိုက်ရာ အမှန်တကယ်ပင် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ နာမည်များကို တွေ့ရ၏။ သို့သော် ကောင်းကင်နတ်အရှင်ရှောင်၏ နာမည်ကိုတော့ သူ၏တပည့်က ကိုယ်စားရေးထိုးထားခြင်း ဖြစ်ပေလိမ့်မည်။
“ကောင်းကင်မဟာမိတ်မှာ ဒီနေ့အထိ စုစုပေါင်းအဖွဲ့ဝင်ဘယ်နှစ်ယောက်ရှိသလဲ” ချင်မူက ဖိတ်ကြားလွှာကို ပိတ်၍ မေး၏။
“တစ်သောင်းသုံးထောင်ပါ”
သံတမန်က ဖြေသည်။ “ကောင်းကင်နတ်အရှင်တွေအပြင် နတ်မင်း၊ ဧကရာဇ်တွေနဲ့ ကမ္ဘာလောကအားလုံးက ခေါင်းဆောင်တွေလည်း ပါပါတယ်”
ချင်မူ့ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီသွားသည်။ သူတည်ထောင်ခဲ့သော ကောင်းကင်မဟာမိတ်သည် ကမ္ဘာလောကအားလုံးကို အုပ်စိုးနေသည့် အင်အားကြီးအဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေချေပြီ။
ယခုတော့ သူကိုယ်တိုင်က ထိုအဖွဲ့အစည်းကို တွန်းလှန်ချင်နေသည်။