← Chapters

ကုန်သွယ်စစ်ပွဲ

Vol. 105 Ch. 1381

ကုန်သွယ်စစ်ပွဲ

Vol. 105 Ch. 1381

တစ်သောင်းသုံးထောင်သော မဟာမိတ်အဖွဲ့ဝင်များ။

ထိုသူများက ကမ္ဘာလောကအသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ကောင်းကင်မဟာမိတ်၏ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။ ကောင်းကင်မဟာမိတ်သည် တစ်လောကလုံးတွင် အာဏာကြီးမားဆုံးအဖွဲ့ဟုပင် ပြောနိုင်ပေသည်။

ကောင်းကင်နတ်ဘုံပင်လျှင် နာမည်အရသာ အုပ်ချုပ်သူ ဖြစ်သည်။ တစ်လောကလုံးကို အုပ်ချုပ်နေသည်မှာ ကောင်းကင်မဟာမိတ် ဖြစ်နေသေး၏။

လွန်ခဲ့သည့်နှစ်တစ်သန်းတုန်းက ချင်မူ နဂါးဟန်ခေတ်သို့ ပြန်‌ရောက်လာ၍ ကောင်းကင်မဟာမိတ်အဖွဲ့ ဖွဲ့ရန် ကောင်းကင်နတ်အရှင်လင်အား တိုင်ပင်ခဲ့စဉ်က ... သူ၏ရည်ရွယ်ချက်သည် ကောင်းကင်နတ်ဘုံကို တွန်းလှန်၍ ကမ္ဘာခေတ်နှောင်းသက်ရှိများ... အထူးသဖြင့် လူသားများ အသက်ရှင်နေထိုင်နိုင်မည့် အခွင့်အရေးရရှိရန်၊ ကောင်းကင်နတ်အရှင်ယွီကဲ့သို့ အဖြစ်ဆိုးမျိုး ကျရောက်မသွားစေရန်၊ နဂါးဟန်ခေတ်ကဲ့သို့ ဆင်းဆင်းရဲရဲ မနေကြရစေရန် ဆန္ဒရှိခဲ့သည်။

ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သည်လည်း ကောင်းကင်မဟာမိတ်ကို တည်ထောင်ရာတွင် တူညီသောပန်းတိုင် ရှိခဲ့ကြသည်။

ကောင်းကင်နတ်ဘုံမှာ အမြဲတမ်း တည်ရှိနေခဲ့ကာ တွန်းလှန်မခံခဲ့ရပေ။ သို့သော် ကောင်းကင်မဟာမိတ်ကား ကောင်းကင်နတ်ဘုံ၏ အုပ်ချုပ်သူဖြစ်နေချေပြီ။ ခေတ်သည်ကား နဂါးဟန်ခေတ်နှင့်ယှဉ်ပါက တိုးတက်မလာသေးချေ။

အခြားတစ်ဖက်တွင်လည်း ကောင်းကင်မဟာမိတ်သည် နဂါးဟန်ခေတ်မှ ကောင်းကင်နတ်ဘုံထက်ပင် တွန်းလှန်ပုန်ကန်ရန် ခက်ခဲလာခဲ့ချေပြီ။

ချင်မူက ဖိတ်ကြားလွှာကို သိမ်းလိုက်သည်။ ကောင်းကင်မဟာမိတ်၏ တည်ထောင်သူအကြီးအကဲငါးဦးထဲမှ တစ်ဦးဖြစ်သည့် ကောင်းကင်နတ်အရှင်ယွင်မှာ သေဆုံးသွားခဲ့ပြီဖြစ်၏။ ကောင်းကင်နတ်အရှင်ယွဲ့သည် ဒဏ်ရာများမှ သက်သာလာပြီဖြစ်သော်လည်း သစ္စာဖောက်အဖြစ် သတ်မှတ်ခံထားရသည်။ ကောင်းကင်နတ်အရှင်လင်က သေခြင်းနှင့် ရှင်ခြင်းအကြား၌ မျောနေသည့်အပြင် ခိုင်ဧကရာဇ်မှာလည်း သစ္စာဖောက် ဖြစ်သွားခဲ့၏။

ကောင်းကင်နတ်အရှင်မူဖြစ်သည့် သူတစ်ယောက်တည်းသာ ကောင်းကင်မဟာမိတ်အဖွဲ့သို့ သွားရောက်နိုင်သေးသည်။

“ဒါကြောင့် ဘာပဲဖြစ်ဖြစ် ငါ သွားကို သွားရမယ်”

ကောင်းကင်နတ်မြစ်တွင် ကမ္ဘာလောကအမျိုးမျိုးမှ သင်္ဘောကြီးငယ်အသွယ်သွယ်သည် ကောင်းကင်နတ်ဘုံဆီသို့ ရွက်လွှင့်နေကြ၏။ ကောင်းကင်နတ်အရှင်မူ စွမ်းအင်အကူးအပြောင်းတံတားကို ရေးဆွဲတည်ဆောက်ခဲ့သည့်အချိန်မှစ၍ ကောင်းကင်နတ်မြစ်တွင် ဤမျှ လူစည်မကားခဲ့သည်မှာ ကြာခဲ့လေပြီ။

စွမ်းအင်အကူးအပြောင်းတံတားသည် ကမ္ဘာလောကမျိုးစုံကို ဆက်သွယ်ပေးထားသည်သာမက ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံနှင့်ပင် ဆက်သွယ်ပေးထား၏။ မည်သည့်နေရာသို့မဆို စွမ်းအင်အကူးအပြောင်းတံတားဖြင့် ဆက်သွယ်ပေးထားသည့်အလျောက် အချိန်တိုအတွင်း ကောင်းကင်နတ်ဘုံသို့ ကူးပြောင်းသွားလာနိုင်ကြသည်။

ကောင်းကင်နတ်အရှင်မူသည် စွမ်းအင်အကူးအပြောင်းတံတားကို ရေးဆွဲတည်ဆောက်ခဲ့ကာ ကောင်းကင်နတ်ဘုံ အခြားကမ္ဘာလောကများအပေါ် ပြိုင်ဘက်ကင်းစွာ အုပ်ချုပ်နိုင်အောင် ဆောင်ရွက်ပေးခဲ့၏။

အတိတ်တုန်းက ကောင်းကင်နတ်ဘုံဆီမှ စွမ်းအင်တို့ အခြားကောင်းကင်ဘုံများသို့ ဆင်းသက်သည့်အခါတိုင်း သေကြေပျက်စီးမှုများ ဖြစ်ပွားတတ်၏။ အင်အားကြီးမားသော စွမ်းအင်က ကမ္ဘာလောက၏ အတားအဆီးနံရံကို ချိုးဖျက်ကာ ထိုကမ္ဘာ၏ စွမ်းအင်မျှချေကို ဖျက်စီးပစ်ခဲ့သည်။

ယခုတွင် ဆင်းသက်ရန် စွမ်းအင်အကူးအပြောင်းတံတားကိုသာ လိုအပ်လေရာ အခြားကောင်းကင်ဘုံများအနေဖြင့် သစ္စာဖောက်ရန် မဖြစ်နိုင်သလောက် ရှိ၏။

ထို့အပြင် ကောင်းကင်ဘုံတစ်ဘုံနှင့် တစ်ဘုံ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလည်း ဆက်သွယ်ရင်းး အဆင်ပြေလာကြရာ ဆယ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်၍ မှန်းဆမရနိုင်အောင် ကြီးပွားချမ်းသာသွားကြသည်။

ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ခဲ့သည့် ဆယ့်ခုနစ်နှစ်အချိန်အတွင်း ကောင်းကင်ဘုံအမျိုးမျိုး၏ ကုန်သွယ်ရေးနှင့် စီးပွားရေးမှာ လွန်ခဲ့သော နှစ်တစ်သိန်းတုန်းက အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဟု ပြောနိုင်လေသည်။

ဤတစ်ကြိမ်တွင် ကမ္ဘာလောကအသီးသီးမှ ခေါင်းဆောင်များသည် စွမ်းအင်အကူးအပြောင်းတံတားကို မသုံးဘဲ ကောင်းကင်နတ်မြစ်မှသာ သင်္ဘောဖြင့် ရွက်လွှင့်လာကြ၏။ ၎င်းက သူတို့၏ ရာထူးနှင့် ကြွယ်ဝမှုကို ကြွားဝါရန် ဖြစ်သည်။

ပြောရလျှင် ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် တက်ရောက်ပါဝင်ရန် ဖိတ်ကြားခံရသူများမှာ ကမ္ဘာလောကအမျိုးမျိုး၏ ခေါင်းဆောင်များသာ ဖြစ်ကြသဖြင့် စည်ကားသိုက်မြိုက်သည်မှာ မထူးဆန်းပေ။

သို့သော် ကုန်သွယ်မှုများ မကြာခဏ ဆောင်ရွက်နိုင်သောကြောင့် ချမ်းသာကြွယ်ဝမှု စုဝေးသွားသော ဖြစ်ရပ်တစ်ခုလည်း ပေါ်ပေါက်လာ၏။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှုသည် အမျိုးမျိုးသော ကုန်စည်များကို ကုန်သွယ်ကြသည့် နတ်ဘုရားမိသားစုများ၏ လက်ထဲတွင်သာ စုဝေးသွားကြသည်။

ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့ရေကန်တွင် အထွတ်အမြတ် နေရာများဖြင့် ပြည့်နှက်နေသည်။ သင်္ဘောများက သွားလာဝင်ထွက်နေပြီး စည်ကားသိုက်မြိုက်နေ၏။ အမျိုးမျိုးသော စားကောင်းသောက်ဖွယ်များဖြင့် အဆက်မပြတ် တည်ခင်းဧည့်ခံနေကြသည်။ ဂုဏ်ပြုမှုများ၊ စကားစမြည်ပြောမှုများနှင့် ချောမောလှပသော အမျိုးသမီးများကိုလည်း မည်သည့်နေရာကိုကြည့်ကြည့် တွေ့မြင်နိုင်၏။

ကောင်းကင်မဟာမိတ် အစည်းအဝေးကြီးတစ်ခုကို ကျင်းပတိုင်း နဂါးသွဲ့ရေကန်တွင်သာ ကျင်းပလေ့ရှိပြီး ကောင်းကင်မဟာမိတ်ခန်းမမှာလည်း နဂါးသွဲ့ပင်လယ်အထက်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဖြစ်သည်။

ထိုနေရာက ကောင်းကင်မဟာမိတ်အဖွဲ့ တည်ထောင်ခဲ့သည့်နေရာဟု ကောလဟာလများရှိကြသည်။ ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်အရှင်မူနှင့် ကောင်းကင်နတ်အရှင်ချင်တို့ကို နှုတ်ဆက်ပြီးနောက် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ယွင်အား နဂါးသွဲ့ရေကန်တွင် တွေ့ဆုံခဲ့သည်ဟု ပြောကြ၏။ သူတို့က ထိုနေရာတွင် ပထမဦးဆုံး ကောင်းကင်မဟာမိတ်ကို ဖွဲ့တည်ခဲ့ပြီး ကောင်းကင်မဟာမိတ်၏ ရှေးအကျဆုံး စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ခဲ့ကြသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်မဟာမိတ်၏ ဘေးခန်းမထဲတွင် ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့က အမျိုးမျိုးသော ကောင်းကင်ဘုံများမှ ပို့လိုက်သည့် စာလိပ်တို့အား လှန်လှောဖတ်ရှုနေသည်။

သူ့အနောက်တွင် ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ ထောင်ပေါင်းများစွာက နေရာယူထား၏။ သူတို့၏ပတ်ပတ်လည်တွင် စာရွက်စာတမ်းများက တောင်ပုံနေကြသည်။ သင်္ချာကျွမ်းကျင်သူ တာအိုရသေ့ နှစ်ယောက်၊ သုံးယောက်က ဆယ်နှစ်အတွင်း ကောင်းကင်ဘုံများ၏ စီးပွားရေးမှတ်တမ်းများကို ဖတ်ရှုနေပြီး အချက်အလက်များ စုစည်းကာ မုန့်ယွင်ကွေ့ ဖတ်ရှုနိုင်ရန် ဆက်သလိုက်၏။

မုန့်ယွင်ကွေ့အနားရှိ စာရွက်များမှာ သူ့ကိုပင် ဝါးမြိုတော့မတတ် တောင်ပုံနေသည်။ ကောင်းကင်ဆရာသခင်က ရုတ်တရက် ခန္ဓာကိုယ်ကို ရှစ်ကိုယ်ပွားလိုက်၏။ ထို့နောက် ခန္ဓာကိုယ်များက တစ်ချက်လှုပ်ခါသွားပြီး ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါက်လာကြသည်။ သူ၏လက်များက အဆက်အပြတ် စာရွက်များ လှန်လှောနေပြီး မျက်လုံးများကတော့ ဖတ်ရှုနေကြ၏။

ကောင်းကင်နတ်ဘုံမှ တာအိုရသေ့များနှင့် ကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့တို့သည် ဘေးခန်းမထဲမှ ထွက်မလာကြချေ။ ကောင်းကင်ဘုံများ ပို့ဆောင်လိုက်သည့် စာလွှာများအား ဖတ်ရှုရန် ဆယ်ရက်ကျော်ကြာခဲ့သည်။

မုန့်ယွင်ကွေ့က လက်ခုပ်တစ်ချက် တီး၍ ခပ်ဩဩ ပြော၏။ “ကျေးဇူးပါပဲ ရောင်ရင်းတို့… ပင်ပန်းသွားကြပါပြီ… အနားယူကြပါတော့”

တာအို‌ရသေ့များက သူ့ကို ဦးညွှတ်အရိုအသေပေး၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ တာအိုရသေ့အိုကြီးနှင့် မုန့်ယွင်ကွေ့သာ ခန်းမထဲ၌ ကျန်ခဲ့၏။

တာအိုရသေ့အိုကြီးမှာ ကြင်နာတတ်သည့် အသွင်အပြင် ရှိပြီး ပြုံးနေသည်။ “ကောင်းကင်ဆရာသခင်မုန့် ဘာတွေများ သိခဲ့ရသလဲ”

မုန့်ယွင်ကွေ့က သူ၏နီရဲနေ‌သော မျက်လုံးများကို ပွတ်ကာ ကျောဆန့်လိုက်၏။ သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့်ပြောသည်။ “ကပ်ဘေးကြီး”

တာအိုရသေ့ကြီးမှာ အံ့အားသင့်သွားပြီး အပြုံးဖြင့် ဆက်မေး၏။ “အခု မဟာလေဟာနယ်က တည်ငြိမ်သွားပြီး ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေကိုလည်း လေဟာနယ်တံတားရဲ့ တစ်ဖက်ခြမ်းမှာ ဖိနှိပ်ထားနိုင်ပြီလေ… သူတို့ ပြန်တိုက်ခိုက်လာနိုင်မယ့် အခွင့်အရေးမရှိဘူး…. အခြေအနေတွေက ကောင်းနေပါတယ်… ကောင်းကင်နတ်အရှင်မုန့်က ဘာလို့၀မ်းနည်းစရာကို ပြောရတာလဲ”

မုန့်ယွင်ကွေ့က သူ့ကို တစ်ချက်ကြည့်လိုက်ရင်း လေးနက်စွာ ပြော၏။ “ဆရာ၊ ဆရာက ကျွန်တော့်ရဲ့ ပထမဆုံးဆရာပါ… ဆရာ သိပ်တော်တာ ကျွန်တော် သိတယ်…. ဘာလို့ ဆရာ မမြင်နိုင်ရတာလဲ”

သူက အင်္ကျီလက်စကို ခါလိုက်ရာ မရေမတွက်နိုင်သော စာလိပ်များသည် လေထဲသို့ မြောက်တက်ကာ ပွင့်သွားကြ၏။

ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးမှာ စာလိပ်များကို ကြည့်လိုက်သည့်အခါ မုန့်ယွင်ကွေ့သည် အနီရောင်စုတ်တံဖြင့် စာလိပ်များမှ မှတ်သားထားသည် ကိုတွေ့လိုက်ရ၏။

သူ အသေအချာကြည့်လိုက်ရာ မုန့်ယွင်ကွေ့ မှတ်သားထားသည့် နေရာများသည် အမျိုးမျိုးသော ကောင်းကင်ဘုံများ၏ ကောင်းကင်ဒင်္ဂါးများစီးဆင်းရာ ဖြစ်ကြ၏။

ကောင်းကင်ဒင်္ဂါးများသည် ကောင်းကင်နတ်ဘုံ၏ ငွေကြေးမဟုတ်လော။ ၎င်းတို့ကို ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဒင်္ဂါးထုတ်လုပ်သည့် နန်းဆောင်မှ ထုတ်လုပ်သည်။ ကောင်းကင်ဒင်္ဂါးတစ်ခုချင်းစီတွင် ကောင်းကင်နတ်ဘုံ၏ သူမတူသော အမှတ်အသား ရှိ၏။ မည်သူမှ မတုပနိုင်ချေ။

‌ကောင်းကင်ဒင်္ဂါးအရေအတွက်မှာ အတည်အကျ မရှိပေ။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ကောင်းကင်နတ်ဘုံသည် ကောင်းကင်ဘုံအမျိုးမျိုးနှင့် ကုန်သွယ်နိုင်ရန် ကောင်းကင်ဒင်္ဂါးများ ထုတ်လုပ်ပြီး ကောင်းကင်နတ်ဘုံအမျိုးမျိုးမှ ကုန်ကြမ်းများ၊ ဆေးဝါးများနှင့် လက်နက်များကို ၀ယ်ယူခဲ့၏။ ကျွန်များပင် ၀ယ်ယူခဲ့ချေသည်။

ကောင်းကင်နတ်ဘုံအမျိုးမျိုးကြားရှိ ကုန်သွယ်မှုတွင်လည်း ကောင်းကင်ဒင်္ဂါးများကိုသာ အသုံးပြုကြ၏။

“ဆရာ၊ တစ်ခုခု တွေ့လား…” မုန့်ယွင်ကွေ့က မေးသည်။

ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးက ပြုံးလျက် ခေါင်းခါ၏။

“စကြ၀ဠာရဲ့ ကောင်းကင်ဒင်္ဂါးအများစုမှာ တူညီတဲ့ဖြစ်ရပ် ရှိကြတယ်… အဲ့ဒါက ကောင်းကင်ဒင်္ဂါးဖောင်းပွတာပဲ”

မုန့်ယွင်ကွေ့က ခပ်ဩဩ ရှင်းပြသည်။ “အတိတ်တုန်းက ကမ္ဘာအသီးသီးမှာ ကောင်းကင်ဒင်္ဂါး‌ဖောင်းပွမှုတွေလည်း ရှိခဲ့တယ်…. ဘာလို့လဲဆိုတော့ ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါးတွေအများကြီး ဖန်တီးခဲ့လို့…. ကမ္ဘာအသီးသီးက ကောင်းကင်နတ်ဘုံကနေ ကောင်းကင်ဒင်္ဂါးတွေ အများကြီး ရသွားခဲ့ကြတော့ အဲဒီကမ္ဘာတွေမှာ ကောင်းကင်ဒင်္ဂါးရဲ့ တန်ဖိုးကို ကျဆင်းစေခဲ့တယ်”

ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးက ပြုံး၍ ပြော၏။ “ဒါကြောင့် ငါတို့ ကောင်းကင်နတ်ဘုံရဲ့ မြေတန်ဖိုး၊ အိမ်တန်ဖိုးတွေကို မြှင့်တင်ခဲ့တယ်…. ဈေးတွေကို ဆက်မြှင့်တင်ပြီးတော့ အဲဒီကမ္ဘာတွေကို ဆွဲဆောင်ခဲ့ပြီး အဲဒီကမ္ဘာတွေက နတ်ဘုရားမိစ္ဆာတွေကို ကောင်းကင်ဒင်္ဂါးနဲ့ ၀ယ်စေခဲ့တယ်…. ဒီလိုနည်းနဲ့ ကောင်းကင်နတ်ဘုံမှာ ကောင်းကင်ဒင်္ဂါးတွေ နည်းသွားတာပေါ့…. ကြွယ်၀မှုက ကောင်းကင်နတ်ဘုံလက်ထဲမှာ နည်းသွားတယ်…. ကောင်းကင်နတ်ဘုံမှာ ကောင်းကင်ဒင်္ဂါးတွေ နည်းသွားရင် တန်ဖိုးက တက်လာလိမ့်မယ်”

မုန့်ယွင်ကွေ့က ခေါင်းညိတ်၍ ပြောသည်။ “ကောင်းကင်ဒင်္ဂါးတွေက ကောင်းကင်နတ်ဘုံရဲ့ လက်ထဲမှာ… ကောင်းကင်နတ်ဘုံက ကောင်းကင်ဒင်္ဂါး တစ်ချို့တစ်၀က်ကို ဖျက်ဆီးပစ်လိမ့်မယ်…. စီးဆင်းလှည့်ပတ်နေတဲ့ ကောင်းကင်ဒင်္ဂါးတွေက တဖြည်းဖြည်း နည်းလာနေပြီ.. မြေတွေကလည်း ဈေးပဲ ရှိတယ်.. ဈေးကွက် မရှိဘူး… ဆိုတော့ ကျသွားမှာ သဘာ၀ပဲ…. ရလဒ်အနေနဲ့ အဲ့ဒီအိမ်တွေ၊ မြေတွေရဲ့ တန်ဖိုးက အရှိန်အဟုန်နဲ့ ထိုးကျသွားပြီးတော့ ကမ္ဘာအမျိုးမျိုးမှာ နှစ်ထောင်သောင်းပေါင်းများစွာ စုစည်းထားကြတဲ့ ကြွယ်၀မှုတွေက ဗလာနတ္ထိဖြစ်သွားလိမ့်မယ်…”

ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးက ပြုံးလျက် ဆက်ပြော၏။ “ကမ္ဘာတွေ ဆင်းရဲလာပြီးတော့ ကောင်းကင်နတ်ဘုံက နောက်ထပ် ကောင်းကင်ဒင်္ဂါးတွေကို ထပ်ဖန်တီးလိမ့်မယ်… ‌ကုန်ကြမ်းတွေ၊ နတ်ရွှေတွေ၊ ပရဆေးပင်တွေ၊ နတ်လက်နက်တွေ၊ သင်္ဘောတွေအပြင် ကျောက်တုံးတွင်းတွေ၊ မြေတွေနဲ့ လူဦးရေကိုတောင် ဝယ်လို့ရလိမ့်မယ်… ဒါကြောင့် ကမ္ဘာတွေအနေနဲ့ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဒင်္ဂါး‌တွေကို ယူပြီး အလုပ်များလာကြမှာ… နှစ်ထောင်အနည်းငယ်ကြာတိုင်း ငါတို့ ဒီနည်းလမ်းကို သုံးပြီး သူတို့တွေရဲ့ ကြွယ်၀မှုကို ဆွဲချလို့ရတယ်…. ဒါဆို ကမ္ဘာ‌ေလောကတွေ ကောင်းကင်နတ်ဘုံအတွက် အဆက်မပြတ် အလုပ်လုပ်နေရတော့မှာ…”

“ကောင်းကင်နတ်ဘုံက ဘာမှတောင် ပေးစရာမလိုဘူး…. အများဆုံးမှ ‌ကောင်းကင်ဒင်္ဂါးတွေ ဖန်တီးပြီးရင် ဖျက်ဆီးရုံပဲ”

မုန့်ယွင်ကွေ့က သက်ပြင်းချကာ ပြော၏။ “‌ဒါပေမဲ့ အခု အဲ့ဒီနည်းလမ်းက အလုပ်မဖြစ်တော့ဘူး..”

သူက လက်ဝှေ့ရမ်းလိုက်ရာ ကောင်းကင်ဘုံအမျိုးမျိုး၏ စာလိပ်များမှ စာလုံးများက တောက်ပလာကြသည်။ “ဆရာ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ… ဒီစာလိပ်တွေထဲမှာ သူတို့တွေရဲ့ ကြွယ်၀မှုတွေက ကမ္ဘာဦးဘုံရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ စီးဆင်းနေတဲ့ မှတ်တမ်းတွေပါတယ်… ဒါတွေကကျ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ပြန်ထွက်လာတာတွေပဲ”

ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့အိုကြီးက အာရုံစိုက်၍ ကြည့်လိုက်သည်။ တခဏကြာသော် သူက ပြုံး၍ ပြော၏။ “ကမ္ဘာဦးဘုံရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက အခြားကမ္ဘာတွေဆီကနေ ငွေရနေတာပဲ… သူ့တို့က အဲ့ကမ္ဘာတွေက ကုန်ကြမ်းတွေ ၀ယ်ပြီး သွန်းလုပ်ပြီးသား ကောင်းကင်လက်နက်တွေကို ပြန်ရောင်းနေတာပေါ့… တော်တော် အမြတ်ရနေတာပဲ…”

မုန့်ယွင်ကွေ့က နောက်ထပ်စာလိပ်များ ထုတ်ကာ ပြောသည်။ “ဒါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်ဘုံကနေ ရနေတဲ့ ကောင်းကင်ဒင်္ဂါးတွေ…”

တာအိုရသေ့အိုကြီးက အသေအချာကြည့်ပြီးနောက် ရေရွတ်လိုက်၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံကနေ နှစ်တိုင်း ကောင်းကင်ဒင်္ဂါးအတော်များများ ရနေတာပဲ.. ဒါပေမဲ့ ဒါက ဖြေရှင်းဖို့လွယ်ပါတယ်… ကောင်းကင်ဆရာသခင်မုန့်က တူညီတဲ့နည်းလမ်းကိုပဲ သုံးပြီးတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်ဒင်္ဂါးတွေကို စုပ်ယူပြီး သူတို့ကြွယ်၀မှုကို ဆွဲချလိုက်ရုံပဲ…”

“ဒါက အခက်ခဲဆုံးအပိုင်းပဲ”

မုန့်ယွင်ကွေ့က သက်ပြင်းချသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ တောသားတွေက ကောင်းကင်နတ်ဘုံက အိမ်တွေရော၊ မြေတွေရော လုံး၀မ၀ယ်ဘူး”

သူ့မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးပင် နီရဲနေ၏။ “သူတို့က လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း တစ်ခါပဲ အိမ်တစ်လုံး ဝယ်ခဲ့တယ်… အဲ့ဒါကလည်း စောက်တောသေား ကောင်းကင်နတ်အရှင်မူ နေဖို့အတွက်ပဲ… ဒါက ကုန်သွယ်စစ်ပွဲပဲ.. ကောင်းကင်နတ်ဘုံကို စိန်ခေါ်နေတာ… အဲ့ဒီတောသားတွေက ကောင်းကင်ဒင်္ဂါးတွေကို သုံးပြီး ကောင်းကင်နတ်ဘုံကို ဖျက်ဆီးပစ်ချင်နေတာပဲ”

All Chapters