တာအိုဘိုးဘေးကြီးနှင့် ဗုဒ္ဓအရှင်တော်မြတ်
Vol. 105 Ch. 1382
“ကောင်းကင်ဆရာသခင်ကတော့ အလေးအနက် ထားလွန်းနေပါပြီ”
တာအိုရသေ့အိုကြီးက ပြုံးသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ပြည်သူပြည်သားအများစုက ရိုးရိုးရှင်းရှင်း နေထိုင်တတ်ကြတယ်... ပိုက်ဆံဖြုန်းရတာ မကြိုက်ကြဘူး… အခုမှ တိုးတက်လာတဲ့ နိုင်ငံငယ်လေးဆိုတော့လည်း ချွေတာရတာနဲ့ နေသားကျနေကြတာ နေမှာပေါ့လေ…. သူတို့ရဲ့ ကြွယ်ဝမှုတွေကို စီးဆင်းနေတဲ့ ရေအဖြစ် ပြောင်းလဲပစ်တာ ပိုမလွယ်ဘူးလား…. ကောင်းကင်နတ်ဘုံအနေနဲ့ ကောင်းကင်ဒင်္ဂါးတွေ ဆက်ဖန်တီးနေရင် သူတို့ရဲ့ ငွေကြေးဓနတွေ အလိုလို ပျောက်ကွယ်သွားမှာပဲ…. ကောင်းကင်ဒင်္ဂါးပမာဏ ဘယ်လောက်ထုတ်မယ်ဆိုတာ ငါတို့ပေါ်ပဲ မူတည်နေတာမလား”
မုန့်ယွင်ကွေ့မှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေသည်။ “ဆရာ၊ ကောင်းကင်နတ်ဘုံက ဒင်္ဂါးတွေ ထပ်ဖန်တီးနိုင်တာ မှန်တယ်…. ဒါပေမဲ့ အဲဒီလိုငွေကြေးဖောင်းပွလာမှုက အခြားကမ္ဘာလောကတွေမှာ စီးဆင်းလည်ပတ်နေတဲ့ ကောင်းကင်ဒင်္ဂါးတွေရဲ့ တန်ဖိုးကို ကျဆင်းစေလိမ့်မယ် … ဒါ့အပြင် ကောင်းကင်ဒင်္ဂါးတွေက နောက်ဆုံး ကမ္ဘာဦးဘုံထဲ ပြန်ဝင်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထဲ ရောက်သွားမှာပဲ…. နောက်ဆုံးကျရင် ကမ္ဘာလောကအသီးသီးက သူတွေအားလုံး ဆက်နေထိုင်နိုင်မှာမဟုတ်တော့ ရွေးစရာလမ်းတစ်လမ်းပဲ ရှိလာလိမ့်မယ်”
သူက အေးစက်စွာ ဆက်ပြောသည်။ “အဲဒါက ပုန်ကန်ဖို့ပဲ… ပထမဦးဆုံး သူတို့တွေက နတ်ဘုရားတွေနဲ့ အုပ်ချုပ်သူတွေကို ပုန်ကန်ကြလိမ့်မယ်… နတ်ဘုရားတွေက အခု ချမ်းသာကြွယ်ဝကြတယ်… အုပ်ချုပ်သူတွေက ပိုလို့တောင် ချမ်းသာသေးတယ်… ဒါပေမဲ့ သူတို့လည်း ပုန်ကန်မှုမှာ မပါဝင်ရင် ပုန်ကန်သူတွေရဲ့ သတ်တာခံရလိမ့်မယ်… တခြားနည်းလမ်း မရှိဘူး”
“ပြီးရင် နတ်ဘုရားတွေနဲ့ အုပ်ချုပ်သူတွေဟာ ကောင်းကင်နတ်ဘုံကို ပုန်ကန်ကြလိမ့်မယ်…”
မုန့်ယွင်ကွေ့က နှာခေါင်းရှုံ့လိုက်သည်။ “အဲ့ဒါဖြစ်လာရင် စကြ၀ဠာတစ်ခုလုံး တွန်းလှန်ပုန်ကန်ကြပြီပဲ… ဒီလှိုင်းဂယက်က ကောင်းကင်နတ်ဘုံအတွက် ထိတ်လန့်စရာကောင်းတယ်... ကောင်းကင်နတ်ဘုံက ဘယ်လောက်ပဲ အင်အားကြီးမားပါစေ စကြ၀ဠာက သူပုန်တွေအားလုံးကို သတ်ပစ်နိုင်လို့လား… အဲ့ဒါဖြစ်လာရင် လူတွေက ဒေါသကြီးလာပြီး ဧကရာဇ်တွေမှာလည်း ပုန်ကန်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘဲ ဖြစ်လိမ့်မယ်…. ကောင်းကင်နတ်အရှင်တွေအနေနဲ့ ကမ္ဘာလောကကို တောင်းပန်ဖို့ တစ်ယောက်ယောက်ကို ထုတ်ပြီး သတ်ပစ်ရလိမ့်မယ်”
ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကောင်းကင်ဆရာသခင်မုန့်၊ အဲ့ဒီလိုတောင်းပန်ဖို့ ဘယ်သူ့ကို ထုတ်ပြီး သတ်ပစ်ကြမယ်ထင်လဲ”
“အဲ့ဒီလိုက ရာထူးမြင့်မြင့် ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ရမယ်… အနည်းဆုံးတော့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်ရမယ်.. သူ…”
မုန့်ယွင်ကွေ့မှာ ကြက်သီးမွေးညှင်းများ ထသွားသည်။ သူက ဩရှရှ ဖြေလိုက်၏။ “အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်တောင် ဖြစ်သွားနိုင်တယ်…”
တာအိုရသေ့ကြီးက တည်ငြိမ်အေးဆေးစွာပင် ပြောသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက အရှင်မင်းကြီးကို ဖယ်ရှားပြီး သတ်ရတာ ပျော်နေမယ်ထင်လား… ၀မ်းနည်းကြမယ်ထင်လား…”
မုန့်ယွင်ကွေ့မှာ ကြောင်အသွားပြီး သူ့ရင်ထဲတွင် အကြောက်တရားတို့ ကြီးစိုးလာသည်။
တာအိုရသေ့ကြီးက သူ့ကို ပြုံးလျက် ကြည့်ကာ လေးလေးနက်နက် ရှင်းပြ၏။ “ကောင်းကင်ဆရာသခင်မုန့်၊ မင်းဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိမှန်း ငါသိပါတယ်… ဒါပေမဲ့ မင်းက အခြေအနေကို သေချာမသိသေးဘူး.. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်အရှင်မူရဲ့ ပိုင်နက်ပဲ…. ကောင်းကင်နတ်အရှင်မူက နိုင်ငံတစ်နိုင်ငံ ထူထောင်ပြီး ကောင်းကင်ဘုံတွေရဲ့ ကြွယ်၀မှုတွေကို စုဆောင်းချင်နေတာ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးကလည်း သူ့ကို ခွင့်ပြုပေးထားတယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဘယ်လောက်ပဲ ကြွယ်၀ချမ်းသာပါစေ ခွန်အားအရာမှာ ကောင်းကင်နတ်ဘုံကို မယှဉ်နိုင်သေးဘူး…. ကမ္ဘာလောကအားလုံး ပုန်ကန်ထကြွနိုင်အောင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဘယ်အချိန်မှာ ဖိအားပေးနိုင်မယ်ထင်သလဲ”
မုန့်ယွင်ကွေ့က တည်ကြည်လေးနက်စွာ ပြောသည်။ “နှစ်တစ်ရာအတွင်း..”
“နှစ်တစ်ရာလား… များလွန်းတယ်… သူတို့ နှစ်ငါးဆယ်အတွင်း သေချာပေါက် ပုန်ကန်ကြလိမ့်မယ်..”.
တာအိုရသေ့က မှင်သေသေ ပြောသည်။ “မင်းက သင်္ချာ၊ ဗျူဟာနဲ့ တွက်ချက်မှုမှာ ကျွမ်းကျင်တယ်…. ဒါပေမဲ့ အမြင့်ဆုံးအထိ မရောက်သေးဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးက နှစ်တစ်ရာ မစောင့်နိုင်ဘူး.. သူတို့က နှစ်ငါးဆယ်အတွင်းမှာ ကောင်းကင်နတ်ဧကရာဇ်၊ ရှေးဟောင်းနတ်ဘုရားတွေနဲ့ အတားအဆီးတွေအားလုံး ဖယ်ရှားနိုင်ဖို့ မျှော်မှန်းထားကြတာ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကရော နှစ်ငါးဆယ်အတွင်းမှာ ကောင်းကင်နတ်ဘုံနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားကြီးအဖွဲ့အစည်းတစ်စု ဖြစ်လာနိုင်လို့လား…”
မုန့်ယွင်ကွေ့က ပါးစပ်ဟလိုက်သော်လည်း မည်သည်မှ မပြောချေ။ သူက ခေါင်းရမ်းကာ ဖြေလိုက်၏။ “ဟင့်အင်း”
တာအိုရသေ့ကြီးက ဆက်ပြောသည်။ “ဒါဆို ကောင်းကင်နတ်အရှင်ဆယ်ပါးအနေနဲ့ ကောင်းကင်နတ်ဧကရာဇ်ကို ရှင်းလင်းပြီးရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ဘာအင်အားမှ သုံးစရာမလိုဘဲ ဖျက်ဆီးနိုင်လိမ့်မယ်”
မုန့်ယွင်ကွေ့မှာ ကြက်သီးတဖြန်းဖြန်း ထလာသည်။ တာအိုရသေ့ကြီးသည် ပြုံး၏။ “ကောင်းကင်ဆရာသခင်မုန့်၊ မင်းအနေနဲ့ ဆရာ့ရည်ရွယ်ချက်က ဘာမှန်း အကဲခတ်တတ်ဖို့ လိုတယ်... မင်းအနေနဲ့ ဒီကိစ္စကို မသိချင်ယောင်ဆောင်ထားလိုက်ရင် နောင်တစ်ချိန်မှာ ကမ္ဘာလောကကြီးကို ကယ်တင်နိုင်လိမ့်မယ်.... ကောင်းကင်နတ်အရှင်ဆယ်ပါး ကောင်းကင်နတ်ဧကရာဇ်ကို သတ်ဖြတ်တဲ့အခါကျရင် ကောင်းကင်ဘုံတွေ၊ ကမ္ဘာလောကတွေကို တောင်းပန်ဖို့အတွက် စတေးပြရမယ့် သိုင်းပညာရှင်တချို့ လိုအပ်လာလိမ့်မယ်… မင်း အဲဒီလိုအသုံးချခံဖြစ်သွားချင်လား … ကောင်းကင်ဆရာသခင်ရာထူးဟာ သိပ်ကိုအန္တရာယ်များတယ်… အရင်တုန်းက မင်းနေရာမှာ ရှိခဲ့ကြတဲ့ ကောင်းကင်ဆရာသခင် ဆယ်ယောက်ကျော်တယ်… သူတို့ထဲက တချို့က လူမသိသူမသိ သေဆုံးသွားကြတာ”
မုန့်ယွင်ကွေ့၏ နဖူးတွင် ချွေးများစီးကျလာပြီး သူ့မှာ စကားပင် မပြောရဲတော့ပေ။
တာအိုရသေ့ကြီးက သူ့ပခုံးကို ပုတ်၍ ဘေးခန်းမဆီမှ ထွက်ခွာသွားသည်။ မုန့်ယွင်ကွေ့သာ ထိုင်ခုံပေါ်တွင် ငူငိုင်စွာ ထိုင်လျက် ကျန်ရစ်ခဲ့၏။
တခဏကြာသော် တာအိုရသေ့ကြီးသည် နဂါသွဲ့ရေကန်၏ အဆောင်သို့ ရောက်လာသည်။ သူက တာအိုရသေ့အိုကြီးတစ်ပါးကို ဦးညွှတ်လျက် နှုတ်ဆက်လိုက်သည်။ “တာအိုဘိုးဘေးကြီး”
သူ နှုတ်ဆက်လိုက်သည့် တာအိုရသေ့အိုကြီးသည် တာအိုဂိုဏ်း၏ တာအိုဘိုးဘေးကြီး ဖြစ်၏။ သူက စစ်တုရင် ကစားနေရင်း ခေါင်းမော့ကြည့်ကာ အေးအေးလူလူ မေးသည်။ “ပြီးသွားပြီလား”
“မုန့်ယွင်ကွေ့က တာအိုပညာရပ်ကို အလေးအနက် နားလည်ထားပြီး ဗဟုသုတကြွယ်ဝပါတယ်… နောက်နှစ်ငါးဆယ်အတွင်း ဖြစ်လာမယ့် ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေကိုလည်း ကြိုမြင်နိုင်တယ်”
ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့ကြီးက ချီးကျူးလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် သူ့ကို အဲဒါက ဘယ်လောက်အင်အားကြီးတဲ့အကြောင်း သိအောင် လုပ်ပြီးပါပြီ... သူ ဖုံးကွယ်ထားပြီး တင်ပြမှာမဟုတ်ပါဘူး”
တာအိုဘိုးဘေးကြီးသည် စစ်တုရင် ကစားနေရင်း ပြုံးလိုက်၏။ “သူ တင်ပြချင်တယ်ဆိုရင်တော့ ဘုန်းကြီးကို သူ့မှတ်ဉာဏ်တွေ ဖျက်ပေးဖို့ တောင်းဆိုရလိမ့်မယ်”
သူသည် ဗြဟ္မဗုဒ္ဓနှင့် စစ်တုရင်ကစားနေခြင်းဖြစ်ပြီး ဗြဟ္မဗုဒ္ဓက ခပ်ဟဟ ရယ်လိုက်ရင်း မိန့်သည်။ “မုန့်ယွင်ကွေ့က တာအိုဂိုဏ်းရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါပဲ… အနာဂတ်မှာ နံပါတ်တစ်ကောင်းကင်ဆရာသခင် ဖြစ်လာနိုင်ချေ ရှိတဲ့သူဆိုတော့ သူက ကောင်းကင်နတ်အရှင်မူရဲ့ ရည်ရွယ်ချက်ကို သိနိုင်တာ အံ့သြစရာမရှိပါဘူး… စိတ်ပူနေသေးရင် ငါ အိပ်မက်ထဲ ဝင်ရောက်ပြီး သူ ဒီအတွေ့အကြုံကို မေ့သွားအောင် လုပ်ပေးလို့ရတယ်”
“မလိုပါဘူး”
တာအိုဘိုးဘေးကြီးက စစ်တုရင်ခုံကို ကြည့်၍ စစ်တုရင်အရုပ်အား နေရာချရန် စောင့်နေသည်။ သူက ပြုံးလျက် ပြော၏။ “သူ့အကြောင်းသူ သိပါတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးဆီ တင်ပြမှာမဟုတ်ဘူး… ဒါ့အပြင် ကောင်းကင်နတ်အရှင်ဆယ်ပါးက ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက် ရှိပြီးသားလေ… သူတို့က ကောင်းကင်နတ်ဘုံစနစ်ကို ကျင့်ကြံနေကြတဲ့အပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း သွန်းလုပ်ပြီးနေပြီ.. ကောင်းကင်နတ်ဧကရာဇ်ကို သေချာပေါက် ဖယ်ရှားကြမှာပဲ… သူတို့ အစစ်အမှန်ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာချင်ရင် လက်ရှိကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားပစ်ဖို့ အကြောင်းအရင်း လိုတယ်… ဒီကောင်းကင်နတ်ဧကရာဇ်က အတုဖြစ်နေရင်တောင်မှပေါ့”
ဗြဟ္မာ့ဗုဒ္ဓက စစ်တုရင်ခုံကို စိုက်ကြည့်နေသည်။ တခဏကြာသော် သူက သင်္ကန်းစကို ခါလျက်၍ ပြော၏။ “ငါ ရှုံးသွားပြီ…. မင်းရဲ့ သင်္ချာက ထက်မြက်လွန်းတယ်… ငါ အနိုင်မယူနိုင်ဘူး”
သူက နဂါးသွဲ့ရေကန်အဆောင်၏ ခန်းမဆီသို့ ကြည့်ကာ သက်ပြင်းချရင်း ပြောသည်။ “အရင်က ဒီနေရာက ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်အရှင်ယွီရဲ့ ကျင့်စဉ်တွေ လွဲပြောင်းပေးဖို့ စောင့်ခဲ့တဲ့နေရာပေါ့… ကောင်းကင်နတ်အရှင်မူက သူ့ရဲ့ကျင့်စဉ်တွေကို တစ်လောကလုံးဆီ လွှဲပြောင်းပေးခဲ့ပြီး ကောင်းမှုပြုခဲ့တယ်… ဒါပေမဲ့ ဒီနေ့လာတဲ့ နတ်ဘုရားမိစ္ဆာတွေမှာ သူ့ရဲ့ အောင်မြင်မှုတွေကို မှတ်မိကြတဲ့သူ များများစားစား မရှိဘူး…. ငါတို့အဘိုးကြီးနှစ်ယောက်ပဲ ဒီနေရာမှာ စစ်တုရင်ကစားဖို့ ကျန်ခဲ့တယ်… တိတ်ဆိတ်နေလိုက်တာ…”
တာအိုဘိုးဘေးကြီးသည် ထရပ်၍ ခပ်တိုးတိုး ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ရဲ့ သံလိုက်အိမ်မြှောင်ကို ကလိနေခဲ့တာ အခုထိ မှတ်မိနေသေးတယ်… အဲ့ဒီနတ်ဘုရားလက်ချောင်းကိုလည်း အခုထိမှတ်မိနေတုန်းပဲ…”
ဗြဟ္မာဗုဒ္ဓက ပြုံးလျက် ပြောလေသည်။ “သူ ငါ့ရဲ့ သပိတ်ထဲ ဆေးလုံးတွေ ထည့်ခဲ့တာကိုလည်း မှတ်မိပါသေးတယ်... အဲဒီတုန်းက ကျင့်ကြံဖို့ လုံလောက်ရုံပဲ တောင်းခံခဲ့ပေမယ့် သူက အများကြီး ပေးခဲ့တယ်... ငါ သုံးလေးလုံးလောက်ပဲ လိုမှန်း မသိခဲ့ဘူး... ဒါကြောင့် ငါ သူ့ကို အနန္တကပ်ဘေးကျမ်းစာကို သုံးနိုင်အောင် တိုက်ရိုက်ပေးခဲ့လိုက်တယ်... မသင်ပြပေးခဲ့ဘူး.. အခု သူ ဗုဒ္ဓကောင်းကင်နန်းဆောင် တည်ဆောက်နိုင်ပြီလား မပြောတတ်ဘူး”
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ချင်မူသည် စွမ်းအင်အကူးအပြောင်းတံတားမှတဆင့် ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်ဆီသို့ ရောက်လာ၏။ ရှစ်ချီလော်က အပြုံးပန်းများ ဝေဆာစွာဖြင့် ကြိုဆိုသည်။ “ကောင်းကင်နတ်အရှင်မူ၊ ခဏလောက် စောင့်ပေးလို့ရမလား…. ဆွေးနွေးချင်လို့ ကျုပ်နန်းဆောင်ဆီ လာပေးပါလား*
ချင်မူမှာ မျက်နှာအကြီးအကျယ်ပျက်သွားသည်။ သူ့မှာ ရှစ်ချီလော်နှင့် နှစ်ယောက်တည်း မရှိလိုသည့်အတွက် ငြင်းတော့မည့်အချိန်တွင် ရှစ်ချီလော်က သူ၏ဧရာမလက်သီးများကို ဆုပ်လိုက်ရာ လက်ဆစ်များက တဂျွတ်ဂျွတ် မြည်သွား၏။
ချင်မူ့မှာ သူနှင့်အတူ ကောင်းကင်နန်းဆောင်ဆီသို့ လိုက်သွားရတော့သည်။ သူတို့နှစ်ယောက်က ထိုင်လိုက်ပြီး ရှစ်ချီလော်က သက်ပြင်းချ၏။ “ကောင်းကင်နတ်အရှင်မူ၊ မယ်တော်မိဖုရားရဲ့ သရုပ်မှန် ပေါ်သွားပြီ… ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ငါ့ရဲ့သရုပ်မှန်ကို သိသွားကြပြီထင်တယ်”
ချင်မူက ရယ်လိုက်မိသည်။ “အရှင်မ၊ ဘာလို့ ကိုယ့်ကိုကိုယ် မယ်တော်မိဖုရားလို့ ခေါ်ရတာလဲ”
ရှစ်ချီလော်က ခါးသီးစွာဖြင့် မျက်လုံးဝှေ့လိုက်၏။ “ငါ့ယောက်ျားကို ဆုံးရှုံးလိုက်ရပြီလေ … ပြန်လည်ဝင်စားလာတဲ့ ယောက်ျားကျတော့လည်း နင့်ကြောင့် နှင်ထုတ်ခံခဲ့ရတယ်လေ… ဒါကြောင့် ငါ့ကိုယ်ငါ မယ်တော်မိဖုရားလို့ ခေါ်တာပဲ” သူက ၀မ်းနည်းစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့အတွက် တစ်ခုခု စဉ်းစားပေးပါဦး… မဟုတ်ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက ဒီကောင်းကင်မဟာမိတ်အစည်းအဝေးမှာ မယ်တော်မိဖုရားကို ယဇ်ပူဇော်မယ့် ဓားတစ်လက်အဖြစ် သုံးကြလိမ့်မယ်”
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ကျွန်တော်က မဟာမိတ်ရဲ့ တည်ထောင်သူ ဆိုပေမယ့် ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ဘူး… ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တောင်…”
ရှစ်ချီလော်က သူ့လက်ကို ဆုပ်ကိုင်လိုက်ရင်း အရိုးများကြေမတတ် ရှေ့နောက်လွှဲရမ်းလိုက်သည်။ “ငါ့ကို ကူညီပါ… ငါ ပြန်ပေးဆပ်ပါ့မယ်”
“နေပါဦး”
ချင်မူမှာ မျက်နှာပျက်သွားပြီး ချက်ချင်း အော်လိုက်သည်။ “စဉ်းစားပါရစေဦး… ကျွန်တော် တွေးထားပါတယ်… လွှတ်ပါဦးဗျ”