နောက်ကျော ဓားနဲ့ ထိုး
Vol. 105 Ch. 1383
ရှစ်ချီလော် သူ့လက်ကို လွှတ်ပေးလိုက်သည့်အခါ ချင်မူမှာ နာကျင်နေသည့် အရိုးများကို ပွတ်လိုက်သည်။ ရှစ်ချီလော်၏ လက်ကြီးသည် အတော်လေး သန်မာကြမ်းတမ်းလှသောကြောင့် သူ့အရိုးများပင် ကြေသွားသယောင် ထင်ရသည်။
“မယ်မယ်မိဖုရားက အဲဒီလောက် တဇွတ်ထိုးမဆန်တတ်ပါဘူး”
ချင်မူမှာ ထိုသို့ပြောပြီးနောက် ရှစ်ချီလော်ဆီသို့ လှမ်းကြည့်ကာ စိတ်ထဲမှ ဘုရားတလိုက်မိသည်။ လက်ရှိရှစ်ချီလော်သည် မုဆိုးတစ်ပိုင်း ယောကျ်ားရိုင်းကြီးဖြစ်သဖြင့် သူ့မှာ စိတ်ထိန်းလိုက်ရင်း ဆက်ပြော၏။ “ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ် ကျိုးပျက်သွားတုန်းက အရှင်မက ပေါ်မလာခဲ့တဲ့အပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း မဆင်းသက်စေခဲ့ဘူး…. ဒါဆို ဘာလို့ ဘိုးဘေးနန်းတော်အနောက်ဘက် ပေါ်လာတဲ့အခါကျမှ လူရိုင်းတစ်ယောက်လို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို လွှတ်ပြီး ပိုင်နက်သိမ်းပိုက်ဖို့ ကြိုးစားရတာလဲ”
ရှစ်ချီလော်က သတ်ပြင်းချသည်။ “ငါ ဘိုးဘေးနန်းတော်အရှေ့ဘက်အတွက် မတိုက်ခိုက်နိုင်ဘူးလေ… ငါ တိုက်ခိုက်ရင် ရှုံးလိမ့်မယ်… ဒီ့အပြင် ဘိုးဘေးနန်းတော်အရှေ့ဘက်မှာ ဘာရတနာမှ များများစားစား မကျန်တော့ဘူးလေ… ဒါပေမဲ့ ဘိုးဘေးနန်းတော်အနောက်ဘက်ကတော့ ပေါ့သေးသေး မဟုတ်ဘူး… ရတနာတွေအများကြီးရှိတဲ့အပြင် မရေမတွက်နိုင်တဲ့ ဧရာမသားရဲကြီးတွေလည်း ရှိတယ်.. လုံရှောင်ပါ ရှိနေတဲ့အတွက် ငါ့မှာ တိုက်ခိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး”
သူက တည်ကြည်လေးနက်စွာ ရှင်းပြသည်။ “ငါ လုံရှောင်ကို သိမ်းသွင်းပြီး ထိန်းချုပ်ထားနိုင်ရင် ကောင်းကင်နတ်အရှင်နှစ်ပါးရဲ့ အတိုင်အခိုက်အင်အားမျိုး ပိုင်ဆိုင်သွားလိမ့်မယ်.. ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် ကောင်းကင်နတ်အရှင်သုံးပါးရဲ့ အင်အားကို ပိုင်ဆိုင်သွားပြီ.. ငါ့အစ်မကိုလည်း အလွယ်တကူ သတ်နိုင်လိမ့်မယ်…. သူ့ကို ဝါးမြိုပြီး အဆုံးသတ်မြို့ပျက်ရဲ့ ကြာပန်းနှစ်ပွင့်ကို တစ်သားတည်းအဖြစ် ပေါင်းစည်းပြီး ကောင်းကင်နန်းဆောင်တွေကိုပါ ပေါင်းစည်းလိုက်ရင် ကောင်းကင်နတ်ဘုံအဆင့်အထိ တစ်ခါတည်းနဲ့ ကျင့်ကြံနိုင်လိမ့်မယ်.. အဲဒီအချိန်ကျရင်…”
ချင်မူက ပြုံးသည်။ “အဲဒီအချိန်ကျရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက အရှင်မကို ဦးညွှတ်ရုံကလွဲပြီး ရွေးချယ်စရာမရှိမယ့်အပြင် ကောင်းကင်နတ်ဧကရာဇ်ကလည်း သူ့ရာထူးကို ပိုကောင်းတဲ့သူတစ်ယောက်ဆီ လွှဲပြောင်းပေးရလိမ့်မယ်… တစ်လောကလုံးကို ဧကရီတစ်ပါးက အုပ်စိုးသွားမှာပေါ့”
ရှစ်ချီလော်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေပြီး သူက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ချင်မူက စကားလမ်းကြောင်းလွှဲလိုက်၏။ “ဒါဆို ဘယ်ကောင်းကင်နတ်အရှင်က အရှင်မ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းဆီ ဝင်ရောက်လို့ရအောင် ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို သင်ပေးခဲ့တာလဲ”
ရှစ်ချီလော်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြမှင်သက်သွားသည်။ သူက ထစ်အစွာ မေးလေသည်။ “ကောင်း.. ကောင်းကင်နတ်အရှင်မူက ဘာလို့ အဲ့ဒီလိုမေးရတာလဲ”
ချင်မူက နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ခင်ဗျားရဲ့ သူလျှို ရှိတယ်… အဲ့ဒီသူက ခင်ဗျားနဲ့ ပူးပေါင်းပြီး ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို သင်ပေးခဲ့လိမ့်မယ်… အဲ့ဒါမှ ခင်ဗျား ဘိုးဘေးနန်းတော်အနောက်ဘက်ကို ဝင်ရောက်လို့ရမှာလေ… ဒီကောင်းကင်နတ်သိုင်းကို လွန်ခဲ့တဲ့နှစ်တစ်သန်းက ကျွန်တော် ဖန်တီးခဲ့တာ.. ပျံ့နှံ့သွားတာ မကြာသေးဘူး.. ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး သင်ထားကြတယ်… ခင်ဗျားလည်း တတ်နေတယ်ဆိုတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ယောက်က လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ရမယ်… အဲဒီသူက ဘယ်သူလဲ”
ရှစ်ချီလော်က မျက်လုံးဝေ့လိုက်ရင်း ထစ်အစွာ ဖြေသည်။ “ကောင်း… ကောင်းကင်နတ်အရှင်ဟုန်ပါ…”
ချင်မူမှာ ဒက်ခနဲ သဘောပေါက်သွား၏။ “ဆိုတော့ နတ်အရှင်မချန်းပေါ့… သနားစရာ ကောင်းကင်နတ်အရှင်ဟုန်ကို လွှဲချစရာမလိုပါဘူး… ဒါပေမဲ့ အံ့သြစရာတော့ မရှိပါဘူးလေ… ခင်ဗျားက နတ်အရှင်မချန်းလိုပဲ တခြားကောင်းကင်နတ်အရှင်တွေနဲ့ တည့်တာ မဟုတ်ဘူး… မဟာဧကရာဇ်က အမြဲတမ်း ဖျက်ဆီးချင်နေခဲ့တာဆိုတော့ မဟာမိတ်တစ်ယောက်လိုတယ်… ခင်ဗျားက ဖျက်ဆီးခြင်းရှေးဟောင်းနတ်ဘုရားမ ဆိုတော့ မဟာဧကရာဇ်က ခင်ဗျားကို မဟာမိတ်အနေနဲ့ လိုချင်မှာပဲ”
ရှစ်ချီလော်က ရယ်သည်။ “ငါ့ကို မြှောက်ပင့်မနေပါနဲ့… ငါက ဘာလို့ မဟာဧကရာဇ်လိုလူနဲ့ ပူးပေါင်းရမှာလဲ… ကောင်းကင်နတ်အရှင်ဟုန်ပါဟ”
ချင်မူက မှင်သေသေ ပြော၏။ “ငှက်မွှေးငှက်တောင်တွေဆိုတာ အတူတူ ကပ်နေကျလေ… ခင်ဗျားတို့နှစ်ယောက်က ရည်ရွယ်ချက်ချင်း တူတယ်…. မဟာဧကရာဇ်ကလည်း မကြာခဏ ရှုံးနိမ့်နေတာ… သူနဲ့ ခင်ဗျား ပူးပေါင်းသွားတာ နားလည်လို့တော့ ရပါတယ်”
ရှစ်ချီလော်က နှာတစ်ချက်မှုတ်၍ မငြင်းတော့ပေ။
ချင်မူက အနိမ့်အမြစ့်မရှိသော လေသံဖြင့် ဆက်ပြော၏။ “ခင်ဗျားမှာ မဟာမိတ်အနေနဲ့ နတ်အရှင်မချန်း ရှိထားတော့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ခင်ဗျားကို တိုက်ခိုက်ကြမှာမဟုတ်ဘူး…. ဘာလို့ ခင်ဗျားကို စတေးကြလိမ့်မယ်လို့ ပြောရတာလဲ”
ရှစ်ချီလော်က သက်ပြင်းချကာ မျက်ခုံးများ တွန့်ချိုးသွားသည်။ “ဘာလုပ်လဲဆိုတော့ မဟာဧကရာဇ်ရဲ့ နာမည်က မကောင်းသတင်းနဲ့ နာမည်ကြီးတာလေ… နတ်အရှင်မချန်းသာ သရုပ်မှန်ပေါ်သွားရင် ငါလည်း မြှုပ်စရာ အုတ်ဂူတောင် မရှိဘဲ သေရလိမ့်မယ်… နတ်အရှင်မချန်း သေသွားရင် ဘာလုပ်ရမလဲ စဉ်းစားထားဖို့ လိုအပ်တယ်…”
“ခင်ဗျားက နတ်အရှင်မချန်းကို သစ္စာဖောက်ဖို့ အကြံရှိတာပဲ”
ချင်မူသည် ရှစ်ချီလော်၏အတွေးကို သိလိုက်ရသဖြင့် နှာခေါင်းရှုံ့သွား၏။ “ခင်ဗျားက အချိန်မရွေး သူ့ကို သစ္စာဖောက်ဖို့ အသင့်ဖြစ်နေတာပဲ… တကယ်ပဲ လိုက်လည်း လိုက်ကြပါပေတယ်..”
ရှစ်ချီလော်က တောက်ပစွာ ပြုံးလိုက်သည်။ “ငါ နင့်ကိုလည်း အချိန်မရွေး သစ္စာဖောက်ဖို့ အသင့်ပဲ”
ချင်မူ့မျက်လုံးများမှာ ပြူးကျယ်သွားသည်။ တခဏကြာသော် သူက အသက်တစ်ချက် ရှူထုတ်လိုက်၏။ အရှင်မယွမ်မုသည် အရှက်မရှိဘဲ မျက်နှာပြောင်တိုက်လွန်းသဖြင့် သူမကို မုန်းတီးကြခြင်း ဖြစ်လိမ့်မည်။
သူက ထရပ်၍ အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းမှာ ကျွန်တော်လည်း ဝေစုရချင်တယ်… ကောင်းကင်မဟာမိတ်အစည်းအဝေးမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ထောက်ခံကြမယ်… ဒါဆိုရင် ခင်ဗျား ကျေနပ်ပြီမလား”
ရှစ်ချီလော်က ထရပ်လိုက်ရင်း ပြုံးကာ ပြော၏။ “ဒါဆိုရင် ကောင်းကင်နတ်အရှင်မူမှာ ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ ဧရာမသားရဲကြီးနဲ့ပတ်သက်ပြီး စဉ်းစားထားတာ ရှိလား”
ချင်မူသည် ထွက်သွားရန် ပြင်နေသော်လည်း ၎င်းကို ကြားသည့်အခါ ရပ်လိုက်ပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ဖြေလိုက်၏။ “ခင်ဗျား ကျွန်တော့်ကို ခေါ်တာ အဲဒါကြောင့်ကိုး… ဧရာမ ကမ္ဘာဦးသားရဲကြီးတွေရဲ့ အင်အားကို သိမ်းပိုက်ချင်နေတာလား”
ရှစ်ချီလော်က ခေါင်းရမ်းသည်။ “ငါ သူတို့ကို မသိမ်းပိုက်ချင်ပါဘူး… ဘိုးဘေးနန်းတော်အနောက်ဘက် ပွင့်သွားခဲ့ရင် တစ်ယောက်ယောက်က သိမ်းပိုက်မှာသာ စိုးရိမ်နေတာ… ငါ့မှာလည်း ကိုယ်ပိုင်အင်အား ရှိတယ် ....မစိုးရိမ်ပဲ မနေနိုင်ဘူး”
သူ့အနေဖြင့် တည်ကြည်လေးနက်သည်မှာ ရှားပါးလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်ရော ဧရာမသားရဲကြီးတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဆင်းသက်လာမှာ မစိုးရိမ်ဘူးလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာက သားရဲကြီးတွေရဲ့ ဒဏ်ကို ဘယ်လောက်ခံနိုင်သလဲ”
ချင်မူကလည်း တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။ “ကျွန်တော်လည်း စိုးရိမ်မိတယ်…ကျွန်တော်တို့ ကောင်းကင်နတ်အရှင်တွေနဲ့ယှဉ်ရင် ဖန်ဆင်းရှင်တွေနဲ့ မဟာဧကရာဇ်လို ဖြစ်တည်မှုတွေက သားရဲတွေကို ထိန်းချုပ်ဖို့ ပိုပြီးလွယ်တယ်… မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကတော့ အင်အားကြီးမားလွန်းတယ် … ဧရာမသားရဲကြီးတွေသာ သူ့အောက် ရောက်သွားမယ်ဆိုရင် စကြဝဠာတစ်ခုလုံးက ကမ္ဘာလောကတွေကို ဖျက်ဆီးဖို့က အလွယ်လေးပဲ.. ဒါပေမဲ့ သူ အသားစီးမရအောင် လုပ်ဖို့ နည်းလမ်းရှိသေးတယ်… ကျွန်တော့်မှာ အကြံဉာဏ်ရှိတယ်… အဲ့ဒါက ဘိုးဘေးနန်းတော်အနောက်ဘက်ခြမ်းရဲ့ အကျိုးအမြတ်တွေကို ခွဲဝေယူပြီးတော့ သားရဲကမ္ဘာတစ်ကမ္ဘာ ဖန်တီးဖို့ပဲ”
သူက သူ့အကြံကို ပြောပြသည်။ “အရှင်မ၊ ကျွန်တော်ပြောတာကို သေချာစဉ်းစားလိုက်ပါ” ထိုသို့ပြောပြီးနောက် ထွက်ခွာသွား၏။
“သားရဲကမ္ဘာတဲ့လား… ဧရာမသားရဲကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်တာလား”
ရှစ်ချီလော်က စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုသည်သည် လျှောက်နေသည်။ “ဒါက စိတ်ဝင်စားစရာအကြံပဲ… အဲလိုသာဆိုရင် ကောင်းကင်နတ်အရှင်တွေထဲက ဖန်ဆင်းရှင်တွေ လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး…နတ်အရှင်မချန်းကို ထိန်းချုပ်နိုင်မယ့်အပြင် တခြားဖန်ဆင်းရှင်နှစ်ယောက်လည်း ကန့်သတ်ခံရလိမ့်မယ်… ကောင်းကင်နတ်အရှင်မူမှာ ကောက်ကျစ်တဲ့အကြံတွေနဲ့ ပြည့်နေတာပါလား..”
ချင်မူက နဂါးသွဲ့ရေကန်ဆီသို့ တန်းမသွားဘဲ သူ့နန်းဆောင်ဆီသို့ ပြန်လာ၏။
သူ့အတွက် သားရဲကမ္ဘာ တည်ဆောက်မည့်အကြောင်းကို အရှင်မယွမ်မုအား ပြောပြလိုက်ရသည်မှာ အဆင်မပြေလှချေ။ ထိုအမျိုးသမီးသည် ငြိမ်ငြိမ်မနေတတ်သလို ပါးစပ်မလုံပေ။ ဤအကြောင်းအား အခြားကောင်းကင်နတ်အရှင်များဆီသို့ သေချာပေါက် ပြောပြလိမ့်မည်။
ထို့ကြောင့် လက်ရှိလုပ်ရမည်မှာ ကောင်းကင်နတ်အရှင်မူနန်းဆောင်၌သာ နေ၍ အခြားကောင်းကင်နတ်အရှင်များ လာလည်မည်ကို စောင့်ဆိုင်းရန်ပင်။
ထိုမျှသာမက သားရဲကမ္ဘာ တည်ဆောက်မည့် အကြံဉာဏ်ကို နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မချန်းတို့က သေချာပေါက် စိတ်ဝင်စားကြလိမ့်မည်။ ထိုကောင်းကင်နတ်အရှင်သုံးပါးကို လွန်ဆန်မိမည်ဖြစ်သော်လည်း အရှင်မယွမ်မု ပေါ်လာသဖြင့် ဖိအားများများစားစား ခံစားရမည်မဟုတ်ချေ။
သူသည် ဤကောင်းကင်နန်းဆောင်သို့ လာလေ့မရှိပေ။ သာမန်အားဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသာ ဤနေရာသို့ နန်းတွင်းသူများ စေလွှတ်၍ ချင်မူ့လှုပ်ရှားမှုများကို စောင့်ကြည့်တတ်ကြလေသည်။
သို့သော် ချင်မူ လာလေ့မရှိသည့်တိုင် ဟူလင်းအာနှင့် စစ်ယွင်ရှန်းကတော့ မကြာခဏလာ၏။ သူတို့က ချင်မူ့နာမည်ဖြင့် ဧည့်သည်များ ဖိတ်ကြားကာ ဖျော်ဖြေဂုဏ်ပြုတတ်ကြသည်။
စစ်ယွင်ရှန်းနှင့် ဟူလင်းအာတို့သည် အတွဲညီကြ၏။ သူတို့နှစ်ယောက်ကား တွတ်တတ်ချက်တတ်သူများပီပီ တစ်ယောက်နှင့် တစ်ယောက် လိုက်ဖက်ညီကို ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြွယ်ဝသထက် ကြွယ်ဝလာစေသည်။
“ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ကုန်း ကြွလာတော်မူပါတယ်” နန်းတွင်းသူတစ်ဦးက အလောတကြီး ရောက်လာကာ လျှောက်တင်သည်။
ချင်မူက အံ့အားသင့်သွားပြီး ထရပ်လိုက်၏။ “တခြားကောင်းကင်နတ်အရှင်တွေ လာလည်မယ် ထင်ထားပေမယ့် အဓိကသူက အရင် ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး… ငါ သူ့ကို သွားကြိုမယ်.. နေပါဦး… သွားမကြိုတော့ဘူး… ငါ့ကို ပင်မခန်းမထဲမှာ လာတွေ့ဖို့ ကောင်းကင်နတ်အရှင်ကုန်းကို ပြောလိုက်”
နန်းတွင်းသူမှာ မျက်လုံးများပြူးကျယ်သွားသည်။ သူသည် ကောင်းကင်နတ်အရှင်ကုန်းကို သွားရောက်မကြိုဆိုဘဲ ပင်မခန်းမထဲသို့ လာရောက်တွေ့ဆုံစေချင်သည်လော။
ကောင်းကင်နတ်အရှင်မူကား အတော်လေး အတင့်ရဲပေသည်။
နန်းတွင်းသူ အလောတကြီး ထွက်ခွာသွားသည့်အခါ ချင်မူက ပင်မခန်းမသို့ သွားရောက်ကာ မားမားမတ်မတ် ထိုင်နေ၏။
တခဏကြာသော် ကောင်းကင်နတ်အရှင်ကုန်းသည် ပင်မခန်းမထဲသို့ ရောက်လာပြီး မလှုပ်မယှက်ထိုင်နေသော ချင်မူ့ကို တွေ့လိုက်ရသည်။ သူမက အေးစက်စွာ နှာမှုတ်၍ လက်ဝှေ့ရမ်းကာ နန်းတွင်းသူအား ထွက်သွားစေ၏။
ချင်မူက ကောင်းကင်နတ်အရှင်ကုန်းအား ထိုင်ရန် လက်အမူအရာပြလိုက်သည်။ “ကျွန်တော့်ရဲ့ သိုင်းအဆင့်က ကမောက်ကမ ဖြစ်သွားလို့ ခြေထောက်တွေ လှုပ်ရှားလို့ မရတော့လို့ပါ… ကျွန်တော် မလှုပ်နိုင်လို့ တာအိုမိတ်ဆွေ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်နတ်အရှင်ကုန်းက သူ့အရှေ့တွင် ထိုင်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ငါက ဆေးကျင့်စဉ်မှာ တော်တော်လေးအစွမ်းထက်တယ်… မဟာမိတ်ခေါင်းဆောင်ကို ကုသပေးပါရစေ… ခြေထောက်တွေ လှုပ်ရှားလို့ရနေရင် ငါ့ရဲ့လက်နှစ်ဖက်က မဟာမိတ်ခေါင်းဆောင် တကယ်လှုပ်ရှားလို့မရအောင် လုပ်ပေးနိုင်မယ်လို့ အာမခံပါတယ်… ကုသလို့မရတော့တဲ့အထိပေါ့”
ချင်မူက တဟားဟား ရယ်လျက် တည်ကြည်လေးနက်စွာ မေးလိုက်၏။ “နတ်ဘုရင်၊ ဘာလို့ ကျွန်တော့်ဆီ လာတွေ့တာပါလဲ”
“နင် မသိဘူးလား”
ကောင်းကင်နတ်အရှင်ကုန်းက အေးစက်စွာ ပြောသည်။ “အခု ကောင်းကင်နတ်ဘုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်… ကောင်းကင်မဟာမိတ်အဖွဲ့က ဘိုးဘေးနန်းတော်ကို အပြည့်အ ဝဖွင့်ပြီး ၁၂ပိုင်း ပိုင်းချင်နေတယ်… သားရဲကမ္ဘာကိုလည်း တည်ထောင်ပြီး ကမ္ဘာဦးသားရဲတွေကို သားရဲကမ္ဘာမှာ နေစေချင်နေကြတယ်… သားရဲတွေ ဆင်းသက်လာနိုင်အောင်လည်း ဆင့်ခေါ်လို့ရလိမ့်မယ်တဲ့… ဒီအကြံက ကောင်းကင်နတ်အရှင်မူရဲ့ အကြံဆိုးလို့လည်း ကောလဟာလတွေ ပျံ့နေတယ်”