ကောင်းကင်နတ်အရှင်များ
Vol. 105 Ch. 1384
ချင်မူ့မျက်နှာကြီးကား ချက်ချင်း မည်းမှောင်သွားတော့သည်။ အရှင်မယွမ်မုသည် သတင်းဖြန့်သည့်အပြင် အပြစ်မှန်သမျှအား သူ့အပေါ် ပုံချခဲ့သည်မှာ သိသာလှ၏။
မှန်ပါသည်။ ချင်မူ၏ အကြံဖြစ်သဖြင့် သူ့အပေါ်ပုံချသည်မှာလည်း မမှားပေ။
ချင်မူသည် အရှင်ယွမ်မုအပေါ် အပြစ်ပုံချချင်ခဲ့သည့်အပြင် သူ၏ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မချန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့ကို မစော်ကားမိအောင် အတတ်နိုင်ဆုံး ကြိုးစားရန် ဖြစ်၏။
အရှင်မယွမ်မုက လိမ္မာပါးနပ်လွန်းသူပီပီ သူ့ခေါင်းအပေါ် တိုက်ရိုက်ပုံချကာ ကောင်းကင်နတ်အရှင်ကုန်းအား လာရောက်မေးခွန်းထုတ်စေသည်အထိ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ချင်မူမှာ တဟားဟား ရယ်မောလိုက်ပြီး ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ သို့သော် ကောင်းကင်နတ်အရှင်ကုန်းက သူနှင့် မျက်လုံးချင်းဆုံအောင် လိုက်ကြည့်ကာ နှာခေါင်းရှုံ့နေသည်။
“ဟုတ်တယ် ကျွန်တော် အဲ့ဒီအကြံကို ရခဲ့တာပါ”
ချင်မူက ရယ်နေသည်အား ရပ်လိုက်၏။ “ကျွန်တော်တို့ သားရဲကမ္ဘာတစ်ကမ္ဘာ မတည်ထောင်ရင် ခင်ဗျား နတ်အရှင်မချန်းနဲ့ ယှဉ်နိုင်မယ်ထင်လို့လား.. သူက မဟာဧကရာဇ်နော်… သူ့အသိစိတ်အလျဉ်က သိပ်စွမ်းအားကြီးတယ်… ကမ္ဘာဦးသားရဲတွေကို မဟာဧကရာဇ် ထိန်းချုပ်နိုင်သွားရင် မဟာဧကရာဇ်က တောင်ပံပေါက်သွားတဲ့ ကျားတစ်ကောင်လို ဖြစ်လာလိမ့်မယ်… ကျွန်တော်တို့ သားရဲကမ္ဘာကို တည်ထောင်မှ ဖြစ်မယ်… အားလုံး ကိုယ့်အစွမ်းနဲ့ကိုယ် ကမ္ဘာဦးသားရဲတွေကို အသုံးပြုနိုင်လိမ့်မယ်လေ… ခင်ဗျားရော ဘယ်လိုထင်လဲ”
ကောင်းကင်နတ်အရှင်ကုန်းက မှင်သေသေ ပြောသည်။ “မဟာဧကရာဇ်သာ ကမ္ဘာဦးသားရဲအားလုံးကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရှေးဟောင်းနတ်ဘုရားတွေ ပုန်ကန်တာ ခံခဲ့ရမှာမဟုတ်ဘူး… သူ့မှာ အင်အားကြီးမားတဲ့ အသိစိတ်အလျဉ် မရှိဘူး… ဟင်းလင်းပြင်သားရဲတွေကို ဟင်းလင်းပြင်သားရဲမိခင် သုံးပြီးပဲ ထိန်းချုပ်နိုင်တာ… ကမ္ဘာဦးသားရဲဆိုရင် ကမ္ဘာဦးသားရဲအုပ်တစ်အုပ်ကိုပဲ ထိန်းချုပ်နိုင်လိမ့်မယ်… သားရဲကမ္ဘာ တည်ဆောက်တာက င့ါအကျိုးအမြတ်ကို ထိခိုက်နေတုန်းပဲ”
ချင်မူမှာ အားစေးမိသွားပြီး ရေရွတ်လိုက်မိသည်။ “ဒီလိုဖြစ်လာပြီဆိုမှတော့ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက သားရဲကမ္ဘာကို တည်ဆောက်ဖို့ သဘောတူကြလိမ့်မယ်ထင်တယ်… ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိဘူး”
ကောင်းကင်နတ်အရှင်ကုန်း၏ ဒေါသသည် အပြုံးတစ်ပွင့်အဖြစ် ရုတ်တရက် ပြောင်းလဲသွား၏။ “ကောင်းကင်နတ်အရှင်ဟုန်မှာ ကောင်းကင်နတ်အရှင်မူဆီကနေ အကြွေးစာချုပ် ရထားတယ် ကြားဖူးတယ်… သူ့အပေါ် နင် အကြွေးတင်နေတယ်ဆို… ငါလည်း ကောင်းကင်နတ်အရှင်မူဆီကနေ အကြွေးစာချုပ် လိုချင်တယ်”
ချင်မူမှာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “ကျွန်တော် ရေးပေးပါမယ်” ထို့နောက် သူက အကြွေးစာချုပ်တစ်ခု ရေးပေးလိုက်သည်။
ကောင်းကင်နတ်အရှင်ကုန်းက ၎င်းကို ယူ၍ ထရပ်လိုက်သည်။ “နင့်ခြေထောက်တွေက လှုပ်လို့မရဘူးမလား.. ငါ့ကို လိုက်ပို့စရာမလိုဘူး”
ချင်မူက ထိုင်လျက် ကျန်ခဲ့ပြီး သူမ ထွက်ခွာသွားသည်ကို ကြည့်နေ၏။
ကောင်းကင်နတ်အရှင်ကုန်း ထွက်ခွာသွားလျှင်ချင်း နောက်ထပ်နန်းတွင်းသူတစ်ဦးက အပြေးအလွှား ရောက်လာပြန်သည်။ “ကောင်းကင်နတ်အရှင်၊ နတ်အရှင်မချန်း လာလည်ပါတယ်”
ချင်မူမှာ မျက်နှာအကြီးအကျယ်ပျက်သွားပြီး ဒေါသတကြီး အော်လိုက်၏။ “ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက လာမတွေ့ဘဲနဲ့ နစ်နာသူက ငါ့ကို လာတွေ့တယ်ပေါ့… ငါ သူနဲ့ မတွေ့ချင်ဘူး”
“ငါက ဒီမှာရောက်နေပြီ”
နတ်အရှင်မချန်း၏ ဒေါသထွက်နေသောအသံက အပြင်မှ ထွက်ပေါ်လာကာ တစ်ဆက်တည်းမှာပင် သူမသည် ဝင်ရောက်လာ၏။
ချင်မူမှာ ကူကယ်ရာမဲ့နေတော့သည်။ သူက လက်ဝှေ့ရမ်းလိုက်ရင်း နန်းတွင်းသူကို ထွက်ခွာသွားစေကာ နတ်အရှင်မချန်းအား ထိုင်စေသည်။ “ကျွန်တော် ကျင့်ကြံနေတုန်း တစ်ခုခု မှားသွားလို့ ခြေထောက်တွေ လှုပ်လို့မရတော့ဘူး”
“ကောင်းကင်နတ်အရှင်ကုန်းကြောင့် လှုပ်မရတော့တာလား”
နတ်အရှင်မချန်းက အားရဝမ်းသာဖြင့် ချီးကျူးလိုက်သည်။ “ငါ့မိန်းမဆိုတဲ့အတိုင်းပဲ… မြန်မြန်တိုက်ခိုက်ပြီးတော့ နင့်ကို ငါ့ထက် အရင် ဒုက္ခိတဖြစ်စေခဲ့တာပဲ…. ကောင်းကင်နတ်အရှင်မူ၊ နင်က သားရဲကမ္ဘာတည်ထောင်ဖို့ အကြံထုတ်ခဲ့တယ်ဆို… နင်ကများ ရာရာစစ”
ချင်မူက တည်ကြည်သောမျက်နှာအမူအရာဖြင့် ပြောသည်။ “မဟုတ်ပါဘူး…. အဲဒီအကြံထုတ်တာ အရှင်မယွမ်မုပါ… ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး”
နတ်အရှင်မချန်းက နှာခေါင်းရှုံ့၏။ “နင်နဲ့ ငါက ရင်းနှီးတယ်နော်… ငါ နင့်အတွင်းခံအရောင်ကို သိရဖို့ အသိစိတ်အလျဉ်ကို သုံးလိုက်ရုံပဲ… ငါ့ဆီကနေ ဖုံးကွယ်ထားလို့ရမယ် ထင်နေတာလား”
“အရှင်မ၊ ခင်ဗျား မသိပါဘူး… ကျွန်တော်က အတွင်းခံမဝတ်ဘူးလေ”
ချင်မူမှာ ကူကယ်ရာမဲ့နေရှာသည်။ “တာအိုနောင်တော်၊ ခင်ဗျားက အခု သိပ်ကို ထက်မြက်နေပြီ… မဟာဧကရာဇ်အနေနဲ့ အသက်ပြန်ရှင်လာတဲ့အချိန်မှာ ခင်ဗျားဟာ ကောင်းကင်နတ်အရှင်ဟောင်ကို ဒုက္ခိတဖြစ်စေခဲ့တယ်… ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်…. ကောင်းကင်နတ်အရှင်ချင်နဲ့ နတ်ဧကရာဇ်လန်ရွှမ်ကိုလည်း ဒုက္ခိတ ဖြစ်စေခဲ့တယ်… ဘိုးဘေးနန်းတော်တိုက်ပွဲမှာ ခင်ဗျားက ကောင်းကင်နတ်အရှင်လေးပါးဖြစ်တဲ့ ရှောင်၊ ယန်၊ ရှုနဲ့ လန်တို့ကို အကြီးအကျယ် ဒဏ်ရာရစေခဲ့တယ်… ခင်ဗျားရဲ့စွမ်းအားက ဒီလောက်သန်မာနေတာ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ခင်ဗျားကို သည်းခံနိုင်ပါတော့မလား… ကမ္ဘာဦးသားရဲတွေကို နောက်ထပ်တစ်ခါ ထိန်းချုပ်လိုက်ရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်… သားရဲကမ္ဘာ တည်ဆောက်တာက ခင်ဗျားအတွက် ဆိုးတဲ့အရာ မဟုတ်ဘူးနော်”
နတ်အရှင်မချန်းက သူ့ကို စိုက်ကြည့်နေသည်။
ချင်မူ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ “ကျွန်တော်က တာအိုနောင်တော်အတွက် တွေးပေးနေတာပါ… စဉ်းစားကြည့်လေ… သားရဲကမ္ဘာသာ မရှိရင် ကောင်းကင်နတ်အရှင်ကုန်းနဲ့ နတ်ဧကရာဇ်လန်ရွှမ်တို့ကပဲ အကျိုးအမြတ် အများဆုံး ရတဲ့သူတွေ ဖြစ်မှာ… သူတို့ ခင်ဗျားကို ရှင်းလင်းဖယ်ရှားလာရင် ကမ္ဘာဦးသားရဲတွေကို ထိန်းချုပ်နိုင်တဲ့သူတွေက သူတို့ဖြစ်သွားမှာပဲ.. ဘာကြောင့် တခြားသူတွေ အဆင်သင့်စားနိုင်အောင် ခူးခပ်ပေးထားရမှာလဲ”
နတ်အရှင်မချန်းက ရယ်လိုက်ရာ ဆွဲဆောင်မှုရှိသော သူမ၏အသွင်အပြင်သည် အထင်သားပေါ်လွင်လာ၏။ “ငါလည်း နောက်ကွယ်က အကြံကို သိပါတယ်… ဒါပေမဲ့ နင် လှည့်စားတာကို မခံချင်ဘူး… ငါ့ရဲ့ရုပ်ခန္ဓာက နင့်ကြောင့် ဒုက္ခိတမဖြစ်ရုံတမယ် ဖြစ်ခဲ့ပေမယ့် နင်ကတော့ ဘာမှမခံစားခဲ့ရဘူးလေ…. ငါ အဲဒါကို မကျေနပ်ဘူး”
ချင်မူက စပ်စုလိုက်သည်။ “ကောင်းကင်နတ်ကရာဇ်ရဲ့ ရုပ်ခန္ဓာက တာအိုနောင်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်လေ… ကျွန်တော် ကောင်းကင်နတ်အရှင်လင်ကို ကယ်တဲ့ တစ်နေ့ကျရင် နောင်တော့်လက်ထဲမှာ အဲဒီရုပ်ခန္ဓာ ရှိလာပြီး အစွမ်းအစတွေက အရင်ကထက်တောင် ပိုပြီးကြီးထွားလာလိမ့်မယ်”
“ကောင်းကင်နတ်အရှင်လင်ကို ပြန်ခေါ်ဖို့ စိတ်ကူးနဲ့တောင် မတွေးနဲ့”
“ငါ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနဲ့ ငါ့ရဲ့ရုပ်ခန္ဓာကို ကောင်းကင်နတ်မြစ်ထဲမှာပဲ တစ်သက်လုံး ထားလိုက်တော့မယ်.. ကောင်းကင်နတ်အရှင်မူ၊ နင်က ငါ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးခဲ့တယ်… ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့”
ချင်မူက တခဏ တွေးတောပြီးနောက် လေးနက်စွာ ပြော၏။ “ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားထဲကနေ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို ထုတ်ယူပြီးပြီ… သွေးအဆီအနှစ် တစ်စက်ချင်းစီမှာ ကောင်းကင်နန်းဆောင်တစ်ဆောင်စီရဲ့ အမှတ်အသား ပါတယ်”
နတ်အရှင်မချန်း၏ ဒေါသသည် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားပြီး သူမက ပြုံးလိုက်သည်။ “နင့်ကို ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသား ပေးခဲ့တဲ့သူက ငါလေ… ငါ့ကို ခွဲပေးရင် ဒီကိစ္စကို အလွယ်တကူ မေ့ဖျောက်ပေးလိုက်မယ်”
ချင်မူ၏မျက်နှာထက်တွင် နာကျင်ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လာသည်။ “ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်ကို နတ်အရှင်မယန်ဆီက နတ်ကျောက်တုံး ငါးဆယ်ရာခိုင်နှုန်းနဲ့ လဲလိုက်ပြီ…”
“အဲ့ဒီ မြေခွေးမကောင်းကင်နတ်ဧကရီ… နင့်ကို နတ်ကျောက်တုံး အဲ့လောက် အများကြီး ပေးခဲ့တယ်ပေါ့”
နတ်အရှင်မချန်းမှာ အံ့အားသင့်သွားသော်လည်း ချက်ချင်း မာန်မဲလိုက်သည်။ “ဒါပေမဲ့ ငါကတော့ ဘာမှပေးမှာမ ဟုတ်ဘူး… ငါ့ကို ပေးစမ်း”
ချင်မူမှာ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးအဆီအနှစ် ၃၅ စက်ကို ပေးလိုက်ရသည်။ နတ်အရှင်မချန်းက အသေအချာ စစ်ဆေးကြည့်ပြီးနောက် သွေးအဆီအနှစ်ကို သိမ်းကာ ထွက်ခွာသွားတော့၏။
ချင်မူသည် မျက်နှာကြီး မည်းမှောင်နေပြီး စိတ်ထဲမှ တွေးနေ၏။ 'ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားကန သွေးအဆီအနှစ်အများကြီး သန့်စင်ထားခဲ့တာ ကံကောင်းတာပဲ… နောက်ထပ် နည်းနည်းလောက် ရောင်းလို့ရသေးတယ်’
“ကောင်းကင်နတ်အရှင်၊ နတ်ဧကရာဇ်လန်ရွှမ်က တွေ့ခွင့်တောင်းနေပါတယ်” နန်းတွင်းသူက အပြေးအလွှား ရောက်လာကာ လျှောက်တင်လိုက်သည်။
ချင်မူက ဒေါသတကြီး ထရပ်လိုက်၏။
“မိန်းကလေး၊ မင်းက ဂြိုဟ်ဆိုးလားဟ…. မကောင်းတာတွေပဲ လာလျှောက်တင်နေတော့တာပဲ”
“ကောင်းကင်နတ်အရှင်မူ၊ ငါ လာလည်တာက မင်းအတွက် အဲဒီလောက်တောင် ဆိုးရွားတာလား”
နတ်ဧကရာဇ်လန်ရွှမ်၏အသံက အပြင်မှ ထွက်ပေါ်လာပြီး နီးကပ်သထက် နီးကပ်လာသည်။ ချင်မူက ချက်ချင်း ထိုင်၍ ပင်မခန်းမထဲသို့ ဝင်ရောက်လာသော နတ်ဧကရာဇ်လန်ရွှမ်ဆီသို့ ကြည့်လိုက်၏။ “ကျွန်တော် ကျင့်ကြံနေတုန်း…..”
“ငါ ကြားပြီးပါပြီ… ကောင်းကင်နတ်အရှင်မူ ဘာမှထပ်ပြောစရာမလိုပါဘူး”
နတ်ဧကရာဇ်လန်ရွှမ်က ထိုင်လျက် အေးအေးလူလူ ပြောသည်။ “ကျင့်ကြံနေတုန်း တစ်ခုခုမှားသွားလို့ ခြေထောက်တွေ လှုပ်လို့မရဘူးဆို … ကောင်းကင်နတ်အရှင်ကုန်းနဲ့ နတ်အရှင်မချန်းလည်း လာလည်သွားတယ်… မင်းသာ ချိနေတာမဟုတ်ရင် သူတို့က သေချာပေါက် ရိုက်နှက်သွားမှာပဲ… ဒုက္ခိတဟန်ဆောင်ပြီးတော့ ရန်သူကို အားနည်းကြောင်း အရင်ပြထားတာပေါ့… ကောင်းကင်နတ်အရှင်မူ၊ မင်းက တော်တော် ဉာဏ်နီဉာဏ်နက်များတာပဲ”
ချင်မူက အနေရခက်သဖြင့် တဟွတ်ဟွတ် ချောင်းဆိုးလိုက်သည်။ “လာရင်းကိစ္စက ဘာပါလဲ နတ်ဧကရာဇ်…. သားရဲကမ္ဘာအကြောင်းပဲလား”
နတ်ဧကရာဇ်လန်ရွှမ်က မှင်သေသေ ပြော၏။ “အဲဒီဟာတစ်ခုတည်း မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူ၊ မင်းက ထက်မြတ်တဲ့သူတစ်ယောက်ပါ.. ငါရဲ့ လန်ရွှမ်နတ်နန်းဆောင်ကို ဖျက်ဆီးပြီး ငါ့ကို ခဏခဏ ခြိမ်းခြောက်ခဲ့ပေမယ့် ငါက ဗွေမယူပါဘူး”
သူက လက်လွှဲရမ်းရင်း နန်းတွင်းသူများအား ထွက်ခွာသွားစေသည်။ “ငါ ဒီနန်းတွင်းသူတွေကို မင်းရဲ့ကောင်းကင်နန်းဆောင်မှာ ထားခဲ့တာ… ဆိုတော့ ငါ ဖုံးကွယ်မနေတော့ဘူး… မဟာဧကရာဇ်ကို ဘာပေးလိုက်တာလဲ… ငါလည်း လိုချင်တယ်… ဒါပေမဲ့ အလကားတော့ မယူဘူး… ဘိုးဘေးနန်းတော်အနောက်ဘက်အပြင် တခြားအရေးကြီးတဲ့ကိစ္စတွေ ပြောပြမယ်”
ချင်မူ့မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ “ကျွန်တော် မဟာဧကရာဇ်ကို ပေးလိုက်တာက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သွေးထဲမှာ ကိန်းဝပ်နေတဲ့ ကောင်းကင်နန်းဆောင် ၃၅ ဆောင်ပါ”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးများက တောက်ပသွားပြီး သူက ပြုံးလျက် လက်ခုပ်တီးလိုက်သည်။ “ကြည့်ရတာ ငါလာမိတာ အလကား ဖြစ်မသွားဘူးပဲ”
ချင်မူက သူ့ကို ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားထဲမှ ထုတ်ထားသော သွေးအဆီအနှစ်ကို ပေးလိုက်သည်။ သူ၏အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွား၏။ “ကျွန်တော်တို့ ဒီကောင်းကင်မဟာမိတ်အစည်းအဝေးမှာ ဘာတွေဆွေးနွေးကြမှာလဲ”
“ဆွေးနွေးမှာ မဟုတ်ဘူး…ကောင်းကင်နတ်အရှင်ဆယ်ပါးက ဆုံးဖြတ်ပြီးသွားပြီ… မင်းကို ခေါင်းညိတ်စေချင်တာ”
နတ်ဧကရာဇ်လန်ရွှမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “တစ်ယောက်ယောက်ကတော့ အပြစ်ယူရမှာပဲလေ” သူက အေးဆေးစွာ ပြော၏။ “ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်က အပြစ်ယူဖို့ အကောင်းဆုံးသူပေါ့… ကောင်းကင်မဟာမိတ်အစည်းအဝေးက ကောင်းကင်နယ်စားမင်းနဲ့ တိုက်ခိုက်ဖို့ ဆွေးနွေးကြမှာ… ကောင်းကင်နတ်အရှင်မူ၊ အခုက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တစ်လှေတည်းစီးဖို့ အချိန်ပဲ”