← Chapters

ခန့်မှန်းမရသော

Vol. 105 Ch. 1385

ခန့်မှန်းမရသော

Vol. 105 Ch. 1385

“ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်မယ်တဲ့လား”

ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ ကောင်းကင်နယ်စားမင်း သေတော့မည်လား။

ကောင်းကင်နတ်ဘုံ၏ အစောင့်အရှောက်ဆောင်အနေဖြင့် ကောင်းကင်နယ်စားမင်း၏ ကောင်းကင်တာအိုကို အပြည့်အ၀ အဖြေထုတ်လိုပါက အနည်းဆုံးနှစ်တစ်ရာ ကြာမည်ဖြစ်သော်လည်း ယခုတွင် နှစ်နှစ်ဆယ်ကျော်သာ ကုန်ဆုံးခဲ့သေးသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အဘယ်ကြောင့် ကောင်းကင်နယ်စားမင်းကို အလျင်အမြန် ရှင်းလင်းဖယ်ရှားလိုနေပါသနည်း။

‘ကောင်းကင်နယ်စားမင်း မီးလောင်ရာ လေပင့်နေတာပဲ ဖြစ်မယ်’

ချင်မူ့အကြည့်များ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် မကြာမီကမှ သစ်နက်တောင်တန်းဆီသို့ သွား၍ ထိုက်ယီ‌နှင့် တွေ့ဆုံခဲ့ကြ၏။ ယခုတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးကား ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်မည့်အရေးကို ကောင်းကင်မဟာမိတ်အထိပင် ခေါ်ယူလာခဲ့ကြချေပြီ။ ၎င်းက နောက်ကွယ်မှ ကောင်းကင်နတ်အရှင်ဟုန် တိတ်တဆိတ် ဖိအားပေးနေခြင်း ဖြစ်ပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နယ်စားမင်းဖြစ်သည့်အတွက် ထိုက်ယီကို သူ၏ကောင်းကင်တာအိုမှ အချုပ်အနှောင်များအား ဖယ်ရှားနိုင်ခြင်းရှိ၊ မရှိ မေးခဲ့၏။ ထိုက်ယီက သူ အောင်မြင်လိမ့်မည်ဟု ပြောခဲ့သည်။

ထိုစကားက ကောင်းကင်နယ်စားမင်းအား ယုံကြည်ချက် ရှိသွားစေပြီး သူ သေဆုံးမည့်ရက် စောစောရောက်နိုင်အောင် စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျန်ကောင်းကင်နတ်အရှင်များက ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်တို့၏ အင်အားစုများကို တစ်ဖက်လေဟာနယ်သို့ တွန်းပို့နိုင်ခဲ့သဖြင့် နှစ်ဖက်စလုံးသည် လေဟာနယ်တံတား၌ ရင်ဆိုင်နေကြရ၏။ လေဟာနယ်တံတားသည် ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် အန္တရာယ်များသော နေရာတစ်နေရာ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဘုံမှာ လတ်တလောတွင် တစ်ဖက်လေဟာနယ်ကို မတိုက်ခိုက်နိုင်သလို ကျန်တစ်ဖက်မှာလည်း လေဟာနယ်တံတားကို ပြန်လည်မသိမ်းပိုက်နိုင်ချေ။ ထို့ကြောင့် နှစ်ဖက်စလုံးမှာ မတိုးသာ၊ မဆုတ်သာ အခြေအနေတွင် ရှိနေကြသည်။

ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်တို့၏ လွှမ်းမိုးမှုသည် ကောင်းကင်နတ်ဘုံကို မခြိမ်းခြောက်နိုင်တေ့ာသဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးကား ကောင်းကင်နယ်စားမင်းအား အပြည့်အဝ ရင်ဆိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။

‘ငါ့ကို အပြစ်ယူခိုင်းတာက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တစ်လှေတည်း စီးနိုင်မယ့် အခွင့်အရေးပေးဖို့ပဲ”

ချင်မူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ‘ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ နတ်မင်းလေးပါး၊ ရှေးဟောင်းနတ်ဘုရားတွေအားလုံးနဲ့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကိုတောင် ဖယ်ရှားဖို့လိုအပ်တယ်… သူတို့အပြစ်ပုံချစရာသူတစ်ယောက်လည်း လိုတာပေါ့…. ဒီတရားခံက သူတို့တွေ တာဝန်ယူစရာမလိုအောင် လုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ်.. ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်အနေနဲ့ ငါ့ရဲ့စွမ်းဆောင်ရည်တွေက မမြင့်မားသလို လွှမ်းမိုးနိုင်စွမ်းကလည်း မခိုင်မာဘူး.. ဆိုတော့ ငါက အကောင်းဆုံး တရားခံပဲ”

ချင်မူအနေဖြင့် ကောင်းကင်မဟာမိတ်အစည်းအဝေးတွင် ကောင်းကင်နယ်စားမင်းအားတိုက်ခိုက်မည့် အရေးကို ကြေညာမှသာ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် တစ်လှေတည်းစီးနိုင်ပြီး ဘိုးဘေးနန်းတော်နှင့် ဘိုးဘေးနန်းတော်အနောက်ဘက်မှ အကျိုးအမြတ်များကို ခွဲဝေယူနိုင်ပေလိမ့်မည်။

ထိုမျှသာမက ထိုအမိန့်များကို ပေးအပ်သူမှာ ချင်မူဖြစ်သဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် အသာစီးရထားလိမ့်မည်။

သူသာ အနာဂတ်တွင် ဖီဆန်လာပါက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကို သတ်ခဲ့သော ဂုဏ်သတင်းက ချင်မူနှင့် သူ၏အင်အားစုများကို အုတ်ဂူပင် မရှိဘဲ သေဆုံးသွားစေနိုင်၏။

ထိုသို့ဖြင့် ချင်မူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ပူးပေါင်းကာ သူတို့ထဲမှ တစ်ယောက် ဖြစ်ရလိမ့်မည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခိုင်ဧကရာဇ်ချင်ကို သူတို့နှင့် ပူးပေါင်းအောင် ဖိအားမပေးနိုင်သော်လည်း ခြိမ်းခြောက်မှုများ၊ ဆုလာဘ်များဖြင့် ပူးပေါင်းလာရန် ဖိအားပေးနိုင်သည်။

အကျိုးအမြတ်များ ဝေမျှလိုပါက ဝေမျှနိုင်သော်လည်း အခြေခံလိုအပ်ချက်အနေဖြင့် သူတို့ထဲမှာ တစ်ယောက်ဖြစ်လာပေးရမည်။

“ဒါဆို…”

ချင်မူက ပြုံး၏။ “ကောင်းကင်မဟာမိတ်အစည်းအဝေးရဲ့ တခြားအရေးကြီးကိစ္စတွေဆိုတာကရော”

ချင်မူ တည်ငြိမ်အေးဆေးနေသေးသည်ကို တွေ့လိုက်ရသဖြင့် နတ်ဧကရာဇ်လန်ရွှမ်မှာ လိမ္မာပါးနပ်မှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ “ တတိယကိစ္စက မင်းသားမင်ရ ကောင်းကင်နတ်ဘုံကို သစ္စာဖောက်ပြီး ရှဲ့ဝူကျိနဲ့အတူ ယိုတုမှာ ပြဿနာရှာတဲ့ကိစ္စပဲ… ဆိုတော့ သူက အိမ်ရှေစံမင်းသားဆိုတဲ့ ရာထူးကို ဆုံးရှုံးသွားရပြီမလို့ အိမ်ရှေ့စံမင်းသားအသစ် တင်မြှောက်ရလိမ့်မယ်”

ချင်မူက မျက်ခုံးများ ပင့်ကာ မေးလိုက်သည်။ “အိမ်ရှေစံမင်းသားကို အသစ်တင်မြှောက်မှာလား… ဒီအိမ်ရှေစံမင်းသားက ကောင်းကင်နတ်အရှင်ဟောင်များလား…”

နတ်ဧကရာဇ်လန်ရွှမ်က လေးပင်စွာ သက်ပြင်းချလိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင်မှာ ဘာရာထူးမှ မရှိပေမယ့် သူက ဒီနှစ်တွေအတွင်း ကောင်းကင်နတ်ဘုံအတွက် ကြိုးကြိုးစားစား အကျိုးသယ်ပိုးခဲ့တာ… ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော် လည်းဟုတ်တယ်… ဒါကြောင့် သူ ဒီတစ်ကြိမ်မှာ အိမ်ရှေ့စံမင်းသားဖြစ်လာမှာက မထူးဆန်းဘူး”

ချင်မူက ပြုံးလိုက်သည်။ “ဒါပေမဲ့ တိတ်တိတ်ပုန်းသားဖြစ်နေတဲ့ နတ်ဧကရာဇ်အတွက်ကျ ... မင်းသား မဖြစ်ထိုက်တော့ဘူးလား”

နတ်ဧကရာဇ်လန်ရွှမ်က ပြုံး၏။ “ကောင်းကင်နတ်အရှင်မူက လျှို့ဝှက်ချက်အများကြီး သိထားတာပဲ … ဒါပေမယ့် သမိုင်းမှာ မသိသင့်တဲ့ လျှို့ဝှက်ချက်အများကြီး သိထားကြလို့ သေဆုံးသွားရတဲ့သူတွေ ရှိတယ်ဆိုတာ မင်း သိတယ်မလား”

ချင်မူက တဟားဟား ရယ်လိုက်ရင်း တည်ကြည်လေးနက်စွာ ပြော၏။ “စိတ်မပူပါနဲ့ နတ်ဧကရာဇ်… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကျွန်တော်နဲ့က ကမ္ဘာ့ရန်သူတွေပါ… ခင်ဗျားနဲ့ ကျွန်တော် ပူးပေါင်းပြီး တစ်ခုခုလုပ်ကြမလား”

နတ်ဧကရာဇ်လန်ရွှမ်သည် မှင်သေသေ ပြုံးကာ ထရပ်လိုက်၏။ “ကောင်းကင်မဟာမိတ်ခေါင်းဆောင် အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး.. သွားပါတော့မယ်… မဟာမိတ်ခေါင်းဆောင်ရဲ့ ခြေထောက်က ဒဏ်ရာရထားတော့ လိုက်ပို့နေစရာမလိုပါဘူး” ထိုသို့ပြောပြီးနောက် သူက ချာခနဲ လှည့်ကာ ထွက်ခွာသွားသည်။

ချင်မူက တခဏ စဉ်းစားနေပြီးနောက် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ထရပ်လိုက်၏။

'ထိုက်ယီက အောင်မြင်မယ် ပြောခဲ့ပေမယ့် ကောင်းကင်နယ်စားမင်းက စိတ်လောလွန်းတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်ဖို့ အချိန်အလုံလောက်ရအောင် သူ နောက်ထပ်နှစ်တစ်ရာလောက် အချိန်ဆွဲနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူက ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ ရုန်းထွက်ပြီးတော့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကနေ ထွက်ခွာနေချင်တယ်’

သူ့မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ကောင်းကင်နယ်စားမင်းသည် ပြောရဆိုရခက်ခဲသော်လည်း ဤသို့အရေးကြီးကိစ္စကိုပင် သူနှင့် မတိုင်ပင်ခဲ့ပေ။

မဟာမိတ်တစ်ယောက်အနေဖြင့် သူသည် ချင်မူ့ကို အကြောင်းမကြားခဲ့ဘဲ နောက်ဆုံးတွင် လာရောက်ပြောပြသူမှာ နတ်ဧကရာဇ်လန်ရွှမ် ဖြစ်ခဲ့၏။

‘ကောင်းကင်နယ်စားမင်းက စိုးရိမ်လွန်း၊ အလောကြီးလွန်းတယ်… ငါ့ကို ထည့်မတွက်တဲ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း ထည့်မတွက်ခဲ့ဘူး… နတ်ဧကရာဇ်လန်ရွှမ်က ငါက အိုနေပြီ.... နောက်ထပ်နှစ်သုံးဆယ်လောက်ပဲ အသက်ရှင်နိုင်တော့မှာလို့ စနောက်ခဲ့ဖူးတယ်… အဟက်... ကြည့်ရတာ သူ အလကားပြောတဲ့ပုံ မဟုတ်သလိုပဲ’

ကောင်းကင်နတ်အရှင်များသာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ရှေးဟောင်းနတ်ဘုရားများကို ရှင်းလင်းသတ်ဖြတ်၍ ကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားကာ ရွှင်ပျော်ပျော်ကျေးရွာအား ချေမှုန်းပြီးလျှင် နောက်ထပ်ပစ်မှတ်က ချင်မူ ဖြစ်လာလိမ့်မည်။

ထိုကိစ္စများကို အသေအချာ လုပ်ဆောင်ရန် နှစ်သုံးဆယ်မျှ ကြာလိမ့်မည်။

သူ့တွင် နှစ်သုံးဆယ်မျှသာ သက်တမ်းကျန်တော့သည်ဟု ပြောခဲ့သော နတ်ဧကရာဇ်လန်ရွှမ်၏ စကားများက အမှန်တကယ်ပင် တစ်စုံတစ်ခုကို ညွှန်းဆိုခဲ့လေသည်။

“ကောင်းကင်နယ်စားမင်းက ယုံကြည်လို့မရဘူး… မဟုတ်သေးဘူး... ယုံကြည်လို့မရတာက ကောင်းကင်နတ်အရှင်ဟုန်ပဲ… ပြီးခဲ့တဲ့နှစ်တွေအတွင်း ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဟုန်အဖြစ် သွားလာနေခဲ့တယ် … သူက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ တစ်သားတည်းဖြစ်သွားပြီး သူတို့လို အာဏာရှင် ဖြစ်သွားပြီ… ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်ရင်တောင်မှ ကောင်းကင်နတ်အရှင်တွေလို အာဏာရူးတစ်ယောက် ဖြစ်လာမှာပဲ”

သူ့မှာ ကြက်သီးမွေးညှင်းများ ထသွားသည်။ ကောင်းကင်နယ်စားမင်း၏ ပန်းတိုင်မှာ ရှေးဟောင်းနတ်ဘုရားများ၏ အချုပ်အနှောင်ကို ဖယ်ရှားရန်ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အခြားကောင်းကင်နတ်အရှင်များကဲ့သို့ အာဏာမက်နေသည်။ မင်းဆက်များ ပြောင်းလဲသွားလျှင်တောင်မှ သူ့အား အုပ်ချုပ်သူတစ်ယောက်အဖြစ်မှ ဖယ်ရှား၍ရမည်မဟုတ်ပေ။

“အခု ကောင်းကင်နယ်စားမင်းက အသက်ရှိနေသေးတော့ အဲဒီလိုအခြေအနေကို အရောက်ခံမှာမဟုတ်ဘူး… အခု သူက ကောင်းကင်တာအိုရဲ့ အထွတ်အထိပ်မှာ ရပ်နေပြီးတော့ လူသားလောကရဲ့ ပဋိပက္ခတွေကို ကြည့်နေတဲ့ ရှေးဟောင်းနတ်ဘုရား ဖြစ်နေသေးတယ်…. သူ့ရဲ့ လူဝင်စား လူ့လောကကို ၀င်ရောက်လာတာက ပဋိပက္ခတွေထဲ ပါဝင်ပတ်သက်လိုက်တာပဲ… သူက ကောင်းကင်နတ်အရှင်ဟုန်အဖြစ် အချိန်အကြာကြီး နေခဲ့တော့ လူ့လောကရဲ့ ပဋိပက္ခတွေရဲ့ လွမ်းမိုးခြင်းကို ခံထားရတယ်… လူ့လောကရဲ့ ပဋိပက္ခတွေကို ကောင်းကင်နယ်စားမင်းနေရာကနေ မမြင်နိုင်တော့ဘူး”

သူ၏နှလုံးသားထဲတွင် နှိုင်းယှဉ်မရနိုင်အောင် အားကောင်းသော တရားမျှတစိတ်သည် ထွက်ပေါ်လာ၏။ ကောင်းကင်နယ်စားမင်း၏ အစစ်အမှန်ခန္ဓာကိုယ် သေဆုံးသွားပြီး ကောင်းကင်တာအို၏ အချုပ်အနှောင်များမှ လွတ်မြောက်လာလျှင် သူသည် ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာလိမ့်မည်။ ထို့နောက် ကောင်းကင်နတ်အရှင်ဟုန်ကား အာဏာချုပ်ကိုင်ထားသော ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်လာပြီး သူ၏မဟာမိတ် ဖြစ်လာတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် ကောင်းကင်နယ်စားမင်းသည် လူ့လောကထဲသို့ လုံးလုံးလျားလျား ၀င်ရောက်၍ အာဏာမက်လာလိမ့်မည်။ ချင်မူ၏မိတ်ဆွေဖြစ်မလာနိုင်သည့်အပြင် ကြောက်စရာကောင်းသော ရန်သူတစ်ဦးပင် ဖြစ်လာနိုင်၏။

‘မဖြစ်ဘူး… ကောင်းကင်နယ်စားမင်းဆီ သွားပြီး ကောင်းကျိုးဆိုးကျိုးတွေ သေချာရှင်းပြရမယ်…. အခုကောင်းကင်နယ်စားမင်းမှာ ကောင်းကင်တာအိုနှလုံးသား ရှိနေသေးတယ်… ဆိုတော့ ငါ ပြောပြတဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ နားချလို့ရလောက်တယ်… ကောင်းကင်နတ်အရှင်ဟုန်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိပေမယ့် ကောင်းကင်နယ်စားမင်းကတော့ အဲဒီလိုမဟုတ်ဘူး”

သူက ချက်ချင်း ဆုံးဖြတ်ချက်ချ၍ ကောင်းကင်နန်းဆောင်ထဲမှ ထွက်လာသည်။ ‘သူတို့က တစ်ယောက်တည်း မဟုတ်တော့ဘူး… တောင်နတ်မင်းနဲ့ ပိုင်ယွီကျင့်လို၊ ကောင်းကင်နတ်အရှင်ယွီနဲ့ လန်ယွီတျန်းလိုပဲ’

ကောင်းကင်မဟာမိတ်အစည်းအဝေး ကျင်းပရန် တစ်ရက်ခန့် လိုသေးသည်။ စွမ်းအင်အကူးအပြောင်းတံတားမှအဆင့် ရွှမ်တုသို့ သွားရောက်ကာ ကောင်းကင်နယ်စားမင်းနှင့် တွေ့ဆုံ၍ စိတ်ပြောင်းရန် ဖျောင်းဖြနိုင်သေး၏။

သူ ကောင်းကင်နန်းဆောင်ထဲမှ ထွက်ခွာလာစဉ် မျက်ခုံးမွှေးဖြူ၊ မုတ်ဆိတ်ဖြူတို့ဖြင့် အဘိုးအိုကြီးတစ်ယောက်က အင်္ကျီလက်စများ လေထဲတွင် လွင့်လျက် သူ့ဆီ လျှောက်လာနေကြောင်း တွေ့လိုက်ရသည်။ ထိုအဘိုးအိုကြီးသည် ခမ်းနားတင့်တယ်နေပြီး လူတိုင်းကို ပြုံးပြနေ၏။ ထိုသူကား ကောင်းကင်နတ်အရှင်ဟုန်ပင်။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်အရှင်ဟုန်က သူ့ကို နှုတ်ဆက်သည်။

“ဂုဏ်ယူပါတယ် ကောင်းကင်နတ်အရှင်မူ... ယွင်၊ ချင်၊ ယွဲ့၊ နှင့် လင်တို့ ကောင်းကင်နတ်အရှင်လေးပါးက ကောင်းကင်မဟာမိတ်ကို တည်ထောင်ခဲ့ပြီး အကြောင်းပြချက်ကိုယ်စီနဲ့ ထွက်ခွာသွားကြမယ်... ပြန်ရောက် မလာခဲ့ကြဘူး.... ကောင်းကင်နတ်အရှင်မူလည်း နှစ်တစ်သန်းကြာ ထွက်ခွာသွားပြီး ဒီနေ့တော့ ပြန်ရောက်လာခဲ့ပြီ... ကောင်းကင်မဟာမိတ်အစည်းအဝေးကိုလည်း ရှေးရိုးအစဉ်အလာအတိုင်း ပြန်လည်ကျင်းပနိုင်တော့မယ်”

ချင်မူက ပြန်လည်နှုတ်ဆက်၍ သက်ပြင်းချလိုက်၏။ “တာအိုနောင်တော်ကတော့ နောက်နေပြန်ပါပြီ… ကျွန်တော်က ဒီကောင်းကင်မဟာမိတ်အစည်းအဝေးမှာ မျက်နှာပြရုံပဲ.. ဒါကြောင့် နောက်ကျရင် သေမလားတောင် မသိဘူး”

ကောင်းကင်နတ်အရှင်ဟုန်က တည်ကြည်လေးနက်စွာ ပြော၏။ “မဟုတ်တာတွေ… ကောင်းကင်နတ်အရှင်မူ ဒီဘက် ကြွပါ… ကောင်းကင်နတ်အရှင်တွေအားလုံး ကောင်းကင်မဟာမိတ်ခန်းမထဲမှာ စောင့်နေကြပြီ”

ချင်မူမှာ ဇဝေဇဝါဖြစ်သွားသည်။ “ကောင်းကင်မဟာမိတ်အစည်းအဝေးက မနက်ဖြန်မှမလား”

“မနက်ဖြန်က ကောင်းကင်မဟာမိတ်ရဲ့ အဖွဲ့ဝင်တွေအားလုံးကို ဖိတ်ခေါ်ပြီးတော့ ကျုပ်တို့ ဒီနေ့ဆုံးဖြတ်ခဲ့တာကို ကြေညာရုံပဲလေ… လောကရဲ့ ကံကြမ္မာကို ဆုံးဖြတ်တာက ကောင်းကင်မဟာမိတ်တစ်ဖွဲ့လုံး မဟုတ်ဘူး... ကျုပ်တို့လို လူနည်းစုပဲ”

ကောင်းကင်နတ်အရှင်ဟုန်က ပြော၏။ “ကျုပ်တို့က ဆုံးဖြတ်တယ်… သူတို့က ဆုံးဖြတ်ချက်အတိုင်း လိုက်နာရုံပဲ”

ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် သူ့အနောက်မှ နဂါးသွဲ့ရေကန်ဆီသို့ လိုက်လာရသည်။ ကောင်းကင်နတ်အရှင်ဟုန်၏ အင်္ကျီလက်စများက လေထဲတွင် လွင့်ခါနေ၏။ သူသည် ပေါ့ပါးပြီး စကားပြောဆိုရန် လွယ်ကူလေသည်။ သူ့တွင် ဖုန်တစ်စက်မှ ကပ်မနေချေ။

ချင်မူက တခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ “ကောင်းကင်တာအိုက ပုံသေပဲ… မူ ၊ အသက်ရှင်ဖို့ မဟုတ်သလို… ရှောင်သေဖို့လည်း မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ဟုန်က သူ့ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ “ဒါက ကျုပ် ကောင်းကင်နတ်အရှင်မူကို သတိပေးခဲ့တဲ့ စကားတစ်ခွန်းပဲ… ကောင်းကင်နတ်အရှင်မူက ဘာလို့ ဒီနေ့ ထုတ်ပြောလာရတာလဲ”

“ကျွန်တော် ပထမစာကြောင်းကို နားလည်တယ်”

ချင်မူနှင့် သူသည် လျင်မြန်စွာဖြင့် နဂါးသွဲ့စင်မြင့်ဆီသို့ ရောက်ရှိလာသည်။ လှမ်းကြည့်လိုက်သည့်အခါ ပင်လယ်တစ်စင်းနှင့် တူသော နဂါးသွဲ့ရေကန်အား မြင်နေရ၏။ ကန်သည် အကန့်အသတ်မဲ့ပြီး ဧရာမကြာပန်းပွင့်ကြီးများကား ပန်းပွင့်ပုံသဏ္ဍာန် ကျွန်းစုများကဲ့သို့ ပင်လယ်မျက်နှာပြင်ထက်တွင် မြောလွင့်နေကြ၏။ လောကတစ်သောင်းမှ အုပ်ချုပ်သူတို့က ပင်လယ်ထက်တွင် သွားလာနေပြီး မိတ်ဆွေများဆီ သွားရောက်လည်ပတ်ကြရင်း သုံး၊လေး၊ငါးယောက် စုဖွဲ့၍ ရယ်မောနေကြသည်။ အားလုံး လွတ်လပ်နေကြလေသည်။

“ဒီစာကြောင်းရဲ့အဓိပ္ပာယ်က ကောင်းကင်တာအိုမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်လို့ ပြောတာ… ကောင်းကင်နတ်အရှင်မူရဲ့ ဉာဏ်ပညာကြောင့် ပြောင်းလဲသွားမှာမဟုတ်သလို ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ရက်စက်မှုကြောင့်လည်း ပြောင်းလဲသွားမှာမဟုတ်ဘူး”

ချင်မူက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒါပေမဲ့ နောင်တော် ကျွန်တော့်ကို သတိပေးခဲ့တုန်းက နောက်ဆုံးစာကြောင်းတစ်ကြောင်း ရှိတယ်နော်… ဖြစ်သင့်တဲ့အတိုင်း လုပ်ရင် မင်္ဂလာရှိတယ်... ကမောက်ကမ လုပ်ရင် အမင်္ဂလာဖြစ်မယ်တဲ့ ... ကျွန်တော် ကျန်တဲ့အဓိပ္ပာယ်ကို နားမလည်ခဲ့ဘူး…. တာအိုနောင်တော်နဲ့ တွေ့ရဖို့က ရှားတော့ အဲဒီစာကြောင်းရဲ့ အဓိပ္ပါယ်ကို ဒီနေ့ မေးပါရစေ”

သူတို့နှစ်ယောက်သား ပင်လယ်မျက်နှာပြင်ထက်တွင် လျှောက်သွားကြသည့်အခါ လှိုင်းကြက်ခွပ်များ ထသွားသည်။ ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အဆက်အသွယ်အများဆုံးရှိသူဟု ပြောနိုင်၏။ ကောင်းကင်ဘုံ၏ အုပ်ချုပ်သူအားလုံးက သူ့ကို လာရောက်နှုတ်ဆက်ကြသည်။

ကောင်းကင်နတ်အရှင်ဟုန်သည် အားလုံးကို မှတ်မိသည့်အပြင် သူတို့၏နာမည်များ၊ မိသားစုများနှင့် သူတို့၏တပည့်များကိုပင် မှတ်မိ၏။ ၎င်းက အားလုံးကို ကျေနပ်အားရစေသည်။

ချင်မူပင်လျှင် အားကျနေမိသည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ကောင်းကင်နတ်အရှင်ဟုန်တစ်ယောက်သာ အားလုံးကို သေချာသိသူဖြစ်သည်။ တစ်ဖက်လူအား စိတ်ကျေနပ်စေပြီး ကောင်းကင်နတ်အရှင်ဟုန်မှ ထိုလူကို အင်မတန်အလေးထားသည်ဟု ထင်မှတ်သွားအောင် စွမ်းဆောင်နိုင်သည်။

ကောင်းကင်နတ်အရှင်ဟုန်က ချင်မူ့ကို တစ်ချက်ကြည့်ကာ ပြော၏။ “ကောင်းကင်နတ်အရှင်မူက ဒီစာကြောင်းကို ဘာလို့နားမလည်တာလဲ… ကိုယ့်ကိုကိုယ် နှိမ့်ချစရာမလိုပါဘူး… ဘယ်လိုထင်လဲ ပြောကြည့်လေ.. မှန်လောက်မယ် ထင်ပါတယ်”

ကောင်းကင်ဘုံတစ်ဘုံမှ အုပ်ချုပ်သူတစ်ယောက်က သူ၏လက်အောက်ငယ်သားများကို ခေါ်လာကာ လာရောက်နှုတ်ဆက်၏။ ကောင်းကင်နတ်အရှင်ဟုန်ကတော့ ထုံးစံအတိုင်း သူတို့အား ဝမ်းမြောက်ပျော်ရွှင်သွားအောင် လုပ်ပေးနိုင်သည်။

“ကောင်းကင်နယ်စားမင်းရဲ့ အလိုကို လိုက်နာရင် ကောင်းချီးပေးခံရမယ်... မလိုက်နာရင် ကျိန်စာသင့်မယ်”

ချင်မူက မျက်လုံးများ မှေးကျဥ်းကာ မှင်သေသေ ပြော၏။ “ကောင်းကင်နယ်စားမင်းရဲ့ အလိုကို မလိုက်နာဘဲ ကောင်းကင်ကို နှောင့်ယှက်ရင် ကပ်ဘေးကြီး ဖြစ်လိမ့်မယ်... ကောင်းကင်နယ်စားမင်းဟာ ပြစ်ဒဏ်အနေနဲ့ သတ်ပစ်လိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟုန်က သူ့ကိုထပ်ကြည့်လိုက်သည်။ “မင်း ပြောတာကို ငါ အထင်မှားသွားတယ်…” သူက ပြုံး၍ ပြော၏။ “ကမ္ဘာလောကကို အုပ်စိုးနိုင်ဖို့ ကောင်းကင်တာအိုကို လိုက်နာရမယ်.... ကောင်းကင်တာအိုကို ပုန်ကန်ရင် ကပ်ဘေးကြီး ဖြစ်ပေါ်စေလိမ့်မယ်… ငါတို့ရဲ့ဖွင့်ဆိုချက်တွေက ဆင်တူပေမယ့် ကောင်းကင်တာအိုကို ကောင်းကင်နယ်စားမင်းလို့ အထင်မှားသွားတာ မင်း မှားတယ်… ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအိုကနေ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါးသက်သက်ပဲ”

ချင်မူက ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရပ်လိုက်ကာ ပြုံးသည်။ “ကောင်းကင်နယ်စားမင်းက ဒီလိုနားလည်ထားတာလည်း ဖြစ်နိုင်တယ်.. တာအိုနောင်တော်ရဲ့ နားလည်မှုအရ ဒီစာကြောင်းက ကောင်းကင်တာအိုနဲ့အတူ ပူးပေါင်းရမယ်... ကောင်းကင်တာအိုကို ဆန့်ကျင်ရင် သေရလိမ့်မယ်ပေါ့… ကျွန်တော်နားလည်တာကတော့ ခြိမ်းခြောက်မှုတစ်ခုပဲ...”

ကောင်းကင်နတ်အရှင်ဟုန်က ရှေ့သို့ ‌ခြေနှစ်လှမ်းလျှောက်ကာ ရပ်လိုက်သည်။ သူက ချင်မူ့ကို ကျောပေး၍ ပြုံးနေ၏။ “ကောင်းကင်နတ်အရှင်မူ၊ ဘာလို့ ဒီစကားတွေပြောနေတာလဲ.. ငါတို့က အမြဲတမ်း သင့်မြတ်ခဲ့တာပဲမလား”

သူက လှည့်ကြည့်လာပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာ နွေဦးလေပြေအလား နွေးထွေးနေသည်။

သို့သော် ချင်မူမှာ ရုတ်တရက် ကြက်သီးမွေးညှင်းများ ထလာမိ၏။

နဂါးသွဲ့ရေကန်ထက်တွင် ပင်လယ်လေတစ်ဝှေ့ တိုက်ခတ်သွားသည်။ လေသည် အေးစက်နေပြီး သူတို့၏ အင်္ကျီလက်စများကို ပွတ်တိုက်သွားလေသည်။

All Chapters