နှလုံးသားအချုပ်အနှောင်တာအို
Vol. 105 Ch. 1386
ကောင်းကင်နတ်အရှင်ဟုန်က သူ့ကို ပြုံးလျက် ကြည့်နေသည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ခြေလှမ်းအနည်းငယ်မျှသာ ကွာသည်အထိ နီးကပ်နေသည်။
“ကျွန်တော် ကောင်းကင်နယ်စားမင်းကို မသေစေချင်ဘူး…. ကောင်းကင်နယ်စားမင်းက ကျွန်တော်ရဲ့ တာအိုမိတ်ဆွေအဖြစ် သတ်မှတ်လို့ရတယ်..”
ချင်မူက အောက်သို့ ငုံ့ကြည့်လိုက်ရင်း တုံ့ပြန်၏။ “ကောင်းကင်နယ်စားမင်းက ကျွန်တော် အင်မတန် အင်အားနည်းနေခဲ့တဲ့အချိန်မှာ ကျွန်တော့်ကို သတိထားခဲ့မိတယ်…. သူက နှစ်တွေအများကြီး ကျွန်တော့်ကို မျက်နှာသာပေးပြီး ကာကွယ်ပေးခဲ့တာ… ဒါကြောင့် ကျွန်တော် သူ့ကို ကျွန်တော့်ရဲ့အဘိုးတစ်ယောက်လို အမြဲဆက်ဆံခဲ့တယ်.... သူ ကျွန်တော်ရဲ့ ချင်စာလုံးမြေပြင်ထဲမှာ မြေအောက်ဘုံအရှင်သခင်နဲ့ ချိမင်ဧကရာဇ်နဲ့အတူ ရှိနေခဲ့တုန်းကဆို ဘယ်လောက်တောင် ပျော်ရွှင်နေခဲ့လဲ အခုထိ မှတ်မိနေသေးတယ်…”
ကောင်းကင်နတ်အရှင်ဟုန်က သူ၏ မြင်းမြှီးယပ်ကို ခါကာ ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက စိတ်ကူးယဉ်လွန်းတယ်…. အဲ့ဒီလိုခံစားချက်မျိုးက ကောင်းကင်နတ်အရှင်တစ်ပါးမှာ မရှိသင့်ဘူး… ကောင်းကင်နယ်စားမင်းအနေနဲ့ သေသွားရင် မဟာတာအိုအချုပ်အနှောင်တွေကနေ လွတ်မြောက်သွားပြီ … မင်း သူ့အတွက် ပျော်နေသင့်တယ်. … ငါ့အရှေ့မှာ အသတ်အဖြတ်စိတ်ဆန္ဒ မထုတ်ပြသင့်ဘူး”
ချင်မူမှာ စိတ်ပျက်လက်မှိုင် ကျသွားသည်။ “ကျွန်တော် သူ့ကို ကောင်းကင်နတ်အရှင်ဟုန်ပဲ ဖြစ်မသွားစေချင်ဘူး … သူသာ ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာရင် ကောင်းကင်နယ်စားမင်း မဟုတ်တော့ဘူးလေ…ဟုန်၊ ခင်ဗျားက ကောင်းကင်နယ်စားမင်း မဟုတ်တဲ့အတွက် ကောင်းကင်တာအိုရဲ့စိတ်ဆန္ဒမျိုး မပိုင်ဆိုင်ထားဘူး … ခင်ဗျားက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ပဲ… ဟောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်နဲ့ တခြားသူတွေလိုမျိုး ဖြစ်လာလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးသည်။ “လက်ရှိငါ ဖြစ်လာတာက ကောင်းကင်နယ်စားမင်းအတွက် ပိုကောင်းတယ် မထင်ဘူးလား… မင်းက ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်နေတာနော်… အကျိုးဆက်တွေကို သိထားသင့်တယ်”
ချင်မူ ခေါင်းမော့လိုက်သည့်အခါ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာ၏။ သူက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်တာက သိပ်ကို အန္တရာယ်များတာပေါ့ဗျာ … ကျွန်တော် အဲ့ဒါကို သိခဲ့တာ ကြာပါပြီ…. ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်က နီးကပ်လွန်းနေတယ်… ဒီလို နီးကပ်လွန်းတဲ့ အကွာအဝေးက ကိုယ်ခံသိုင်းကျွမ်းကျင်တဲ့ သိုင်းပညာရှင်တွေအတွက်တော့ မပြောပလောက်ဘူး…. သိုင်းလမ်းစဉ်မှာ ရန်သူ့အသက်နှုတ်ဖို့ ခြေဆယ်လှမ်းပဲ လိုတယ်…. ကျွန်တော်တို့နှစ်ယောက်ကြားက အကွာအဝေးက ဆယ်လှမ်းထက်တောင် နည်းနေတယ်…”
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလိုက်သည်။ “သိုင်းဧကရာဇ်ကွမ်းချာက အင်နဲ့အားနဲ့ တိုက်ခိုက်ပြီး သတ်ပစ်တတ်တယ်… သူနဲ့ နီးကပ်လေလေ အတိုက်ခိုက်စွမ်းရည်က ပြင်းထန်လေလေပဲ… ပိုပြီးခိုင်မာတဲ့ သိုင်းအခြေခံနဲ့ ကျင့်စဉ်တွေ၊ သိုင်းကွက်တွေမှာ သူ့ထက်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေတောင် သူနဲ့ အဲ့ဒီလိုအကွာအဝေးအထိ နီးကပ်သွားရင် သေကြရတယ် …မင်း သိုင်းဧကရာဇ်နဲ့ လေ့ကျင့်ဖူးရင် သူ့စွမ်းဆောင်ရည်တွေကို သိမှာပါ… ဒါပေမဲ့ မင်း တွေးဖူးလား….”
သူက ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရပ်နေပြီး ချင်မူ့အနားသို့ လွန်စွာ နီးကပ်လာသည်။ သို့ထိတိုင် သိုင်းဧကရာဇ်တစ်ဦး၏ အရှိန်အဝါ ရှိနေဆဲပင်။
“အရင်တုန်းက ခိုင်ဧကရာဇ် ကျော်ကြားလာတောင် ထောက်ပံ့ပေးခဲ့တဲ့သူက ငါလေ”
ကောင်းကင်နတ်အရှင်ဟုန်၏ ခန္ဓာကိုယ်ပေါ်ရှိ သိုင်းအရှိန်အဝါတို့က သိပ်သည်းသထက် သိပ်သည်းလာသည်။ သူ၏ သိုင်းဝိညာဉ်နှင့် စိတ်ဆန္ဒတို့သည် ချင်မူ့ထက်ပင် ခိုင်မာအားကောင်းနေ၏။
“ခိုင်ဧကရာဇ်ခေတ်က ငါ့ကာကွယ်မှုကြောင့် နှစ်နှစ်သောင်းကြာ တည်တံ့နိုင်ခဲ့တာ”
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ကောင်းကင်နတ်အရှင်ဟုန်၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာချေပြီ။ ၎င်းက ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှသည်။
ခိုင်ဧကရာဇ်ခေတ်တွင် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို အရေးပင်မစိုက်ခဲ့ကြချေ။ ပြောရလျှင် ခိုင်ဧကရာဇ်နိုင်ငံတော်သည် ကမ္ဘာဦးဘုံနှင့် စကြ၀ဠာတစ်ခုလုံးရှိ ကမ္ဘာလောကများအပေါ် ဘယ်တုန်းကမှ လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ကောင်းကင်နတ်ဘုံအတွက် အန္တရာယ်မရှိခဲ့။
ခိုင်ဧကရာဇ်နိုင်ငံသည် ကောင်းကင်နယ်စားမင်းမှ ထောက်ပံ့ပေးထားသော သေမျိုးနိုင်ငံငယ်လေးတစ်နိုင်ငံသာ ဖြစ်ချေသည်။
ခိုင်ဧကရာဇ်ခေတ်၏ အကြီးမားဆုံးအောင်မြင်မှုမှာ ကမ္ဘာခေတ်နှောင်းမဟာတာအိုတွင် ဖြစ်၏။ ခိုင်ဧကရာဇ်ခေတ်၌ ကမ္ဘာခေတ်နှောင်းမဟာတာအို ၃၆၉ ခုကို တီထွင်နိုင်ခဲ့သည်။ အချိန်သာ ရပါက ထိုကမ္ဘာခေတ်နှောင်းမဟာတာအိုတို့ကို ကမ္ဘာခေတ်ဦးမဟာတာအိုနှင့်တန်းတူ သို့မဟုတ် ပို၍ပင် မြင့်မားစေအောင် မြှင့်တင်နိုင်ခဲ့လိမ့်မည်။
သိုင်းတာအိုထဲမှာလည်း ၎င်းတို့ထဲမှ တစ်ခုပင်။
ခိုင်ဧကရာဇ်၏ ဓားတာအိုလည်း ၎င်းတို့အထဲတွင် ပါ၀င်လေသည်။
ခိုင်ဧကရာဇ်ခေတ်အနေဖြင့် ထိုအောင်မြင်မှုတို့အား ခိုင်ဧကရာဇ်၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်သည့် ကောင်းကင်နယ်စားမင်း မသိအောင် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။
“ဒီလောက် အကွာအဝေးလေးမှာ မင်း ဘာမှမလုပ်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာအမူအရာမှာ ခံ့ညားနေပြီး သူ၏အရှိန်အဝါက ပိုပို၍ ပြင်းထန်လာသည်။ သူသည် နောက်ထပ်သိုင်းဧကရာဇ်တစ်ဦး၊ နောက်ထပ်ကွမ်းချာတစ်ဦးနှင့် တူလာသည့်အပြင် ကွမ်းချာထက်ပင် အင်အားကြီးမားသော သိုင်းသမားအလား ထင်ရ၏။
သူ့ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဓားတာအိုစိတ်ဆန္ဒလည်း ကိန်းဝပ်နေပြီး ပြင်းအားက ခိုင်ဧကရာဇ်အောက် မလျော့ကျပေ။
“ကောင်းကင်နတ်အရှင်မူ၊ နောက်ဆုတ်လိုက်တော့”
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးသည်။ “လောကမှာ အသန်မာဆုံး နတ်ခန္ဓာက ကောင်းကင်နတ်ဧကရာဇ်ရဲ့ သွေးဆက်မဟုတ်ဘူး… ငါ့ရဲ့ သွေးဆက်.. ကောင်းကင်နယ်စားမင်းခန္ဓာပဲ …. မင်း တိရီယွဲ့နဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ဝိညာဉ်ခန္ဓာကိုယ်တွေကို မြင်ဖူးတယ်မလား… သူတို့ကို အားမကျမိဘူးလား… ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်သွားတဲ့ ကောင်းကင်နယ်စားမင်းဆိုရင် သူတို့ထက်တောင် ပိုသန်မာလိမ့်မယ်”
သူသည် တဟုန်ဟုန်း တောက်လောင်နေသော နေမင်းကဲ့သို့ ပြိုင်ဘက်ကင်းသည့် ယုံကြည်ချက်တို့ ပြည့်နှက်နေ၏။
ချင်မူက အသက်တစ်ရှိုက် ရှူသွင်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်တို့သည် ကောင်းကင်နတ်မြစ်တစ်စင်းအလား လှိုင်းထန်ကာ လှိုင်းပုတ်သံများ တဝုန်းဝုန်း မြည်နေတော့၏။
ကောင်းကင်နတ်အရှင်ဟုန်က မျက်ခုံးအနည်းငယ်ပင့်၍ မှင်သေသေ ပြောသည်။ “မင်းက လှည့်မပြန်ဘဲ ခေါင်းကနေ သွေးထွက်လာတဲ့အထိ တိုး၀င်ချင်နေတာလား”
ဝုန်း…
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်က ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ လှည့်ပတ်သွားသည်။ ကောင်းကင်နတ်ဘုံတစ်ဘုံ ထွက်ပေါ်လာကာ ကောင်းကင်နန်းဆောင် ၁၉ ဆောင်သည် ထင်ရှားလာ၏။
သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ဓားလမ်းစဉ်နယ်ပယ်နှင့် အသိစိတ်အလျဉ်နယ်ပယ်တို့က ပြန့်ကားလာပြီး ကောင်းကင်ရတနာနယ်ပယ်နှင့် ထပ်သွားသည်။
ချင်မူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချေပြီ။
ကောင်းကင်နတ်အရှင်ဟုန်မှာ ဒေါသူပုန်ထလာတော့သည်။ သူတို့နှစ်ယောက်သည် နီးကပ်လွန်းသော အကွာအဝေးတွင် ရှိနေသော်လည်း ချင်မူသည် တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်းက သူ့ကို အမျက်ထွက်စေ၏။
ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်က ပြန့်ကားလာပြီး ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်မှာ ချင်မူ ၏အသိစိတ်အလျဉ်နယ်ပယ် ကျူးကျော်လာသည်ကို ချက်ချင်း ခံစားလိုက်ကြရသည်။ ၎င်းက မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဖြစ်ပြီး ချင်မူက အတုခိုးထားခြင်းဖြစ်၏။
ဤနယ်ပယ်သည် အတွေးများ အေးခဲ၍ အချိန်ရပ်တန့်သွားသည်အထိ ထင်ယောင်ထင်မှား ဖြစ်လာအောင် ရန်သူ၏ အသိစိတ်အလျဉ်နယ်ပယ်အပေါ် ဖိနှိပ်နိုင်ပေသည်။
မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ဟုန်ကိုပင် အချိန်ရပ်တန့်နေသည့်အလား ထင်ယောင်ထင်မှား ဖြစ်စေနိုင်၏။
ချင်မူမှာ မဟာဧကရာဇ်အဆင့်အထိ မကျင့်ကြံနိုင်သော်လည်း သူ့အသိစိတ်အလျဉ်၏ ခွန်အားမှာ ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်ရှိနေလေပြီ။
သူ၏ ဓားနယ်ပယ်ကလည်း တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာသည်။
ဓားလမ်းစဉ်နယ်ပယ်နှင့် နှစ်ဆယ်ချက်သော အခြေခံဓားချက်များသည် လိုက်ဖက်ညီစွာ ခမ်းနားနေ၏။ ဓားလမ်းစဉ်နယ်ပယ် ပေါက်ကွဲထွက်လာသည့်အချိန်တွင် ဓားကျိုးတစ်လက်က ချင်မူ့လက်ထဲတွင် ပေါ်လာပြီး ပကတိဓားအကောင်းတစ်လက် ဖြစ်လာသည်။
ဤသည်က ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံဖြစ်ပြီး သူ၏ဓားလမ်းစဉ်နှင့် ပူးပေါင်းသွားသည့်အခါ ပြိုင်ဘက်ကင်းသွား၏။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာ ချင်မူ၏ အစစ်အမှန်နယ်ပယ်ဖြစ်သည်။ သူ၏ တာအိုနှင့် ကျင့်စဉ်အားလုံးမှာ ကောင်းကင်ရတနာနယ်ပယ်ကို တည်ဆောက်ရန် အသုံးပြုထားခြင်းဖြစ်ပြီး ဓားနယ်ပယ်ဖြစ်စေ၊ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဖြစ်စေ ၎င်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။
ထိုမျှသာမက သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ရှေးဟောင်းနတ်ဘုရားများအား ရှာတွေ့နိုင်ပေ၏။ ကောင်းကင်နယ်စားမင်းချင်မူ၊ မြေအောက်ဘုံအရှင်သခင်ချင်မူနှင့် အမိကမ္ဘာမြေချင်မူတို့ ရှိနေကြသည်။
သူ့ရုပ်ခန္ဓာရှိ ဒွာရပေါက်အားလုံးမှာ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာကြ၏။ သူ့ခန္ဓာကိုယ်၏ မွေးညှင်းပေါက်များထဲတွင် နတ်ဘုရားများ ထိုင်နေကြပြီး ရှေးဟောင်းနတ်ဘုရား အမှတ်အသားနှစ်ထောင်ကျော် ရှိကာ သူ့ရုပ်ခန္ဓာကို အမြင့်ဆုံးအထိ တိုးတက်လာစေသည်။
သူ့နယ်ပယ်ထဲတွင် သူသည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်၊ စကြ၀ဠာ၏ အုပ်ချုပ်သူဖြစ်၏။
ချင်မူက ရဲတင်းစွာဖြင့် လှုပ်ရှားလိုက်ပြီး သူနယ်ပယ်ထဲရှိ မဟာတာအိုအားလုံး စုစည်းသွားကြသည်။ ကောင်းကင်နန်းဆောင် ၁၉ ဆောင်တို့မှ စွမ်းအားအားလုံးသည် သူ၏တိုက်ကွက်ထဲတွင် စုဝေးသွားကြချေပြီ။
ထိုအခိုက်အတန့်တွင် နဂါးသွဲ့ရေကန်အထက်ရှိ လောကတစ်သောင်း အုပ်ချုပ်သူတို့မှာ ချင်မူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို အာရုံခံမိသွားကြသည်။ သူတို့က အံ့ဩငေးမောလျက် လှမ်းကြည့်လိုက်ကြ၏။
ချင်မူသည် ကောင်းကင်မဟာမိတ်အဖွဲ့၏ တည်ထောင်သူဖြစ်သော်လည်း၊ ကောင်းကင်နတ်အရှင်ဟူသော ရာထူးကို ပိုင်ဆိုင်ထားသော်လည်း၊ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် သွားလာ၍ မွှေနှောက်နိုင်ခဲ့သော်လည်း အားလုံးသည် သူ့အပေါ် အထင်သေးခဲ့ကြသည်။
ချင်မူက ကောင်းကင်နတ်အရှင်လင်၏ မျက်နှာသာပေးခြင်းခံခဲ့ရသည့်အလျောက် ကြက်ကန်းဆန်အိုးတိုးစွာဖြင့် နဂါးဟန်ခေတ်အစောပိုင်းမှ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ရရှိခဲ့သော မောင်ကံကောင်းလေး၊ ငချွတ်လေးဟုသာ သိထားကြ၏။
နှစ်တစ်သိန်းကြာ ခေတ်ရှေ့ပြေးနေသော အတွေ့အကြုံ၊ ဗဟုသုတများကို အားကိုး၍သာ ကောင်းကင်နတ်အရှင်ဖြစ်လာသူဟု သတ်မှတ်ထားကြသည်။ လွန်ခဲ့သည့်နှစ်တစ်သန်းမှ ဗဟုသုတတို့ဖြင့် နဂါးဟန်ခေတ်ကို အံ့အားသင့်စေခဲ့ပြီး ကောင်းကင်နတ်အရှင်ယွီကိုယ်စား ကောင်းကင်နတ်သိုင်း လွှဲပြောင်းပေးကာ ကောင်းကင်နတ်အရှင်ဟောင်အား ရိုက်နှက်ခဲ့သော်လည်း လက်ရှိခေတ်တွင် ချင်မူ့၌ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် အောင်မြင်မှုဟူ၍ မရှိပေ။
သူသည် ကောင်းကင်နတ်အရှင်ရာထူးကို အသုံးချ၍ နာမည်ကောင်းယူနေသူတစ်ဦးသာ ဖြစ်၏။
ချင်မူ့တွင် ဧကရာဇ်ဩဇာမရှိသလို ဧကရာဇ်ပလ္လင်အဆင့်ထိလည်း မကျင့်ကြံရသေးပေ။ သူ၏မူလဝိညာဉ်သည် သူ့ကောင်းကင်နန်းဆောင်၏ နဂါးသွဲ့ရေကန်အဆင့်သာ ရပ်နေ၏။
သို့သော် ယခုတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မဟာတာအိုစွမ်းအားက ဧကရာဇ်ဩဇာထက်ပင် ကျော်လွန်နေချေသည်။
သူ၏ကောင်းကင်နန်းဆောင်တို့ကလည်း ခံ့ညားထည်ဝါသော အရှိန်အဝါတို့ဖြင့် မဟာတာအိုတို့အား ဖော်ကျူးပြသထားသည်။
အခြားသူများ အမြဲအထင်သေးခြင်းကို ခံခဲ့ရသည့် ကောင်းကင်နတ်အရှင်မူကား ကောင်းကင်နတ်အရှင်ဟုန်ကို တိုက်ခိုက်နေလေပြီ။
ဤသည်က စကားလုံးဖြင့် ဖော်ပြမတတ်အောင် မောက်မာသည့် လှုပ်ရှားမှုတစ်ရပ် ဖြစ်ချေသည်။
တစ်လောကလုံး၏ ရှုတ်ချမှုအား ခံရမည့် လုပ်ရပ်ပင်။
သို့သော် ဤအခိုက်အတန့်တွင် ချင်မူ ထုတ်ဖော်ပြသနေသည့် အတိုက်အခိုက်စွမ်းရည်သည် လောကတစ်သောင်းမှ အုပ်ချုပ်သူများကို တုန်လှုပ်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။
ချင်မူ၏စွမ်းအားကား မသိလိုက်ဘာသာဖြင့် ကမ္ဘာလောကအသီးသီး၏ အုပ်ချုပ်သူအားလုံးကို ကျော်လွန်ကာ သူတို့ထက် သာလွန်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေချေပြီ။
ကောင်းကင်နတ်အရှင်ဟုန်၏ ဆံပင်ဖြူတို့က လေထဲတွင် လွင့်ခတ်နေပြီး သူက ချင်မူ၏နယ်ပယ်အား သူ့အပေါ် ဖိနှိပ်ခွင့်ပေးထားသည်။ သို့သော် ချင်မူ၏ မဟာတာအိုနယ်ပယ်သည် မည်မျှပင် ထူးခြားပါစေ သူ့ကို ဆွဲမယူနိုင်သလို ချုပ်ချယ်ခြင်းလည်း မလုပ်နိုင်ပေ။
သူက လက်မြှောက်လိုက်ပြီး အင်အားအကြီးဆုံး သိုင်းကွက်ကို အသုံးမပြုဘဲ သိုင်းလမ်းစဉ်ကောင်းကင်နတ်သိုင်းကိုသာ အသုံးပြုလိုက်သည်။
သူသည် သိုင်းလမ်းစဉ်ဖြင့် ချင်မူ၊ ချင်မူ့၀ိညာဥ်၊ ချင်မူ့ခံနိုင်ရည်၊ တာအိုနှလုံးသား၊ မာနနှင့် ချင်မူ ကာကွယ်ပေးလိုသည့်အရာဟူသမျှကို လုံးလုံးလျားလျား ချေမှုန်းဖိနှိပ်ချင်နေ၏။
ချင်မူ၏ရုပ်ခန္ဓာကို ခြေမွပြီး အရိုးများ၊ အကြောများကို ချိုးပစ်ဖြတ်တောက်ကာ အရှက်ခွဲပစ်ချင်သည်။ အရှိတရားကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ပညာပေးလိုစိတ်ရှိသည်။
လောကကြီးသည် ခံယူချက်များ၊ ခံစားချက်များကို အရေးမထားပေ။ ရှင်သန်နိုင်ရန် သွေးပူနေစရာမလို။ ဤသည်ကား ကောင်းကင်တာအို၏ ကမ္ဘာလောက၊ ကောင်းကင်နယ်စားမင်း၏ ကမ္ဘာလော၊ သူ၏ ကမ္ဘာလောကဖြစ်၏။
သူ့နောက်လိုက်၍၊ ကောင်းကင်တာအိုကို လိုက်နာပြီး သူ့ကို အားကိုးမှသာ ချင်မူ့အနေဖြင့် အသက်ရှင်နိုင်မည့် နည်းလမ်း ရှိပေလိမ့်မည်။
သူအနေဖြင့် ချင်မူ့ကို အရာအားလုံး ပေးအပ်နိုင်သလို၊ အရာအားလုံးလည်း ပြန်ယူနိုင်၏။
သူ လက်သီးတစ်ချက် ပစ်သွင်းလိုကသ်ည့်အခါ လက်သီးကြီးသည် ကောင်းကင်တာအိုလက်သီးအလား ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ကောင်းလှ၏။ ၎င်းက ချင်မူ၏ဓား၊ ချင်မူလမ်းစဉ်၊ ဓားနှလုံးသားနှင့် ဓားနယ်ပယ်တို့ကို ချိုးဖျက်ရန် အထွတ်အထိပ်စွမ်းအားကို အသုံးပြုထားချေသည်။
ချင်မူ၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံမှာ သူ့အရှေ့တွင် လုံး၀မလည်ပတ်နိုင်တော့ပေ။ ချင်မူ အတုခိုးထားသော မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်မှာလည်း သူ့အရှေ့တွင် ပဲပြားတစ်တုံးကဲ့သို့ ကောင်းကင်တာအိုလက်သီး၏ ရိုးရှင်းသော ထိုးချက်တစ်ချက်ပင် ခံနိုင်ရည်မရှိပေ။
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာလည်း သူ့လက်သီးကြောင့် စာရွက်တစ်ရွက်အလား ကြေမွသွားတော့သည်။
ချင်မူ့ရုပ်ခန္ဓာမှာလည်း ကြွေထည်အလား ဖြစ်သွားသည်။ သူ၏ ထိုးချက်ကြောင့် ရှေးဟောင်းနတ်ဘုရားနှစ်သောင်း၏ အမှတ်အသားများလည်း တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်နန်းဆောင်များ တစ်ဆောင်ပြီးတစ်ဆောင် ပြိုလဲကုန်ကြသည်။
ရွှမ်တု၊ ယိုတု၊ ကမ္ဘာဦးမြို့တော်၊ ၀င်ရိုးစွန်းလေးခုနှင့် ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ထဲရှိ ကမ္ဘာလောကအားလုံး ပြာကျသွား၏။
ချင်မူ့အရိုးများ ကြေမွသွားကာ သူ၏ရုပ်ခန္ဓာမှာ သွေးတို့စိုရွှဲနေတော့သည်။ ကောင်းကင်နန်းဆောင်ထဲ သူ၏ မူလဝိညာဉ်မှာလည်း ပေါက်ကွဲသွား၏။
သူ့ကောင်းကင်ရတနာထဲရှိ ဘိုးဘေးနန်းတော်လည်း ပြိုကျနေသည်။
ကောင်းကင်နတ်အရှင်ဟုန်သည် စွမ်းအားကြီးလွန်း၏။ ရိုးရှင်းသော လက်သီးချက်လေးတစ်ချက်ကပင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးကို ဖျက်ဆီးနိုင်ပြီး ရန်သူတွင် ရှိသမျှ အရာမှန်သမျှအား ချေမှုန်းပစ်နိုင်ပေသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်း လက်တွေ့ကို သဘောပေါက်သွားပြီလား”
ကောင်းကင်နတ်အရှင်ဟုန်၏ လက်သီးချက်က ချင်မူအရှေ့သို့ ရောက်လာသည်။ ကောင်းကင်တာအို၏အင်အားမှာ ကျယ်ပြန့်ခမ်းနားပြီး ချင်မူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပေါက်ကွဲလာသည်အထိ ဖိချနေ၏။ ကျိုးပဲ့နေသော အရိုးများက သူ၏အရေပြားနှင့် အသားစတို့ကို ထိုးဖောက်နေသဖြင့် မရှုမလှ ဖြစ်နေတော့သည်။
ဤလက်သီး၏ ခွန်အားကား အပြည့်အ၀ မထွက်ပေါ်သေးပေ။ ဤလက်သီး၏ ခွန်အားသာ အပြည့်အဝ ထုတ်လွှတ်လိုက်ပါက ချင်မူသည် နေရာ၌ပင် ပေါက်ကွဲ၍ ပြာကျသွားပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟုန်က ပြုံးလိုက်သည်။ သူအနေဖြင့် ချင်မူ့ကို လုံးလုံးလျားလျား မချေမှုန်းပစ်ချင်ပေ။ ချင်မူ့ကို လိုအပ်နေသေး၏။
ချင်မူ အသက်ရှင်နေခြင်းက သူ့အတွက် ပိုအသုံး၀င်သည်။
ထိုအခိုက်အတန့်တွင် ချင်မူက လက်ညှိုးတစ်ချောင်းကို မြှောက်၍ သူ့လက်သီးအား ထိတို့လိုက်သည်။
ဖောင်း….
ချင်မူ၏ လက်ချောင်းမှာ သွေးမှုန်စများအဖြစ် ပေါက်ကွဲသွားတော့သည်။
ကောင်းကင်နတ်အရှင်ဟုန်မှာ ဒေါသူပုန်ထသွားသည်။ ချင်မူ့လက်ညှိုးသည် ကောင်းကင်နတ်သိုင်းဖြစ်ပြီး သူ့ကို အလျင်အမြန် ပြုတ်ကျနေသည့်အလား ခံစားနေရစေ၏။ သူ့ပတ်ပတ်လည်တွင် ဆူးချွန်များပမာ ချွန်ထက်နေသည့် အဆန်းတကြယ်တောင်တန်းများကို မြင်နေရသည်။
ဤသည်က ငရဲကိုးထပ်စင်မြင့်ပင်။
သူ့မှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ငရဲကိုးထပ်စင်မြင့်၏ အနက်ဆုံးအပိုင်းသို့ ကျသွားချေပြီ။ တခဏအတွင် ငရဲကိုးထပ်စင်မြင့်၏ ကိုးထပ်မြောက်သို့ ပြုတ်ကျသွားလေသည်။
သူ မော့ကြည့်လိုက်သည့်အခါ ရေတွင်းပါးစပ်ဝနှင့်တူသော ကောင်းကင်အား တွေ့လိုက်ရ၏။
“မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ ခမ်းနားမှုကို မသိတာတောင်မှ ဒီကောင်းကင်နတ်သိုင်းကို ငါ့အပေါ် အသက်သွင်းရဲသေးတယ်ပေါ့..”
ကောင်းကင်နတ်အရှင်ဟုန်၏ လက်သီးထဲရှိ စွမ်းအားမှာ လုံးလုံးလျားလျား ပေါက်ကွဲထွက်လာပြီး ငရဲကိုးထပ်စင်မြင့်မှာလည်း ချက်ချင်း ပေါက်ကွဲသွားသည်။ သူသည် ငရဲကိုးထပ်စင်မြင့်မှ လွတ်မြောက်သွား၏။
ချင်မူ့ရုပ်ခန္ဓာမှာ သူ့လက်သီးစွမ်းအားကြောင့် ပေါက်ကွဲပြာကျသွားသည်။
နောက်တခဏတွင် ချင်မူ၏ ရုပ်ခန္ဓာမှာ ပြန်ဖွဲ့တည်လာသည်။ သူ၏ ကောင်းကင်ရတနာများ၊ ကောင်းကင်နန်းဆောင်၊ မူလဝိညာဉ်၊ သိုင်းအခြေခံ၊ အသိစိတ်အလျဉ်နှင့် ကျန်အရာအားလုံးမှာ သာမန်အတိုင်း ပြန်ဖြစ်သွားသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်း ဒီလောက်ဆို သဘောပေါက်ပြီမလား” ကောင်းကင်နတ်အရှင်ဟုန်က ဒေါသထိန်း၍ အပြုံးဖြင့် မေး၏။
ချင်မူမှာ ခံစားချက်ကင်းမဲ့နေသည်။ သူ ကောင်းကင်နတ်အရှင်ဟုန်ဘေးမှ ဖြတ်သွား၏။ သူ၏အရှိန်အဝါပင်လျှင် ထိတွေ့သွားခြင်း မရှိပေ။
ကောင်းကင်နတ်အရှင်ဟုန်မှာ ကြောင်အသွားသည်။ သို့သော် သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ချင်မူ့နောက်ကျောကိုသာ မြင်နေရ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်က နဂါးသွဲ့ပင်လယ်ထက်ရှိ ငရဲကိုးထပ်စင်မြင့်၏ ရောင်ပြန်ပုံရိပ်ဆီသို့ ငုံ့ကြည့်လိုက်သည်။
သူ ငရဲကိုးထပ်၏ အနိမ့်ဆုံးအထပ်ကို မြင်လိုက်ရပြီး သူကား တစ်လက်မအရွယ် စတုရန်းအကွက်ထဲတွင် ရပ်လျက် အပေါ်သို့ မော့ကြည့်နေလေသည်။
သူသည် ချင်မူနှင့် ချင်မူ၏အရာခပ်သိမ်းအား ချေမှုန်းလိုက်သော်လည်း ချင်မူ့ကောင်းကင်နတ်သိုင်းကိုတော့ မချိုးဖျက်နိုင်ခဲ့ပေ။
တာအိုနှလုံးသားအား ချုပ်နှောင်ခြင်း။
သူသည် ထာ၀ရတည်ရှိနေသော ငရဲကိုးထပ်၏ နှလုံးသားအချုပ်အနှောင်တာအိုဆီမှ လွတ်မြောက်ခဲ့သော်လည်း သူ၏တာအိုနှလုံးသားမှာတော့ အချုပ်အနှောင်မှ မလွတ်မြောက်သေးပေ။
ကောင်းကင်နတ်အရှင်မူ၏ ဤကောင်းကင်နတ်သိုင်းကား အလိမ်အညာတစ်ခု မဟုတ်ချေ။