← Chapters

လူတိုင်းရောက်လာကြတယ်

Vol. 013 Ch. 1242

လူတိုင်းရောက်လာကြတယ်

Vol. 013 Ch. 1242

အင်ပါယာခွာကို တစ်ချိန်က ခစားခဲ့ကြသည့် မျိုးနွယ်စုကိုးခုကြားမှ ဆက်ဆံရေးသည် ယခုအခါတွင် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူတို့က အတူတူလက်တွဲ၍ အလုပ်လုပ်နေလျှင်ပင် ပြိုင်ဘက်များ ဖြစ်ကြသည်။

သူတို့အားလုံးသည် ယခင်က အင်ပါယာခွာကို ခစားခဲ့ကြသည်။ အင်ပါယာ ကျဆုံးသောအခါ မျိုးနွယ်စုကိုးခုသည် သီးခြားရပ်တည် ကျန်ရစ်ခဲ့ကာ နှစ်ပေါင်းများစွာ ကြာသည်ထိ အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြသည်။ သူတို့ အားလုံးသည် အင်ပါယာခွာ၏ အစစ်အမှန် အောင်မြင်သူများ ဖြစ်လာပြီး ရန်ဟောင်အသိကို အမွေဆက်ခံလိုကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မျိုးနွယ်စုကိုးခုကို တစ်ပေါင်းတည်း စုစည်းနိုင်လိမ့်မည် ဖြစ်သည်။

မျိုးနွယ်ကိုးခုမှ တစ်ယောက်သာ ရန်ဟောင်အဆင့် ရောက်ခဲ့လျှင် အရာအားလုံးက ဖြစ်လာရန် နီးကပ်လာမည် ဖြစ်သည်။

ရန်ဟောင်အကြွင်းအကျန်ဟု ခေါ်သော နေရာများသည် မျိုးနွယ်စုကိုးခု၏ ဘိုးဘေးပိုင်နယ်မြေများ ဖြစ်ကြသည်။ သူတို့သည် အင်ပါယာခွာ ချန်ရစ်ထားခဲ့သည့် မည်သည့်အရာကို ဖြစ်စေ အမွေဆက်ခံနိုင်ရန် ကြိုးပမ်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။

လမ်းစဉ်မီးတောက်များက မည်သည့်နေရာက လာသည်ကို အမှန်တကယ် သိရှိသည့်သူမှာ အနည်းငယ်သာ ရှိ၏။ ထို့အပြင် မျိုးနွယ်စုကိုးခုမှ လူများသည် မီးတောက်များကို ပိုင်ဆိုင်ပြီး ရောက်ရှိလာသည့် လူတိုင်းက ကြိုးစားကြည့်ရန်အတွက် တစ်နည်းနည်းဖြင့် ရေစက်ပါသည်ကို သိကြသည်။ သို့ပေမယ့် သူတို့ တိုက်ခိုက်ပြီးနောက်၌ မည်သည်တို့ ဖြစ်လာမည်ကိုတော့ စီစဉ်ထားခြင်း မရှိပေ။

သို့ရာတွင် မီးတောက်များကို ဆက်ခံခဲ့ရသူများမှာ သေချာပေါက် ထိပ်တန်းအင်အားစုများမှ ဖြစ်ပြီး မီးစွမ်းရည် ကျွမ်းကျင်သူများ ဖြစ်သည်မှာ သံသယဖြစ်ရန် မလိုပေ။ ထိုသို့သော လူများသာလျှင် ဤသည်ကို လုပ်ဆောင်ရန် စွမ်းရည် ရှိပေမည်။

မျိုးနွယ်စုကိုးခုမှ တစ်စုချင်းတိုင်းသည် မီးတောက်များနှင့်အတူ ရောက်လာသူများကို ပူးပေါင်းပါဝင်ခွင့် ပြု ကြရသည်။

မျိုးနွယ်စုကိုးခုသည် သူတို့အတွက် ကိုယ်စားပြုသူများကို ရွေးချယ်ရန် အခွင့်အရေး တစ်ခါသာ ရှိပေသည်။ ထို့ကြောင့်ပင် သူတို့သည် ထိုကိစ္စနှင့် ပတ်သက်၍ အလွန် ဂရုစိုက်ပေသည်။

များပြားလှသည့် အင်အားစုများမှ မီးတောက်ပိုင်ဆိုင်သူများ ရောက်ရှိနေကြပြီ ဆိုသော်ငြား အခုချိန်ထိ ရောက်မလာသေး သူများလည်း ရှိနေသေးသည်။ ထို့ကြောင့် သူတို့သည် မီးတောက်များကို ပိုင်ဆိုင်ထားသူများမှာ မည်မျှ လုပ်နိုင်စွမ်းရှိမလဲ မသိရှိကြပေ။

ထိုသို့သော အခြေအနေမျိုးအောက်တွင် မျိုးနွယ်စုကိုးခုအနက်မှ အားနည်းသူများမှာ ရွေးချယ်ရေး အစီအစဉ်ကို ဆောင်ရွက်နေပြီး သူတို့၏ ကိုယ်စားပြုသူများကို ရှာဖွေ ချဉ်းကပ်နေကြသည်။ ထိုဖြစ်စဉ်မှာ အမှန်တော့ အသွားနှစ်ဖက် ဖြစ်သည်။ အကယ်၍ သူတို့သာ လက်ဦးမှု မယူနိုင်လျှင် လုပ်ဆောင်ရန် နောက်ကျသွားပေလိမ့်မည်။

သို့သော်လည်း သန်မာသည့် လူအချို့မှာ အလေးအနက် ဆုံးဖြတ်မှုမရှိဘဲ သူတို့၏ ဖိတ်ခေါ်မှုကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ချန်ယဲ့မြို့စား ရီဖူရှင်း၏ တကယ့်စွမ်းရည်ကိုမူ မည်သူမှ မသိကြသေးပေ။ အမှန်တွင် မျိုးနွယ်စုကိုးခုမှ လူများသည် စွမ်းအားများအပြင် အခြားအရာများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေး၏။ ရီဖူရှင်းတွင် မီးတောက်များ ရှိနေလျှင်ပင် သူသည် မည်သည့် မီးတောက်ကလန် အဖွဲ့ဝင်မှ မဟုတ်ပေ။ သူက မီးတောက်များကို ထိန်းချုပ်စေစားနိုင်စွမ်း ရှိမရှိ သူတို့ မသိကြပေ။ သူတို့၏ ဘိုးဘေးနယ်မြေနှင့် ပတ်သက်လျှင် ဤသည်မှာ အရေးကြီးလှပေသည်။

ထို့ကြောင့်ပင် မျိုးနွယ်စုကိုးခုမှ လူများအတွက် ရီဖူရှင်းသည် မသေချာ မရေရာသည့် ကတ်တစ်ခုပင် ဖြစ်သည်။ သူ့ကို ဖိတ်ခေါ်ကမ်းလှမ်းခြင်းက အရဲစွန့်သည်ဆိုတာထက် ပိုလိမ့်မည်။

အခြားတစ်ဖက်တွင်တော့ ရီဖူရှင်း အနီးတွင် ရှိနေသည့် ရှီချန်နှင့် ချန်ဟွိုက်သည် မကြာသေးခင်က ရှားရှင်းယွန်ကို ရှုံးနိမ့်ခဲ့သော်လည်း သူတို့သည် ကျော်ကြားသော မီးကလန်များမှ အဖွဲ့ဝင်များ ဖြစ်ကြပေသည်။ သူတို့သည် မီးစွမ်းရည်များမှာ ကျွမ်းကျင်ကြပြီး သူတို့၏ ပင်မစွမ်းအားသည်ပင် မီးတောက်များ ဖြစ်ကြသည်။

ထို့ကြောင့် များပြားလှသော မျိုးနွယ်များမှာ သူတို့၏ ဖိတ်ကြားချက်များကို အလုအယက် ကမ်းလှမ်းကြတော့သည်။

သို့သော်လည်း အချို့သော သန်မာသူများမျာ သူတို့၏ ဖိတ်ကြားချက်များကို မကမ်းလှမ်းကြပေ။ သူတို့သည် ထို့ထက်ပို၍ စောင့်ဆိုင်းရန် လိုအပ်ပေသည်။

“မြို့စားရီ၊ ကျုပ်က ဝူကလန်က အဖွဲ့ဝင်တစ်ယောက်ပါ။ အင်ပါယာခွာရဲ့ အပျက်အစီး နယ်မြေမှာ စူးစးမ်ရှာဖွေဖို့ ကျုပ်တို့နဲ့ ပူးပေါင်းရအောင် ဖိတ်ခေါ်ချင်ပါတယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံချင်ပါသလား” စွမ်းအားပြည့်ဝသည့် အသံတစ်ခုက သူ့ကို မေးသည်။ ရီဖူရှင်းသည် သူ့ကို မေးလာသည့်  ထိုလူထံသို့ လှည့်ကြည့်သည်။ ၎င်းသည် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီးတစ်ဦး ဖြစ်သည်။ သူသည် ခင်မင်ရင်းနှီးသည့်အသွင်ဖြင့် ရီဖူရှင်းထံသို့ ခေါင်းညိတ်ကာ ပြုံးပြသည်။

ရီဖူရှင်းသည် ဆန်းထျန်ကျန့် ရှင်းပြထားသည့် မျိုးနွယ်စုကိုးခုအကြောင်းကို ပြန်စဉ်းစားသည်။ အင်ပါယာခွေ နတ်ရွာစံသွားပြီးသည့် ခေတ်ကာလများတွင် မျိုးနွယ်စုကိုးခုသည် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ကြသည်။ သီးခြားရပ်တည်ခဲ့ကြပြီးနောက် သူတို့၏ ခွန်အားများသည် သိသိသာသာပင် ကွာခြားမှုများ ရှိလာခဲ့ကြသည်။

ကျူးကလန်သည် ကလန်ကိုးခုကြားတွင် အသန်မာဆုံး ကလန်တစ်ခု ဖြစ်လာပြီး ထိပ်ဆုံးနေရာ၌ ခိုင်မာစွာ ရပ်တည်နေနိုင်ပေသည်။

ဝူကလန်သည်တော့ သူတို့သည် အမှန်တကယ်အားဖြင့် ကျူးကလန်ကို မှီခိုနေကြရသည် ဖြစ်၏။ သူတို့သည် လက်အောက်ခံ အင်အားစုဖြစ်လိုသည့် ရည်ရွယ်ချက်ကို ပြသရန် သူတို့ဝူမျိုးနွယ် အမျိုးသမီးလေးများကိုပင် ကျူးကလန်သို့ လက်ထပ်စေခဲ့ရသည်။ အသေးစိတ် အခြေအနေကိုတော့ ဆန်းထျန်ကျန့်သည် ထို့ထက် အနည်းငယ်သာ ပို၍ သိပေသည်။

သေချာသည်မှာ ဝူကလန်သည် ကောင်းမွန်သော ရွေးချယ်မှု မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။

“ကျုပ် စဉ်းစားကြည့်လိုက်ပါ့မယ်” ရီဖူရှင်းသည် အပြုံးနှင့် ပြန်ဖြေသည်။ မျိုးနွယ်စုကိုးခုနှင့် မီးတောက်ကို ပိုင်ဆိုင်ထားသည့် လူများ ကြားမှ ဆက်ဆံရေးသည် အကျိုးတူ ပူးပေါင်းသူများအဖြစ် ရှိကြသည်။ နှစ်ဖက်လုံးသည် စျေးမပြိုင်ခင် မှန်ကန်သည့် စျေးနှုန်းကို ရရန် စောင့်ဆိုင်းနေကြသည်။ ရီဖူရှင်းသည် ဆုံးဖြတ်ချက်ချရန် အလျင်မလိုပေ။ နောက်ဆုံးအချိန်ထိတိုင်အောင် စောင့်ဆိုင်း၍ ဆုံးဖြတ်ခြင်းက ကောင်းမွန်သည်ဟု သူ ယူဆပေသည်။

“ကောင်းပါပြီ” မီးခိုးရောင်ဝတ်စုံနှင့် လူကြီးက ခေါင်းညိတ်ကာ ပြောသည်။

“အင်ပါယာခွာမြို့မှာ အချိန်ကျတဲ့အထိ နေနိုင်ပါတယ် မြို့စားရီ။ တခြားလူတွေ ရောက်လာဖို့ ရှိနေပါသေးတယ်။ လူအကုန်စုံတော့မှ ရွေးချယ်မှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါတယ်။” ဝူကလန်၏ ဘေး၌ ကျူးကလန်မှ လူများ ရှိနေသည်။ စကားပြောလိုက်သည့် တစ်ယောက်မှာ သန်မာထွားကျိုင်းပြီး ထည်ဝါသည်။ သူသည် သွေးစက်မီးလျှံဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ အလွန် ယုံကြည်မှုပြင်းထန်ပြီး ခက်ထန်သည့်ပုံ ရှိသည်။

“အင်း” ရီဖူရှင်းသည် ပြုံးရင်း ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားလေသည်။

ရီဖူရှင်းကဲ့သို့ပင် ရှီချန်နှင့် ချန်ဟွိုက်တို့သည်လည်း ရွေးချယ်မှုများ မပြုလုပ်ခဲ့သေးပေ။ သူတို့သည် မဆုံးဖြတ်ခင် မှန်ကန်သည့် ရွေးချယ်မှုဖြစ်ရန် စောင့်ဆိုင်းနေကြသည်။ သူတို့ကို ဖိတ်ခေါ်ချက် ကမ်းလှမ်းလာသူများမှာ အားနည်းသည့် မျိုးနွယ်စုများပင် ဖြစ်ကြသည်။

ထိုအခြေအနေတွင် သူတို့သည် ရွေးချယ်မှုကို အဆောတလျင် ပြုလုပ်ရန် မလိုအပ်ကြပေ။

“နင်ကလည်း မီးစွမ်းရည်ကျင့်ကြံသူလား” ရီဖူရှင်း နောက်မှ တစ်စုံတစ်ယောက်က မေးသည်။ သူ လှည့်ကြည့်လိုက်လျှင် ရှီချန်ကို မြင်လိုက်ရသည်။ သူမ၏ အသံမှာ အလွန်အေးစက်နေပေသည်။

မီးတောက်များသည် ကြယ်ဆွတ်လက်၏ ခိုးယူခြင်းကို ခံလိုက်ရပြီး ရီဖူရှင်းက ရရှိသွားခဲ့သောအခါ သူမ၏ ကလန်မှာ အခြားမီးတောက်များ ရရှိရန် တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရသည်။

“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒါဆို အပျက်အစီးနယ်မြေမှာ တွေ့ကြမယ်” ရှီချန်က ပြောသည်။ ချန်ဟွိုက်က သူမ၏ အနောက်မှ လိုက်ပါသွား၏။ ချန်ဟွိုက်သည် ရှေ့သို့ ဆက်လျှောက်မသွားခင် ရီဖူရှင်းကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီးမှ သူ့ကို ဖြတ်ကျော်သွားလေသည်။

ရီဖူရှင်းသည် ထိုနှစ်ယောက်ကို အနည်းငယ်မျှပင် အရေးမစိုက်ပေ။ သူသည် ချက်ချင်းပင် ပြန်လှည့်လာကာ ချန်ယဲ့မြို့မှ လူများကို ကြည့်ကာ ပြောသည်။ “သွားရအောင်”

သူတို့သည် ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားကြသည်။ သူတို့သည် အချိန်ခဏ နေထိုင်နိုင်ရန် အင်ပါယာခွာမြို့၌ တည်းခိုခန်း ရှာဖွေလိုပေသည်။

တန်ခိုးရှင်များသည် အင်ပါယာခွာမြို့သို့ တဖွဲဖွဲ ရောက်ရှိလာနေသည်။ မီးတောက်ကို မပိုင်ဆိုင်ထသည့် အချို့လူများပင် အပျော်သဘောသက်သက်နှင့် လာရောက်ကြပေသည်။

မီးတောက်ရရှိသည့် အခြားလူများသည်လည်း အချိန်တိုင်းလိုလို ရောက်ရှိလာနေကြသည်။ သူတို့ မည်သူဖြစ်သည်ကို အခြားလူများက ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ မမျှော်လင့်ဘဲ နောက်ပိုင်းတွင် ရောက်လာသည့် လူတစ်ဦးတိုင်းသည် သွေးနဂါးဘုံအတွင်း မီးစွမ်းရည်ကျင့်ကြံသည့် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုလူများသည် သူတို့ ရောက်လာလျှင် အင်ပါယာခွာမြို့အတွင်း အတော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

မြို့ထဲရှိ တည်းခိုဆောင်များ စားသောက်ဆိုင်များတွင် လူများသည် သူတို့အကြောင်းကို ပြောဆိုနေကြသည်။

“အရှေ့ဘက်ဒေသ အင်ပါယာတုန်းနန်းတော်က လူတွေ ဒီကို ရောက်နေတယ်” စားပွဲတွင် ထိုင်နေသည့် သူများသည် အံ့သြထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။ အရှေ့ဘက်ဒေသ အင်ပါယာတုန်းနန်းတော်သည် အစစ်အမှန် ရန်ဟောင်အင်အားစု ဖြစ်ပေသည်။ ၎င်းသည် သွေးနဂါးဘုံ၏ အရှေ့ဘက်ဒေသတွင် တည်ရှိပေသည်။ ဒေသအတွင်းရှိလူများမှာ သူတို့၊ လက်အောက်ခံများ ဖြစ်ကြသည်။ သူတို့သည် သွေးနဂါးဘုံ၏ အရှေ့ဘက်ဒေသတွင် အရေးပါအရာရောက်၍ အာဏာရှိကြသည်။

အရှေ့ဒေသ၏ အင်ပါယာတုန်းနန်းတော်နှင့် အနောက်ဒေသ၏ အင်ပါယာခွာခန်းမ နှစ်ခုလုံးသည် တူညီသော ကျော်ကြားမှုအဆင့်အတန်း ရှိပြီး သူတို့နှင့် သက်ဆိုင်ရာ နယ်မြေတွင် အာဏာရှိကြပေသည်။

“အရှေ့ဒေသ အင်ပါယာတုန်းနန်းတော်က အရင်တုန်းကဆို အင်ပါယာခွာ အကြွင်းအကျန် နယ်မြေကို ဘယ်တုန်းကမှ ဝင်မစွက်ဖက်ဘူး။ အခုကျ သူတို့တွေက လမ်းစဉ်မီးတောက်တွေနဲ့ ရောက်လာကြတယ်။ သူတို့ ဘာလုပ်ချင်နေတာလဲဆိုတာ ကျုပ်တော့ သိချင်နေပြီ”

မျိုးနွယ်စုကိုးခုသည် အင်ပါယာတုန်းနန်းတော်ကဲ့သို့ အင်အားစုမျိုးနှင့် အတူ အလုပ်တွဲလုပ်လိမ့်မည်လား သူတို့ သိချင်နေကြသည်။

“တောင်ဘက်ဒေသတွေကတော့ အမြဲလိုလို ဖြစ်ခဲ့တဲ့အတိုင်းပဲ။ ရောက်လာတဲ့သူတွေက ရှန့်ထိုချီမင်ရဲ့ မျိုးဆက်တွေ။ ပြီးတော့ အားလုံးအဆင်ပြေမယ်ဆိုရင် သူတို့က နန်လိမျိုးနွယ်စုနဲ့ အလုပ်တွဲလုပ်လိမ့်မယ်” တစ်ယောက်က ထပ်ပြောသည်။ အင်ပါယာခွာမြို့မှ လူတိုင်း သိကြသည်မှာ အခြားဒေသသုံးခုမှ လမ်းစဉ်မီးတောက် ပေါ်ပေါက်လာသည့် အဓိပ္ပာယ်မှာ သူတို့အားလုံး အင်ပါယာခွာ၏ အကြွင်းအကျန်နယ်မြေသို့ ဝင်ရောက်စူးစမ်းလေ့လာကြမည် ဖြစ်သည်။ သက်ဆိုင်ရာ ဒေသသုံးခု၏ အင်အားစုများမှ တစ်ယောက်စီ ရောက်လာရန်လိုသည်။ အရာအားလုံးမှာ ထိုကဲသို့ စီစဉ်ထားခဲ့ပြီး ဖြစ်၏။

တောင်ဘက်မှ လူများသည် အမြဲလို ရှန့်ထိုချီမင်ကို ခစားသူများ ဖြစ်ကြသည်။

“မြောက်ဘက်ဒေသမှာလည်း အတူတူပဲ။ ရှန့်ထိုကျိုယိုးကလည်း တစ်ယောက်ယောက် လွှတ်လိုက်လိမ့်မယ်” ရှန့်ထိုချီမင်နှင့် ရှန့်ထိုကျိုယိုး၏ မျိုးဆက်များသည် အမြဲလိုလို ရောက်လာတတ်ကြသည်။

ထိုဒေသသုံးခုထက် အခြားသောမီးတောက်များကို ရရှိခဲ့သူ မည်သူမဆို သွေးနဂါးဘုံ၏ အလယ်ပိုင်းဒေသမှ လူများ ဖြစ်နိုင်ပေသည်။ သွေးနဂါးဘုံတွင် အလယ်ပိုင်းဒေသမှာ အသန်မာဆုံးဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် မီးတောက်များ ထွက်ပေါ်လာသင့်ပေသည်။

သို့သော် အင်အားအကြီးဆုံး ဒေသမှ လွဲလျှင် အခြားဒေသသုံးခုသည် သူတို့၏ ထိပ်တန်းအင်အားစုများကိုသာလျှင် ထိုနေရာသို့ စေလွှတ်ကြလိမ့်မည်။ ယင်းသည် အလယ်ပိုင်းဒေသရှိ သွေးနဂါးအင်ပါယာမှာ အလွန်အာဏာရှိသောကြောင့် ဖြစ်၏။ ဤသည်မှာ အမှန်တကယ် ကြောက်စရာ အစီအစဉ်ပင် ဖြစ်သည်။

အင်ပါယာခွာမြို့မှ မျိုးနွယ်စုများသည် ထိုအင်အားစုသုံးခု ရောက်လာသည့်အခါ သွားရောက်တွေ့ဆုံ၍ ဖိတ်ကြားချက်များ ကမ်းလှမ်းကြသည်။

“အင်အားစု ရှစ်ခုက လက်ရှိမှာ စုစည်းနေပြီး နောက်ထပ် မီးတောက်လက်ဝယ်ရှိတဲ့ ဘယ်အင်အားစု ထပ်ရောက်လာမလဲ သိချင်နေပြီ”

ပြီးခဲ့သည့် ပွဲများတွင် မီးတောက်များ ရရှိခဲ့သော်လည်း ရောက်မလာသည့် လူများ ရှိခဲ့သည်။ သူတို့သည် အပျက်အစီးနယ်မြေသို့ ဝင်ရောက်ရန် စိတ်မဝင်စားဘဲ မီးတောက်များနှင့် ကျင့်ကြံရန်သာ အာရုံစိုက်ခဲ့သည်။

“နောက်ဆုံးအင်အားစု ရောက်လာပြီ” တစ်ယောက်က ကြေညာလိုက်ပြီး စားသောက်ဆိုင်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ လူတိုင်းသည် ပြောလိုက်သည့်သူကို လှည့်ကြည့်လိုက်ကြ၏။

“သူက ဘယ်သူလဲ”

“မသေချာဘူး။ ဒါပေမဲ့ ကျူးကလန်က အင်အားကြီးပုဂ္ဂိုလ်တွေတောင်မှ သူ့တို့ကို သွားတွေ့ရတယ်” ကြေညာလိုက်သည့် ထိုသူက သူတို့ကို ပြောပြသည်။ လူအများက ထိုသတင်းကြောင့် ထိတ်လန့် တုန်လှုပ်ကုန်ကြသည်။

ကျူးကလန်ကတောင်မှ လူကိုယ်တိုင် သွားတွေ့ဆုံရတယ်လား။

ဒါဆို ကျူးကလန်က သူတို့ ဘယ်သူနဲ့ အလုပ်တွဲလုပ်မယ် ဆိုတာ ဆုံးဖြတ်ထားပြီးသား ဖြစ်နေတာလား။

သူတို့က တစ်ချိန်လုံး သည်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်လား။

ခဏအတွင်း စားသောက်ဆိုင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြကာ သိချင်စိတ်ပြင်းပြစွာနှင့် အပြင်သို့ ဦးတည်လိုက်ကြသည်။ ထိပ်တန်းကလန်ကိုးခုကို စောင့်ဆိုင်းရစေရန် လုပ်ဆောင်ခဲ့သည့်သူကို သူတို့ စိတ်ဝင်စားနေကြသည်။

ထို့နောက်တွင် စားသောက်ဆိုင်၌ အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။

ရီဖူရှင်းနှင့် အခြားလူများသည် ထောင့်တစ်နေရာတွင် တိတ်တဆိတ် ထိုင်နေရင်း သိလိုစိတ်များ ပြင်းပြလာသည်။ ဘယ်သူကများ ကျူးကလန်ကိုပင် ကိုယ်တိုင်သွားရောက် တွေ့ဆုံစေရန် လုပ်ဆောင်နိုင်သည်လည်း သူ သိချင်မိသည်။ မည်သူက ကျူးကလန်ကို စောင့်ဆိုင်းရအောင် လုပ်ဆောင်နိုင်သလဲ။

ထိုအချိန်တွင် အင်ပါယာခွာမြို့၏ အလယ်ပိုင်းဒေသမှ တန်ခိုးရှင်တစ်စု ရောက်လာသည်။ ဦးဆောင်လာသည့်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမကို ကြည့်ရသည်မှာ သွက်လက်ချက်ချာ၍ ဒဏ္ဍာရီဆန်ဆန် ချဉ်းကပ်ရခက်ခဲသည့် သဏ္ဌာန်မျိုး ရှိလေသည်။

ကျူးကလန်မှ တန်ခိုးရှင်များ ပေါ်ပေါက်လာသည်။ ဦးဆောင်လာသူမှာ ရီဖူရှင်းကို ရွေးချယ်မှုမပြုခင် ရက်အတော်ကြာ စောင့်ဆိုင်းကြည့်ရှုရန် ပြောခဲ့သူ ဖြစ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။ “ကြိုဆိုပါတယ် မင်းသမီး”

“အင်း” အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး လူအများကတော့ တုန်လှုပ်နေကြသည်။ သွေးနဂါးဘုံတွင် မင်းသမီး အဆင့်အတန်း အနေဖြင့် ညွန်းဆိုခံရပါက သေချာပေါက် ရန်ဟောင်တစ်ပါး၏ သမီးတော်ဖြစ်ပေသည်။ သာမန်လူများမှာ ထိုသို့ အဆင့်အတန်းကို သုံးရန် ရဲဝံ့ကြခြင်း မရှိပေ။

“အင်ပါယာဝူရဲ့ သမီးတော်” တစ်ယောက်က ထိတ်လန့်မှုမှ သတိပြန်ဝင်လာပြီး သူမက မည်သူဖြစ်သလဲ ဆိုသည်ကို ထုတ်ဖော်ပြောသည်။ သူမသည် အင်ပါယာဝူဘုံမှ မင်းသမီး ဖြစ်သည်။ သူမသည် ဒေသနန်းတော်သို့ ဝင်ရောက်ကာ ကျင့်ကြံနေသည့် ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။

ဤတစ်ကြိမ်လာရောက်သူမှာ သူမ ဖြစ်နေသည်လား။

အင်ပါယာဝူသည် မီးစွမ်းရည်တွင် အလွန်ထူးချွန်ပြီး သွေးနဂါးဘုံတွင် အင်အားကြီးပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံထားရသည်။ သူ၏ မီးကို ထိန်းချုပ်စေစားနိုင်သည့် အစွမ်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့၏ မင်းသမီးက ဤနေရာသို့ ရောက်လာသည်ဆိုလျှင် သံသယမရှိ ကျူးကလန်အတွက် အကောင်းဆုံး အလောင်းအစား ဖြစ်လာမည် ဖြစ်၏။ ကျူးကလန်က စောင့်ဆိုင်းနေခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ ကြည့်ရသည်မှာ အရာအားလုံးက ယခင်ကပင် ကြိုတင်စီမံပြီးသား ဖြစ်ဟန်တူ၏။

“ဘယ်သူတွေ ရောက်နေပြီလဲ” ပါရမီရှင်အမျိုးသမီးက မေးသည်။ သူမသည် အင်ပါယာခွာ၏ အပျက်အစီးနယ်မြေကို မြင်တွေ့ရရန် ရည်ရွယ်၍ စူးစမ်းရှာဖွေရန် ဒေသနန်းတော်မှ ထွက်လာခြင်း ဖြစ်သည်။ ရန်ဟောင် အကြွင်းအကျန်သာ မဟုတ်ခဲ့လျှင် သူမသည် အလုပ်ရှုပ်ခံ၍ ဤခရီးစဉ်ကို လာလိမ့်မည် မဟုတ်ပေ။

“အင်ပါယာတုန်းနန်းတော်၊ ရှန့်ထိုချီမင်နဲ့ ရှန့်ထိုကျိုယိုးရဲ့ လူတွေ ရောက်နေပါပြီ။ တခြားလူတွေကတော့ မင်းသမီးလိုမျိုး အလယ်ပိုင်းဒေသက လူတွေပါပဲ” ကျူးကလန်၏ အင်အားကြီး တန်ခိုးရှင်များထဲမှ တစ်ယောက်က ပြောသည်။ “ဒီတစ်ခေါက် ကျုပ်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်က အင်ပါယာတုန်းနန်းတော်က လူတွေ ဖြစ်လောက်တယ်။ တခြားလူတွေကလည်း ခြိမ်းခြောက်နိုင်စွမ်းတော့ ရှိကြတယ်။ ဒါပေမဲ့ ဝူကလန်က အခု ကျုပ်တို့အပိုင်မို့ စိတ်ပူစရာမလိုပါဘူး။ မင်းသမီးကို ကူညီဖို့အတွက် သူတို့ကို လူရှာခိုင်းနိုင်ပါတယ်။ မင်းသမီး တွေးထားတဲ့လူများ ရှိလား”

“ချန်ယဲ့မြို့က ရီဖူရှင်း” အမျိုးသမီးက အချို့အကြောင်းအရာများကို ပြန်တွေးနေဟန်ဖြင့် ဖြေသည်။

ကျူးကလန်ဝင်သည် ထိုနာမည်ကို ကြားသည့်အခါ အနည်းငယ် ကြက်သေသေသွားခဲ့သည်။ သို့သော်လည်း သူသည် အလျင်အမြန်ပင် ခေါင်းညိတ်ကာ သဘောတူလိုက်၏။

ယူချင်းသည် သွေးနဂါးမြစ်တိုက်ပွဲ ပြီးသည့်နောက် ဒေသနန်းတော်သို့ ကျင့်ကြံရန် ဝင်ရောက်ခဲ့သည်။ မင်းသမီးသည်လည်း ဒေသနန်းတော်တွင် ကျင့်ကြံနေသူ ဖြစ်သောကြောင့် သူနှင့် ကျိန်းသေ ရင်းနှီး၍ အခွင့်အရေး ပေးလိုခြင်း ဖြစ်မည်။

ရီဖူရှင်း၏ စွမ်းအားမှာ အားနည်းလှသည်။ သူ၏ အကျွမ်းကျင်ဆုံး စွမ်းရည်မှာလည်း မီးစွမ်းရည် မဟုတ်လောက်ပေ။ သို့သော်လည်း သူသည် အင်ပါယာဝူ၏ မင်းသမီးအနီး၌ ခစားမည်ဆိုလျှင် အလွန် သင့်တော်လိမ့်မည်။ သို့ပေမယ့် စွမ်းအားကြီးမားသည့် ကျူးကလန်အနေဖြင့် သူ့ကို ဖိတ်ခေါ်သည့်အခါ၌ ကိုယ်တိုင်သွားလိမ့်မည် မဟုတ်ပေ။

***

All Chapters