အခန်း (၂၃၉)
Vol. 17 Ch. 239
ကျွင်းချောင်ရှောင်းသည် ကြောင်တောင်တောင်နှင့် ပြန်ပြောလိုက်သည်။
"ကျုပ်တို့က ရှေ့ကနေ မြန်မြန်လျှောက်နေတာ ခင်ဗျားက နောက်ကနေ ဖြေးဖြေးလျှောက်လာတာ မဟုတ်လား ဘယ်လိုဖြစ်ပြီး ခင်ဗျားရဲ့လမ်းကို တားဆီးတယ်လို့ ဖြစ်ရမှာလဲ။ ပြီးတော့ ခင်ဗျားသာ မတားဘူးဆိုရင် ကျုပ်တို့မြို့ထဲတောင်ရောက်နေပြီ။"
ထိုရှင်းပြချက်သည် အကျိုးအကြောင်းဆီလျော်လှ၏။ မည်သည့်အချက်အလက်မှ မမှားယွင်းချေ။
သို့ပေမဲ့ အနီးအားရှိ ကျင့်ကြံသူများသည် နိုင်ငံပြင်ပမှ သံမဏိအရိုးဂိုဏ်းအနေဖြင့် သားရဲ ထိန်းကျောင်းခြင်းဂိုဏ်း ၏ သခင်လေးနှင့် ပြဿနာဖြစ်ချိန်တွင် မြန်မြန်မတောင်းပန်ဘဲ အဘယ့်ကြောင့် ပေါက်တက်ကရတွေ လျှောက်ပြောနေသည် ဆိုခြင်းကို စဉ်းစားနေမိကြ၏။
"ဟင်း …."
ဆင်းရဲပြီး အဆင့်နိမ့်သောနေရာများမှ လူများသည် ဉာဏ်အမျှော်အမြင်လည်းမရှိကြချေ။
သားရဲထိန်းကျောင်းခြင်းဂိုဏ်း၏ သခင်လေးသည် ထိုသို့ ပြန်လည်ရှင်းပြမည်ဟု မထင်မှတ်ထားသောကြောင့် ထူးမခြားနားသလို ပြောလိုက်၏။ "ငါ့ရဲ့ ကျားသစ်နက်ကြီးက အရမ်းကြမ်းတမ်းတယ် ။မင်းတို့နှစ်ယောက် ရှေ့ကလျှောက်လို့ သူဒေါသထွက်သွားရင် တစ်ချက်တည်း ကိုက်စားလိုက်လိမ့်မယ်။ ဒါဆိုရင် ဘာမှန်းမသိပဲ အကုန်သေကုန်မယ်။မသိဘူးလား။"
အခြားနိုင်ငံများမှ အဆင့်မြင့်ဂိုဏ်းများဆိုလျှင် သူ့အနေနှင့် မျက်နှာသာပေးရပေလိမ့်မည်။ သို့ပေမဲ့ အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် ဖင်းယန်နိုင်ငံသို့ ရောက်ရှိလာသည်ဆိုမှတော့ သင်ခန်းစာကောင်းကောင်း ပေးမှဖြစ်မည်။
"ဒါဆို ကျုပ်တို့အတွက် တွေးပေးနေတာကိုး။"
ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာပြောလိုက်၏ "ကျေးဇူးပါ သခင်လေး ….. နောက်တော့ထပ်တွေ့တာပေါ့။"
ပြောပြီးသည်နှင့် သူသည် ရီရှင်းချန်ကိုခေါ်၍ မြိုတံခါးဆီသို့ ဦးတည်သွားလိုက်သည်။
သခင်လေး၏မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လာ၏။
သခင်နှင့် စိတ်ချင်းဆက်သွယ်ထားသော ကျားသစ်နက်သည် သူတို့နောက်သို့ လျင်လျင်မြန်မြန်လိုက်ခဲ့သည်။
သူသည် မတိုက်ခိုက်ပေ။ သူ၏ပါးစပ်ကိုဟ၍ ထိုလူသားနှစ်ယောက် လန့်သွားစေရန် ကျယ်လောင်စွာဖြင့် ဟိန်းဟောက်ရန် ပြင်ဆင်လိုက်၏။
သို့ပေမဲ့ သူသည် ဟိန်းဟောက်ခြင်းကိုပင် မပြုလုပ်လိုက်ရချေ။
ရီရှင်းချန်သည် ရုတ်တရက်လှည့်၍ ပေါက်ကွဲလက်သီးနည်းစနစ်အား ထုတ်သုံးလိုက်တော့သည်။
"ဘုန်း …. "
လက်သီး သည် တိုက်ရိုက်ပင် ကျားသစ်နက်ကြီးမျက်နှာအား ထိမှန်သွားတော့သည်။
လက်သီးချက်သည် အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် ကျားသစ်နက်ကြီးသည် နောက်ကို ခြေဆယ်လှမ်းခန့်ဆီ ဆုတ်ခွာလိုက်ရသည်သာမက မြေပေါ်သို့ပင် လဲကျသွားခဲ့တော့သည်။
ကျားသစ်နက်ကြီးပေါ်တွင် စီးနင်းနေသော သခင်လေးသည် ဟန်ချက်ပျက်၍ အောက်သို့ပြုတ်ကျသွားတော့ သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုန်တွေပေကုန်သည်သာမက အလွန် ဆိုးရွားသည့် ပုံပန်းသွင်ပြင်မျိုးအဖြစ်ပါ ရောက်ရှိသွား၏။
"သခင်လေး"
တပည့်များအားလုံးသည် ရှေ့သိုတိုးလာကြ၏။
မြို့တံခါးတွင်ရှိနေကြသော လူပေါင်းများစွာတို့သည်လည်း မျက်လုံးပြူးမိသွားသည်။
"ကောင်းကင်ဘုံ …အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်လောက်ပဲရှိမယ့် လူငယ်လေးတစ်ယောက်က သိုင်းတပည့်ထိပ်ဆုံးအဆင့်နဲ့ နှိင်းယှဉ်လိုရတဲ့ ကျားသစ်နက်ကြီးကို လက်သီးတစ်ချက်တည်း နဲ့ လဲသွားအောင် ထိုးနိုင်တယ်။ ဘယ်လောက်တောင် အားကောင်းလိုက်တာလဲ။"
ဤအရာသည် ကိစ္စမဟုတ်ပေ။ အဓိကအချက်မှာ သားရဲထိန်းကျောင်းခြင်းဂိုဏ်းသခင်လေး၏ စီးတော်ယာဉ်အား တိုက်ခိုက်သည်ဆိုသော အချက်ပင်။
ထိုလူငယ်သည် အသက်ရှင်ရသည်ကို ပင်ပန်းငြီးငွေ့နေလေသည်လား။
"ရှင်းချန်"
ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီး မင်း ကြုံသလို တိုက်ခိုက်ရဲရတာတုန်း။"
ရီရှင်းချန်သည် သူ၏လက်သီးကို နောက်သို့ပြန်ရုတ်ပြီး ခပ်တည်တည်နှင့် ပြောလိုက်သည်။ "ဒီသားရဲက ဂိုဏ်းချုပ်ကို တိုက်ခိုက်မှာ တပည့်စိုးရိမ်သွားတာပါ။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုလှည့်၍ တစ်ခြားသူများ ဝိုင်းဝန်းဖေးမလျက်ရှိသော သခင်လေးအားကြည့်ကာ ပြုံးလိုက်သည်။ "သခင်လေး ကျေးဇူးပြုပြီး ခင်ဗျားရဲ့သားရဲကို ဂရုစိုက်ပါ။အထူးသဖြင့် ကျုပ်တို့နားကို မကပ်စေနဲ့။ ဘာလို့လဲဆိုတော့ ကျုပ်တပည့်က အရမ်းကြမ်းတယ်။"
"..." အားလုံးသောလူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြသည်။
ကျားသစ်နက်ကြီးအား လက်သီးတစ်ချက်ထဲ နှင့် ထိုးနှက်နိုင်သည်ဆိုသည်မှာ အလွန်တရာ ကြမ်းတမ်းလှ၏။
"မင်း …"
သခင်လေးသည် အလွန်တရာ ဒေါသထွက်သွား၏။
သို့ပေမဲ့ ပါးစပ်ကိုဟ၍ တစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာပဲ ထိုနှစ်ယောက်သည် မြို့ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတကြီးဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်၏။ "မင်းတို့စောင့်ကြည့်ထားကြ။"
ကျားသစ်နက်ကြီးကို စီးနင်းလာပြီးနောက် သူသည် အလွန်တရာ စိတ်ချမ်းမြေ့နေသည်။
သို့ပေမဲ့ အဆုံးသတ်မှာတော့ သူ၏စီးတော်သားရဲကြီးသည် လက်သီးနှင့် ထိုးခံရ၍ လဲကျသွားသည်သာမက သူသည်လည်း မြေပေါ်တွင် လူးလိမ့်ခဲ့ရ၏။
သူသသည် အားလုံးသောလူများ၏ရှေ့၌ အရှက်ကွဲခဲ့ရသည်။ ထိုအရာသည် လက်ခံနိုင်ရန်ခက်ခဲလှချေသည်။
လက်စားချေမှုကို ပြုလုပ်မှဖြစ်မည်။
သို့ပေမဲ့ စွေ့ရန်မြို့တွင် တိုက်ခိုက်ခြင်းကို တားမြစ်ထား၏။ ထို့ကြောင့် သူ၏ဒေါသကို ဖိနှိပ်ထားပြီး သိုင်းပြိုင်ပွဲ ပြီးသည်ထိ စောင့်ဆိုင်းရန် စဉ်းစားလိုက်မိသည်။
"ခုနကလူကို ဂိုဏ်းချုပ်လို့ခေါ်လိုက်တယ်။ ဒီတော့ တိုက်ခိုက်လိုက်တဲ့လူက တပည့်ဖြစ်ပြီးတော့ ဘေးနားကလူက ဂိုဏ်းချုပ်ပဲ။"
"ဒါဆို အဲလူက သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းဆိုတာလား။"
"ဖြစ်နိုင်တယ် …. သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်းကို စိန်ခေါ်ပြီး အနိုင်ယူခဲ့တယ်လို့ ကျုပ်ကြားခဲ့တယ်။"
"ဟား … ဟား …. သူရဲကောင်းတွေက လူငယ်တွေကနေ ဖြစ်လာကြတာပဲ။"
မြို့ထဲမှာရှိသော သိုင်းပညာရှင်များသည် စတင်၍ ဆွေးနွေးလိုက်ကြသည်။
ရှိရှိသမျှသောလူအားလုံးသည် ကျွင်းချောင်ရှောင်းကို အထင်သေးကြသည်မဟုတ်ပေ။ အတွေ့အကြုံရှိလှသော သိုင်းပညာရှင်တော်တော်များများသည် ကျွင်းချောင်ရှောင်း၏ အရည်အချင်းကို လက်ခံကြ၏။
ဟုတ်သည်။ အဆင့်ရှစ်ဂိုဏ်းတစ်ခုအနေနှင့် အဆင့်ခြောက်ဂိုဏ်းတစ်ခုအား အနိုင်ရအောင် တိုက်ခိုက်ခဲ့သည်ဆိုခြင်းမှာ အလွန်တရာ အားကောင်းခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
စွေ့ရန်မြို့သည် အလွန်ကြီးမားပြီး အသက်ဝင်နေ၏။
ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်အား ခေါ်ဆောင်လာပြီး သိုင်းပြိုင်ပွဲအတွက် စာရင်းပေးသွင်းရာနေရာဆီသို့ သွားလိုက်၏။
သိုင်းပြိုင်ပွဲ၏ စာရင်းပေးသွင်းမှုသည် ရက်အနည်းငယ်ကတည်းက စတင်ခဲ့ပြီး ဖြစ်သောကြောင့် များပြားလှသော သိုင်းပညာရှင်များသည် ကြိုတင်၍ လာရောက်စာရင်းပေးနှင့်ကြပြီးဖြစ်၏။ ထို့ကြောင့် စာရင်းပေးသွင်းရာနေရာတွင် လူများများစားစားမရှိပေ။
"ဂိုဏ်း"
ကျွင်းချောင်ရှောင်းသည် စာရင်းပေးသွင်းရာနေရာသို့ ရောက်ချိန်မှာတော့ စုတ်တံနှင့်လူက ပြောလိုက်သည်။
"ချင်းယန်နိုင်ငံ … သံမဏိအရိုးဂိုဏ်း" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
စုတ်တံနှင့်လူသည် ဆွံ့အသွားသည်။
ပြီးနောက် သူ၏ခေါင်းကိုမော့ကာ ရီရှင်းချန်အား ကြည့်လိုက်သည်။ "ချင်းယန်နိုင်ငံရဲ့ ဂိုဏ်းတစ်ခုက ဖင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲကို ဝင်ပြီးတော့ ပြိုင်ချင်တာလား။"
"ပြိုင်လို့မရဘူးလား။" ကျွင်းချောင်ရှောင်းပြုံးလိုက်သည်။
ဟုတ်ပေသည်။ ပြိုင်၍ရပေသည်။ ထို့အပြင် အခြားနိုင်ငံမှလူများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဆိုသော စည်းမျဉ်းစည်းကမ်းအားလည်း ရေးသားမထားချေ။
သို့ပေမဲ့ တစ်ခြားနိုင်ငံမှလူများ လာရောက်ယှဉ်ပြိုင်ခြင်းဆိုသည်မှာ ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်သည်မှာ သဘာဝပင်ဖြစ်သည်။
"မင်းက … "
စည်းမျဉ်းအရသူသည် အတည်ပြုမှဖြစ်ပေလိမ့်မည်။
"သံမဏိအရိုးဂိုဏ်းချုပ်… ကျွင်းချောင်ရှောင်း" ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာပြောလိုက်သည်။
တစ်ခြားသောလူများသည် သူ့ဂိုဏ်းအား အထင်အမြင်သေးလှ၏။ သို့ပေမဲ့ သူ့အနေနှင့် နည်းနည်းလေးမှ စိတ်ဓာတ်မကျချေ။ အမြဲတစေ သူ၏ ဂိုဏ်းပေါ်တွင် ဂုဏ်ယူစိတ်ထား၏။
"လူဘယ်နှစ်ယောက်ဝင်ပြိုင်မှာလဲ။"
"တစ်ယောက်တည်း"
"တစ်ယောက်တည်း ဟုတ်လား။"
ထိုလူ၏ နှုတ်ခမ်းထောင့်များသည် တုန်ခါသွား၏။
"ဂိုဏ်းချုပ်ကျွင်း …. သိုင်းပြိုင်ပွဲဆိုတာက တပည့်တွေအတွက်ပဲလေ။ ဂိုဏ်းချုပ်အနေနဲ့ဝင်ပြီးပြိုင်လို့မရဘူး။"
ထိုသူသည် နားလည်မှုလွဲမှားခဲ့၏။ ဘေးနားတွင်ရပ်လျက်သော ညအင်ပါယာအား ဖုတ်လေသည့်ငါးပိ မရှိသလိုပင် သတ်မှတ်နေလေသည်။
"ဒါကပြိုင်ပွဲဝင်မယ့် ကျုပ်တပည့်ပဲ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"အင်း"
စုတ်တံနှင့်လူသည် နားလည်သွား၏။ ပြီးနောက်ပြောလိုက်သည်။ "နာမည်နဲ့အသက်"
"ရီရှင်းချန် … ဆယ့်ရှစ်"
"ဘုတ်"
ဝင်ခွင့်ဖောင်တွင် စာရင်းပေးသွင်းပြီးသည့်နောက် တံဆိပ်တုံးကို ထုနှက်လိုက်သည်။ ပြီးနောက် စုတ်တံနှင့်လူသည် ပါဝင်ယှဉ်ပြိုင်မည့်ကဒ်ပြားအား ထုတ်ယူကာ ပြောလိုက်၏။ "မနက်ဖြန်မနက် ဒီနေရာမှာစုဝေးမယ်။ဒါပေမဲ့ …. "
သူသည် ခဏလောက်ရပ်ကာပြောလိုက်သည်။ "ဖင်းယန်နိုင်ငံရဲ့သိုင်းပြိုင်ပွဲက တစ်ခြားနိုင်ငံမှာရှိတဲ့တပည့်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆွဲဆောင်မှုရှိတယ်ဆိုတာ အမှန်ပဲ။ မင်းတို့ဂိုဏ်းက တစ်ခြားနိုင်ငံ ကလာတာ။ဒီတော့ အထူးဧည့်ခံကြလိမ့်မယ်။"
ဤအရာသည် ကြင်နာ၍ သတိပေးခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "ကျုပ်နားလည်ပါပြီ။"
သူသည် ရီရှင်းချန်နှင့်အတူ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ စာရင်းပေးသွင်းရာနေရာတွင်ရှိနေသော ကျင့်ကြံသူများသည် စတင်၍ ပြောဆိုဆွေးနွေးကြ၏။
"သံမဏိအရိုးဂိုဏ်းက လာကြည့်တာမဟုတ်ဘူး။သိုင်းပြိုင်ပွဲကို ဝင်ပြိုင်တာပဲ။သူတို့က သတ္တိရှိတာပဲ။"
"လွန်ခဲ့တဲ့နှစ်နှစ်ကလည်း တစ်ခြားနိုင်ငံရဲ့ အဆင့်ခြောက်ဂိုဏ်းတစ်ခုက တပည့်ဆယ်ယောက်ကိုခေါ်ပြီး လာပြိုင်သေးတယ်လေ။နောက်ဆုံးပေါ့ ပထမအချီမှာပဲ အကုန်ရှုံးသွားကြတယ်။"
"ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဖင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲကို ဖင်းယန်နိုင်ငံကလူတွေပဲ အနိုင်ယူရမယ်။ တစ်ခြားနိုင်ငံကလူတွေ လာရင် အကုန်လုံးစုပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်မှဖြစ်မယ်။"
"သံမဏိအရိုးဂိုဏ်းက တပည့်တစ်ယောက်တည်း ဝင်ပြိုင်တာ။သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့်မှာ သူတို့ ထွက်ခွာသွားနိုင်တယ်။"
ထိုကိစ္စနှင့်ပတ်သက်၍ ငြင်းမည့်လူမရှိပေ။
သိ့းပေမဲ့ ကျားသစ်နက်ကြီးအား လက်သီးတစ်ချက်တည်းနှင့် မြေပေါ်လဲကျသွားအောင် ထိုးနှက်နိုင်သည့် ရီရှင်းချန်၏ အားအင်ကို မြင်တွေ့ပြီးသည့်လူများမှာတော့ ကြောက်ရွံ့လျက်ရှိ၏။
သို့ပေမဲ့ ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသည် အလွန်တရာ ထူးခြားလှ၏။ သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် တည်နေရာတစ်ခုထဲ၌ နေထိုင်ရင်း လူရာချီ စုပေါင်းတိုက်ခိုက်ရခြင်းဖြစ်၏။ နောက်ဆုံးကျန်ရှိသည့်လူသာလျှင် ဒုတိယအကျော့သို့ တက်ရောက်နိုင်စွမ်းရှိသည်။
တစ်ခြားနိုင်ငံမှ လူတစ်ယောက် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် အားလုံး၏ ပစ်မှတ်ထားခြင်းကိုခံရမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်အားခေါ်ဆောင်၍ စားသောက်ဆိုင်တစ်ခုထဲတွင် နေထိုင်စေသည်။
နောက်တစ်ရက် မိုးလင်းချိန်မှာတော့ သူတို့သည် သိုင်းပြိုင်ပွဲရှိရာသို့ သွားလိုက်ကြသည်။
ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသည် အလွန်တရာကြီးမားလှသော ကွင်းပြင်ကြီးတွင် ပြုလုပ်ခြင်းဖြစ်ပြီး လူနှစ်သိန်းသုံးသိန်းလောက် ကြည့်ရှုနိုင်သည့် ပွဲကြည့်စင်များလည်းရှိ၏။
ထုံးစံအတိုင်းပင် ဂိုဏ်း၏အကြီးအကဲများ ကြည့်ရှုရာနေရာမှာတော့ ကျွင်းချောင်ရှောင်းသည် တစ်ခြားသောဂိုဏ်းများမှ အကြီးအကဲများနှင့်အတူ နေရာရရှိခဲ့သည်။
ခဏလောက်ကြာတော့ ရီရှင်းချန်သည်လည်း သိုင်းပြိုင်ပွဲအတွင်းရှိ တည်နေရာကြီးရှစ်ခုထဲမှ တစ်ခုထဲတွင် ရပ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် တည်နေရာကြီးရှစ်ခုအား ငုံကြည့်ကာ တီးတိုးရေရွတ်လိုက်မိသည် "ဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့လူတွေက နှစ်ထောင်လောက်ရှိတယ်။ဒီထဲမှာ တည်နေရာတစ်ခုကို လူသုံးရာလောက် ဝင်ရောက်တိုက်ခိုက်ရမယ့်ပုံမှာရှိတယ်။ ဒီက သိုင်းပြိုင်ပွဲက ချင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲထပ်ပိုပြီးတော့ အဆင့်မြင့်ပြီး ကြီးမားလွန်းတာပဲ။"