အခန်း (၂၄၀)
Vol. 17 Ch. 240
ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသည် လူတစ်ရာကျော်လောက်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်၏။ သို့ပေမဲ့ ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲမှာတော့ လူနှစ်ထောင်ကျော်လောက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ထိုအရာသည်မှာ အဆင့်ကိုးနှင့် အဆင့်ရှစ်နိုင်ငံနှစ်ခုကြား ခြားနားမှုပင် ဖြစ်ပေလိမ့်မည်။
ပါဝင်ယှဉ်ပြိုင်သူများသည်သာမက အားလုံးသည်လည်း အလွန်အမင်း အားကောင်းကြသည်။
ကျွင်းချောင်ရှောင်းသည် သူ၏နေကာမျက်မှန်ကို ထုတ်တပ်၍ ကြည့်ရှုလိုက်ချိန်မှာတော့ အားအနည်းဆုံး ပြိုင်ပွဲဝင်သူပင်လျှင် သိုင်းတပည့် အဆင့်တစ်ရှိကြောင်း သတိပြုမိ၏။ သိုင်းတပည့် အဆင့်လေး နှင့် အဆင့်ငါး ကျင့်ကြံသူများမှာ အများအပြားရှိပြီး သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူလေးယောက်တောင်မှ ပါဝင်နေသေး၏။
ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် သိုင်းတပည့်ပထမ နှင့် ဒုတိယအဆင့် ကျင့်ကြံသူများသည် ဗိုလ်စွဲရန်အတွက် အလေးပေးမှုအများဆုံးဖြစ်သော်လည်း ဤနေရာမှာတော့ အနိမ့်ဆုံး ပြိုင်ပွဲဝင်အဆင့်များ ဖြစ်လို့နေ၏။
ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသည် ပါဝင်ယှဉ်ပြိုင်သူများအနေနှင့် အသက်နှစ်ဆယ်အောက် ရှိရန်လိုပြီး ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်သူများသည် အသက်ဆယ့်ရှစ်နှစ်အောက်ရှိရမည်ဟု သတ်မှတ်ထား သည်။
နှစ်နှစ်ဆိုသည့် အချိန်ကာလ ကွာခြားချက်အတွင်း အားအင်အဆင့်တွေ ကွာခြားသွားသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်လိမ့်မည်။
သို့ပေမဲ့ အဆင့်ရှစ်နိုင်ငံ၏ အရင်းအမြစ်များနှင့် စဉ်းစားကြည့်မည်ဆိုလျှင် ချင်းယန်နိုင်ငံထက် အလွန်အမင်း အားကောင်းကြမည်ဆိုသည်မှာ သံသယပင်ရှိရန်မလိုပေ။
"ဟမ်"
ဘေးတစ်ဖက်တွင်ထိုင်လျက်ရှိသော ကျင့်ကြံသူတစ်ယောက်သည် တီးတိုးပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်းချုပ်က ဘာကြီးကို မျက်လုံးမှာတပ်ထားတာလဲ။"
"ဟမ့်"
အဆင့်မြင့်ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်တစ်ယောက်သည် အထင်အမြင်သေးသလို ပြောလိုက်၏။ "လူရှိန်အောင်လုပ်ထားတာနေမှာပေါ့။"
"အဆင့်ကိုးနိုင်ငံရဲ့ အဆင့်ရှစ်ဂိုဏ်းတစ်ခုက ကျုပ်တို့ ဖင်းယန်နိုင်ငံကိုမှလာပြီး သိုင်းပြိုင်ရဲတယ်။ သူ့ဆီမှာ ဘယ်လိုလုပ် အဲ့လိုသတ္တိမျိုးရှိနေတာလဲ။"
"သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်းကို စိန်ခေါ်ပြီး အနိုင်ရခဲ့ဖူးတယ်လို ကျုပ်ကြားခဲ့ဖူးတယ်။"
"ဒီကိစ္စကို ဒီအဖိုးကြီးလည်းကြားတယ်။ သူက တပည့်ခုနစ်ယောက်ကို ခေါ်သွားခဲ့တယ်လေ။ယှဉ်ပြိုင်ပွဲ ခုနစ်ခုလုံးကို တိုက်ခိုက်အနိုင်ယူခဲ့တယ်ပြောတယ်။ ပြီးတော့ ဂိုဏ်းချုပ်ချင်တောင်မှ သူ့ကိုရှုံးခဲ့သေးတယ်တဲ့။"
"မဖြစ်နိုင်ဘူး အဆင့်ရှစ်ဂိုဏ်းတစ်ခုက ဘယ်လိုလုပ် ဒီလိုအားကောင်းမှာလဲ။"
စွေ့ယန်မြို့ ၏ မြို့တော်ဝန်သည် သိုင်းပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းပြနေစဉ်မှာတော့ ဂိုဏ်းအသီးသီးရှိ ကျင့်ကြံသူများသည် ပြောဆိုဆွေးနွေးလျက်ရှိကြသည်။
သံမဏိအရိုးဂိုဏ်းသည် ဟောင်ချီဂိုဏ်းအား အနိုင်ယူခဲ့သည်ဆိုသည်လည်း သူတို့အနေနှင့် ယုံကြည်ရန် ခက်ခဲနေသည်။ တကယ်လည်း မယုံကြည်နိုင်စရာပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သိုင်းပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို သေသေချာချာနားထောင်နေ၏။
ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲ ပထမအဆင့် စည်းမျဉ်းမှာ အလွန်တရာ ရိုးရှင်းလှသည်။
တည်နေရာရှစ်ခု ခွဲခြားထားမည်ဖြစ်ပြီး တစ်ခုချင်းစီတွင် လူပေါင်းများစွာသည် ဝင်ရောက်၍ တိုက်ခိုက်ရမည်ဖြစ်၏။
နှစ်နာရီကျော် တိုက်ခိုက်ပြီး နောက်ဆုံးကျန်ခဲ့သော လူသာလျှင် ဒုတိယအဆင့်သို့ တက်ရောက်နိုင်မည ဖြစ်သည်။
တည်နေရာတစ်ခုချင်းစီတွင် အနည်းဆုံး လူသုံးရာလောက်ရှိ၏။ အလွန်တရာ ရှုပ်ထွေးလှသော တိုက်ပွဲကြီးကို ကြည့်ရှုရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းနေပေလိမ့်မည်။
စွေ့ယန်မြို့၏ မြို့တော်ဝန်သည် စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပြီးသည့်နောက် ပါဝင်ယှဉ်ပြိုင်မည့်သူများ၏ နာမည်ကို စတင်၍ အော်ခေါ်တော့၏။
"ကြိုးကြာတောင်ဂိုဏ်း - ရှုကိုင်"
"စာကလေးဂိုဏ်း ……"
"ချင်းယန်နိုင်ငံ သံမဏိအရိုးဂိုဏ်း - ရီရှင်းချန်"
"ရှိပါတယ်။" ရီရှင်းချန်သည် ပျင်းရိစွာ ပြောလိုက်၏။
ပါဝင်ယှဉ်ပြိုင်သူများကို အတည်ပြုနေသည့်အချက်သာ မဟုတ်လျှင် သူသည် ပြန်၍ ဖြေနေမည်မဟုတ်ပေ။ အလွန်တရာ ပျင်းဖိုကောင်းသည့် ပြိုင်ပွဲဖြစ်ကြောင်း သူ ကြိုတင် သိရှိနေသည်။
သို့ပေမဲ့ ကြည့်ရှုနေသည်များအားလုံးဆီ၌ ဆူညံသည့်အသံများ ထွက်ပေါ်လာခဲ့သည်။
အားလုံးသည် ရီရှင်းချန်အားကြည့်ရင်း တီးတိုးဆွေးနွေးလျက်ရှိကြ၏။ "ချီးတဲ့မှ ….. တစ်ခြားနိုင်ငံ ကလူတောင်မှ ဒီနှစ်လာပြိုင်ပါလား။"
"အဆင့်ကိုး ချင်းယန်နိုင်ငံကဟုတ်လား။အဆင့်ရှစ် သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်းကိုနိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုမဟုတ်လား။"
"အဆင့်ကိုးနိုင်ငံရဲ့အဆင့်ရှစ်ဂိုဏ်းတစ်ခုက လာပြီးပြိုင်တယ်ဆိုတော့ သူတို့က သူတို့ကိုယ်သူတို့ အထင်ကြီးနေတာပဲ ဖြစ်နေရမယ်။"
များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးလျက်ရှိကြ၏။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် ဟောင်ချီဂိုဏ်းကို အနိုင်ယူခဲ့သည် ဆိုလျှင်တောင်မှ သူတို့သည် မျက်စိထဲတွင် မထည့်ကြပေ။
အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်နိုင်ငံ နှင့် အဆင့်နိမ့်ဂိုဏ်းများ၏ကိစ္စရပ်များအား သူတို့ အထင်မကြီးကြချေ။
"ချင်းယန်နိုင်ငံရဲ့ သံမဏိအရိုးဂိုဏ်း ဘယ်လောက်သတ္တိကောင်းလို့ လာပြိုင်တာလဲ။"
"ပြိုင်ပွဲစပြီဆိုမှ ငါတို့အကြောင်းကို ပြလိုက်ကြမယ်။"
ပါဝင်ယှဉ်ပြိုင်နေကြသော ဂိုဏ်းအသီးသီးရှိ တပည့်များအားလုံးသည်လည်း တီးတိုးပြောဆိုလိုက်ကြ၏။
ရီရှင်းချန်၏ ဘေးတွင်ရပ်လျက်ရှိသော သိုင်းပညာရှင်တစ်ယောက်က တီးတိုးပြောလိုက်သည်။
"မင်းက ချင်းယန်နိုင်ငံကကိုး။ဒ့ကြောင့် ငါမင်းကို မသိတာပဲ။"
တည်နေရာထဲမှာရှိသော တစ်ခြားသော ပြိုင်ပွဲဝင်များသည်လည်း မျက်နှာပေါ်တွင် မထိလေးစားသည့် ဟန်ပန်များ ဖြစ်ပေါ်လာကြသည်။
ဤလူငယ်လေးသည် ပြိုင်ပွဲစသည်ဆိုသည်နှင့် ပထမဦးဆုံး ရှုးနိမ့်ကာ ထွက်ခွာသွားရမည်ဖြစ်ကြောင်း သူတို့ အတည်ပြုမိလိုက်ကြ၏။
အားလုံး၏မျက်လုံးထဲမှာ အထင်မြင်သေးမှုများကို မြင်တော့ ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ "အမှိုက်ကောင်တွေ"
ပွဲကြည့်စင်မြင့်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။
"ရှင်းချန် ပထမပွဲကို နိုင်အောင်လုပ်။"
မကြာမီမှာပဲ နာမည်စာရင်းအော်ခေါ်မှုသည် ပြီးဆုံးသွားခဲ့သည်။
ဖင်းယန်နိုင်ငံမှ ကျင့်ကြံသူများသည် သံမဏိအရိုးဂိုဏ်းမှ ဒုတိယမြောက်ပြိုင်ပွဲဝင်၏နာမည်ကို မကြားရှိရသောကြောင့် အံ့အားသင့်မိနေ၏။
နောက်ဆုံးမှာတော့ သူတို့သည် သံမဏိအရိုးဂိုဏ်းအနေနှင့် လူတစ်ယောက်တည်း သာ လာရောက်ယှဉ်ပြိုင်ကြောင်း သိရှိသွားကြသည်။
အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် ပြိုင်ပွဲဝင်ရန် တပည့်တစ်ယောက်ထဲကိုစေလွှတ်ခဲ့၏။ မည်မျှ ရယ်စရာကောင်းလိုက်သနည်း။
"ဂိုဏ်းချုပ်ကျွင်း ….."
သူ၏ဘေးတွင်ရှိသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပြုံးကာပြောလိုက်၏။
"တပည့်တစ်ယောက်ကို ဒီထိ ခေါ်လာပြီး သိုင်းပြိုင်ပွဲကို ဝင်ပြိုင်စေတယ်ဆိုတော့ ကျုပ်တကယ်ပဲ ခင်ဗျားကို ချီးကျူးမိတယ်။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဟုတ်တာပေါ့။"
သက်လတ်ပိုင်းလူသည် ဦးခေါင်းကို ခါရမ်းလိုက်မိ၏။
နောက်ဆုံးအကြိမ်တုန်းက တစ်ခြားနိုင်ငံမှ အဆင့်ခြောက်ဂိုဏ်းတစ်ခုသည် လာရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။။
ထိုဂိုဏ်း၏ တပည့်ဆယ်ယောက်တို့သည် ပထမဦးဆုံးအကျော့မှာပဲ ရှုံးနိမ့်ကာ ထွက်ခွာသွားခဲ့ရ၏။ ယခု သံမဏိအရိုးဂိုဏ်းသည် တပည့်တစ်ယောက်ထဲကို ခေါ်ဆောင်လာခဲ့၏ လာနောက်နေသည်နှင့် တူညီသည်ဟု ထင်မှတ်မိ၏။
"အကြီးအကဲချီ"
တစ်စုံတစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ "ပြိုင်ပွဲစပြီဆိုတာနဲ့ တည်နေရာသုံးမှာ စိတ်လှုပ်ရှားစရာတွေ မြင်ရတော့မယ်နဲ့တူတယ်။"
"ဟုတ်တယ်…. အချိန်ရောက်လာရင် လူပေါင်းသုံးရာလောက်က လူတစ်ယောက်တည်း ကို အုပ်စုဖွဲ့ ရိုက်နှက်တော့မယ်။"
"ခုနစ်မိနစ်ထက်ကြာအောင် ခံနိုင်ရင်ကို တော်တော်ကံကောင်းပြီပဲ။"
များပြားလှသော ကျင့်ကြံသူများသည် ရယ်မောလိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား လျစ်လျူရှုကာ ပြောလိုက်သည်။ "ရှင်းချန် .. ငါ့ကိုစိတ်မပျက်စေနဲ့။"
ထိုအချိန်မှာပဲ စွေ့ယန်မြို့၏ မြို့တော်ဝန်သည် ကျယ်လောင်စွာနှင့် ကြေညာလိုက်၏။
"ဖင်းယန်မြို့၏ ခြောက်ဆယ့်ခြောက်ကြိမ်မြောက် သိုင်းပြိုင်ပွဲကို တရားဝင်စတင်ပြီ။ပါဝင်ယှဉ်ပြိုင်တဲ့သူများ ကျေးဇူးပြုပြီး မိမိရဲ့ သတ်မှတ်ထားတဲ့ တည်နေရာထဲကို ဝင်ရောက်ကြပါ။"
"စတော့မယ် ငါမစောင့်နိုင်တော့ဘူး။"
"ဒီတစ်ကြိမ်ဝင်ပြိုင်တဲ့လူတွေရဲ့ အားအင်အဆင့်က မဆိုးဘူး စိတ်လှုပ်ရှားစရာပဲ။"
............
စုစုပေါင်းတိုက်ခိုက်နိုင်သော တည်နေရာရှစ်ခု ရှိ၏။
တည်နေရာတစ်ခုသည် ဘောလုံးကွင်းကြီးတစ်ခုစာလောက် ကြီးမားသည်။
သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြုသော ရီရှင်းချန်သည် တတိယမြောက်တည်နေရာတွင် နေရာရခဲ့၏။
သူ လှမ်းလျှောက်လာစဉ်မှာတော့ ပြိုင်ပွဲဝင်သုံးရာလောက်သည် သူ့အား ကြည့်ရှုလျက်ရှိကြသည်။
သူသည် တစ်ခြားနိုင်ငံမှ ပြိုင်ပွဲဝင်ဖြစ်သောကြောင့် အားလုံးသည် သူ့အား ပစ်မှတ်ထားကြသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
ဤအရာသည် အနိုင်ကျင့်ခြင်းနှင့်ပင် မတူညီဘူးလား။
သို့ပေမဲ့ မည်သို့မှ ပြုလုပ်၍ မရချေ။ ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲစည်းမျဉ်းသည် ဤသို့ပင်ဖြစ်၏။
ရီရှင်းချန်သည် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားလိုက်ပြီးကတည်းက ဤကဲ့သို့ ပစ်မှတ်ထားခံရမည်ဆိုသည်ကို ကြိုတင်စဉ်းစားမိပြီးဖြစ်သည်။
"ကောင်လေး"
ပြိုင်ပွဲဝင်တစ်ယောက်သည် ရီရှင်းချန်အနားသို့ လျှောက်လာပြီး အသာရယ်ကာပြောလိုက်သည်။ "ပြိုင်ပွဲစပြီဆိုရင် မငိုနဲ့နော်။"
"ငိုရမှာဟုတ်လား။"
ရီရှင်းချန်သည် ထိုသူအား တေးမှတ်ထားလိုက်၏။
အားလုံးသည် တည်နေရာတစ်ခုထဲတွင် နေရာယူလိုက်ကြပြီး တည်နေရာရှစ်ခုစာအတွက် ပြိုင်ပွဲဝင်မှာ လူနှစ်ထောင်ကျော်ရှိနေသည်။
"ပထမအချီစမယ်။"
ခဏလောက်ကြာတဲ့အချိန်မှာတော့ စွေ့ယန်မြို့၏ မြို့တော်ဝန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဟူး"
ချက်ချင်းဆိုသလိုပဲ တည်နေရာရှစ်ခုလုံးတွင်ရှိသော ပြိုင်ပွဲဝင်များအားလုံးသည် သူတို့၏ အားအကုန် ကို ထုတ်ဖော်၍ တိုက်ခိုက်ကြတော့သည်။
စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိပြီး အလွန်အမင်းကြည့်ကောင်းသော သိုင်းပြိုင်ပွဲကြီး တရားဝင်စတင်ခဲ့ပြီဖြစ်၏။
ပြိုင်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူတော်တော်များများ၏ မျက်လုံးများသည် တည်နေရာသုံး၌ ရောက်ရှိနေကြသည်။
ထိုနေရာတွင်တော့ ရီရှင်းချန်ရှိလို့နေသည်။
"ဝှစ်"
တည်နေရာသုံးထဲတွင်ရှိသော ကျင့်ကြံသူတစ်ယောက်သည် အစဦးဆုံး ဦးဆောင်၍ တိုက်ခိုက်လိုက်တော့သည်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖွဲစည်းထားသော လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လိုက်၏။
"ဘုတ်"
ရီရှင်းချန်သည် အသာလှည့်ကာဖြင့် လက်သီးအား လက်တစ်ဖက်ဖြင့် အသာလှမ်းဖမ်းထားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "အမှိုက်"
"ဒါက …"
ပြိုင်ပွဲဝင်၏ မျက်နှာသည် ပြောင်းလဲသွား၏။
"ခရက်"
ရီရှင်းချန်သည် သူ၏လက်ကား အားထည့်၍ ဆုပ်လိုက်ချိန်မှာတော့ အရိုးကျိုးသံများသည် ထွက်ပေါ်လာတော့သည်။
ပြီးနောက် သူသည် အသာနောက်သို ကွေးညွတ်၍ အခြားသူတစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ပြီးနောက် တစ်ခါတည်း တစ်ဖက်လူ၏ နံကြားသို့ ဖြတ်ကန်လိုက်တော့၏။
"ဘန်း"
"ခရက်"
လာရောက်တိုက်ခိုက်သော ဒုတိယမြောက် ပြိုင်ပွဲဝင်သည် ရင်ဘတ်အား အကန်ခံလိုက်ရပြီး သူ၏နံရိုး အများအပြားသည် ကျိုးသွားတော့သည်။
"အား"
ပြိုင်ပွဲဝင်နှစ်ယောက်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။
"ဆွစ်"
ရီရှင်းချန်သည် လက်ကိုဆွဲထားသော ပြိုင်ပွဲဝင်အား အဝေးတစ်နေရာသို့ ပစ်လွှတ်လိုက်သည်။
ထို့နောက် သူသည် နဂါးရွေ့လျားခြင်းနည်းလမ်းကို အသုံးပြု၍ ကျင့်ကြံသူတစ်ယောက်၏ရှေ့၌ ပေါ်လာသည်။ သူသည် ထိုကျင့်ကြံသူ၏ ဘယ်ဘက်ပုခုံးအား အသာဖမ်းဆုပ်၍ မထီမဲ့မြင်ပြုံးလိုက်သည်။ "မင်းကတော့ ငိုဖိုအချိန်တောင်မရှိတော့ဘူး။"
"ခရက်"
"အားး ….."
ပုခုံးရိုးကျိုးသွားသော ပြိုင်ပွဲဝင်သည် အလွန်အမင်း နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။
သူ၏မျက်လုံးထဲမှာတော့ မျက်ရည်တွေဝိုင်းလာသည်။ နာကျင်မှုသည် အလွန်တရာ ကြီးမားလွန်းသောကြောင့် မျက်ရည်များ မကျဆင်းရသေးခင်မှာဘဲ ၎င်းသည် မြေပေါ်သို့ လဲကျ၍ သတိမေ့မြောသွားတော့သည်။
"ဘုန်း …. ဘုန်း"
ရီရှင်းချန်သည် အသာလှည့်၍ လက်သီးနှစ်ဖက်ကို အသုံးပြုကာ ပြိုင်ပွဲဝင်နှစ်ယောက်အား အနောက်သို့ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်၏။
ပြီးနောက် တိုက်ခိုက်ရေး တည်နေရာတွင် မတ်မတ်ရပ်ရင်း သူ၏ရှေ့တွင်ရှိသော လူသုံးရာကျော်တို့အား ကြည့်ရှုကာ ထူးမခြားနားသလို ပြောလိုက်သည်။ "အမှိုက်ကောင်တွေ လာတိုက်ကြစမ်း။"