အခန်း (၂၄၁)
Vol. 17 Ch. 241
ပြိုင်ပွဲစပြီ ဆိုတာနှင့် ရီရှင်းချန်သည် ပြိုင်ပွဲဝင် သုံးဦးအား တိုက်ရိုက်ပဲ ရိုက်ချိုးခဲ့၏။ သူ၏ အမြန်နှုန်း ရက်စက်တတ်မှုသည် ကြည့်ရှုနေကြသောသိုင်းပညာရှင်များအား မျက်လုံး အပြူးသား ဖြစ်စေခဲ့သည်။
အမှိုက်ကောင်တွေ .. လာပြီး တိုက်ခိုက်စမ်း။
ထိုစကားလုံးသည် ဖင်းယန်နိုင်ငံအတွင်းရှိ ကျင့်ကြံသူများ၏ နှလုံးသားထဲရှိ ဒေါသတရားများအား နှိုးဆွစေခဲ့သည်။
အဆင့်ကိုး နိုင်ငံတစ်ခုမှ အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် အလွန်မောက်မာသော ပြိုင်ပွဲဝင် တစ်ယောက်ကို စေလွတ်ခဲ့သည်။ သည်းခံနိုင်စရာမရှိပေ။
ရီရှင်းချန် တစ်ယောက် ပြိုင်ပွဲဝင် သုံးဦးတို့၏ လက်နှင့် နံရိုးများအား ချိုးလိုက်သည်ကို မြင်တော့ တတိယ တည်နေရာထဲရှိ ပြိုင်ပွဲဝင်များ အားလုံးတို့သည် အနည်းငယ် စိုးရွံ့သွားကြသည်။ သို့ပေမဲ့ အမှိုက်ကောင်တွေ လာ .. တိုက်ခိုက်စမ်း ဆိုသော စကားလုံးကို ကြားရချိန်မှာတော့ သူတို့တွေသည် ဒေါသတွေ ထိန်းမနိုင်ဖြစ်မိနေကြသည်။
သွား …။
ကောင်းကောင်း ရိုက်နှက်ကြစမ်း။
ဝှစ် …
ပြိုင်ပွဲဝင် ဆယ်ယောက်ကျော်တို့သည် မတူညီသော နေရာအသီးသီးဆီမှ ရီရှင်းချန် ထံသို့ ပြေးဝင်လာသည်။ သူတို့သည် လက်သီး၊ လက်ဝါး ၊ ခြေကန်ချက်များနှင့် တိုက်ခိုက်လိုက်ကြ၏။
ရီရှင်းချန်သည် မျက်ခုံးပင့်လိုက်သည် ။
နဂါးရွေ့ပြောင်းခြင်း ခြေလှမ်းကို အသုံးပြု၍ ပြိုင်ပွဲဝင် နှစ်ယောက် အနီးသို့ တိုးကပ်လိုက်သည်။ ပြီးနောက် လက်သီးနှစ်ချက် ထိုးလွှတ်၍ နှစ်ယောက်စလုံးအား အဝေးသို့ လွင့်စင်သွားစေ၏။
အောင်မြင်စွာ တိုက်ခိုက်ပြီးနောက်တွင်တော့ ရီရှင်းချန်သည် တွန့်ဆုတ်မနေပေ။ အနောက်ဘက်မှ တိုက်ခိုက်လာသူများ၏ တိုက်ခိုက်ချက်ကို ရှောင်ရှားပြီး ပေါက်ကွဲလက်သီးကို အသုံးပြု၍ ဆက်လက် တိုက်ခိုက်လိုက်သည်။
ဘန်း …ဘန်း ..ဘန်း ..။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပျံ့နှံ့သွားပြီး သူ့အား တိုက်ခိုက်လာသူများအားလုံးသည် အဝေးသို့ လွင့်စင် သွားကြ၏။
ရီရှင်းချန်၏ တိုက်ခိုက်ချက်များသည် အလွန်အမင်း အားပါသည်။ လွင့်စင်သွားသော ပြိုင်ပွဲဝင်တိုင်းသည် သွေးအန်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားကာ မည်သို့မှ ဆက်လက် မတိုက်ခိုက်နိုင်ကြတော့ချေ။
ပြိုင်ပွဲ၏ စည်းမျဉ်းတွင် အသေမသတ်ရဟူသော စည်းမျဉ်းသာမရှိလျှင် သူသည် အားလုံးကို သတ်ဖြတ်မိမှာ သေချာသည်။
သို့ပေမဲ့ …
လက်ရှိတွင် ပြိုင်ပွဲဝင် သုံးရာခန့် ရှိသေးသည်။
ထို့ကြောင့် တိုက်ပွဲသည် အခုမှ စတင်သည်ဟု သတ်မှတ်ရမှာ ဖြစ်၏။
ဝှစ် .. ဝှစ် ..။
များပြားလှသော ပြိုင်ပွဲဝင်များသည် ရှေ့သို့တိုးဝင်ကာ တိုက်ခိုက်လာကြသည်။
သူ့တို့၏ နယ်မြေတွင် အဆင့်ကိုး နိုင်ငံတစ်ခုမှ အဆင့်ရှစ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းသားတစ်ယောက် လာရောက် စော်ကားမော်ကား ပြောဆိုနေသည်ကို ပြုံးကြည့်နေရန် သူတို့သည် သူတော်စင်များ မဟုတ်ကြချေ။
ကျွင်းချောင်ရှောင်းမှာတော့ လူရာပေါင်းများစွာ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည့် တပည့်ဖြစ်သူအား ကြည့်၍ ပျော်ရွှင်နေမိသည် ။
“ဂိုဏ်းချုပ်ကျွင်း …”
သူ့ဘေးနားတွင် ရှိနေသာ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည် “ခင်ဗျားတပည့်က တော်တော် အားကောင်းတယ်။ ဆိုးတာက လူအများကြီးနဲ့ တိုက်ခိုက်ရမှာပဲ။ မနှေးနဲ့ မမြန်ဆိုသလို သူတော့ ထွက်ရမှာပဲ”
“အင်း .. ဖြစ်နိုင်ပါတယ်”
ကျွင်းချောင်ရှောင်း လက်ပိုက်ကာ ရယ်နေလိုက်သည်။
ဘန်း …. ဘန်း..။
တတိယတည်နေရာထဲမှာတော့ ရီရှင်းချန်သည် တစ်ယောက်တည်း ဆက်လက်တိုက်ခိုက်နေသည်။ သူတိုက်ခိုက်လိုက်တိုင်း ပြိုင်ဘက်တစ်ယောက်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားသည်ချည်း ဖြစ်သည်။ သူ၏ လှုပ်ရှားတိုက်ခိုက်မှုများမှာ အလွန်သွက်လက်လွန်းလှ၏။
သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံ များပြားမှု နှင့် ပြိုင်ဘက်များထက် အစစ အရာရာ သန်မာမှုတို့ကို အခြေခံ၍ ညအင်ပါယာသည် ပြိုင်ပွဲဝင် သုံးရာကျော်နှင့် ရင်ဆိုင်နေရသည် ဆိုသော်လည်း တစ်ချက်ကလေးမှ မစိုးရွံ့ချေ။
ဤနေရာတွင် လီချင်းယန် နှင့် ရှောင်ကျီ တို့ ဖြစ်မည် ဆိုပါက များပြားလှသော ပြိုင်ပွဲဝင်များနှင့် တိုက်ခိုက်ရမည် ဖြစ်သောကြောင့် အရမ်းခက်ခဲနေပေလိမ့်မည်။
ဘန်း ..ဘန်း ..။
ပေါက်ကွဲလက်သီး၊ တောင်ဖြိုလက်ဝါး တို့ကို ထပ်ဖန်တလဲလဲ အသုံးပြုပြီး ရီရှင်းချန်သည် ရန်သူပေါင်းများစွာ၏ အလယ်သို့ ရောက်ရှိပြီး အစွမ်းပြလျက်ရှိသော စစ်နတ်ဘုရား တစ်ပါး လိုပင်။
တစ်ယောက်ချင်းစီတိုင်းအား အဝေးသို့ လွင့်စင်အောင် အားသုံးတိုက်ခိုက်နေသည်။
အချိန်တိုအတွင်းမှာပဲ ပြိုင်ပွဲဝင် ငါးဆယ်ကျော်တို့သည် ဆက်လက်မတိုက်ခိုက်နိုင်ကြတော့ပေ။
“ဒါက …” အောက်မှ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။
သံမဏိအရိုးဂိုဏ်း တပည့်သည် လူတစ်ယောက်လျှက် လက်သီးတစ်ချက်ကိုသာ အသုံးပြုသည်။ ဤကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။
သို့ပေမဲ့ တည်နေရာထဲတွင် ပြိုင်ပွဲဝင် နှစ်ရာကျော် ကျန်ရှိနေသေးသည်။
ထို့အပြင် မည်မျှအားကောင်းသည် ဆိုဆို သံမဏိအရိုးဂိုဏ်း တပည့်သည် တစ်ယောက်တည်းဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် မောပန်း၍ ရှုံးနိမ့်ရမှာပင်။
ရီရှင်းချန်အား ဝိုင်းပတ် တိုက်ခိုက်နေသော ပြိုင်ပွဲဝင်များသည်လည်း ထိုသို့သော အတွေးကို တွေးမိကြသည်။ ထို့ကြောင့် ဆက်လက်တိုက်ခိုက်နေကြခြင်း ဖြစ်၏။ တည်နေရာက ကျပ်ညှပ်နေသည်သာ မဟုတ်ရင် အကုန်လုံး တပြိုင်နက်တည်း ဝင်၍ တိုက်ခိုက်မိမှာ သေချာသည်။ ယခုတော့ ဤသို့ ပြုလုပ်၍ မရေချေ။
တခြားသော တည်နေရာရှိ ပြိုင်ပွဲဝင်များသည်လည်း တိုက်ခိုက်နေကြသည်။
သို့ပေမဲ့ တတိယ တည်နေရာကသာ စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးနေနိုင်၏။ ထို့အပြင် ရီရှင်းချန်သည် တစ်ကိုယ်တည်း လူရာချီနှင့် တိုက်ခိုက်နေသည် မဟုတ်လား။
ပွဲကြည့်ပရိသတ်များ၏ မျက်လုံးများသည် တတိယ တည်နေရာတွင်သာ ရှိနေကြပြီး အားလုံးသည် ပယ်ပယ်နယ်နယ် ရိုက်နှက်လျက်ရှိသော သံမဏိအရိုးဂိုဏ်း တပည့်အား ကြည့်မိနေကြသည်။
“အရမ်း အားကောင်းလွန်းတယ်”
“ဒီကောင်က သိုင်းဆရာလား”
“သူနဲ့ တိုက်ခိုက်ခဲ့သူ ဘယ်သူမှ ထပ်ပြီး မတိုက်ခိုက်နိုင်တော့ဘူး။ တစ်ယောက်ကို တစ်ချက်ပဲ ချတယ်”
ရီရှင်းချန်ကြောင့် ပြိုင်ပွဲဝင်များ တစ်ယောက်ပြီး တစ်ယောက် လွင့်စင်သွားနေသည်ကို မြင်တော့ ကြည့်ရှုနေသူများသည် ပိုမို၍ ထိတ်လန့်လာမိကြ၏။
လူတွေအများကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် သံမဏိအရိုးဂိုဏ်းသားသည် အလွန်လျှင်မြန်စွာ ရွေ့လျား ရှောင်တိမ်းနိုင်ရုံတင်မကဘဲ တိကျသည့် တန်ပြန်တိုက်ခိုက်ချက်များအား ပြုလုပ်နိုင်နေသည်။
ထိုကောင်လေးဆီမှ သိုင်းတပည့်တစ်ယောက်၏ အော်ရာများသာ ထွက်ပေါ်မနေလျှင် သိုင်းစစ်သူကြီး တစ်ယောက် ဝင်ရောက်တိုက်ခိုက်နေသည်ဟု ထင်မှတ်မိမှာ သေချာ၏။
ရီရှင်းချန်၏ စွမ်းဆောင်ရည်သည် ကျွင်းချောင်ရှောင်းကိုပင် အံ့အားသင့်မိစေသည်။ ဒီကောင် တော်တော် အားကောင်းတာပဲ။
“တော်တော် ဆိုတာထက် ပိုပါတယ်” စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လက်ပိုက်၍ ပြုံးလိုက်သည် “ကြည့်ရတာ တတိယ တည်နေရာထဲမှာ ဒုတိယ အဆင့်ကို တက်လှမ်းနိုင်မယ်သူက တစ်ယောက်တည်း ရှိမယ်နဲ့ တူတယ်”
သူ့ဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက် က ထူးမခြားနားသလို ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ပွဲက အခုမှ စတာလေ ။ မပြီးသေးပါဘူး”
“ဟုတ်ပါတယ်လေ”
ကျွင်းချောင်ရှောင်း သဘောတူညီစွာ ပြန်ပြောလိုက်သည် “ပွဲကောင်းက အခုမှ စမှာ”
……
တတိယ တည်နေရာထဲမှာတော့ ..
ပြိုင်ပွဲဝင်မျာသည် ဆက်လက်တိုက်ခိုက်နေတုန်းပင် ဖြစ်သည်။
ရှီရှင်းချန်သည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။ သူ လှုပ်ရှားလိုက်တိုင်း တခြားပြိုင်ပွဲဝင်များသည် လွင့်စင်၍ မြေပေါ် လဲကျသွားရသည်။ သွေးများသည်လည်း ကြမ်းခမ်းတွင် ပွစာကျဲနေ၏။
ဆယ်မိနစ်လောက် ကြာမြင့်ပြီးချိန်မှာတော့ မြေပေါ်တွင် လဲလျောင်းနေသော ပြိုင်ပွဲဝင် အရေအတွက်မှာ ၁၅၀ ထိ ရောက်ရှိလာခဲ့သည်။
ရီရှင်းချန်သည် မမောပန်းရုံတင်မကဘဲ တိုက်ခိုက်ရာတွင် ပိုပို၍ အားတက်လာသေးသည်။ ကျန်သော ပြိုင်ပွဲဝင်များ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုအရိပ်အယောင်တွေက ပိုမို အားကောင်းလာ၏။
“ဒီကောင် အားကောင်းလွန်းတယ်”
“ငါ ရှေ့မတိုးချင်ဘူး။ တိုးရင် ခံရမှာပဲ”
ဖင်းယန်နိုင်ငံ ပြိုင်ပွဲဝင်များသည် သေချာစဉ်းစားလိုက်ကြသည်။ မည်သူကမှ အတင်းစွတ်တက်၍ အရိုက်နှက်ခံခြင်းကို မလုပ်ချင်ကြပေ။ သူတို့သည် ရှေ့တိုးမတိုက်ခိုက်ကြဘဲ ရီရှင်းချန်အား ဝိုင်းရံထားကြသည်။
“မင်းတို့မလာဘူးလား။ ဒါဆို ငါလာမယ်”
ဝှစ် … ဝှစ် ..။
ရီရှင်းချန်သည် နဂါးရွေ့ပြောင်းခြင်းခြေလှမ်းအား အသုံးပြု၍ လက်သီးတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ ရှေ့သို့၍ တစ်ယောက်ချင်းစီအား တိုက်ခိုက်တော့၏။
ရလဒ်အနေဖြင့် ပြိုင်ပွဲဝင်များသည် ကြောက်လန့်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။
“……….” ပွဲကြည့်ပရိသတ်များ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားကြ၏။
ပြိုင်ပွဲဝင်များသည် အရေအတွက် အများကြီး ရှိသည် ဆိုသော်လည်း တစ်ဦးတည်းကို ကြောက်လန့်လျက် ရှိနေကြသည်။ ထိုအရာသည် ရှက်ဖွယ်ရာ အတိပင်။
ကျွင်းချောင်ရှောင်း ပခုံးတွန့်ကာ စိတ်ပျက်သလို ပြောလိုက်သည် “ဖင်းယန်နိုင်ငံရဲ့ ပြိုင်ပွဲဝင်တွေက ငကြောက်တွေလား”
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် မျက်နှာပျက်ရွင်းသွားကြသည်။
ဘုန်း ..ဘုန်း ..။
ရီရှင်းချန်သည် ဆက်လက် ဝင်ရောက် တိုက်ခိုက်နေသည်။
ပြိုင်ပွဲတည်နေရသည် ဘောလုံးတစ်ကွင်းစာသာ ရှိသည်မို့ သူတို့သည် ဝေးဝေး ပြေး၍မရချေ။ ထို့ကြောင့် နောက်ဆုံးတွင် ဒဏ်ရာရ၍ မြေပေါ် လဲကျသွားရ၏။
ဘုတ် .. ဘုတ်..။
မိနစ် သုံးဆယ် ကြာပြီးသည့်နောက် …
သိုင်းတပည့် အဆင့်ကိုး ပြိုင်ပွဲဝင်သည် နာကျင်စွာနှင့် မြေပေါ်လဲနေပြီဖြစ်သည်။
“အမှိုက် ….” ရီရှင်းချန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
သူသည် အလွန်အမင်း မောက်မာ၏။ သို့ပေမဲ့ မောက်မာရလောက်သည့် အားအင်လည်း ရှိနေသည် ။
အဘယ့်ကြောင့် ဆိုသော် တတိယ တည်နေရာတွင် ရပ်တန့်နေသူမှာ သူတစ်ယောက်တည်း ဖြစ်ပြီး ကျန်သော ပြိုင်ပွဲဝင် သုံးရာကျော်တို့သည် မြေပေါ် လဲကာဖြင့် နာကျင်စွာ အော်ဟစ် ငြီးတွားလျက် ရှိနေကြ၏။
ပွဲကြည့်ပရိသတ်များသည် သံမဏိအရိုးဂိုဏ်းတပည့် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမည်ဟု ထင်မှတ်ထားကြသည်။ တကယ်တမ်းမှာတော့ အရိုက်ခံရသူများမှာ ဖင်းယန် နိုင်ငံ၏ ကျင့်ကြံသူများဖြစ်လို့နေသည် ကို မြင်လိုက်ရသည်။
ထို့အပြင် အားလုံးအား မရှုမလှဖြစ်အောင် ရိုက်နှက်သွားသည့်အချိန်မှာ တစ်နာရီပင် မပြည့်ချေ။ တစ်ယောက်ကို တစ်ချက်စီသာ တိုက်ခိုက်ခဲ့၏။
အရိုက်နှက်ခံလိုက်သူများထဲတွင် ယခုနှစ်ဗိုလ်ဆွဲရန် နံပါတ်တစ် ပြေးနေသော သိုင်းတပည့် အဆင့်ကိုး တပည့်လည်း ပါဝင်နေသည်ကို မြင်တော့ အားလုံးသည် ပိုမို၍ ဆွံ့အသွားမိသည်။
ကျွင်းချောင်ရှောင်း သူ့ဘေးနားရှိ အကြီးအကဲအားကြည့်ကာ ပြောလိုက်သည် “ပထမပွဲကောင်းကတော့ ပြီးသွားပြီနော်”
“…….” တခြားဂိုဏ်းမှ အကြီးအကဲ.
“ပထမ အဆင့်ကို ကျော်ဖြတ်ပြီး ဒုတိယ အဆင့်ကို တက်ရောက်လာသူက … ချင်းယန်နိုင်ငံ ၊ သံမဏိအရိုးဂိုဏ်း ၊ ရီရှင်းချန်” ဒိုင်လူကြီးသည် ကျယ်လောင်စွာ အော်ဟစ် ကြေညာလိုက်သည်။
ရီရှင်းချန်သည် တည်နေရာထဲမှ ထွက်လျှောက်လာပြီး ခပ်တည်တည်ဖြင့် ပြောလိုက်၏ “ဒီလို ပြိုင်ပွဲမျိုးကို လာပြိုင်ရတာက အချိန်ဖြုန်းတာနဲ့ တူတူပဲ”