← Chapters

အခန်း (၂၄၂)

Vol. 17 Ch. 242

အခန်း (၂၄၂)

Vol. 17 Ch. 242

ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲ ပထမအဆင့်၏ အချိန်သတ်မှတ်ချက်သည် နှစ်နာရီ ဖြစ်သည်။ နှစ်နာရီ အတွင်း တည်နေရာထဲတွင် မတ်မတ်ရပ်၍ ကျန်ရစ်ခဲ့သူသာလျှင် ဒုတိယအဆင့်ကို တက်ရောက်နိုင်လိမ့်မည်။ ရီရှင်းချန် သည် တတိယ တည်နေရာတွင် မတ်မတ်ရပ်နေသော တစ်ဦးတည်းသော လူသားဖြစ်သည်။ ထို့ကြောင့် ဒုတိယ အဆင့်သို့ တက်ရောက်သွားခဲ့သည်။

တခြားသော တည်နေရာ ခုနှစ်ခု မှ လူများကတော့ တိုက်ခိုက်နေကြတုန်းပင်။

နှစ်နာရီကြာ တိုက်ခိုက်ပြီးသည့်နောက် လူပေါင်းသုံးဆယ်ကျော်တို့သည် ဒုတိယအဆင့်သို့ တက်ရောက်လာခဲ့၏။

သူတို့တွေသည် သူတို့၏ တည်နေရာဆီမှ ထွက်ခွာလိုက်တော့ တတိယ တည်နေရာထဲတွင် ပြိုင်ပွဲဝင်ပေါင်းများစွာ လဲနေကြောင်းမြင်လိုက်ရပြီး အံ့အားသင့်မိသွားကြသည်။

သူတို့သည် သူတို့၏ ပြိုင်ပွဲအား အာရုံစူးစိုက်ထားသည်မို့ ရီရှင်းချန် တစ်ယောက် တခြားပြိုင်ပွဲဝင်များအား မည်ကဲ့သို့ ရိုက်နှက်ခဲ့ကြောင်း မသိခဲ့ကြချေ။

မဟုတ်ရင် သူတို့သည် တုန်လှုပ်သွားကြပေလိမ့်မည်။

ပထမအဆင့် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့သည်။

ခဏလောက် အနားယူပြီးသည့်နောက် နောက်တစ်ဆင့် တက်ရောက်သွားခဲ့သော ပြိုင်ပွဲဝင် များသည် သူတို့၏ ကတ်ပြားများအား ရွေးယူ၍ တစ်ဦးချင်းတိုက်ခိုက်မှုအတွက် မဲနှိုက်ရတော့၏။

ရှုပ်ထွေးလှသော လူပေါင်းများစွာ နှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက် ကျန်ရစ်ခဲ့သော သူများသည် သိုင်းတပည့် အဆင့်ငါး နှင့် အထက်တွင် ရှိသော ကျင့်ကြံသူများ ဖြစ်နေကြသည်။ ထို့ကြောင့် ဒုတိယအဆင့် တိုက်ပွဲသည် ပို၍ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလာပေလိမ့်မည်။

သို့ပေမဲ့ …

ကြိုးကြာတောင်ဂိုဏ်း၏ တပည့်သည် ရီရှင်းချန် နှင့် တိုက်ခိုက်ရန် ကျရောက်သည်ကို မြင်တော့ ကြိုးကြာတောင် ဂိုဏ်းမှ အကြီးအကဲများအားလုံးသည် ထိုင်ခုံပေါ်မှပင် ပြုတ်ကျကြသည်အထိ စိတ်ပျက်သွားမိ၏။

အလွန်ကံဆိုးခဲ့သည်။

ဗိုလ်ဆွဲရန် အလေးပေးမှု အများဆုံးဖြစ်သော သူကိုပင် ရီရှင်းချန်သည် တစ်ကွက်တည်း တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သိုင်းတပည့် အဆင့်ခြောက်သာ ဖြစ်သော သူတို့၏ တပည့်သည် အဘယ်သို့ နိုင်ပွဲ ရမည်နည်း။

“ဒုတိယ အဆင့် ပထမပွဲ စမယ်”

ဒိုင်လူကြီးက အော်လိုက်သည်။

ရီရှင်းချန် နှင့် ကြိုးကြာတောင်ဂိုဏ်း တပည့် တို့သည် တိုက်ခိုက်ရေးတည်နေရာ ဆီသို့ လျှောက်လာလိုက်သည်။

“စမယ်”

“ဝှစ် ….”

ကြိုးကြာတောင်ဂိုဏ်းတပည့်သည် ပထမဆုံး တိုက်ကွက်ကို စတင်လိုက်သည်။ သူသည် ကြိုးကြာ ခြေလှမ်းနှင့် ကြိုးကြာလက်သီးကို အသုံးပြု၍ ဘယ်ညာ လှုပ်ရှားပြီး မှန်းဆရခက်သော တိုက်ခိုက်မှုကို ပြုလုပ်လိုက်၏။

အရင်တုန်းကသာ ဆိုလျှင် ကြိုးကြာတောင်ဂိုဏ်း အကြီးအကဲများသည် စည်းစနစ်ကျလှသော သူတို့၏ ဂိုဏ်းတပည့် အတွက် ဂုဏ်ယူမှုအပြည့်နှင့် အားရပါးရ အော်ဟစ်အားပေးမိမှာ သေချာသည်။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ နှုတ်ခမ်းထောင့်တွေသာ တဆတ်ဆတ် တုန်လျက်ရှိနေသည်။

“ဒီလောက်အားကောင်းတဲ့ပြိုင်ဘက် နဲ့ တွေ့နေတာ။ မင်းရဲ့ တိုက်ကွက်တွေက အသုံးမဝင်ဘူးကွ”

ထင်မှတ်ထားသည့်အတိုင်းပင်။

ကြိုးကြာတောင် ဂိုဏ်းတပည့်သည် တိုက်ကွက်ကို အသုံးပြုနေတုန်းပဲ ရှိသေး၏။ ရီရှင်းချန်၏ တစ်ချက်တည်းသော လက်သီးချက်ကြောင့် မြေပေါ်တွင် ကားကားကြီး လဲကာ သတိလစ် မေ့မျောနေပြီ ဖြစ်သည်။

မြန်လိုက်တာ …။

“ကြိုးကြာတောင် တပည့်ကတော့ တစ်စက္ကန့်အတွင်း ရှုံးနိမ့်သွားတာပဲ”

“ဒီကောင် တကယ့်ကို အားကောင်းတယ်”

တခြားသော ပြိုင်ပွဲဝင် သုံးဆယ်ကျော်တို့၏ အမူအရာသည် လေးနက်သွားသည်။

တိုက်ပွဲ၏ ဒုတိယအဆင့်သည် ဆက်လက်၍ ကျင်းပနေသည်။ နှစ်နာရိလောက် ကြာမြင့်ပြီးနောက် ပြိုင်ပွဲဝင် ဆယ့်ခြောက်ယောက်သည် နောက်တစ်ဆင့်သို့ တက်ရောက်သွားသည်။ ပြီးနောက် သူတို့သည် နောက်တဆင့်အတွက် မဲနှိုက်ကြပြန်၏။

ဘုတ်။

တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ သိုင်းတပည့် အဆင့်ခုနှစ် ကျင့်ကြံသူတစ်ယောက်သည် ရီရှင်းချန်၏ လက်သီးချက်ကြောင့် မြေပေါ် လဲကျသွားပြန်သည်။

“အနိုင်ရသူ … ရီရှင်းချန်”

ဘုတ်။

“အနိုင်ရသူ … ရီရှင်းချန်”

ရှစ်ယောက် အဆင့်သို့ ရောက်ရှိချိန်မှာတော့ ရီရှင်းချန်သည် ပြိုင်ဘက်အား လက်သီးတစ်ချက်တည်း နှင့် တိုက်ခိုက် အနိုင်ယူခဲ့ပြန်သည်။ တခြားသော ပြိုင်ပွဲဝင်များသည် ရီရှင်းချန်၏ လက်ဆလက်န အားကြည့်ရင်း နှာဖူးပေါ်မှ ချွေးစက်တွေ ကျလာသည်အထိ အလွန်အမင်း ထိတ်လန့်နေကြ၏။

ထိုအရာသည် အလွန် အားကောင်းခြင်း မဟုတ်ပေ။

အလွန့်အလွန် အားကောင်းခြင်းပင် ဖြစ်သည်။

လက်ရှိအချိန်မှာတော့ တခြားသော ပြိုင်ပွဲဝင်များသည် တတိယ တည်နေရာထဲတွင် ရှိနေသော ပြိုင်ပွဲဝင်များ အားလုံး မြေပေါ်သို့ ဘာကြောင့် လဲကျ မေ့မျောနေကြသည်ကို သိရှိခဲ့ကြပြီ ဖြစ်၏။

လေးယောက်အဆင့်သို့ ရောက်ရှိချိန်မှာတော့ ရီရှင်းချန်သည် လက်သီးကိုမသုံးခဲ့ပေ။ တောင်ဖြိုလက်ဝါး ကို အသုံးပြု၍ သူ၏ ပြိုင်ဘက်အား အမြန်ဆန်ဆုံး အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

အားလုံး၏ စိတ်နှလုံးများသည် တင်းကျပ်လာကြ၏။

ပြိုင်ပွဲ စတင်တည်းက အခုချိန်ထိ သံမဏိအရိုးဂိုဏ်းတပည့်သည် ဒုတိယတိုက်ကွက်ကိုတောင် မသုံးခဲ့ချေ။ တစ်ကွက်တည်း ၊ တစ်ချက်တည်း နှင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်း သူ၏ ဦးခေါင်းအား ခါယမ်းလိုက်သည်။ “ဒီလို သိုင်းပြိုင်ပွဲအဆင့်ကို ခေါ်လာမိတာ အချိန်ဖြုန်းတာပဲ”

“………” များပြားလှသော ဂိုဏ်းအသီးသီးရှိ အကြီးအကဲများသည် မျက်နှာပျက်ရွင်းသွားကြသည်။

သူတို့အနေနှင် ပြန်လည် ငြင်းဆန်ခြင်းလည်း မပြုနိုင်ချေ

တစ်ဖက်လူ၏ တပည့်သည် အလွန်အမင်း အားကောင်းလွန်းနေသည်မို့ ဂိုဏ်းချုပ်ကျွင်းဆိုသည့် ငနဲ သောက်ကြီးသောက်ကျယ် လုပ်နေသည်ကို ဤအတိုင်းသာ ထိုင်ကြည့်နေကြရ၏။

ရီရှင်းချန်သည် ပြိုင်ဘက်အား အမြန်ဆန်ဆုံး အနိုင်ယူခဲ့သည်မို့ တိုက်ပွဲသည် စိတ်လှုပ်ရှားစရာ မရှိတော့ချေ

ဖင်းယန်နိုင်ငံရှိ ကျင့်ကြံသူများသည် မည်သူ ဗိုလ်ဆွဲမည် ဆိုသည်ကို စိတ်မဝင်စားတော့ချေ။ ကျိန်းသေပေါက် သံမဏိအရိုးဂိုဏ်းတပည့်သာ ဖြစ်လိမ့်မည် ကို သိရှိပြီး ဖြစ်သည်။ သူတို့မျှော်လင့်နေသည်မှာ နောက်ဆုံး ဗိုလ်လုပွဲတွင် ရီရှင်းချန် တိုက်ကွက် နှစ်ကွက် ထုတ်သုံးရန် ဖြစ်သည်။

သို့ပေမဲ့ သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ချေ

ဗိုလ်လုပွဲ စတင်သည်နှင့် တပြိုင်နက် ရီရှင်းချန်သည် သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူကို တစ်ကွက်တည်း နှင့် အနိုင်ယူခဲ့သော ကြောင့် ဖြစ်သည်။

ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသည် ဤကဲ့သို့ပဲ ပြီးဆုံးသွားခဲ့၏။

စွေ့ယန်နိုင်ငံ၏ မြို့တော်ဝန်သည် ဗိုလ်ဆွဲသူကို ကြေညပြီးသည့်နောက် ကြည့်ရှုနေသူ ပရိသတ်နှစ်သိန်းကျော်တို့ သည် စိတ်နှင့် ကိုယ် မကပ်သလိုပင် ဖြစ်နေကြသည်။

အရင်တုန်းက ဆိုလျှင် သိုင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲများသည် အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလှပြီး တိုက်ပွဲ ပြီးသွားမှာကိုတောင် အားလုံးက စိုးရိမ်ကြသည်အထိ စိတ်လှုပ်ရှားစရာ ကောင်းလွန်းခဲ့သည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ စတောင်မစရသေးခင်မှာ ပြီးဆုံးသွားခဲ့သည်။

ပြိုင်ပွဲ၏ စိတ်လှုပ်ရှားမှု ဆိုတာ ဘယ်မှာနည်း။

စိတ်နှင့် ကိုယ် တသားတည်း ပေါင်းစပ်၍ အနိုင်ရရန် ရေကုန်ရေခမ်း တိုက်ခိုက်ခြင်း ဆိုသည်မှာ ဘယ်မှာနည်း။

သူတို့အားလုံး အားမလိုအားအရ ဖြစ်နေကြသည်။

သို့ပေမဲ့ ချင်းယန်နိုင်ငံ ၏ သိုင်းပြိုင်ပွဲတွင် ရှောင်ကျီ တစ်ယောက်တစ်ချက်ကလေးတောင် မလှုပ်လိုက်ရဘဲ ဗိုလ်ဆွဲခဲ့သည် ဆိုသော သတင်းကိုသာ သူတို့သိလျှင် သွေးတောင် အန်ထွက်ကုန်နိုင်၏။

………

“ဒင် .. ဂိုဏ်းတာဝန် ပြည့်စုံသည် … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်ငါးရာ ရရှိသည်။”

“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၁၁၅၅ / ၁၀၀၀”

“ဒင် … ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေသောကြောင့် ……”

“ဒင် … လက်ခံသူသည် သီးခြားတာဝန် ကို ပြည့်စုံစေခဲ့သည်။ အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်း ရရှိသည်။”

ဤအထူးတာဝန်၏ ဆုလာဘ်များသည် ရက်ရောလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီး များပြားလှသော ဂိုဏ်းအသီးသီး၏ အကြီးအကဲများ ဘက်သို့ လှည့်ကာ လက်သီးဆုပ်၍ ပြောလိုက်သည် “အခုလို သံမဏိအရိုးဂိုဏ်းတပည့်ကို အနိုင်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

အနိုင်ပေးခဲ့သည် ဆိုသော စကားသည် အားလုံးအား အရှက်ခွဲခဲ့ခြင်းပင် ဖြစ်၏။ ဖင်းယန်နိုင်ငံရှိ ကျင့်ကြံသူများ အားလုံးသည် မျက်နှာပျက်ရွင်းသွားကြသည်။

သံမဏိအရိုးဂိုဏ်း တပည့်အား လွယ်လွယ်ကူကူဖြင့် ပြိုင်ပွဲမှ ထုတ်၍ရသည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုလူငယ်သည် ဗိုလ်ပါဆွဲခဲ့သေး၏။

…….

မျက်လုံးအစုံပေါင်း နှစ်သိန်းကျော်၏ အောက်မှာတော့ ရီရှင်းချန်သည် အဆင့်ြ့မင့် သိုင်းနည်းစနစ် တစ်ခု နှင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာတို့အား ရရှိခဲ့သည်။

သိုင်းပြိုင်ပွဲသည် ပြီးဆုံးခဲ့သည်။

တခြားနိုင်ငံမှ ပြိုင်ပွဲဝင်သည် အားလုံးအား အနိုင်ယူပြီး ဗိုလ်ဆွဲခဲ့၏။ ဤကိစ္စသည် ဖင်းယန် တစ်နိုင်ငံလုံးအား အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။

သံမဏိအရိုးဂိုဏ်းသည် လူပြောအများဆုံး စကားလုံးဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် ဘာမှလုပ်စရာမရှိတော့သည်မို့ ရီရှင်းချန်အား ခေါ်၍ ဂိုဏ်းဆီသို့ ပြန်လာလိုက်တော့သည်။

သူတို့ လာရောက်ခဲ့စဉ်က အဆင့်ကိုး နိုင်ငံတစ်ခုမှ အဆင့်ရှစ် ဂိုဏ်းတစ်ခုဟု ဆိုတာ အားလုံးက အထင်အမြင်သေးခဲ့ကြသည်။ သို့ပေမဲ့ ပြန်ထွက်သွားချိန်မှာတော့ အားလုံးက အားကျသည့် အကြည့်နှင့် ကြည့်နေကြပြီ ဖြစ်၏။

ပြိုင်ပွဲ၏ ပထမအဆင့်တွင် ပြိူင်ပွဲဝင် သုံးရာကျော်အား တစ်ယောက်တည်း အနိုင်ယူခဲ့သည်။ ပြိုင်ပွဲ အဆက်ဆက်တွင်လည်း အားလုံးသော ပြိုင်ပွဲဝင်များအား တိုက်ကွက် တစ်ကွက်တည်း ထုတ်ကာ အနိုင်ခဲ့ပြန်၏။ ဤဂိုဏ်း၏ တပည့်သည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ထိုဂိုဏ်းသည် လေးစားမှု ရရှိရန် ပါးစပ်နှင့် မပြောပေ။ လက်နှင့်သာ ပြောဆိုခဲံ့၏။

……

“ချီးတဲ့မှ ..”

အပြန်လမ်းမှာတော့ သားရဲထိန်းကျောင်းမှု ဂိုဏ်း၏ သခင်လေး၏ မျက်လုံးများသည် ဒေါသတွေ အပြည့်နှင့် ဖြစ်လို့နေသည်။

“သခင်လေး”

တပည့်တစ်ယောက် က ပြောလိုက်သည် “ကျုပ်တို့ ဒီလိုပဲ ထွက်သွားမယ် ဆိုရင် သံမဏိအရိုးဂိုဏ်းက အထင်သေးတော့မှာပေါ့”

သခင်လေးက ဒေါသတကြီးဖြင့် ခွန်းတုံ့ပြန်လိုက်သည် “အဲကောင်က ပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တာ။ သူ့ရဲ့ အားအင်က ငါ့ထက် ပိုတယ်။ သံမဏိအရိုးဂိုဏ်းကို မလွတ်ပေးလို့ သွားပြီး အရိုက်ခံရမှာလား”

သူသည် မြို့၏ ဂိတ်တံခါးအဝတွင် အရှက်ခွဲခံရသည်ကို မကျေနပ်ခဲ့ပေ။ ထို့ကြောင့် သိုင်းပြိုင်ပွဲ ပြီးသွားပါက မြို့ပြင်၌ စောင့်၍ သင်ခန်းစာကောင်းကောင်း ပေးလိုက်ရန် ကြံစည်ထားသည်။

သို့ပေမဲ့ ရီရှင်းချန် တစ်ယောက် ဗိုလ်ဆွဲခဲ့သည်ကို မြင်တော့ သူသည် သူ၏ အကြံအား မြန်မြန်ပဲ ဖယ်ရှားခဲ့လိုက်၏။

ထိုသူတို့သည် အလွန်အားကောင်းသည်။ သူသွား၍ ပြဿနာရှာ၍ ရသော သူများ မဟုတ်ချေ။

ဟမ့် .. ငါမှတ်ထားမယ်။ နောင်တစ်ချိန် ပြန်တွေ့မယ် ဆိုရင် …။

“ဝေါင်း …”

ရုတ်တရက် ဆိုသလိုပဲ တောအုပ်ထဲ၌ ကျားဟိန်းသံ ထွက်ပေါ်လာသည်။

ကျားသစ်နက်ကြီးသည် သွားနေရာမှ ရပ်တန့်ပြီး တကိုယ်လုံးလည်း တုန်ခနဲ ဖြစ်သွား၏။ သားရဲထိန်းကျောင်းမှု ဂိုဏ်း၏ သခင်လေး မျက်နှာသည် ပျက်ရွင်းသွား၏။

ဤအော်သံသည် ကျားအော်သံ ဖြစ်သည်။ ထို့အပြင် အဆင့်နိမ့်လှသော ကျားသားရဲ၏ အော်သံလည်း မဟုတ်ချေ။

ဘုတ် ….။

ခရမ်းရောင် အမွေးတွေနှင့် ကျားသားရဲကြီးတစ်ကောင်သည် ဘယ်ဘက်ခြမ်းမှ ခုန်ထွက်လာသည်။ ခရမ်းရောင် လျှပ်စီးတန်းများသည် လျစ်ခနဲ ဖြစ်သွား၏။

ထိုအရာကို မြင်တော့ သခင်လေး၏ မျက်လုံးသည် ပြူးကျယ်သွားရသည်။

ဝေါင်း ….။

ခရမ်းရောင်လျှပ်စီး သားရဲသည် ခေါင်းမော့၍ ဟိန်းလိုက်ချိန်မှာတော့ အလွန်တရာ ကြည့်ကောင်းလှသည်။

ဘုတ်…

ကျားသစ်နက်သည် ကြောက်လန့်တကြားနှင့် တုန်သွားသည်။ ပြီးနောက်ခြေလက်တွေ အားမဲ့ပြီး မြေပေါ် လဲကျသွားတော့၏။ သားရဲထိန်းကျောင်းမှုဂိုဏ်း၏ သခင်လေးသည် မြေပေါ်သို့ လိမ့်ထွက်သွားတော့သည်။

ခရမ်းရောင် လျှပ်စီးသားရဲသည် မျက်လုံးများတွင် အထင်သေးမှုများဖြင့် သူ၏ သခင်အား သယ်ဆောင်ကာ ထွက်ခွာသွားတော့၏။

သခင်လေးသည် ပုံပျက်ပန်းပျက်နှင့် မြေပေါ်သို့ ထရပ်လိုက်သည်။ သူ့၏ ဆံပင်တွင် ကပ်ငြိနေသော မြက်ပင်များကိုပင် မဖယ်နိုင်ချေ။ သူသည် အဝေးသို့ ထွက်ခွာသွားတော့ ကျားသားရဲအား ကြည့်ကာ မယုံကြည်နိုင်သလို ပြောလိုက်သည် “ဒါ .. ခရမ်း .. ခရမ်းရောင် လျှပ်စီးသားရဲ …”

All Chapters