အခန်း (၂၄၄)
Vol. 17 Ch. 244
တစ်ရက်ကြာမြင့်ပြီးသည့်နောက် လီချင်းယန်သည် အမြန်ဆုံးထွက်ခွာသွားသည်။
သူ၏တာဝန်သည် ဟွာရင်နိုင်ငံ၏ သိုင်းပြိုင်ပွဲ၌ ဗိုလ်စွဲရန်ပင်ဖြစ်၏။
လီချင်းယန်သည် အလွန်တရာတည်ငြိမ်၍ ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းမွန်လှသူဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ့အား အလွန်အန္တရာယ်များသော သိုင်းပြိုင်ပွဲတွင် ဝင်ရောင်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။
ထိုမှသာလျှင် သူ၏ပျော့ညံ့နေသော စိတ်ဓာတ်များသည် မာကျောလာပေလိမ့်မည်။
ဂိုဏ်းသို့ဝင်ရောက်ပြီးသည့်နောက် လီချင်းယန်သည် တော်တော်များများ ပြောင်းလဲခဲ့၏။
အထူးသဖြင့် ရန်သူများနှင့်ရင်ဆိုင်ရာတွင် မလိုအပ်သော စာနာထောက်ထား တွေဝေမှုများ ရှိနေတတ်သည်။ ထိုအရာသည် သူ၏အားနည်းချက်ဖြစ်လာမည်ကို သူမလိုလားချေ။
ဥပမာအားဖြင့် လင်းယုန်နက်ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ချိန်ကလည်း တစ်ခါတည်း သတ်ဖြတ်၍ရသည်ကို တွေဝေနှောင့်နှေးနေသောကြောင့် တစ်ဖက်လူမှာ ထွက်ပြေးသွားခဲ့သေး၏။
ကြင်နာမှုဆိုသည်မှာ အလွန်တရာ ကောင်းမွန်လှသည်ဖြစ်၏။
သို့ပေမဲ့ မိမိအား ကြင်နာမှုထားခံရခြင်းသာ ကောင်း၏။
တစ်ဖက်သားအား ကြင်နာမှုထားခြင်းသည် ကောင်းမွန်လှသည့်အရာတော့ မဟုတ်ပေ။ အထူးသဖြင့် ဆိုးယုတ်သော လူများ အပေါ်တွင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား အလွန်တရာသွေးအေး၍ ရက်စက်တတ်သူများအဖြစ် မဖြစ်စေချင်ပေ။ သို့ပေမဲ့ ရန်သူအပေါ် ကြင်နာသနားတတ်သူများလည်း မဖြစ်စေချင်။
လီချင်းယန် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ မိုးဆွေဟောခန်း၏ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူငါးယောက်တို့သည် အမှောင်ထဲမှ တိတ်တဆိတ်လိုက်ပါ၍ လီချင်းယန်အား ကာကွယ်စောင့်ရှောက်တော့၏။
နောက်တစ်ရက်မှာတော့ ရှောင်ကျီ၊ စုရှောင်မိုနှင့် တစ်ခြားသူများသည် စောစောစီးစီး ထွက်ခွာလာကြ၏။
အဘယ့်ကြောင့်ဆိုသော် သူတို့သွားရမည့် သိုင်းပြိုင်ပွဲများသည် အလွန်တရာ ဝေးလံလှသောနေရာတွင် ရှိသောကြောင့် ဖြစ်သည်။
သူတို့နောက်သို့လည်း မိုးဆွေဟောခန်းမှတပည့်များ လိုက်ပါသွားကြ၏။
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ အား သင်ကြားပြသမှု အပေါ်၌ အာရုံစိုက်ထားသည်။
တစ်ချိန်တည်းမှာပဲ သူသည် ရီရှင်းချန်အား ဆယ့်ငါးဆ ပိုမိုစုပ်ယူနိုင်သော ချီစုစည်းခြင်းဆေးလုံး၊ စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးအား ပေးအပ်လိုက်၏။
ဆုရရှိသည်မှာ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်တစ်ရာဖြစ်သော်လည်း ဆယ်တုံးကိုသာ သူရရှိခဲ့သည်။ ဂိုဏ်းချုပ်သည် အလွန်တရာ ကပ်စေးနည်းလှ၏။
သို့ပေမဲ့ ဆယ့်ငါးဆပိုမိုအားကောင်းသော ချီစုစည်းခြင်းဆေးလုံးသည် ရီရှင်းချန်အား အလွန်တရာ သဘောကျနှစ်ခြိုက်စေသည်။
“သုံးလပတ် ဂိုဏ်းအတွင်းသိုင်းပြိုင်ပွဲ မကြာခင်စတော့မယ်။"
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ "ဗိုလ်စွဲတဲ့လူတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆုအဖြစ်ထည့်ပေးရမယ်။"
ဤဆုံးဖြတ်ချက်ကို ပြောပြလိုက်ပြီးသည့်နောက် တပည့်များသည် ချက်ချင်းဆိုသလိုပဲ ကျင့်ကြံရာ၌ အားသွန်ခွန်စိုက် ပြုလုပ်လာကြတော့သည်။
လီချင်းယန် နှင့် တစ်ခြားသူများသည် သိုင်းပြိုင်ပွဲများသို့ယှဉ်ပြိုင်ရန် ထွက်ခွာသွားကြ၏။
ဤအချိန်တွင် ကျွင်းချောင်ရှောင်းသည် ကျင့်ကြံရင်း ၊ တပည့်များအား သင်ကြားပေးရင်း ၊ စမ်းသပ်မှု မျှော်စင်တွင် လေ့ကျင့်ခြင်းတို့ဖြင့်သာ အချိန်ကုန်လျှက်ရှိသည်။
ဆယ့်ငါးဆပိုမိုအားကောင်းသော ချီစုစည်းခြင်းဆေးလုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို သူအမြဲမပြတ် အသုံးပြုနေ၏။
တစ်ရက်ကြာပြီးသည့်နောက်မှာတော့ များပြားလှသော အရင်းအမြစ်များ၊ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်တို့၏ အားကိုးဖြင့် ဂိုဏ်းချုပ်ကျွင်းသည် အဆင့်ငါး သိုင်းဆရာအဆင့်မှသည် အဆင့်ခြောက် သိုင်းဆရာအဆင့်သို ရောက်ရှိသွား၏။
လက်ရှိတွင် သူသည် အဆင့်ခြောက်သို့ ရောက်ရှိခါစဖြစ်သော လီလိုရှုနှင့် တူညီသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သွားသည်။ သို့ပေမဲ့ သူသည် ဂိုဏ်းထဲတွင် အားအကောင်းဆုံးသောလူ ဖြစ်လို့နေသည်။
"ဘုန်း"
သူသည် အားအင်စမ်းသပ်သည့်စက်အား လက်သီးနှင့် ထိုးလွှတ်လိုက်၏။ သာမန်အဆင့်ငါး သိုင်းဆရာတစ်ယောက်၏ အားအင်အဆင့်သည် ကိုးသောင်းနီးပါးဖြစ်၏။ သူသည် အဆင့်ခြောက်ကို ရောက်ရှိလာပြီးသည့်နောက် ပိုမို၍ အားအင်များ တိုးတက်လာသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်အလိုမကျသေးချေ။
"နဂါးစိမ်းလခြမ်းဓားမော့ ကို အားအင်ချိုးဖျက်ခြင်းအဆောင် အသုံးမပြုဘဲ တိုက်ရိုက်ကိုင်တွယ်နိုင်ဖို့အတွက် ငါ့အနေနဲ့ ဘယ်အဆင့်ထိရောက်ဖို့လိုမလဲ။"
စနစ်မှပြောလိုက်သည်။ "လက်ခံသူရဲ့ လက်ရှိအဆင့်က တော်တော်လေးတိုးလာတယ်။ ဒါပေမဲ့ နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်နိုင်ဖို့ဆိုရင် သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖျက်နိုင်မှ ဖြစ်လိမ့်မယ်။"
"သိုင်းဆရာအဆင့်နဲ့တောင်မရဘူးလား။" ကျွင်းချောင်ရှောင်းမေးလိုက်သည်။
စနစ်မှပြောလိုက်၏။
"နဂါးစိမ်းလခြမ်းဓားမော့ က ဂျင်တစ်သိန်းခွဲလောက်လေးတယ်။ လက်ခံသူက သိုင်းဆရာ ထိပ်ဆုံးအဆင့်ကို ရောက်မယ်ဆိုလျင် အားဆင်အဆင့်က ဂျင်တစ်သိန်းသုံးသောင်းလောက်ပဲ ရှိအုန်းမယ်။ဒါကြောင့်မဖြစ်နိုင်ဘူး။"
"ဂျင်တစ်သိန်းသုံးသောင်းပဲလား။" ကျွင်းချောင်ရှောင်း ခေါင်းခါရမ်းလိုက်မိသည်။
စနစ် သည် ဆွံ့အသွားမိ၏။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထိပ်ဆုံးပါရမီရှင်တွေတောင်မှ သိုင်းဆရာထိပ်ဆုံးအဆင့်ကို ရောက်မယ်ဆိုရင် ဂျင်တစ်သိန်းလောက်ပဲ အားအင်ရှိတယ်။လက်ခံသူက သူတို့ထပ် နှစ်သောင်းသုံးသောင်းလောက် ပိုပြီးများမှာလေ။ ဒါကိုဘာလို့ သဘောမတွေ့ဖြစ်နေတာလဲ။"
"ကောင်းလိုက်တာ"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းဒီလိုပြောတာကို ကြားချင်လို့ တမင်တကာ မေးလိုက်တာပဲ ဟား ဟား ဟား"
စနစ် "..."
သုံးရက်လောက်ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ပြန်လည်ရောက်ရှိလာသည်။
သူထွက်ခွာသွားချိန်မှာ အလွန်တရာ သန့်ရှင်းကြည့်ကောင်းစွာဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ပြန်ရောက်ချိန်မှာတော့ အလွန်တရာ သန့်ရှင်းလျက်ပင်ဖြစ်၏။
"ဒုတိယစီနီယာအစ်ကို"
ကျင့်ကြံနေကြသော တပည့်များအားလုံးသည် အနားသို့ ဝိုင်းဝန်းရောက်ရှိလာကြပြီးမေးလိုက်၏။ "ဘယ်လိုလဲ။"
"မဆိုးပါဘူး။"
လီချင်းယန်ပြုံးကာပြောလိုက်သည်။ "ဗိုလ်စွဲခဲ့တယ်။"
"ဒုတိယစီနီယာအစ်ကိုက အရမ်းကြမ်းတယ်။" တပည့်များသည် ထပ်မံ၍ ချီးကျူးလိုက်ကြသည်။
သံမဏိအရိုးဂိုဏ်းထဲမှာရှိသော တပည့်များ၏ ချီးကျူးမှုနှင့် အားကျမှုများသည်လည်း ပိုမို၍ အားကောင်းလာကြသည်။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ် နှင့် အလယ်အလတ်အဆင့် လက်နက်တစ်ခုကို ကမ်းပေးလိုက်၏။
ပြီးနောက် ပြောလိုက်သည်။ "ဒါက ဟွာရင်နိုင်ငံသိုင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် ရတဲ့ဆုလာဘ်ပဲ။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးလေးဆယ်ကို ယူကာ ပြောလိုက်သည်။ "ခက်ခဲလား။"
"မခက်ပါဘူး။"
"ဟွာရင်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲက အသက်အကန့်အသတ်ရှိတယ်။ အသက်နှစ်ဆယ်နဲ့အထက် ဘယ်သူကမှ ယှဉ်ပြိုင်လို့မရဘူး။ အဆင့်မြင့်ဆုံး ကျင့်ကြံသူက သိုင်းတပည့် အဆင့်ခုနစ်ပဲရှိတယ်။"
"တော်တော့်ကို အားနည်းတာပဲ။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်း လူတွေသတ်ခဲ့သေးလား။"
"သိုင်းပြိုင်ပွဲက သေခြင်းရှင်ခြင်းကို ဂရုစိုက်စရာမလိုဘူး။ ကျွန်တော် မိစ္ဆာဂိုဏ်းက ကျင့်ကြံသူ တော်တော်များများနဲ့ဆုံခဲ့တယ်။ သူတို့က ကြမ်းကြမ်းတမ်းတမ်း တိုက်ခဲ့တယ်။နောက်ဆုံးမှာတော့ အားလုံး သတ်ပစ်နိုင်ခဲ့တယ်။" လီချင်းယန်ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် သဘောကျစွာဖြင့် ပြောလိုက်သည်။ "မဆိုးဘူး … မဆိုးဘူး။"
"ဂိုဏ်းချုပ်"
လီချင်းယန်ပြောလိုက်သည်။ "ကျွန်တော် မိစ္ဆာဂိုဏ်းတော်တော်များများကို အပြစ်ပြုမိခဲ့တယ်။ဒါ့ကြောင့် သံမဏိအရိုးဂိုဏ်းဆီကိုလိုက်လာပြီး ပြဿနာရှာမှာ စိုးရတယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကိုကုတ်ကာ ပြောလိုက်၏။ "သူတို့လာရဲတယ်ဆိုမှတော့ လာပါလေ့စေလေ။လာလို့ပဲရမယ် ပြန်သွားလို့မရဘူး။"
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ကျန်းဝေသည် အလောတကြီးဖြင့် အပြင်ဘက်ဆီမှ ပြေးဝင်လာ၏။ ပြီးနောက်ပြောလိုက်သည်။ "ဝိညာဉ်လက်ဂိုဏ်းက အကြီးအကဲလို့ သူ့ကိုယ်သူပြောတဲ့ လူတစ်ယောက်ရောက်နေတယ်။ သူကအပြင်ဘက်မှာ အော်ဟစ်သောင်းကျန်းနေတယ်။"
လီချင်းယန်သည် လေးလေးနက်နက်ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဝိညာဉ်လက်ဂိုဏ်းဆိုတာ ဟွာရန်နိုင်ငံရဲ့ အဆင့်ခုနစ် မိစ္ဆာဂိုဏ်းတစ်ခုပဲ။သိုင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သူတို့ဂိုဏ်းကလူကို ကျွန်တော် သတ်ဖြတ်ခဲ့တယ်။"
"ကျွတ် ကျွတ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြဿနာက မြန်မြန်ဆန်ဆန်နဲ့ ရောက်လာတာပဲ။"
ပြောပြီးသည့်နောက် သူသည် မတ်တပ်ထရပ်ကာ ထွက်လျှောက်သွားတော့သည်။
ဂိုဏ်း၏အပြင်ဘက်မှာတော့ ဝိညာဉ်လက်ဂိုဏ်း၏ အကြီးအကဲသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မောက်မာစွာ ရပ်လျက်ရှိ၏။ သူ၏မျက်လုံးထဲမှာတော့ မထိလေးစားဟန်များ ရှိနေ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူ၏ ဟန်အမူအရာသည် မိစ္ဆာဂိုဏ်း၏ အဖွဲ့သားတစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။
သူသည် လက်ရှိအချိန်၌ အလွန်တရာ ဒေါသထွက်လျက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တပည့်များအား သံမဏိအရိုးဂိုဏ်းမှ လီချင်းယန်ဆိုသူသည် သတ်ဖြတ်ခဲ့သောကြောင့်ပင်။ သူ့ကိုပို၍ ဒေါသဖြစ်စေသည်မှာ မြို့အပြင်ဘက်တွင် နေ့ဝက်လောက် သူစောင့်စားခဲ့သည် ဆိုသော်လည်း ထိုအကောင်သည် ပေါ်မလာခဲ့ချေ။
မိစ္ဆာဂိုဏ်း၏ တပည့်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် သူ့အား ပြဿနာရှာမည်ကို ကျိန်းသေပေါက် သိရှိခဲ့ပြီးဖြစ်၏။
ထို့ကြောင့် သူသည် အပြင်ဘက်သို့ ထွက်လာချိန်မှာတော့ ရုပ်ဖျက်၍ ထွက်ခွာလာခဲ့၏။ မဟုတ်လျှင် သူ့အနေနှင့် ဂိုဏ်းဆီသို လုံလုံခြုံခြုံနှင့် ပြန်ရောက်လာလိမ့်မည် မဟုတ်ပေ။
"ကျွီ"
ပိတ်ထားသော ဂိုဏ်း၏အနီရောင်တံခါးမကြီးသည် ပွင့်သွား၏။
ကျွင်းချောင်ရှောင်းသည် လျှောက်ထွက်လာကာ ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျားက"
"ဟမ့်"
ဝိညာဉ်လက်ဂိုဏ်း အကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်သည်။ "ဟွာရင်နိုင်ငံ ဝိညာဉ်လက်ဂိုဏ်းရဲ့ လေးယောက်မြောက်အကြီးအကဲ စတုတ္ထအကြီးအကဲ စုန့်စစ်ပဲ။"
စုန့်စစ်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "မင်းရဲ့ဝတ်ဆင်ထားပုံကို ကြည့်ရတာ မင်းက သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထင်တယ်။"
"အမှန်ပါပဲ။"
ဂိုဏ်းချုပ်ကျွင်းပြောလိုက်သည်။ "အကြီးအကဲစုန့် အဝေးကြီးက ရောက်လာပြီး ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းကို လာလည်တာ ဘာကြောင့်ပါလဲ။"
"ဘာကိစ္စလာလည်ရမှာလဲ။"
စုန့်စစ် သည် ခပ်မာမာ ပြောလိုက်သည်။ "မင်းတို့ဂိုဏ်းက လီချင်းယန်ကို ခေါ်ထုတ်လိုက်။ဒီအဘိုးကြီးက သူ့ရဲ့အသက်ကို လိုချင်တယ်။"
မိစ္ဆာဂိုဏ်းမှ ဂိုဏ်းသားပီသစွာပင် သူသည် တိုက်ရိုက်ဆန်ကာ ပွင့်လင်းလှ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အကြီးအကဲစုန့်က ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲတစ်ယောက်ပဲ။ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကိုလာပြီး ကျုပ်တပည့်ရဲ့အသက်ကို လိုချင်တယ်ဆိုတာက နည်းနည်းမသင့်တော်သလို မခံစားရဘူးလား။"
စုန့်စစ် သည် နှာခေါင်းရှုံ့လိုက်၏။
"ဝိညာဉ်လက်ဂိုဏ်းရဲ့တပည့်ကို သတ်ဖြတ်ရဲပြီးတော့မှ ဘယ်သူပဲဖြစ်ဖြစ် ဒီအဘိုးကြီးက ကိုယ်တိုင်ပြန်သတ်ရမယ်။"
"ဒီလိုဆိုရင်ကော"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျုပ်က အကြီးအကဲစုန့်နဲ့ တိုက်ကွက်အနည်းငယ်လောက် ဖလှယ်ကြတာပေါ့။"
သူသည် သိုင်းဆရာ အဆင့်ခြောက်သို ချိုးဖျက်ရောက်ရှိခါစဖြစ်၏။ ထို့ကြောင့် သူ့၏လက်များသည် အလွန်တရာ ယားယံနေသည်။
"ဟား ဟား ဟား ဟား"
စုန့်စစ်သည် ထူးဆန်းစွာဖြင့် ရယ်လိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … ဒီအဘိုးကြီးက တစ်ခြားသူတွေရဲ့အသက်ကိုပဲ ယူတယ်။ သိုင်းကွက် ဖလှယ်တဲ့အလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး။"
"ကောင်းပြီ ဒါဆိုတော့လည်း"
ကျွင်းချောင်ရှောင်းပြောလိုက်၏။ "ကျုပ်ရဲ့အသက်ကို အကြီးအကဲစုန့် ရရင်ယူလေ။"
"ငါတို့ဂိုဏ်းကတပည့်ကို သတ်ဖြတ်ပြီးတော့ ဂိုဏ်းချုပ်က သူ့အသက်ကို ပေးမယ်လို့ ပြောနေတယ်။ စဉ်းစားကြည့်ရင်တော့ မဆိုးဘူးပဲ။"
စုန့်စစ်သည် ခပ်တည်တည်နှင့် ပြောလိုက်၏။ "ဒီတော့ ဒီနေရာမှာတိုက်မှာလား။မင်းတို့ဂိုဏ်းရဲ့ တိုက်ခိုက်ရေး တည်နေရာဆီကို သွားမှာလား။"
"ဒီမှာပဲချကြတာပေါ့။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မဟုတ်ရင် ကျောက်ပြားတွေအကုန်လုံး သွေးတွေပေကုန်မှာစိုးရတယ်။"
"ဟား ဟား ဟား ဟား"
စုန့်စစ်သည် ထူးဆန်းစွာဖြင့် ရယ်လိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လက်တွေ့ဆန်တဲ့လူပဲ။"
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ အကြီးအကဲစုန့်၏ရှေ့သို့ ရောက်ရှိသွား၏။
ပြီးနောက် မထီမဲ့မြင်ပြောလိုက်သည်။ "အကြီးအကဲစုန့် နားလည်မှုလွဲနေပြီ။ကျောက်ပြားပေါ်မှာ သွေးတွေပေမယ်ဆိုတာက ခင်ဗျားရဲ့သွေးတွေကို ဆိုလိုတာ။"
စုန့်စစ်၏အပြုံးများသည် အေးခဲသွား၏။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။
တစ်ဖက်လူသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ မည်ကဲ့သို့ သူ့အနားရောက်လာသည်ကိုပင် သူမမြင်လိုက်ရချေ။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်၏။
ပေါက်ကွဲလက်သီးနည်းစနစ်၏ ထောက်ပံ့မှုနှင့် သူ၏အားအင်များသည် ဂျင်တစ်သိန်းနီးပါးခန့် သို့ ရောက်ရှိသွားတော့သည်။
"မကောင်းတော့ဘူး။"
"ဘုန်း"