← Chapters

အခန်း (၂၄၅)

Vol. 17 Ch. 245

အခန်း (၂၄၅)

Vol. 17 Ch. 245

အဆင့်ခြောက် သိုင်းဆရာအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသော ကျွင်းချောင်ရှောင်းသည် မည်သည့် သိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်ဖြစ်စေ ဂျင်တစ်သိန်း နီးပါးခန့်သော အားအင်ကို လွယ်လွယ်ကူကူနှင့် ရောက်ရှိနိုင်၏။

ဤအရာသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သာမန်သိုင်းစစ်သူကြီးအဆင့်တစ် ကျင့်ကြံသူများသာလျှင် ဂျင်တစ်သိန်းနီးပါးခန့်သော အားအင်ကို ပိုင်ဆိုင်၏။

လက်ရှိအဆင့်ဖြင့် ထိုကဲ့သို့သော အားအင်မျိုးကို ပိုင်ဆိုင်သည်ဆိုသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် အဆင့်ခြောက်သိုင်းဆရာ အဆင့်ဖြစ်သော်လည်း သာမန် သိုင်းစစ်သူကြီးတစ်ယောက်၏ အားအင်မျိုးကို ပိုင်ဆိုင်နေပြီဖြစ်၏။

သူ့အနေနှင့် အဆင့်ချိုးဖြတ်ခြင်းအဆောင်ကိုသာ ချိုးဖြတ်လိုက်မည်ဆိုလျှင် ပို၍ ကြီးမားသော တိုက်ခိုက်မှု စွမ်းရည်များကို ထုတ်ဖော်နိုင်တော့မှာ ဖြစ်သည်။

အဆင့်ခြောက် သိုင်းဆရာတစ်ယောက်ဖြစ်သော လီလိုရှုသည်ပင်လျှင် ထိုကဲ့သို့သော အားအင်မျိုးကို မပိုင်ဆိုင်သည်မှာ သေချာလှ၏။

ထို့ကြောင့် တွေးစရာပင် မလိုပေ။ သံမဏိအရိုးဂိုဏ်းတွင် အလွန်တရာ အားကောင်းလှသူမှာ ဂိုဏ်းချုပ်ကျွင်းသာ ဖြစ်ပေသည်။

ရီရှင်းချန်ရော …

သူသည် သိုင်းပညာအတွေ့အကြုံနှင့် ပတ်သက်၍သာ အားကောင်းခြင်း ဖြစ်သည်။ အစစ်အမှန် အားအင်အရဆိုလျှင် ဂိုဏ်းချုပ်ကျွင်းအား ယှဉ်ပြိုင်နိုင်ရန် အလွန်အမင်း လိုအပ်သေး၏။

သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျိုးဟုန်တောင်မှ ဂိုဏ်းချုပ်ကျွင်းအား အမှန်တကယ်တမ်းတွင် မယှဉ်ပြိုင်နိုင်ပေ။

ဂိုဏ်းချုပ်ကျွင်သည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ သူသည် တိုက်ခိုက်ခဲလှသည်။

ထို့အပြင် သူ့တွင် အားကောင်းလှသော တပည့်များ ရှိသည်မို သူ့အနေနှင့် သာမန်ထက် အားကောင်းလွန်းသော ရန်သူများကို ရင်ဆိုင်ရခြင်း မဟုတ်လျှင် အားအင်အပြည့်ထုတ်ဖော် တိုက်ခိုက်စရာ မလိုအပ်ချေ။

သူ့ရှေ့တွင် ရှိသော ဝိညာဉ်လက်ဂိုဏ်း၏ အကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်သည့် သူ့ထက် ပိုမို၍ မြင့်မားသည်။ သို့ပေမဲ့ တစ်ဖက်လူသည် လှုပ်ရှားချိန်ပင် မရလိုက်ချေ။

ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲလက်သီးနည်းစနစ်နှင့် သူ၏ အမြန်နှုနန်းအား အသုံးပြု၍ တိုက်ခိုက်လိုက်ချိန်မှာတော့ တစ်ဖက်လူသည် ရှောင်ရှားရန် အလွန်ခက်ခဲသွားသည်။

ထို့ကြောင့် လက်သီးသည် တစ်ဖက်လူ၏ ဝမ်းဗိုက်ပေါ်သို့ ကျဆင်းသွားတော့သည်။

ချက်ချင်းဆိုသလိုပဲ စုန့်စစ် ၏ မျက်လုံးများသည် ပြူးထွက်လာသည်။

လက်သီးချက်၏ စိတ်ဝိညာဉ်လှိုင်းများစည် သူ၏ နောက်ကျောဘက်သို့ ထိုးဖောက်သွားပြီး အင်္ကျီနောက်ကျော ဘက်တွင် လက်သီးပုံစံ အပေါက် တစ်ခု ဖြစ်ပေါ်သွား၏။

“ဝေါ့”

သွေးများအန်ထွက်လာပြီး စုန့်စစ် ၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာ နာကျင်လှသော ခံစားချက်ဖြစ်ပေါ်လာတော့သည်။

ကျွင်းချောင်ရှောင်း၏ လက်သီးသည် စုန့်စစ်၏ ‌ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ သို့ပေမဲ့ စုန့်စစ်သည် အဝေးတစ်နေရာသို့ လွင့်စင် မသွားချေ။ အတွင်းဒဏ်ရာများသာ ရရှိသွား၏။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်လိုက်ချိန်တွင် အားအင်ကို ပြန်လည်လျော့ထားလိုက် ခြင်း ဖြစ်သည်။ မဟုတ်လျှင် တစ်ဖက်လူသည် သေဆုံးသွားမှာ သေချာသည်။

သူ၏ အခြားလက်တစ်ဖက်သည် စုန့်စစ်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ ပြီးနောက် သူ၏ အရှေ့သို့ လှမ်းဆွဲလိုက်သည်။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်နေ၏။

"ခင်ဗျား သံမဏိအရိုးဂိုဏ်းကို လာပြီး ကျုပ်တပည့်ရဲ့ အသက်ကို ယူချင်တယ်ပေါ့။ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်။"

လေထုထဲမှာတော့ ပြင်းထန်လွန်းသော အော်ရာများနှင့် ပြည့်နက် သွားသည်။

ပတ်ဝန်းကျင် လေထု၏ အခြေအနေတစ်ခုလုံးသည် အလွန်တရာ တည်ငြိမ်၍ အေးစက်သွားတော့သည်။

သူ၏တပည့်များ ရှေ့တွင် ကျွင်းချောင်ရှောင်းသည် သက်တောင့်သက်သာနှင့် အေးအေးဆေးဆေး နေထိုင်တတတ်သော လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အခြားသူများရှေ့မှာတော့ ကျိန်းသေပေါက် နတ်ဆိုး တစ်ပါးကဲ့သို့ပင်။

ကျွင်းချောင်ရှောင်းသည် လုံးဝ အသွင် ပြောင်းလဲနေပြီဖြစ်သည်။

သူသည် ကြေကြွေကုန်းမြေတိုက်ကြီး၏ ဥပဒေသများနှင့် လိုက်လံတုပ၍ နေထိုင်သူ မဟုတ်ပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကသာ သူနှင့် သူ့အကျင့်အတိုင်း ပြောင်းလဲ ဖြစ်ပေါ်စေရမည်ဟု ခံယူထားသည်။

"ငါ့ကို အနိုင်ကျင့်စော်ကားရဲတဲ့ လူတွေ အားလုံးက တူညီတဲ့ ပြန်လည်ပေးဆပ်မှုကို ပေးဆပ်ရလိမ့်မယ်။"

ထိုစကားသည် သူ ဟေးဖေးခံတပ်များရှိ ဓားပြရာကျော်ကို သတ်ဖြတ်ပြီးနောက် စနစ်အား ပြောဆိုခဲ့သော စကားဖြစ်သည်။

စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းအား သုတ်သင်ရှင်းလင်းခြင်း။

မိုးစွေဟောခန်းအား ရှင်းလင်းခြင်းနှင့် လင်းယုန်နက်ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးခြင်း။

ထိုအရာများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နည်းဥပေဒေသများအား သူနှင့် အသားကျအောင် ကျွင်းချောင်ရှောင်းပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဥပဒေသများကို အသားကျအောင် မပြုလုပ်ချင်ပေ။

သူ၏ လက်ငါးချောင်းတွင် အားများထည့်သွင်းလိုက်ချိန်မှာတော့ စုန့်စစ်၏ ခန္ဓာကိုယ်ထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ဖြစ်ပေါ်လာတော့သည်။

သူ၏ မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နက်နေပြီး တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ကျုပ် … ကျုပ်ကို မသတ်ပါနဲ့။"

"ခင်ဗျား မသေချင်ဘူးမို့လား။"

ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။

တစ်စုံတစ်ယောက်သည် အသက်ရှင်သန် နေထိုင်ရမည်ဆိုလျှင် ဘယ်သူက သေဆုံးချင်မည်နည်း။

ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် အားများ တိုးလာသည်နှင့် တစ်ပြိုင်တည်း စုန့်စစ်သည် သူ၏ ခန္ဓာကိုယ်တစ်ဝက် ငရဲဂိတ်တံခါးဝသို့ ခြေချမိနေပြီဟု ခံစားလိုက်ရ၏။

ဤအတွေ့အကြုံသည် သေဆုံးခြင်းနှင့် အလွန်တရာ နီးကပ်နေပြီဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ဝိညာဉ်‌လက်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်အနေနှင့် သူသည် တစ်ခြားသူများကို သတ်ဖြတ်သည့် အချိန်များတွင် မျက်တောင်တစ်ချက်လေးမှ မခတ်ခဲ့ပေ။

တစ်ချို့သော အချိန်များဆိုလျှင် သူ၏ ရန်သူများအား ပြင်းပြင်းထန်ထန် နှိပ်စက်ပြီးမှ သေခြင်းတရားကို ခံစားစေသည်။

လက်ရှိအချိန်တွင် ထိုသို့ ခံစားနေရသူမှာ သူပင် ဖြစ်နေသည်။

"မဟုတ်… မဟုတ်ဘူး။ ကျုပ် … ကျုပ် မသေချင်ဘူး။" စုန့်စစ်သည် သူ၏ နာကျင်နေသော လည်ပင်းမှ တစ်ဆင့် မပီမသ ဝိုးတိုးဝါးတားဖြင့် လှမ်းပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် အေးစက်စွာဖြင့် ပြောလိုက်သည်။

"ခင်ဗျားမသေချင်ဘူးဆိုရင် ကျုပ်ရဲ့ ကျေးကျွန်လုပ်။"

သေခြင်းတရား၏ စွမ်းအင်များ ပျောက်ကွယ်သွားပြီးသည့်နောက် စုန့်စစ်သည် ငရဲဂိတ်တံခါးမှ ပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရသည်။

သေခြင်းတရားဆီမှ ပြန်လည်လွတ်မြောက်လာခြင်းသည် အပျော်ရွင်ဆုံး ကိစ္စပင် ဖြစ်တော့၏။ "ကောင်းပါပြီ ….. ကောင်းပါပြီ …..ကျုပ် ခင်ဗျားရဲ့ အစေခံလုပ်မယ်။"

သူသည် အကောင်းဆုံး ကြိုးစား၍ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဆိုလိုက်သည်။

တစ်ဖက်လူ နားကြားလွဲ၍ တလွဲနားလည်သွားပြီး သူ့အား သတ်ဖြတ်လိုက်မိကို စိုးရိမ်မိနေ၏။ ထို့ကြောင့် သူ သေသေချာချာ ‌ရှင်းရှင်းလင်းလင်း ပြောဆိုနေခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ပြန်ရုတ်လိုက်၏။

ဘုတ်။

စုန့်စစ်သည် မြေပေါ်သို့ အားပြတ်ကာ ပြုတ်ကျသွားတော့သည်။ "ငါ အသက်ရှင်သေးတာပဲ …. ငါ အသက်ရှင်သေးတာပဲ။"

ကျွင်းချောင်ရှောင်းသည် အေးစက်စွာပြောလိုက်သည်။ "ဒီနေ့ကစပြီး ခင်‌ဗျားက ကျုပ်ရဲ့ ကျေးကျွန်ပဲ။ ကျေးကျွန်က ဘာလုပ်ရမလဲဆိုတော့ ကျုပ်ပြောတာကို နားထောင်ရမှာ။ မဟုတ်ရင် သေခြင်းတရားထက် ဆိုးရွားလှတဲ့ ကံကြမ္မာကို ခင်ဗျား ပိုင်ဆိုင်ရလိမ့်မယ်။"

"နား … နားလည်ပါပြီ။" စုန့်စစ်သည် အားပျော့စွာဖြင့် ပြောလိုက်၏။

သူ့အနေနှင့် အသက်ရှင်သန်ရမည်ဆိုလျှင် တစ်ခြား မည်သည့် အရာကိုမှ ဂရုစိုက်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ပြီး တစ်ဖက်လူ၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ သူ၏ အကြည့်များသည် အေးစက်နေ၏။ "ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ်ပြီး ယုံရမှာလဲ။"

"အရမ်းရိုးရှင်းတယ်။"

ဘယ်အချိန်က ရောက်လာမှန်းမသိသော လုချင်းချင်း သည် တံခါးအား မှီ၍ အေးစက်စက် ပြောလိုက်သည်။ "သူ့ရဲ့ ဝိညာဉ်အရင်းအမြစ်ကို ယူလိုက်လေ။"

"ဝိညာဉ်အရင်းအမြစ် ဟုတ်လား။"

ကျွင်းချောင်ရှောင်း ထိုအရာကို တစ်ခါမှ မကြားဖူးချေ။

စနစ်မှ ပြောလိုက်သည်။ "ဝိညာဉ်အရင်းအမြစ်ဆိုတာ ကျင့်ကြံသူတွေရဲ့ အသက်အရင်းအမြစ်ပဲ။ ကျင့်ကြံသူတစ်ယောက်က ဒီအရာကို ယူထားမယ်ဆိုရင် အတွေးတစ်ချက်ထဲနဲ့တင် ဝိညာဉ်အရင်းအမြစ် ကို ဖျက်ဆီးပစ်လိုက်လို့ ရတယ်။"

"‌ဒီလောက်ထိ အားကောင်းတာလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကိုပေး။ ဒါဆိုရင် ကျုပ်က ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးမယ်။"

စုန့်စစ် ၏ အကြည့်များသည် ဇဝေဇဝါနှင့် ဖြစ်မိနေသည်။ သို့ပေမဲ့ သူ၏ ပုခုံးပေါ်တွင် ရှိသော လက်သည် အားတိုးလာသည်ကို မြင်တော့ ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ "ကျုပ် …. ကျုပ် ပေးပါ့မယ်။"

ပြောပြီးသည့်နောက် သူ၏ စိတ်သည် တစ်ဖက်လူ၏ ဝိညာဉ်နှင့် ချိတ်ဆက်သွားမိသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှာ ကြိုးမျှင်ကဲ့သို့ အရာတစ်ခု ထွက်ပေါ်လာသည်။ ဤအရာသည် ဝိညာဉ်အရင်းအမြစ်ပင် ဖြစ်၏။

စနစ်မှ ပြောလိုက်သည်။ "ဒါကို လက်ခံသူက လက်နဲ့ ကိုင်ပြီးတော့ သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားလိုက်။"

ကျွင်းချောင်ရှောင်းသည် အသာလက်လှမ်း၍ ဝိညာဉ်အရင်းအမြစ်အား ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ဆွဲထုတ်လိုက်တော့သည်။ အတွေးတစ်ချက်နှင့် သူသည် သူ၏ သိုလှောင်လက်စွပ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။

အရာအားလုံးပြီးဆုံးသွားခဲ့ပြီ။

သူ့အနေနှင့် စုန့်စစ် ၏ ဝိညာဉ်အရင်းအမြစ်ကို ရယူခဲ့ပြီးဖြစ်၏။

သူ၏သိစိတ်သည် သိုလှောင်လက်စွပ်ထဲအား ဝင်ရောက်၍ ဝိညာဉ်အရင်းအမြစ်အား ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် တစ်ဖက်လူသည် ဝိညာဉ်တစ်ခုလုံး ပျက်ဆီး၍ သေဆုံးသွားမှာ ဖြစ်သည်။

"သွားတော့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဝိညာဉ်လက် ဂိုဏ်းကို ပြန်။ပြီးတော့ အကြီးအကဲတစ်ယောက်အနေနဲ့ ဆက်နေလိုက်။ လိုအပ်တဲ့အချိန် ကျုပ် ခင်ဗျားကို ဆက်သွယ်လိုက်မယ်။"

"ကောင်းပါပြီ။"

"ကျုပ်ကို သခင်လို့ခေါ်။"

"ကောင်းပါပြီ သခင်။"

စုန့်စစ် သည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် သူ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို အတင်း အားယူပြီး တောင်တက်လမ်းအတိုင်း တစ်လှမ်းချင်း ဆင်းသက်သွားတော့သည်။

လက်ရှိအချိန်တွင် သူ အလုပ်ချင်ဆုံးအ‌ရာမှာ အော်ငိုလိုက်ခြင်းပင် ဖြစ်တော့၏။

"ဘာလို့ ဘာမှ မဖြစ်ခဲ့သလို မနေနိုင်ရတာလဲ။"

"ဘာလို့ သံမဏိအရိုးဂိုဏ်းဆီကို ရောက်လာခဲ့မိတာလဲ။"

သူ့အနေနှင့် တစ်ဖက်လူအား မသတ်ဖြတ်နိုင်ခဲ့ရုံမက သူ၏ ဝိညာဉ်အမြစ်ကပင် သံမဏိအရိုးဂိုဏ်းချုပ်၏ လက်ထဲသို့ ရောက်ရှိခဲ့သည်။

သူကိုယ်တိုင်ပင် ကျေးကျွန်ဖြစ်ခဲ့၏။

စုန့်စစ်သည် စဉ်းစားရင်းနှင့် စိတ်ဓာတ်တွေကျကာ ချက်ချင်းပဲ အိုစာသွားတော့သည်။

“ဒင်။ အမိန့်နာခံအောင် ပြုလုပ်ခြင်း။

ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့် အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်။ ဂိုဏ်းစုဆောင်းမှတ် ၁၀၀ ရရှိသည်။”

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၁၀၅၀/၁၀၀၀။”

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် .....”

အမ်။

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။ "ဒါကလည်း ဖုံးကွယ်ထားတဲ့ တာဝန်ပဲလား"

စနစ်မှ ပြောလိုက်သည်။

"လက်ခံသူက သူ့ရဲ့ ဝိညာဉ်အမြစ်ကို ကိုင်ဆောင်ထားတယ်လေ။ ဒီတော့ သူ့အနေနဲ့ အမိန့်နာခံရမှာပေါ့။

ဝိုး။

ကျွင်းချောင်ရှောင်း နားလည်သွားမိသည်။ "ဘာပဲ ပြောပြော ဂိုဏ်းစုဆောင်းမှတ်တွေ ရလိုက်တာပဲပေါ့။ ဟား …ဟား …”

"ဂိုဏ်းချုပ်။"

လုချင်းချင်း မေးလိုက်သည်။ "သူ့ကို ဘာလို့ တစ်ခါတည်း မသတ်တာလဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "သူ့ကို သတ်လိုက်မယ်ဆိုရင် ဝိညာဉ်လက် ဂိုဏ်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်မှာ မဟုတ်ဘူး။ ဒါဆိုရင် ငါလည်း အလုပ်များသွားပြီ။”

သူသည် များပြားလှသော ဂိုဏ်းသားများကို ခေါ်ယူ၍ လင်းယုန်နက် ဂိုဏ်းအား သုတ်သင်ခဲ့ရသည်။ ယခု ဝိညာဉ်လက် ဂိုဏ်းသို သွားရောက်၍ ထပ်မံဖျက်ဆီးရမည်ဆိုလျှင် အလွန်တရာအလုပ်များနေလိမ့်မည်။

သူ့အနေနှင့် ဂိုဏ်းများ ဖျက်ဆီးသည့်ကိစ္စနှင့်ပင် သံသရာ လည်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သိုသိုသိပ်သိပ်နှင့် ဂိုဏ်းဖွံဖြိုးတိုးတက်မှု ရအောင် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

All Chapters