← Chapters

အခန်း (၂၄၈)

Vol. 17 Ch. 248

အခန်း (၂၄၈)

Vol. 17 Ch. 248

ရှစ်ဆယ့်ငါးရာခိုင်နှုန်းကို ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သလင်းအမြုတေများကို ထပ်မံထည့်သွင်းရန် လက်လျော့လိုက်တော့သည်။

တစ်ခြားနည်းလမ်းလည်း မရှိပေ။ သူ၏ လက်ထဲတွင် ငွေသားဆယ်သန်းမှ သန်းနှစ်ဆယ် နီးပါးခန့်သာ ကျန်ရှိတော့၏။ သူသည် ရှိရှိသမျှသော အရာအားလုံးကို ရင်းနှီးမြုပ်နှံခဲ့ခြင်းပင် ဖြစ်သည်။

သို့ပေမဲ့ သန္ဓေပြောင်းနိုင်မှု ရာခိုင်နှုန်းသည် တစ် မှ နှစ် ရာခိုင်နှုန်းအထိသာ တိုးတက်ခဲ့ရသည်။ ကျန်သည့်ကိစ္စများအား ကံကြမ္မာဟု ထားလိုက်ရန်သာ ရှိတော့၏။

တစ်ရာခိုင်နှုန်း တိုးတက်သွားသည် ဆိုလျှင်တောင်မှ သန္ဓေပြောင်းမှု၏ ရာခိုင်နှုန်း သည် ပြောင်းလဲသွားသည် ဟုတော့ သတ်မှတ်နိုင်သေးသည်။ ကျရှုံးသွားခဲ့လျှင်ရော ….။

ရှစ်ဆယ့်ငါး ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းသည် ပိုမို အခွင့်အရေး ရှိသည်ဆိုသော်လည်း ကျရှုံးနိုင်ခွင့် သည်လည်း ဆယ့်ငါးရာခိုင်နှုန်း ရှိနေသေးသည်။ ဆယ့်ငါး ရာခိုင်နှုန်းဘက်မှကျ၍ ကျရှုံးမည်ဆိုလျှင် သူ့အတွက် ဟာသ ဖြစ်ပေလိမ့်မည်။

"ငါ တစ်ရာမှာ ဆယ့်ငါး ။ တစ်ဆယ်မှာ ၁.၅ဆပဲ ကျရှုံးနိုင်ဖို့ရှိတယ်။ ဒါကိုတောင်မှ ကျရှုံးသေးတယ်ဆိုရင် တော်တော်ပဲကံဆိုးလို့ပဲ။" ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို နှစ်သိမ့်လိုက်၏။

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူရဲ့ သားရဲ သန္ဓေပြောင်းနိုင်နှုန်းက ကျရှုံးနိုင်ဖို့ ၁.၅ဆရှိတယ်။ဒါကလည်း ကျရှုံးနိုင်တယ်လို့ ဆိုလိုတာပဲ။"

"ချီးတဲ့မှ ….. မင်း ငါ့ကို ရင်နာအောင် မပြောလို့ မရဘူးလား။"

ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုလိုက်ပြီး သားပေါက်လာမည့်အချိန်ထိ ငြိမ်ငြိမ်သက်သက် စောင့်စားနိုင်ရန် စဉ်းစားလိုက်၏။

တစ်နေ့တာ ကုန်လွန်ခဲ့သောကြောင့် သားပေါက်လာရန် ဆယ့်လေးရက် ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူသည် သူ၏ တပည့်များအား ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးခြင်း အပေါ်သာ အာရုံ စိုက်မိထားလိုက်သည်။

……..

နောက်တစ်ရက်မှာတော့ စုရှောင်မိုသည် တစ်ခြားနိုင်ငံတွင် သိုင်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာမှ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် ထွက်ခွာသွားတုန်းက သန့်သန့်ရှင်းရှင်းနှင့် ဖြစ်သော်လည်း ပြန်လည်ရောက်ရှိချိန်မှာတော့ ဖုန်တလုံးလုံးနှင့် ဖြစ်နေ၏။

သူသည် အလွန်လျှင်မြန်စွာ ပြန်လာခြင်းကြောင့်ပင် ဤသို့ ဖြစ်နေခြင်း ဖြစ်သည်။

တပည့်များသည် အလောတကြီးဖြင့် စုဝေးလိုက်ကြ၏။

သူတို့ စီနီယာအစ်ကို၏ လည်ပင်းတွင် ရှိသော ဗိုလ်ဆွဲသည့် အမှတ်တံဆပ်ကို မြင်တော့ အားလုံးသည် ချီးကျူးလိုက်ကြသည်။

စီနီယာအစ်ကိုနှစ်ယောက်သည် မတူညီသည့် နိုင်ငံများတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပထမဆု ရရှိခဲ့ကြသည်။

ဤအရာသည် ကျန်သော သံမဏိအရိုးဂိုဏ်းတပည့်များ၏ စိတ်ဓာတ်များ ပိုမို တိုးတက်လာတော့မည့် အရိပ်အယောင် ပင် ဖြစ်တော့သည်။ သူတို့သည် အနာဂတ်တွင်လည်း ထိုသို့ ပြုလုပ်နိုင်ရန် မျှော်လင့်နေမိသည်။

စုရှောင်မိုသည် ဂိုဏ်းချုပ်နှင့် လာရောက်တွေ့ဆုံပြသည့်နောက် ဗိုလ်ဆွဲခဲ့သည့်အတွက် ရရှိခဲ့သော ဆုလာဘ်များကို ပေးခဲ့၏။

သူ့အနေနှင့် ဆုလာဘ်များကို ခိုးဝှက်ထားရန် ရည်ရွယ်ချက် မရှိပေ။

ဂိုဏ်းချုပ်၏ ကျေးဇူးကြောင့် သူသည် ယနေ့တွင် ဤကဲသို့ အခြေအနေမျိုး ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး သိုင်းပြိုင်ပွဲတွင်လည်း ဗိုလ်ဆွဲနိုင်ခဲ့သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည်လည်း တပည့်များအား မမျှမတ မဆက်ဆံချေ။ ထို့ကြောင့် စုရှောင်မိုအား စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးလိုက်၏။ ထို့နောက် တစ်ခြားအရာများကို သူ သိမ်းဆည်းထားသည်။

တပည့်များအတွက် ပြိုင်ပွဲများ ပြုလုပ်ပြီးသည့်နောက် ဆုလာဘ်များ ပေးရန် သူ စဉ်းစားလိုက်၏။

နောက် ရက်အနည်းငယ် ကြာချိန်မှာတော့ လီဖေးနှင့် ထန်းချီတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်ရှိလာ၏။

သူတို့ နှစ်ယောက်သည်လည်း ဂိုဏ်းချုပ်အား စိတ်မပျက်စေပေ။ ထိုနှစ်ယောက်သည် မတူညီသော နိုင်ငံရှိ မတူညီသော သိုင်းပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့ကြသည်။

ကျွင်းချောင်ရှောင်း၏ အတွင်းတပည့်များအားလုံးသည် သိုင်းတပည့်အဆင့်သာ ရှိသည်ဆိုသော်လည်း သူတို့၏ အားအင်အဆင့်များသည် သိုင်းဆရာအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အဆင့်မြင့် ပြိုင်ပွဲများမှ လွှဲ၍ သူတို့သည် မည်သည့် သိုင်းပြိုင်ပွဲကို မဆို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ယုံကြည်နေ၏။

"ချင်းယန်နဲ့ တစ်ခြားလူသုံးယောက်တို့က စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံးပေါင်းတစ်ရာကျော်ကို ပေးခဲ့တယ်။ဒါက မများဘူးဆိုပေမဲ့ နည်းလည်း မနည်းဘူး။’ ကျွင်းချောင်ရှောင်းးသည် တပည့်များအား သိုင်းပြိုင်ပွဲများသို စေလွှတ်ခိုင်းသည့် အကြံအစည် နှင့် ပတ်သက်၍ အလွန်တရာ သဘောကျနေသည်။ သူသည် အရင်းအမြစ်များ ရရှိနေသည် မဟုတ်လော။

"ထူးဆန်းတယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သက်ကာ ပြောလိုက်သည်။ "ဘာလို့ ရှောင်ကျီ ပြန်မလာသေးတာလဲ။"

အတွင်းစည်းတပည့်များငါးယောက်သည် သူတို့၏ တာဝန်များကို ပြည့်ဝအောင်လုပ်ပြီး ပြန်လာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ရှောင်ကျီသည် ပြန်မရောက်သေးချေ။

"ဖြစ်နိုင်တာက သိုင်းပြိုင်ပွဲက အရမ်းခက်ခဲလိုလား။"

"ဂိုဏ်းချုပ်။"

ထိုအချိန်မှာပဲ လီလိုရှုသည် အလောတကြီးဖြင့် ဒုတိယဟောခန်းထဲသို့ လျောက်ဝင်လာ၏။ ပြီးနောက် ပြောလိုက်သည်။ "ဟူရန်မြို့ဆီကနေ သတင်းရလာတယ်။ရှောင်ကျီက သိုင်းပြိုင်ပွဲကို အနိုင်ယူခဲ့ပြီး ပြန်လာခဲ့တယ်လို့ ဆိုတယ်။ဒါပေမဲ့ လမ်းရဲ့ သစ်တောထဲမှာတော့ လူအများအပြားရဲ့ ပိတ်ဆိုတိုက်ခိုက်ခြင်းကို ခံနေရတယ်။အခြေအနေက တော်တော်ဆိုးတယ်။ဒါ့ကြောင့် သူ့ကို မြန်မြန်ကယ်ဆယ်ဖို့ လိုတယ်။”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွားသည်။

ရှောင်ကျီသည် ဂိုဏ်းသို ချက်ချင်း ပြန်မရောက်လာခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ပေ ချောင်းမြောင်း လုပ်ကြံသူများ၏ လက်အတွင်း သက်ရောက်နေလေ၏။

"လူဘယ်လောက်များလဲ။"

"တစ်ရာလောက်ရှိတယ်။အဲထဲမှာ သိုင်းစစ်သူကြီးအဆင့်တွေတောင် ပါတယ်။"

ကျွင်းချောင်ရှောင်းသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "မိုးဆွေဟောခန်းက လူတွေအကုန်လုံးကို စုလိုက်။ ပြီးရင် သူ့ကို ကယ်ဖို့အတွက် ငါနဲ့အတူ ဟူရန်မြို့ကို သွားကြမယ်။"

"ကောင်းပြီ။" လီလိုရှူသည် အလောတကြီးဖြင့် ထွက်ခွာသွား၏။

ပြီးနောက် ဂိုဏ်းထဲမှာရှိသော မိုးဆွေအဖွဲ့မှ အဖွဲဝင်များအားလုံးကို စုစည်းလိုက်သည်။

ကျွင်းချောင်ရှောင်း၏ ညွှန်ကြားချက်အောက်မှာပဲ တစ်ခြားသော တပည့်များသည် ဆက်လက်၍ ကျင့်ကြံနေကြသည်။

သို့ပေမဲ့ သူသည် အဓိကဟောခန်းသို ထွက်လျှောက်မိချိန်မှာတော့ လီချင်းယန် ၊ စုရှောင်မိုနှင့် တစ်ခြားသောသူများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် ငူငူကြီး ရပ်လျက်ရှိသည်ကို သူတို့ မြင်လိုက်ကြရ၏။

သူတို့၏ မျက်နှာများသည်လည်း ပျက်ရွင်းနေကြသည်။

သူတို့သည် ဂျူနီယာညီလေးရှောင် တစ်ယောက် ချောင်းမြောင်းတိုက်ခိုက်ခံနေရပြီဆိုသော သတင်းကို သိရှိပြီးဖြစ်၏။

"မင်းတို့လည်း လိုက်ချင်လို့လား" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီချင်းယန် ပြန်ပြောလိုက်၏။ "ဂျူနီယာညီလေးက ဒုက္ခရောက်နေတယ်။ ကျွန်တော်တို့ လိုလိုချင်ချင်နဲ့ လိုက်ပြီး ကယ်တင်ချင်တယ်။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သွားကြစို့။"

တစ်ခြားသူများသည်လည်း လိုက်ပါ၍ စီနီယာအစ်ကို ရှောင်အား ကယ်တင်ချင်၏ သို့ပေမဲ့ သူတို့၏ အားအင်အဆင့်သည် အကန့်အသတ်ရှိနေသည်ဆိုသည်ကို သိရှိပြီး သူတို့ အနေနှင့် လိုက်ပါသွားလျှင် အသုံးမဝင်သလို ကယ်တင်သည့် လုပ်ငန်းစဉ်တွင်လည်း နှောင့်နှေးကျန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိရှိကြသည်။ ထို့ကြောင့် ခပ်မဆိတ်သာ ငြိမ်ငြိမ်လေး ကျန်ရစ်ခဲ့ကြသည်။

သူတို့သည် ဂိုဏ်းချုပ်နှင့် စီနီယာအစ်ကိုများ ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း အောင်အောင်မြင်မြင် ပြန်ရောက်လာနိုင်ရန် ဆုတောင်းမှုကိုသာ ပြုလုပ်နေကြ၏။

...............

ဝှစ် ……… ဆွစ်။

ဟူရန်မြို့သို့ သွားရာ လမ်းမှာတော့ မိုးဆွေဟောခန်း မှ တပည့်ငါးရာကျော်တို့သည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ အမြန်ဆုံးနှုန်းဖြင့် သွားလျက်ရှိသည်။

"ချီးတဲ့မှ။"

လီထျန်းထျန်းသည်လည်း လိုက်ပါလာ၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီး ကျူပ်တို့ သံမဏိအရိုးဂိုဏ်းရဲ့ တပည့်ကို အနိုင်ကျင့်ရဲတာလဲ။"

လင်းယုန်နက်ဂိုဏ်းအား ဖျက်ဆီးခြင်း အတွေ့အကြုံကို ရပြီးသည့်နောက် ဤကောင်လေး၏ ကလေးဆန်သည့် အမူအရာသည် ပျောက်ကွယ်သွားတော့သည်။ သူသည် ပိုမို၍ ရင့်ကျက်လာ၏။

စီနီယာအစ်ကိုရှောင်ကို သွားရောက်ကယ်တင်ရမည်ဖြစ်သောကြောင့် အားလုံးသည် သူတို့၏ အမြန်နှုန်းကို မြှင့်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်လျှပ်စီးကျားသားပေါက်လေးကို စီး၍ ရှေ့ဆုံးမှ သွားလျက်ရှိ၏။ သူ၏ မျက်လုံးထဲတွင် ရှိသော အေးစက်မှုများသည် ပိုပို၍ တင်းမာလာသည်။

ရှောင်ကျီအား အဘယ့်ကြောင့် များပြားလှသော သိုင်းပညာရှင်များ တားဆီးထားသည်ကို သူ မသိရှိဘူးဆိုသော်လည်း သံမဏိအရိုးဂိုဏ်းအား အပြစ်ပြုရဲသည်ဆိုလျှင် ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မည်။

လီချင်းယန်၊ စုရှောင်မိုတို့သည်လည်း နောက်မှ အဆက်မပြတ်လိုက်ပါလာကြ၏။

သူတို့သည် ဂျူနီယာညီလေးရှောင်အား အလွန်အမင်း စိတ်ပူလျက်ရှိသည်။ ထို့ကြောင့် အမြန်နှုန်းအား အစွန်းဆုံထိ တိုးမြှင့်လိုက်ကြသည်။

"ဂျူနီယာညီလေး ရှောင် … ငါတို့ရောက်လာတဲ့အထိ မင်းတောင့်ခံထားရမယ်။"

………

ဟူရန်မြို့သည် ချင်းယန်မြို့နှင့် အနည်းဆုံး မိုင်တစ်ထောင် အကွာအဝေးတွင် ရှိ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုနေရာသို့ သွားရန် နှစ်ရက်မှ သုံးရက်အထိ သွားရ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တပည့်များသည် ဟူရန်မြို့သို အမြန်ဆုံးနည်းနှင့် ခရီးဆက်လာကြသောကြောင့် ညနေ နေဝင်ရီသရောအချိန်တွင် ရောက်ရှိလာကြသည်။

လီလိုရှုသည် တောနက်ကြီးထဲတွင် မတ်မတ်ရပ်လျက် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလိုက်၏။

အဖွဲ့ဝင်များ ထားရှိခဲ့သော မှတ်တမ်းများကို အတည်ပြုပြီးသည့်နောက်မှာတော့ သူမသည် အရှေ့ဘက်သို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ….. အဲဘက်ပဲ။"

"သွားကြစို့။"

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်၍ အရှေ့ဘက်အရပ်ဆီသို့ ဦးတည် လိုက်၏။

……….

မဲမှောင်နေသော တောင်ကြားတစ်ခု၏ နောက်တွင်တော့ ရှောင်ကျီသည် အဝတ်အစားတွေ စုတ်ပြတ်သတ်လျက်ရှိပြီး သူ၏ ခါးနှင့်လက်ကောက်ဝတ်များမှာတော့ ဓားရာများ ရှိနေသည်။

သူသည် စနိုက်ပါသေနတ်အား အသာမြှောက်ကိုင်၍ အေးစက်စက်နှင့် ကြည့်လိုက်သည်။

သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်နေ၏။ သူသည် အပြင်ဒဏ်ရာများတင်သာမက အတွင်းဒဏ်ရာများပါ ရရှိနေခြင်းဖြစ်သည်။

ဟူရန်မြို့၏ သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးသည့်နောက် ရှောင်ကျီသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သူ၏ ဂိုဏ်းဆီသို့ ပြန်ချင်၏။

သို့ပေမဲ့ လမ်းခုလတ်တွင်တော့ များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် သူ့အား တားဆီးထားကြသည်။

အဘယ်ကြောင့်နည်း။

သူသည် သိုင်းပြိုင်ပွဲတွင် လက်လွန်၍ တစ်ခြားသော သိုင်းတပည့်များအား ဒဏ်ရာရရှိစေခဲ့သောကြောင့်ဖြစ်၏။

တကယ်တော့ သိုင်းပြိုင်ပွဲတွင် တစ်ခြားသော ဂိုဏ်းများမှ တပည့်များသည် ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သည်။

သူတို့သည် အဆင့်ကိုးနိုင်ငံ၏ အဆင့်ရှစ်ဂိုဏ်းတစ်ခုဆီမှ ရောက်ရှိလာသော ရှောင်ကျီအား အထင်အမြင်သေးစွာဖြင့် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခဲ့၏။

သို့ပေမဲ့ နောက်ဆုံးရလာဒ်အနေနဲ့ ထိုတပည့်များအားလုံးသည် ပြင်းထန်သည့် ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။

"ကောင်လေး။" ရုတ်တရက်ဆိုသလိုပဲ တောင်ကြားထဲမှ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာသည်။ "ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မခုခံဘဲ မင်းလက်ထဲမှာ ရှိတဲ့ လက်နက်ပုန်းကို ငါတို့ကို ပေးလိုက်။ ဒါဆိုရင် မင်း အသက်ရှင်နိုင်သေးတယ်။"

ရှောင်ကျီသည် စနိုက်ပါသေနတ်ကို မြှောက်ကိုင်၍ အသံထွက်ပေါ်ရာ နေရာသို့ လှမ်းချိန်ကာ မှန်ဘီလူးမှ တစ်ဆင့် ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူဆယ်ယောက်တို့အား တွေ့ရှိပြီးသည့်နောက်မှာတော့ သေနတ်မောင်းအား ဆွဲယူလိုက်တော့သည်။

ရွှီ။

ကျည်ဆံသည် ဖြတ်သန်းသွားပြီး သိုင်းတပည့်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်လိုက်၏။

ပြီးနောက် သူသည် သေနတ်ကို ကိုင်၍ အခြားတည်နေရာသို့ မြန်မြန်ဆန်ဆန်ပဲ ရွေ့လျား သွားလိုက်တော့သည်။

"သူ ဟိုမှာပဲ။"

"ချီးတဲ့မှ …. မြန်မြန်လိုက်ကြ။"

"ဒီလက်နက်ပုန်းကိုသုံးပြီး ငါတို့ လူတော်တော်များများကို သတ်ပြီးပြီ။ သူ့ကို သတ်ပြီးရင် ငါတို့ ရှစ်ပိုင်းပိုင်းပစ်မယ်။"

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် အလျင်စလိုနှင့် လိုက်ကြတော့သည်။

ကံဆိုးစွာဖြင့် ရှောင်ကျီသည် တောနက်ထဲတွင် လှုပ်ရှားသွားလာတိုက်ခိုက်ခြင်း အတွေ့အကြုံ တော်တော်များများ ရှိပြီးဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကို ပစ်ခတ်ပြီးသည့်နောက်မှာတော့ သူသည် အခြားတည်နေရာသို့ သွားရောက်၍ ကောင်းကောင်း ပုန်းအောင်းနေနိုင်၏။

တစ်ဖက်အဖွဲ့များသည် သူ့အား သတိအပြည့်နှင့် လိုက်လံရှာဖွေ နေကြသည်။

ဤတောင်ကြားသည် အလွန်အမင်း ကြီးမားလှသည် မဟုတ်ချေ။ ထို့ကြောင့် လူအများအပြားစုဖွဲ့၍ စက်ဝိုင်းပုံစံမျိုး ကျဉ်းမြောင်းကာ ရှာဖွေလာမည်ဆိုလျှင် တစ်ချိန်၌ သူ့အား တွေ့ရှိသွားပေလိမ့်မည်။

အစောကြီးကတည်း လူအများကို တိုက်ခိုက်ခဲ့ပြီးသော ရှောင်ကျီသည် မနှေးနှင့်မမြန်ဆိုသလို သူ့အား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်သောကြောင့် သူ၏ စနိုက်ပါသေနတ်ကို ပစ်ခတ်ပြီးသည်နှင့် တည်နေရာ ရွေ့ပြောင်းကာ သွားလာနေလျက်ရှိသည်။

သူသည် သူ တတ်နိုင်သလောက် ပစ်ခတ် ၍ လူအရေအတွက် များများကို သတ်ဖြတ်ထားမှ ဖြစ်မည်။ ထိုမှသာ သူ သေဆုံးရမည်ဆိုလျှင်တောင်မှ သူ့အတွက် ဆုံးရှုံးစရာ မရှိတော့ချေ။ အရေအတွက်အရ တန်ပေးလိမ့်မည်။

ဟူး။

ရုတ်တရက်ဆိုသလိုပဲ သူ၏ နောက်ဘက်ဆီမှ လေတိုးသံတစ်ခု ပေါ်လာပြီး အလွန်အမင်း အားကောင်းလှသော အားတစ်ခုသည် သူ၏ နောက်ဘက်ဆီသို့ ရောက်ရှိလာသည်။

"မကောင်းတော့ဘူး။"

ရှောင်ကျီ၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူသည် သေနတ်အား မြန်မြန်ဆန်ဆန် ရုတ်ပြီး ရှောင်ရှားလိုက်၏။

သို့ပေမဲ့ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ အလွန်အမင်း အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် လက်သီးသည် သူ၏နောက်ကျောဘက်သို့ တိုက်ရိုက်ပင် ထိမှန်သွားတော့သည်။

ဖောင်း ..။

သူသည်လွင့်စင်သွားပြီး ကျောက်နံရံကြီးတစ်ခုနှင့် သွားရောက် ရိုက်မိသည်။

သူ့အား တိုက်ခိုက်လိုက်သောလူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ယောက်ဖြစ်ပြီး ထိုသူ့ဆီမှ သိုင်းစစ်သူကြီးအဆင့် အော်ရာများကို ထွက်ပေါ်နေသည်။

ထိုသူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “တော်တော်ကြီး အပုန်းကောင်းတဲ့ ဂျူနီယာလေးပါလား။"

ဝေ့ါ။

ရှောင်ကျီသည် မနည်းအားတင်း၍ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်၏။

သက်လတ်ပိုင်းလူ သည် အံ့အားသင့်သွား၏။ "ငါ့ရဲ့ တိုက်ခိုက်ချက်ကို ခံပြီးတဲ့နောက်မှာတောင် မတ်တပ်ထရပ်နိုင်သေးတယ်။မင်းက တော်တော်မာတာပဲ။"

ရှောင်ကျီသည် သူ၏ သွေးတွေ ပေကျံနေသော ပါးစပ်အား အသာသုပ်ကာ ရယ်လိုက်၏။ "ကျူပ်ကို အထင်မသေးနဲ့။"

ရွှီ။

သက်လတ်ပိုင်းလူ သည် ချက်ချင်းဆိုသလိုပဲ အနားသို တိုးလာပြီး ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ တပည့်က ဘယ်လောက်ထိ အားကောင်းမလဲဆိုတာကို ကြည့်ချင်တယ်။"

လက်သီးချက်များအားလုံးသည် လေထဲ၌ ဖြစ်ပေါ်လာသည်။ ပြီးနောက် ရှောင်ကျီအား အညှာအတာကင်းမဲ့စွာဖြင့် တိုက်ခတ်လိုက်တော့သည်။

ဖောင်း … ဖောင်း …. ဖောင်း။

All Chapters