← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

အရေးကြီးသော အခိုက်အတန့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် လမ်းပေါ်မှာချန်ထားခဲ့သော အမှတ်အသားများနောက်သို့လိုက်၍ တောင်ကြားထဲသို့ အလျင်အမြန်ရောက်ရှိခဲ့သည်။

သူ၏နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော ဒေါသတရားကို မဖိနှိပ်နိုင်ခဲ့ချေ။

အဘယ့်ကြောင့်ဆိုသော် သူသည် မိုးဆွေဟောခန်း အဖွဲဝင်များအနားသို့ ရောက်ရှိသွားချိန်မှာတော့ ဂိုဏ်း၏အဖွဲ့ဝင်တစ်ယောက်သည် သေဆုံးသွားခဲ့ပြီဆိုသော သတင်းကို သူရရှိခဲ့သောကြောင့် ဖြစ်သည်။

အဘယ်သို့သော သတ္တိများရှိသောကြောင့် သူ၏တပည့်ကို သတ်ဖြတ်ရဲရသနည်း။ ဂိုဏ်း၏တပည့်ကို သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် မည်သူပင်ဖြစ်ပါစေ သေဆုံးရပေမည်။

သေဆုံးခြင်းဆိုသည်မှာ ရိုးရှင်းလှ၏။

သက်တောင့်သက်သာဖြင့် သေဆုံးခြင်းရှိသလို အလွန်နာကျင်ဖွယ်ရာ ခံစားခြင်းမျိုးဖြင့် သေဆုံးရခြင်းမျိုး လည်းရှိသည်။

သက်လတ်ပိုင်းလူသည် ခြေထောက်ကို အသာရုတ်၍ ဖယ်ပေးလိုက်မည်ဆိုလျှင် သက်သောင့်သက်သာနှင့် သေဆုံးရမည်ဖြစ်ပြီး ခြေထောက်အား အောက်သို့ချ၍ နင်းချလိုက်မည်ဆိုလျှင် အလွန်နာကျင်ဖွယ်ရာ ကောင်းသော သေဆုံးခြင်းမျိုးနှင့် သေဆုံးရမည်။

"ဂိုဏ်း …. ဂိုဏ်းချုပ်"

ရှောင်ကျီသည် အားဖျော့စွာဖြင့် အော်လိုက်၏။

သူ၏မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။

ဂိုဏ်းချုပ်သည် ရောက်လာခဲ့ပြီဖြစ်သည်။ ဂျူနီယာညီလေးသည် လုံခြုံပြီဖြစ်သည်။

လက်ရှိအချိန်မှာတော့ ရှောင်ကျီသည် မိမိအတွက်မိမိ မပူပန်တော့ချေ။ သူသည် မိုးဆွေဟောခန်း၏ အဖွဲ့ဝင်များအတွက် ပူပန်နေမိ၏။

သူ၏ တန်ဖိုးကြီးမားလှသောတပည့်သည် အလွန်တရာ ပြင်းထန်သည့်ဒဏ်ရာများကို ရရှိထားသည်ကို မြင်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန် ပြင်းထန်သော သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်ပေါ်လာသည်။

အောက်တွင်ရှိသော သူသည် နတ်ဘုရား သို့မဟုတ် အင်မော်တယ်တစ်ယောက် ဖြစ်နေသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

သာမန်အခြေအနေမျိုးတွင် ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ် နေထိုင်ရန် ရွေးချယ်ခဲ့၏။

ဥပမာအားဖြင့် ဝိညာဉ်လက်ဂိုဏ်းရဲ့ အကြီးအကဲနှင့် သိုင်းပညာယှဉ်ပြိုင်ခဲ့စဉ်ကလို ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုခြင်းအရာတစ်ခုသာ ရှိတော့သည်။

နဂါးများတွင် သေဆုံးမည်ဆိုလျှင်တောင်မှ ထိတွေ့၍ မရသည့် အကြေးခွံဆိုတာရှိသည်။ ကျွင်းချောင်ရှောင်း၏အကြေးခွံမှာလည်း သူ၏တန်ဖိုးကြီးမားလှသော တပည့်များဖြစ်ပေ၏။

သတ်ဖြတ်ဖို့မပြောနှင့် ဆံခြည်မျှင်တစ်ခုကို ထိခိုက်အောင်လုပ်လျှင်ပင် အလွန်ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြန်လည်ပေးဆပ်ရပေလိမ့်မည်။

ရှောင်ကျီ၏စကားကိုကြားတော့ လောင်စွင်းဖန်သည် ထူးမခြားနားသလို ပြောလိုက်သည်။

"မင်းက အဆင့်ရှစ် သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့"

ပြောနေတုန်းမှာပဲ သူ၏ခြေထောက်သည် မလှုပ်ရှားချေ။

ဤသို့သော အပြုအမူကြောင့် ထိုသည် အလွန်နာကျင်ဖွယ်ရာကောင်းသော သေဆုံးမှုနှင့် အဆုံးသတ်ရလိမ့်မည်ဟု ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲတွင် တေးမှတ်ထားလိုက်မိ၏။

"ကောင်းတယ်။"

လောင်စွင်းဖန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ငါ မင်းရဲ့တပည့်ကို နှစ်သက်တယ်။ဒီတော့ ငါ့ရဲ့ ချီရှန်းဂိုဏ်းထဲ သူ့ကိုဝင်စေချင်တယ်။"

သူ၏စကားလုံးများသည် ကျွင်းချောင်ရှောင်းအား မည်သို့မှ မျက်လုံးထဲတွင်မထည့်ကြောင်း ထင်ရှားနေ၏။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်မပြောနှင့် ဂုဏ်ပုဒ်နှစ်ခုကိုပိုင်ဆိုင်သော ချင်ဟောင်ရန် သူ၏ရှေ့တွင် ရောက်ရှိလာမည် ဆိုလျှင်တောင်မှ သူ့အနေနှင့် မျက်လုံးထဲထည့်မည်မဟုတ်ပေ။

သူသည် အလွန်အမင်း မောက်မာခြင်းမဟုတ်ပေ။ သူသည် အလွန်အမင်း အားကောင်းလွန်းသောကြောင့် တစ်ခြားသူများကို အထင်ကြီးစရာ မလိုအပ်ချေ။

"သူ့ကို တပည့်အဖြစ်လိုချင်တာပေါ့။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ခင်ဗျားက တကယ့်ကို မောက်မာလွန်းတယ်။"

လောင်စွင်းဖန်ပြောလိုက်သည်။ "ငါ့ဆီ သူ့ကိုပေး။ဒါဆိုရင် ငါတို့ကြားမှာရှိတဲ့ ရန်ငြိုးအားလုံးကို ဖယ်ရှားလိုက်မယ်။"

သူအမှန်တကယ်ပဲ ရှောင်ကျီအား နှစ်သက်မိ၏။ သူ၏ဂိုဏ်းအတွင်းသို ရှောင်ကျီအား ခေါ်ဆောင်နိုင်မည်ဆိုလျှင် အရာအားလုံးကို ပယ်ဖျက်ပေးနိုင်၏။

သို့ပေမဲ့ ကံဆိုးလှစွာဖြင့် ဤအရာသည် သူ တစ်ဖက်သတ်မျှော်လင့်နေသည့်အရာသာ ဖြစ်သည်။ ကျွင်းချောင်ရှောင်း သည် ရှောင်ကျီအား ချီရှန်းဂိုဏ်းသို့ ဝင်ရောက်ရန် ခွင့်ပြုပေးမည်ဆိုလျှင်တောင်မှ ရှောင်ကျီသည် ဘယ်တော့မှ ဝင်ရောက်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် သူ၏ဓားမော့အားမြှောက်၍ အေးစက်စက်ပြောလိုက်သည်။

"ရန်ငြိုးအားလုံးကို ဖယ်ရှားပေးမယ်ဟုတ်လား။ စောက်တလွဲတွေတော်စမ်း။"

လောင်စွင်းဖန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "မင်းက ဂိုဏ်းချုပ်တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းပါးစပ်ကတော့ အယုတ္တ အနတ္တတွေထွက်တယ်။ မင်းက ကောင်းမွန်တဲ့ အပြုအမူ မရှိတဲ့ကောင်ပဲ။"

"ခင်ဗျားက ကျုပ်လူကိုလည်းသတ်သေးတယ် ။ပြီးတော့ ခင်ဗျားကို ရိုရိုကျိုးကျိုး ဆက်ဆံစေချင်သေးတယ် … ဟာသပဲ။ ဟား ဟား ဟား ဟား"

ကျွင်းချောင်ရှောင်း ရယ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပဲ သူ၏အကြည့်များသည် အေးစက်သွားသည်။ ပြီးနောက် သူသည် လက်ထဲမှ ဓားမော့အား လွှဲရမ်းရင်း ခုန်ဆင်းလိုက်၏။

ဤခုတ်ပိုင်းချက်သည် အနည်းဆုံး ဂျင်သုံးသိန်း ထက် ပိုမို၍ ပြင်းထန်သောအားအင်များ ပါဝင်နေသည်။

သူသည် အစောကတည်းက စွမ်းအင်ချိုးဖျက်ခြင်းအဆောင်ကို ချိုးဖျက်ပြီးဖြစ်၏။

မူလအားဖြင့် ထီမထင်ဟန်ဖြင့် ဂရုမစိုက်သလို ပြုမူနေသော လောင်စွင်းဖန်သည် အလွန်အားကောင်းလှသော ဓားမော့၏ ချီလှိုင်းများအား ခံစားမိလိုက်ချိန်မှာတော့ လေးနက်သွားသည်။

သူသည် သူ၏လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ပြီးအော်လိုက်၏။ "မိုးကောင်းကင်လက်ဝါး"

"ဝူးး ဝူးး"

သူ၏ လက်ဝါးဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး လေထဲ၌ ကြီးမားလှသည့် လက်ဝါးကြီးတစ်ခု ဖြစ်တည်လာကာ ဓားမော့၏ အလင်းများနှင့် ထိပ်တိုက်တွေ့ဆုံသည်။

ကျွင်းချောင်ရှောင်း၏ ခုတ်ပိုင်းချက်သည် အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် ဂရုစိုက်မပြုပဲ မနေရဲချေ။ ထို့ကြောင့် သူ တစ်ချိန်လုံး ကြိုးစား လေ့ကျင့်ခဲ့ရသည့် အဆင့်မြင့် လက်ဝါးနည်းစနစ်ကို ထုတ်ဖော်ကာ ရင်ဆိုင်လိုက်၏။

"ဝူး ဝူးး"

နဂါးစိမ်းလခြမ်းဓားမော့သည် အစိမ်းရောင်အလင်းတန်းများကို ဖြစ်တည်စေပြီး ဖြစ်ပေါ်နေသည့် အားအင်မှာလည်း အလွန်အမင်း များပြားလှသည်။

နောက်ဆုံးမှာတော့ အရှိန်နှင့် အတူ လွှဲရမ်းရင်းမှ ဂျင်လေးသိန်းနီးပါးခန့် အားအင်မျိုး ဖြစ်တည်လာ၏။

ထိုအရာသည် မည်သည်ကို ဆိုလိုသနည်း။

အဆင့်မြင့်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော သိုင်းစစ်သူကြီးတစ်ယောက်သာလျှင် ထိုကဲ့သို့ အားအင်ကို ပိုင်ဆိုင်သည်။ ထို့အပြင် ထိုသိုင်းစစ်သူကြီးသည် အနည်းဆုံး အဆင့်ငါး သိုင်းစစ်သူကြီး ဖြစ်ရမည်။

လောင်စွင်း ဖန်သည်လည်း အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုပိုင်ဆိုင်သူဖြစ်၏။ သို့ပေမဲ့ သူသည် ဒုတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက်သာ ဖြစ်သည်။

မိုးကောင်ကင် လက်ဝါး၏ ထောက်ပံ့မှုနှင့်အတူ သူ၏အားအင်များသည် ဂျင်နှစ်သိန်းသုံးသောင်းထိ ရောက်ရှိနိုင်၏။

ထိုကဲ့သို့ ရောက်ရှိနိုင်သည်ကပင် အလွန်အမင်း အားကောင်းလွန်းနေပြီဖြစ်၏။

ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်း၏ ဓားမော့ရှေ့တွင်တော့ ဤမျှသော အားအင်များသည် ဘာမှမဟုတ်ပေ။

"ချိုးဖျက်စမ်း။"

ကျွင်းချောင်ရှောင်း အေးစက်စက်နှင့်အော်လိုက်၏။

အစိမ်းရောင်ဓားမော့အလင်းတန်းများသည် ကြမ်းတမ်းစွာပဲ ကျဆင်းသွားပြီး ပုံရိပ်ယောင်လက်ဝါးကြီး အား ဖြတ်တောက်သွားသည်။ ထို့အပြင် ခုတ်ပိုင်းလိုက်သော အားအင်များသည် လုံးဝမကျဆင်းသွားပေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ။"

လောင်စွင်းဖန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။ သို့ပေမဲ့ သူ့အနေနှင့် တုန်လှုပ်ရန် အချိန်မရှိပေ။

အလောတကြီးဆိုသလိုပဲ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ ရှောင်ရှားလိုက်ရသည်။

"ဘုန်း"

သူလှုပ်ရှားလိုက်ချင်းချင်းမှာပဲ စွမ်းအားမြင့်ဓားမော့ကြီးများသည် မြေပြင်ကို ခုတ်ပိုင်းပြီး ဖြစ်၏။

ချက်ချင်းဆိုသလိုပဲ မြေပြင်ပေါ်တွင် တစ်မီတာလောက်ရှည်လျားသော ဓားမော့ရာကြီးတစ်ခု ဖြစ်တည်လာသည်။

"ခရက် ခရက် ခရက်"

ဓားမော့ဖြတ်သန်းသွားရာ မြေနေရာမှာတော့ ကြီးမားလှသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာ၏။

ဂျင်လေးသိန်းအားအင်ပါသော ဓားမော့သည် ဤတည်နေရာရှိ မြေပြင်ကြီးအား ထက်ပိုင်းခြမ်းပစ်လိုက်သည်။

လောင်စွင်းဖန်သည် ရှောင်ရှားခဲ့နိုင်သည် ဆိုသော်လည်း မြေပြင်ပေါ်ရှိ ကြီးမားသော ဓားမော့ရာကြီးကို မြင်ချိန်မှာတော့ သူ၏နောက်ကျောတစ်ခုလုံးမှာ ချွေးစေးများနှင့် ပြည့်နှက်သွား၏။

ဤဓားမော့သည်သာ သူ့အားခုတ်ပိုင်းလိုက်မည်ဆိုလျှင် နှစ်ပိုင်းပြတ်တောက်သွားမှာ ဖြစ်ကြောင်း သံသယမရှိချေ။

သိုင်းဆရာအဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်လောက်သာ ရှိပုံပေါ်သော ဤသံမဏိအရိုးဂိုဏ်း ခေါင်းဆောင် သည် မည်ကဲ့သို့သော အစွမ်းကြောင့် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်မျိုးကို ထုတ်ဖော် အသုံးပြုနေသနည်း။

သူ၏ကျင့်ကြံခြင်းအား ကွယ်ဝှက်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။

"ငါလာပြီ။"

မြေပေါ်ကို ဆင်းဆင်းချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့နှင့်အတူ ပြေးတက်သွား၏။ နဂါးစိမ်းလခြမ်းဓားမော့သည် ရုတ်တရက်ဆိုသလိုပဲ လေထဲမှာ လွင့်ခနဲ လှုပ်ရှားသွားတော့သည်။

ထိုသို့သော တိုက်ခိုက်ချက်တွင် ထုံးစံအတိုင်း ဂျင်လေးသိန်းအားအင်မျိုး ပါဝင်နေ၏။

လောင်စွင်းဖန်သည် ထိတ်လန့်နေတုန်း ဖြစ်သောကြောင့် ထိပ်တိုက်မရင်ဆိုင်ရဲချေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်နည်းစနစ်ကို အသုံးပြု၍ ဆက်ကာဆက်ကာ ရှောင်ရှားနေရသည်။

သူသည် ရှောင်နေရသည် ဆိုသော်လည်း ဓားမော့အလင်းတန်းများသည် သူ့ကို ပွတ်ကာသီကာဖြင့် ဖြတ်သန်းနေ၏။ သူသည် တစ်ကိုယ်လုံး ချွေးစေးများပြန်နေ၏။

အဆုံးမဲ့အားအင်၏ရှေ့တွင်တော့ ရှောင်ကျီသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး မြေပေါ်လဲကျခဲ့ရသည်။

ယခု သူ့ထက် ပို၍ အားကောင်းလှသော သံမဏိအရိုးဂိုဏ်းခေါင်းဆောင်နဲ့ ရင်ဆိုင်ရချိန်မှာတော့ လောင်စွင်းဖန် သည် အလွန်အမင်းအားနည်းသွားကြောင်း သိသာလှ၏။

အလွန်တရာ ခန့်ညား၍ ကြီးကျယ်ခြင်းနှင့် မောက်မာခြင်း …… ထိုသို့သောအရာမျိုးသည် ဘယ်ရောက်သွားမှန်း မသိအောင်ပင် လွင့်စင်သွားခဲ့ပြီဖြစ်သည်။

"ဝှစ်" ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။

ဤတစ်ကြိမ်မှာတော့ သူသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြုပြီး သူ၏အမြန်နှုန်းအား အဆမတန် တိုးမြှင့်လိုက်၏။ ပြီးနောက် နဂါးစိမ်းလခြမ်း ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သည်။

"တိုက်ပွဲခုနစ်ခုသို့ မိုးရေများကျဆင်းခြင်း"

"ဝှစ်"

အစိမ်းရောင်ဓားမော့အလင်းတန်းများသည် လှုပ်ရှားသွား၏။

"မကောင်းတော့ဘူး။"

လောင်စွင်းဖန်၏ အမူအရာသည် ပြောင်းလဲသွားသည်။

သူရှောင်တိမ်းချင်သည်။ သို့ပေမဲ့ သူဘေးတစ်ဖက်သို ရှောင်တိမ်းလိုက်ချိန်မှာပဲ ဓားမော့အလင်းတန်းများသည် သူ၏နှာခေါင်းထိပ်နားကနေကပ်၍ သူ၏ညာဘက်လက်ကို ခုတ်ပိုင်းသွားခဲ့ပြီ ဖြစ်၏။

"ဘုတ်"

ဓားမော့အလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက်မှာ သူ၏ညာဘက်လက်သည် လွင့်စင်သွားတော့သည်။

ဓားမော့၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် လက်တစ်ခုလုံး လွင့်စင်သွားသည် ဆိုရင်တောင် လက်ဆီမှ သွေးများ မထွက်ပေါ်ခဲ့ချေ။

"ဝှစ်"

ကျွင်းချောင်ရှောင်းသည် တစ္ဆေတစ်ကောင်လိုပဲ လောင်စွင်းဖန်၏ အနောက်ဘက်မှပေါ်လာသည်။

"ရွှီး"

ဓားမော့အလင်းတန်းများသည် ထပ်မံဖြတ်သန်းသွားသည်။ နောက်ထပ် လက်တစ်ခုသည် လွင့်စင်သွားပြန်၏။

ဤတစ်ကြိမ်မှာတော့ လောင်စွင်းဖန်၏ လက်မှ သွေးများ ဖူးခနဲ ပန်းထွက်လာတော့သည်။ သူ၏အသိစိတ်တစ်ခုလုံးသို့ အလွန်တရာ နာကျင်သည့် ခံစားမှုများ တိုးဝင်လာတော့သည်။

ရှောင်ကျီသည် ဘေးတစ်ဖက်ဆီမှ ကြည့်ရင်း မျက်လုံးပြူးသွားမိ၏။

သိုင်းစစ်သူကြီးတစ်ယောက်၏ လက်အား ဂိုဏ်းချုပ်သည် ခုတ်ဖြတ်ခဲ့ရ၏။ ထိုသို့သော ခုတ်ဖြတ်ခြင်းကလည်း တိုက်ကွက်အနည်းငယ်အတွင်းမှာပင်ဖြစ်သည်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း လှသည်။ သို့ပေမဲ့ ဤအရာသည် မပြီးဆုံးသေးချေ။

"ဝိုင်သောက်၍ ခုတ်ပိုင်းခြင်း"

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်၍ ထပ်မံခုတ်ပိုင်းလိုက်တော့သည်။

"ဝှစ်"

အစိမ်းရောင်ဓားမော့အလင်းတန်းများသည် လောင်စွင်းဖန်၏ ဒူးခေါင်းနှစ်ဖက်အား ဖြတ်တောက်သွားတော့၏။

"ရွှီ ရွှီ"

အသည်းခိုက်အောင် နာကျင်သောကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်သောအသံသည် တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

တောင်ထဲမှာရှိသော တောရိုင်းသတ္တဝါများသည်ပင် ကြောက်လန့်တကြားနှင့် ထွက်ပြေးကြကုန်သည်။

မည်ကဲ့သို့သော နာကျင်မှုကို ခံစား၍ ဤမျှဆိုးရွားသည့် အော်သံမျိုးကို အော်ဟစ်ရသနည်း။

"ဘုတ်"

လောင်စွင်းဖန်၏ ခြေထောက်များသည် မြေပြင်ပေါ်သို့ လွင့်စင်သွားတော့၏။

ပြီးနောက် သူသည် ခြေလက်မရှိတော့ပဲ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

အလွန်အမင်း နာကျင်သည့် ခံစားမှုသည် သူ၏သိစိတ်ပင်လယ်ထဲ၌ ဖြစ်ပေါ်နေသည်။

"ဆွစ် ဆွစ် ဆွစ်"

အစိမ်းရောင်ဓားမော့အလင်းများ ဖြတ်သန်းသွားပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်အပိုင်းအစများသည် တစ်ခုချင်းစီ ပြတ်တောက်သွားတော့၏။

ဤသို့နှင့်ပဲ အဆင့်ခြောက် ချီရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သေဆုံးသွားခဲ့ရပြီဖြစ်သည်။

All Chapters