← Chapters

အခန်း (၂၅၁)

Vol. 17 Ch. 251

အခန်း (၂၅၁)

Vol. 17 Ch. 251

အလွန်ကြီးကျယ်၍ မောက်မာလှသော ချီရှန်းဂိုဏ်းချုပ် လောင်စွင်းဖန် သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခြေထောက် နှင့် လက်များသည် အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အစိတ်အပိုင်း တစ်ထောင်နီးပါး ပိုင်းထားခံရသည်။ သူ၏ သေဆုံးခြင်းသည် အလွန်ဆိုးရွားပြီး နာကျင်ဖွယ်ရာ အတိ ဖြစ်သည်။

မည်မျှ ရက်စက်လိုက်သနည်း။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသား တစ်ယောက်ကို သတ်ဖြတ်လျှင် ထိုက်တန်သော ပေးဆပ်မှု နှင့် ပြန်လည် ပေးဆပ်ရမည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကိုပြန်လည်သိမ်းဆည်းလိုက်သည်။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ရှောင်ကျီ ဆီသို့ လျှောက်သွားပြီး ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား တိုက်ကျွေးလိုက်သည်။

ဝှစ် …။

ချက်ချင်းဆိုသလိုပဲ ရှောင်ကျီ နှင့် မိုးဆွေဟောခန်းမှ တပည့်တို့သည် အားမာန်အပြည့်နှင့် ထရပ်လာနိုင်၏။

လောင်စွင်းဖန် ၏ ခြေလက်များ ခုတ်ဖြတ်ခံထားရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အစိတ်စိတ် အပိုင်းပိုင်း ဖြစ်နေကြောင်း မြင်ရချိန်မှာတော့ သူတို့၏ နှလုံးသားများသည် တုန်ရင်သွားမိသည်။

အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပြီး သိုင်းစစ်သူကြီး အဆင့်နှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် လောင်စွင်းဖန် သည် လွယ်လွယ်ကူကူ ဖြင့် အသတ်ခံလိုက်ရသည်။

ထိုအချိန်မှာတော့ ဂိုဏ်းချုပ်သည် တိုက်ခိုက်ခဲသည် ဆိုသော်လည်း တကယ်တမ်း တိုက်ခိုက်ချိန်၌ အလွန်အမင်း အားကောင်းလှကြောင်းကို ရှောင်ကျီ သိရှိသွား၏။

လောင်စွင်းဖန် သည် တစ်ဦးတည်းသော သေဆုံးသူ မဟုတ်ချေ။

ရှောင်ကျီနောက်သို့လိုက်ပါပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့ကြသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ အားလုံးတို့သည် လီချင်းယန် ၊ စုရှောင်မို နှင့် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အကုန်သေကုန်ကြသည်။

တော်တော်များများသည် သိုင်းဆရာ ဒုတိယ နှင့် တတိယ အဆင့် ကျင့်ကြံသူများဖြစ်သည်မို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသော သံမဏိအရိုးဂိုဏ်းလူငယ်များ ၏ လက်မှ မလွတ်မြောက်နိုင်ကြပေ။

ထုံးစံအတိုင်း သူတို့သည် သေလူများထံမှ ပစ္စည်းမျာအား သိမ်းဆည်းလိုက်ကြသည်။

ပြီးနောက် အလောင်းများအားပုံ၍ မီးရှို့လိုက်ကြ၏။

ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် မချမ်းသာကြချေ။ လောင်စွင်းဖန် တစ်ယောက်တည်းသာ ချမ်းသာသည်။ သူ၏ သိုလှောင်လက်စွပ်ထဲတွင် များပြားလှသော သိုင်းနည်းစနစ် များအပြင် စိတ်ဝိညာဉ်ကျောက်တုံး များလည်းရှိနေသည်။ ငွေနှစ်သန်း မှ သုံးသန်းနီးပါးထိလည်း ရှိနေသည်။

ထို့အပြင် သလင်းအမြူတေ များ ရှိနေသေးသည်။ အလယ်အလတ်အဆင့် ရာချီ နှင့် အဆင့်မြင့် သလင်းအမြူတေ ဆယ်ခုကျော်ရှိ၏။

ကျွင်းချောင်ရှောင်းသည် အားလုံးကို ယူလိုက်သည် “ဒါတွေကို သားဖောက်စက်ထဲ ထည့်လိုက်မယ် ဆိုရင် သန္ဓေပြောင်းနှုန်းက တစ်ရာခိုင်နှုန်း ၊ နှစ်ရာခိုင်နှုန်းလောက် တိုးအုံးမယ် ထင်တယ်။”

အားလုံးပြီးသည့်နောက် သူသည် တပည့်များအား ခေါ်၍ သံမဏိအရိုးဂိုဏ်းဆီပြန်လာခဲ့လိုက်သည်။

သေဆုံးသွားသော မိုးဆွေဟောခန်းအဖွဲဝင်အား ရှောင်ကျီသည် ထမ်းလာခဲ့သည်။ သူ၏ မျက်လုံးထဲတွင်တော့ နောင်တရခြင်း ၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း တွေနှင့် ရှိနေတော့သည်။

သူသာ ဤတောထဲတွင် အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခံရသည်အထိ ချောင်ပိတ်မိသွားအောင် သတိပြုခဲ့မိမည ဆိုလျှင် ချင်းလီ ဟု ခေါ်သော ဂျုနီယာ ညီလေးသည် သူ့ကြောင့်နှင့် သေဆုံးလိမ့်မည် မဟုတ်ချေ။

…..

သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် ကျွင်းချောင်ရှောင်းသည် သေဆုံးသွားသော သူ၏ ဂိုဏ်းသားအား တောင်အနောက်ဘက် တစ်နေရာတွင် မြေမြုပ်နှံပြီး အုတ်ဂူ သွင်းခဲသည်။

ထိုနေ့က ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး လျှပ်စီးတွေ လက်လျက်ရှိ၏။

သံမဏိအရိုးဂိုဏ်းသားအားလုံးသည် အုတ်ဂူရှေ့တွင် စီတန်းရပ်တန့်လျက်ရှိပြီး သူတို့ ဂျူနီယာ / စီနီယာ ၏ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ကြသည်။

“တောင်းပန်ပါတယ်”

အုတ်ဂူရှေ့တွင် ရပ်လျက်ရှိသော ရှောင်ကျီသည် ခေါင်းငုံ့ကာ တီးတိုးပြောလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများသည် ပို၍ သိသာ ထင်ရှားလာ၏ “ဂျုနီယာညီလေး .. မင်း ငါ့ကြောင့် သေဆုံးခဲ့ရတာပဲ”

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည် “ချင်းလီက မင်းကြောင့် သေဆုံးခဲ့တယ်။ ဒီတော့ မင်း သူ့ကို ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီထက် ပိုပြီး တိုးတက်အောင် လုပ်ရမယ်”

ပြောပြီးသည့်နှင့် သူ လှည့်ကာ ထွက်သွားလိုက်သည်။

နှစ်သိမ့်သည့် စကားများ ပါဝင်မနေဘူးဆိုသော်လည်း လူတစ်ယောက် ထိုကဲ့သို့ တွေးမှသာ အလုပ်ဖြစ်မည် ဖြစ်ကြောင်း သိသာထင်ရှားစေ၏။

ထို့အပြင် တပည့်တစ်ယောက် သေဆုံးမှုကြောင့် ကျွင်းချောင်ရှောင်း ကိုယ်တိုင်သည်လည်း စိတ်မကောင်း ဖြစ်မိနေသည်။ သူ မည်ကဲ့သို့ တခြားသူအား နှစ်သိမ့်မည်နည်း။

ရှောင်ကျီသည် ဖြေမဆည်နိုင်သောကြောင့် အုတ်ဂူရှေ့မှာပင် တွေတွေကြီး ရပ်လျက် ရှိနေသေးသည်။

တစ်ရက်နှင့် တစ်ည ကြာမြင့်ပြီးနောက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကြိမ်းဝါးလိုက်သည် “ဂျုနီယာညီလေး .. ငါ ဒီထက် ပိုပြီး အားကောင်းအောင် လုပ်မယ်။ ပြီးတော့ ငါ့ရဲ့ စွမ်းအားတွေနဲ့ သံမဏိအရိုးဂိုဏ်း နဲ့ ဂိုဏ်းသားတွေ အားလုံးကို ကာကွယ်ပေးမယ်။”

သူသည် တစ်လျောက်လုံး အုတ်ဂူရှေ့တွင် မတ်တပ်ရပ်ပြီးနောက် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းကတော့ ဖြေမဆည်နိုင်သေးပေ။

စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း မိမိကိုယ်ကိုယ် အပြစ်တင်လျက်ရှိ၏။

သူသာ တပည့်များအား သိုင်းပြိုင်ပွဲသို့ မစေလွှတ်ခဲ့ဘူး ဆိုလျှင် မည်သည့် တပည့်၏ အသက်ကိုမှ ဆုံးရှုံးလိမ့်မည် မဟုတ်ချေ။

အရင် ဟေးဖေးခံတပ်မှာတုန်းကလည်း တပည့်တစ်ယောက် သေဆုံးခဲ့ဖူးသည်။ သို့ပေမဲ့ ထိုတပည့်သည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို မထောက် မိမိ အသက်ရှင်လိုဇောဖြင့် ဂိုဏ်းအား စွန့်လွှတ်ကာ ကျိုးထန်းပ နှင့် ပူးပေါင်းရန်ပင် ကြံစည်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ၎င်းတပည့် သေဆုံးခဲ့စဉ်က သူ မည်သည့် စိတ်ခံစားချက်မှ မရှိခဲ့ပေ။

သို့ပေမဲ့ ချင်းလီသည် သူ၏ စီနီယာအစ်ကို ကို ဝင်ရောက်ကယ်ဆယ်ရင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းအတွက် အသက်ပေးခဲ့သော ပထမဦးဆုံး တပည့်လည်း ဖြစ်သည်။ ထိုကြောင့် သူ အရမ်း ဝမ်းနည်းမိခြင်း ဖြစ်တော့၏။

“ဘာတွေ စဉ်းစားနေလို့ မနက်ခင်း လေ့ကျင့်ခန်းတောင် ထွက်မလာတာလဲ ဂိုဏ်းချုပ်” လီလိုရှုသည် ပြုံးရင်း လှမ်းဝင်လာကာ မေးလိုက်သည်။

ကျွင်းချောင်ရှောင်း ဦးခေါင်းကို ခါယမ်းလိုက်၏ “ခင်ဗျားရဲ့ မိုးဆွေဟောခန်း အဖွဲ့ဝင်ကို ဆုံးရှုံးလိုက်ရတာ မဟုတ်လား။ ဘာလို့ ဝမ်းနည်းပုံမပေါ်တာလဲ”

လီလိုရှုသည် လျှောက်လာပြီး ကျွင်းချောင်ရှောင်း၏ ရှေ့၌ ဝင်ထိုင်လိုက်သည်။ ပြီးနောက် မေးခွန်းထုတ်သော လေသံဖြင့် မေးလိုက်၏ “သေခြင်းတရား ကို ပုန်ကန်ပြီး ပြန်ခေါ်လို့မှမရတာ။ ဝမ်းနည်းနေလို့ရော ဘာထူးမှာလဲ”

ကျွင်းချောင်ရှောင်း ကြောင်သွားမိ၏။

သို့ပေမဲ့ သေဆုံးပြီးမှတော့ ဝမ်းနည်းနေ၍ ဘာထူးမည်နည်း ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။

လီလိုရှု ဆက်ပြောလိုက်သည် “ဒီလောက် ရက်စက်တဲ့ လောကကြီးမှာ နေထိုင်တာပဲ။ ကျွန်မတို့ရဲ့ သေဆုံးသွားတဲ့ ရောင်းရင်းတွေအတွက် ကိုယ်ကိုယ့်ကိုယ် ပိုပြီး အားကောင်းအောင် လုပ်တာ ပိုကောင်းမယ်”

ဤစကားလုံးများသည် သူမနေ့က ရှောင်ကျီ အား ပြောဆိုခဲ့သော စကားလုံးနှင့် အဓိပ္ပာယ် ဆင်တူသည်။ သူ၏ တပည့်နားလည်စေရန် ကျွင်းချောင်ရှောင်း ပြောဆိုခဲ့သည် ဆိုသော်လည်း သူကိုယ်တိုင်ကတော့ မည်သို့မှ ဤအတွေးထဲမှ မရုန်းထွက်နိုင်ခဲ့ပေ။

“ရောင်းရင်းတွေ ဟုတ်လား”

ကျွင်းချောင်ရှောင်း ဦးခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “ဒီစကားလုံးက မင်္ဂလာမရှိဘူး”

လီလိုရှု လေးလေးနက်နက် ပြောလိုက်သည် “ကျွန်မတို့ သံမဏိအရိုးဂိုဏ်းကို ဒီ ရက်စက်လွန်းတဲ့ လောကကြီးမှာ ပိုပြီး အားကောင်းလာစေချင်တယ် ဆိုရင် ပိုပြီး များပြားတဲ့ အန္တရာယ်တွေ၊ ပဋိပက္ခတွေ၊ အမုန်းတရားတွေ ကို ရင်ဆိုင်ရမယ့်အပြင် သေဆုံးခြင်းတွေကိုလည်း ကြုံရမှာပဲ”

ချင်းလီ၏ သေဆုံးခြင်း ဆိုသည်မှာ အစပဲ ရှိသေးကြောင်း ဤအမျိုးသမီး ဆိုလိုနေခြင်းကို သူ သတိပြုမိသည်။ ရက်စက်လှသော လမ်းမပေါ်တွင် လျှောက်လှမ်းမည် ဆိုပါက တပည့်များ သေဆုံးဦးမှာ သေချာ၏။

သူသည် တပည့်များအား မသေဆုံးစေချင်ဘူးဆိုလျှင်တောင်မှ ကျင့်ကြံခြင်းလောကထဲ လျှောက်လှမ်းရာ၌ အရာအားလုံးသည် မိမိလက်ထဲတွင် မရှိတော့ကြောင်း သေချာနားလည်သွားသည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံအား အသာမှီပြီး ပြောလိုက်၏ “တပည့်တွေ ပိုပြီး အားကောင်းလာအောင် လုပ်ရမယ်။ ဒါမှ သေခြင်းကို မကြုံရမှာ”

လီလိုရှုသည် မတ်တပ်ရပ်ကာ ပြောလိုက်သည် “ဒါဆို အဖွဲ့သားတွေကို သွားပြီး လေ့ကျင့်ပေးလိုက်အုံးမယ်။ ဒါမှ သူတို့တွေ အန္တရာယ်အားလုံးကို ရင်ဆိုင်ဖို့ အားအင်ရှိမှာ”

…….

ကျွင်းချောင်ရှောင်းသည် တပည့်များအား သိုင်းပြိုင်ပွဲသို့ စေလွှတ်သည့် အကြံအစည်အား ခဏ ဖယ်ရှားထားသည်။ ထိုအစား ဂိုဏ်းထဲမှာပင် ပြင်းပြင်းထန်ထန် လေ့ကျင့်စေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ …

ဂိုဏ်း၏ သုံးလတဖြတ် ပြိုင်ပွဲ စတင်တော့သည်။

တပည့်များ ဝင်ရောက်သည့် အချိန်ကာလ မတူညီသောကြောင့် အဆင့်နှင့် အားအင်များမှာ အလွန်အမင်း ကွာခြားနေကြသည်။ ထို့ကြောင် သိုင်းပြိုင်ပွဲအား အဆင့်သုံးခု အဖြစ် ခွဲခြားကာ ယှဉ်ပြိုင်စေသည်။

ဆုရသော တပည့်များသည် ရက်ရောလှသော အရင်းအမြစ်များ ရရှိကြသည်။ သိုင်းပြိုင်ပွဲ၏ အဆင့်သည် ဘာမှ မဟုတ်သော်လည်း ဆုလာဘ်ကိုတော့ များပြားစွာ ပေးခဲ့၏။

ထိုမှသာ တခြားသော တပည့်များသည် ပိုမို စိတ်အားတက်ကြွစွာ လေ့ကျင့်ကြမည် မဟုတ်လော။

လက်ရှိပြိုင်ပွဲသည် ပြိုင်ပွဲသေးလေး ဖြစ်သည်။ တကယ်တမ်း ပြိုင်ပွဲကြီးမှ တစ်နှစ်ပတ်လုံးစာ ယှဉ်ပြိုင်မည့် ပြိုင်ပွဲ ဖြစ်ပြီး ဗိုလ်ဆွဲသူသည် အတွင်းစည်း တပည့်ဖြစ်လာမည်။

သံမဏိအရိုးဂိုဏ်းတွင် လက်ရှိ၌ အတွင်းစည်း တပည့် ခုနှစ်ယောက်သာ ရှိပြီး အတွင်းစည်း တပည့်ဖြစ်လာနိုင်သော တခြားတပည့်များလည်း ရှိနေကြသည်။

အထူးသဖြင့် လုံကျိရန် နှင့် လီယုဟွာတို့ပင်။ ထို့အပြင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ကျန်းဝေ နှင့် တခြားဆယ်ယောက်တို့ လည်း ရှိနေ၏။

အဆင့်ရှစ် ဂိုဏ်းတစ်ခုထဲတွင် ထိုမျှများပြားသော အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူများ ရှိနေသည် ဆိုခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်တော့သည်။

လီဖေးသည် အထူးပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီး စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး တိုးတက်သွားရုံတင် မကဘဲ ကျင့်ကြံခြင်း အဆင့်သည်လည်း သိုင်းတပည့် အဆင့်ရှစ် မှ အဆင့်ကိုးသို့ ရောက်ရှိသွား၏။

အတွင်းစည်း တပည့်များထဲတွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ထျန်းချီ မှ လွဲလျှင် အားလုံးသည် ထိုထက်အဆင့်မြင့်သော စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်ကြသည်။

“ဆေးလုံးအတွက် ကျေးဇူးပါ ဂိုဏ်းချုပ်”

သူ၏ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း အမြစ် ပြောင်းလဲပြီး နောက်မှာတော့ လီဖေးသည် စိတ်လှုပ်ရှားနေမိသည်။

“မင်းသွားလို့ရပြီ”

ကျွင်းချောင်ရှောင်း သူကို ခါယမ်းကာ ပြောလိုက်၏။

တပည့်လီဖေး ထွက်ခွာသွားပြီးသည့်နောက် သူသည် စာကြည့်ခန်းထဲသို့ ဝင်ပြီး လောင်စွင်းဖန် ဆီမှ ရခဲ့သော သလင်းအမြူတေများအား သားဖောက်စက် ထဲ ထည့်လိုက်တော့သည်။

သန္ဓောပြောင်းနှုန်းသည် ၈၅ မှ ၈၇ ရာခိုင်နှုန်းထိ တိုးတက်သွား၏။

သေချာသည်။ ထိုသို့သော ရာခိုင်နှုန်းမျိုး ရရှိရန် တစ်စုံတယောက်သည် အဆုံးမဲ့ ချမ်းသာခြင်းမျိုးကို ပိုင်ဆိုင်မှပင် ဖြစ်လိမ့်မည်။ တစ်ရာ ရာခိုင်နှုန်း ပြည့်အောင် ပြုလုပ်နိုင်သူမှာ စီနီယာအဖြူသာ ရှိလိမ့်မည်။

…….

အချိန်တွေ ကုန်လွန်ပြီး ဆယ်ရက်တာ ကုန်ဆုံးသွားသည်။

ကျွင်းချောင်ရှောင်းသည် တစ်ချိန်တည်းမှာပဲ တပည့်များအား သင်ပြပေးနေရင်း နေ့စဉ်နေ့တိုင်း သားဖောက်စက်ဆီ လာလာကြည့်ရှု၏။

“ဒင် ..”

တစ်နေ့မှာတော့ သားဖောက်စက်သည် ၁၅ ရက် ပြည့်သွားပြီ ဖြစ်ကြောင်း အချက်ပြလာသည်။

သားဖောက်စက် အတွင်းရှိ သလင်းအမြူတေ စွမ်းအင်များသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာသည်။ နဂါးဥသည် ထိုစွမ်းအင်များအား ရူးရူးမူးမူး စုပ်ယူနေတော့၏။

ခရက် ..။

အက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

ဥ၏ အက်ကွဲကြောင်းဆီမှ အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။ မကြာမီ၌ သားရဲပေါက်လေး ပေါ်လာတော့မည်။

ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ဆုတောင်းနေမိသည် “သန္ဓေပြောင်း ကောင်လေး ဖြစ်ပါစေ။”

All Chapters