← Chapters

အခန်း (၂၅၂)

Vol. 17 Ch. 252

အခန်း (၂၅၂)

Vol. 17 Ch. 252

ဤနဂါးဥ အတွက် ကျွင်းချောင်ရှောင်းသည် ပိုက်ဆံအလွန်အမင်း သုံးစွဲခဲ့ရသည်။ ထို့ကြောင့် ဥခွဲကွဲအက်သွားသည်ကို မြင်တော့ အလွန်တရာ စိတ်လှုပ်ရှားမိသလို စိုးရွံမိသလိုလည်း ခံစားနေရသည်။

အဆင့်မြင့် သလင်းအမြူတေ လိုအပ်သော သားဖောက်သည့် ဖြစ်စဉ်ကြောင့် သားပေါက်လာမည့် သားရဲသည် အားကောင်းလိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။

သန္ဓေပြောင်းနှုန်း ၈၇ ရာခိုင်နှုန်း ဆိုသည်မှာ အလွန်များပြားသော ရာခိုင်နှုန်း ပမာဏ ဖြစ်သည်။ ထိုသို့ ဆိုလျှင်တောင်မှ ကျရှုံးနိုင်သေးသည်။

ဂိုဏ်းချုပ်ကျွင်းသည် စဉ်းစားလေ ပို၍ စိတ်လှုပ်ရှားလေဖြစ်မိနေ၏။

နောက်ထပ် ဥခွံအပိုင်းအစ ကွဲကျသွားချိန်မှာတော့ ဥအတွင်းဆီမှ အနီရောင် အလင်းတွေ ထွက်ပေါ်လာသည်။ မီးတွေ တောက်လောင်လာသလိုပင်။

စနစ်မှ ပြောလိုက်သည် “မီးဓာတ်ပဲ။ ဒါက မီးနဂါး ဖြစ်ရမယ်။”

ကျွင်းချောင်ရှောင်းသည် မည်သည့် သတ္တဝါ ဖြစ်မည် ဆိုသည်ကို ဂရုမစိုက်ချေ။ မီးနဂါးဥ ဆီမှ သားပေါက်လာသော သားရဲသည် မီးနဂါးသားရဲသာလျှင် ဖြစ်ရမည်။ ထိုအရာကို သူ နားလည်ပြီး ဖြစ်သည်။ ပထမဦးဆုံး သူ သိချင်နေသည်မှာ သန္ဓေပြောင်းမည်လား၊ မပြောင်းဘူးလား ဆိုသည်ကို ဖြစ်သည်။

ကွိ .. ကွိ .. ကွီ ..။

သားဖောက်စက်ထဲရှိ ဥခွံသည် မြန်မြန်ပဲ ကွဲအက်လာသည်။ အနီရောင်အလင်းတန်းများသည်လည်း ပို၍ တောက်လောင်လာသည်။

ကျွင်းချောင်ရှောင်းသည် သားဖောက်စက်ကို အသာကိုင်ကြည့်လိုက်တော့ အလွန်တရာ ပူနေကြောင်း ခံစားမိလိုက်၏။

အတွင်း၌ အလွန်တရာ ပူနေပေလိမ့်မည်။

ဥခွံများ နည်းနည်းချင်း ကြွေကျပြီးနောက် သားဖောက်စက် ထဲတွင် မီးဘောလုံးတစ်ခု ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုလိုက်သည် ။

သူသည် သန္ဓေပြောင်းစေရန် စိတ်ထဲ၌ တောင်းဆုပြုနေတုန်းပင်။ မဟုတ်ပါက သူရင်းနှီးမြုပ်နှံခဲ့သမျှ အရာအားလုံးသည် ရေထဲ ကျောက်ခဲ ပစ်ချသလို ဖြစ်ပေလိမ့်မည်။

မကြာမီမှာပဲ အနီရောင်အလင်းတွေ လျော့ကျသွား၏။

သားဖောက်စက် အတွင်းမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး ဥခွံအကွဲဖတ် လေးများ ကျဆင်းနေသည်။

ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။

အဘယ့်ကြောင့် ဆိုသော် သူ ဘာတစ်ခုကိုမှ မမြင်ရသောကြောင့် ဖြစ်၏။

သားပေါက်လေးက ဘယ်မှာလဲ။ ရှုးပျံက ဘယ်မှာလဲ။

စနစ်သည်လည်း ဇဝေဇဝါ ဖြစ်သွားသည် “ဘာလို့ ဘာမှမရှိတာလဲ”

စနစ်ဆိုသည့်ကောင်သာ သူ့ရှေ့တွင် ရှိနေပါက ကျွင်းချောင်ရှောင်းသည် ၎င်း၏ လည်ပင်းကို ဆုပ်ကိုင်ပြီး အားရပါးရ အော်ဟစ် မေးမြန်းမိမှာေ သချာသည် “အဲစကားကို မေးရမှာ ငါလေ”

နေအုံ .

စိတ်ဓာတ်ကျမလိုဖြစ်နေသော ကျွင်းချောင်ရှောင်းသည် ကွဲအက်လျက်ကျန်သော ဥခွံအပိုင်းအစ ဆီကို သေချာကြည့်လိုက်တော့ သေးငယ်သော ကောင်လေးတစ်ကောင် ထွက်လာတော့သည်။

ထိုသေးသယ်သော အကောင်လေးသည် သေးသွယ်ပြီး မြွေလေးတစ်ကောင် နှင့်ပင် ဆင်တူသည်။ သို့ပေမဲ့ ခြေလက် လေးဖက် ရှိနေပြီး နီတောက်နေသော အရောင်လည်း ရှိ၏။

သေးငယ်သော ဦးခေါင်းထက်တွင် ဦးချိုလေး နှစ်ခု ရှိနေပြီး နှာခေါင်းတွင် ငါးရံလို နှုတ်ခမ်းမွေးများ ရှိနေသည်။

အနီရောင် ကင်းလိပ်ချောလား။

လီချင်းယန် နှင့် ရှောင်ကျီတို့သာ လက်ရှိဤနေရာတွင် ရှိနေမည် ဆိုပါက ကျိန်းသေပေါက် ထိုသို့ တွေးနေပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပျော်မိနေသည်။ အဘယ့်ကြောင့် ဆိုသော် ပုံပန်းသွင်ပြင်သည် နဂါးတစ်ကောင် နှင့် ဆင်တူနေသည်ကို မြင်ရသောကြောင့် ဖြစ်၏။

စနစ်သည် ရင်နာအောင် ပြောလိုက်သည် “နဂါးတစ်ကောင် နဲ့ ဆင်တူပေမဲ့ မဟုတ်သေးဘူး။ နဂါးဖြစ်မလား ဆိုတာ မှန်းဆရခက်တယ်”

ကျွင်းချောင်ရှောင်းသည် ထိုအကောင်လေးအား လက်ညိုးထိုးပြကာ သေချာ အတည်ပြုလိုက်သည် “ဒီမှာကြည့် နဂါးဦးချို နဲ့ နှုတ်ခမ်းမွေး တွေလည်း ရှိတယ်။ လည်ပင်းက မြွေနဲ့ တူပြီး လက်သည်း က လင်းယုန်လက်သည်း။ ကြည့်လိုက်ရင် ဒါက နဂါးမှ နဂါးပဲ။”

“ဘယ်မှာလဲ နဂါးအကြေးခွံ” စနစ် က မေးလိုက်သည်။

ကျွင်းချောင်ရှောင်း ငြိမ်သွား၏။

ဤအကောင်လေး၏ ခန္ဓာကိုယ်သည် ချောမွေ့နေသည်။ နဂါးတစ်ကောင်၏ သွင်ပြင် လက္ခဏာမျိုးလည်း မရှိချေ။ အဓိကအားဖြင့် နဂါးအကြေးခွံပင် ဖြစ်၏။

စနစ်မှ ပြောလိုက်သည် “ဒီလောကကြီးမှာ နဂါးနဲ့ တူတဲ့ သားရဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တကယ့် နဂါးနဲ့ တူစရာတော့လည်း မလိုပါဘူး။ ပြီးတော့ ဒါက မီးနဂါးဥ လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရွယ်ရောက်လာရင် မီးနဂါး ဖြစ်လာမှာသေချာတယ်”

“.......” ကျွင်းချောင်ရှောင်း။

ဤအကောင်လေးအား အစစ်အမှန် နဂါးတစ်ကောင်ဖြစ်လာစေရန် သူ မျှော်လင့်နေမိသည် ဆိုသော်လည်း စနစ် ဆီမှ စကားကိုလည်း ငြင်း၍မရနိုင်ချေ။ အရွယ်ရောက်လာလျှင် ဒိုင်နိုဆောနှင့် ဆင်တူသော မီးနဂါးလည်း ဖြစ်နိုင်သည်။

ကွိ .. ကွိ ..။

သားဖောက်စက်ထဲမှ အကောင်လေးသည် သားဖောက်စက်ထဲတွင် အကြိမ်အနည်းငယ် ပတ်လျှောက်နေမိသည်။ ယုန်လိုမျက်လုံးလေးများသည် ကျွင်းချောင်ရှောင်းအား သေချာကြည့်နေပြီး ထူးဆန်းသော အသံများ ပေးလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် တံခါးကို ဖွင့်၍ လက်ကမ်းပေးလိုက်သည်။ သားရဲလေးသည် လက်မှတဆင့် ကျွင်းချောင်ရှောင်း၏ ပခုံးထက်သို့ တက်လာသည်။ ပြီးနောက် သူ၏ နှာခေါင်းလေးနှင့် သခင်၏ မျက်နှာကို ပွတ်နေသည်။

ကြည့်ရသည့် ပုံစံမှာ ကင်းလိပ်ချောလို အကောင်လေးဖြစ်နေပေမဲ့ သွင်ပြင်လက္ခဏာများမှာ နဂါးတစ်ကောင် ကဲသို့ ဆင်တူနေသည်။ မည်သို့ပင် ဆိုဆို ကြည့်ရသည်မှာ ချစ်စရာ ကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် ၎င်း၏ ခန္ဓာကိုယ်ကို အသာပွတ်သပ်ပြီး ပြောလိုက်သည် “ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပဋိညာဉ်ရေးထိုးပြီးသား သားရဲပဲ”

ကွိ .. ကွိ ..။

ဤအကောင်လေးသည် သခင်၏ စကားကို နားလည်ဟန်ဖြင့် အသံပေးလိုက်သည်။

“ငါ မင်းကို နာမည်ပေးရမယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည်။ သေချာစဉ်းစားကြည့်ပြီးသည့်နောက် သူ အလေးအနက် ပြောလိုက်၏ “မင်း ကောင်းကင်ပြာကြီးပေါ်မှာ လျှောက်ပြီး ပျံသန်းနိုင်တဲ့ နဂါးတစ်ကောင် ဖြစ်လာစေဖို့ ငါ မျှော်လင့်မိတယ်။ ဘာပဲဖြစ်ဖြစ် မင်းနာမည်က မီးနဂါးပဲ။ မင်းရဲ့ အိမ်နာမည်က နဂါးလေးဖြစ်တယ်”

စနစ် “........”

မီးနဂါးသားရဲအား မီးနဂါးဟူ၍ နာမည်ပေးသည့်အပြင် မီးဆိုသော ထိပ်ဆုံးစာလုံးအား ဖယ်ရှားပြီး နဂါးလေးဟု အိမ်နာမည်ပေးနေပြန်သည်။

ဂိုဏ်းချုပ်ကျွင်း အနေနှင့် အလွန်တရာ စဉ်းစားလိုက်ရပုံပေါ်၏။

ကွိ .. ကွိ..။

သားရဲလေးသည် သူ၏ နာမည်နှင့် ပတ်သက်၍ အလွန်တရာ စိတ်ကျေနပ်နေပုံပေါ်သည်။ သူသည် ပျော်ရွှင်စွာနှင့် သခင်၏ ပခုံးထက်တွင် ရှေ့နောက် ပြေးလွှားလိုက်ရှိသည်။

သို့ပေမဲ့ မကြာခင်မှာပဲ ၎င်း၏ ဝမ်းဗိုက်ဆီမှ ဂွီ ဆိုသော အသံတစ်ခု ထွက်ပေါ်လာသည်။ အလွန်အမင်း ဆာလောင်နေပုံလည်း ရ၏။

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းပြီး ပြုံးကာ မေးလိုက်သည် “အသားလား၊ နို့လား”

“ကွိ ... ကွိ” မီးနဂါးသည် အော်မြည်လိုက်သည်။

ဘာကိုရွေးချယ်လိုက်သည် သေချာမသိသော်လည်း ကျွင်းချောင်ရှောင်းသည် ဤသားရဲ အသားစားချင်နေတာ ဖြစ်ကြောင်း သိရှိလိုက်သည်။ ပဋိညာဉ်သားရဲ ဖြစ်သည်မို့ အလိုလို နားလည်နေတာလည်း ဖြစ်နိုင်၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ မင်းကို အသားကျွေးမယ်”

စားသောက်ခန်းသို့ သွားရာလမ်းမှာတော့ သူသည် ဇဝေဇဝါ ဖြစ်နေသည် “ဒီကောင်လေးက သန္ဓေပြောင်းမှာလား”

စနစ်မှပြောလိုက်သည် “အရမ်းသေးလွန်းသေးတယ် ။ မှန်းဆရ မလွယ်ဘူး”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ခါသွားသည်။

သူသည် ဤအကောင်လေး သန္ဓေပြောင်းစေရန် ပိုက်ဆံများ သုံးဖြုန်းခဲ့ရသည်။ သို့ပေမဲ့ ကြည့်လိုက်သည်နှင့် သန္ဓေပြောင်းနိုင်သလား မသိနိုင်ပေ။ ကျိန်းသေပေါက် မွဲပြီ ဖြစ်သည်။

“စီနီယာအစ်ကို .. ကြည့် ....”

လေ့ကျင့်ရေး တည်နေရာထဲတွင် လေ့ကျင့်လျက်ရှိနေသော တပည့်များသည် ဂိုဏ်းချုပ်၏ ပခုံးထက်ရှိ မီးနဂါးကိုမြင်တော့ ထအော်လိုက်မိသည် “ဟိုမှာ သားရဲလေး”

“အမ် .. ဘာလဲ”

အားလုံးသည် အံ့အားသင့်မိနေကြသည်။

စုရှောင်မိုသည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ ပြီးနောက် အချက်အလက်ပေါင်းများစွာ ကို သုံးသပ်၍ ပြောလိုက်သည် “ဒါ ကင်းလိပ်ချောပဲဖြစ်ရမယ်။”

“ငါ ကင်းလိပ်ချောကို မြင်ဖူးတယ်။ ဒါပေမဲ့ အနီရောင် ကို တစ်ခါမှ မမြင်ဖူးဘူး”

“မီးဓာတ်အမျိုးအစား သားရဲ တွေက ကင်းလိပ်ချော နဲ့ ဆင်တူတယ်။ ဒီကောင်က မီးကင်းလိပ်ချော နေမယ်”

“ဒါဆို ဂိုဏ်းချုပ် ဆီမှာ တောဝက်ရိုင်း ၊ ခရမ်းရောင် လျှပ်စီးသားရဲ အပြင် အခု မီးကင်းလိပ်ချောပါ ရှိနေပြီပေါ့”

အားလုံးသည် စိတ်ဝင်စားနေကြသည်။ ဂိုဏ်းချုပ်တွင် ပဋိညာဉ်သားရဲ သုံးကောင်တောင် ရှိနေသည်။ မနာလိုစရာပင်။

ကွိ ..... ကွိ ..။

တပည့်များ၏ ဆွေးနွေးမှုကို ကြားတော့ နဂါးလေးသည် အလိုမကျဟန်ဖြင့် တကွိကွိ လုပ်နေသည်။ ကင်းလိပ်ချော ဆိုသော စကားလုံးကို သူ မနှစ်သက်ပုံပေါ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ့ တပည့်တွေက လောကကြီးကို သေချာမမြင်ဖူးဘူ။ ဒါကြောင့် မင်းကို မီးနဂါးမှန်း သူတို့မသိကြတာ။ စိတ်မဆိုးနဲ့”

ကွိ .. ကွိ..။

နဂါးလေးသည် ပိုမို၍ပင် အော်လာသည်။

သူ့အား ကင်းလိပ်ချောဟု ခေါ်ဆိုသောကြောင့် နဂါးလေးသည် အလွန်အမင်း ဒေါသထွက်စွာဖြင့် အော်ဟစ်နေသည်။

အိုက်ရား ..။

စားသောက်ခန်းထဲသို့ ဝင်လာတော့ လက်ဝါးအရွယ် နဂါးလေးကို တွေ့လိုက်ရချိန်မှာတော့ လျှိုဝမ်ရှစ် သည် သူမ လက်ထဲမှ ဇွန်းကို လွတ်ချရင်း ပြေးထွက်လာသည်။ သူမ၏ မျက်လုံးကြီးများဖြင့် စူးစိုက်ကြည့်ပြီး ပြောလိုက်၏ “ဂိုဏ်းချုပ် .. ဒါ ဘာလေးလဲ။ ချစ်စရာလေး”

စောနက မပျော်မရွှင်ဖြစ်နေပြီး တစ်ချိန်လုံး အော်ဟစ်နေသော နဂါးလေးသည် အသံတိတ်သွားပြီး ရုတ်တရက် ဆိုသလိုပဲ ဦးခေါင်းကို မော့ကာ ရပ်လိုက်သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းသည် တဆတ်ဆတ် တုန်ခါသွားသည်။

ကင်းလိပ်ချောဟု သမုတ်ခံရချိန်တွင် အလွန်တရာ ဒေါသထွက်ခဲ့ပြီး ချစ်စရာလေးဟု အပြောခံချိန်မှာတော့ အောက်သွားမရှိတော့သည့် နွားပြာကြီးလို တဟီးဟီးလုပ်နေလေသည်။ သောက်ကျိုးနည်းလှချေသည် တကား။

“သူ့နာမည်က မီးနဂါးလေ။ အိမ်နာမည်က နဂါးလေးပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ဂိုဏ်းချုပ် .. ချီလို့ရလား”

လျှိုဝမ်ရှစ်သည် ပြောရင်း လက်ကို ဆန့်တန်းကာ ထိုအကောင်လေးအား ပွတ်သပ်လိုက်သည် “အသားအရေ က ချောမွေ့နေတာပဲ”

နူးညံလှသည့် လက်ကလေးနှင့် အပွတ်ခံလိုက်ရသောကြောင် မီးနဂါးမှာ ပျော်မွေ့သွားပုံရ၏။

ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။ ဤအကောင်လေး၏ ခန္ဓာကိုယ်သည် အလွန်တရာ ပူသည်။ လျှိုဝမ်ရှစ် လက် မပူဘူးလား။

စုရှောင်မိုသည် အပြင်ဘက်မှ ကြည့်ရှုနေရင်း အားမလို အားမရ ဖြစ်ကာ အထဲသို့ ဝင်လာ၏ “တုတု .. စီနီယာ အစ်ကို ကိုင်ကြည့်မယ်”

“ရော့လေ”

လျှိုဝမ်ရှစ် ကမ်းပေးလိုက်သည်။

စုရှောင်မိုသည် မီးနဂါးအား လှမ်းယူလိုက်သည် ။

သို့ပေမဲ့ စုရှောင်မို၏ လက်ထဲ ရောက်ချိန်မှာတော့ နဂါးလေး၏ မျက်လုံးအကြည့်များသည် အေးစက်သွားသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းလှသော မီးတောက်များ ထွက်ပေါ်လာ၏။

ဖူး ..။

ခြစ်ခြစ်တောက် ပူလောင်နေသော မီးတောက်များ ဖြစ်ပေါ်လာသည်။ စုရှောင်မို၏ မျက်နှာတစ်ခုလုံး သည် မီးအရှိန်ကြောင့် မဲနက်သွားပြီး ပါးစပ်ထဲမှ အမြုပ်တွေ ထွက်ကာ မေ့လဲသွားတော့သည်။

ကျွင်းချောင်ရှောင်း “.......”

လျှိုဝမ်ရှစ် “.........”

All Chapters