ခင်ဗျားကစာရေးဆရာလား
Vol. 4 Ch. 33
အာရန်သည် ဘာတွေဖြစ်နေသည်ကို နားလည်ရန် ကြိုးစားကြည့်လိုက်သည်။
သူသည် ဆီလက်စ်ကို ထိတွေ့ရန် လက်ကို ဆန့်လိုက်သော်လည်း သူ့လက်သည် သူမ၏ကိုယ်ကို ဖောက်ထွက်၍ ဖြတ်သွားလေသည်။ တစ်ခုခုလုံး၀ မှားနေကြောင်း သူ သဘောပေါက်လိုက်သည်။
ရုတ်တရက်ယခုကဲ့သို့ဖြစ်ပွားစေသော အရာကို ရှာဖွေရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးတွင် အရာအားလုံးသည် လေထုအတွင်းရှိ တစ်စုံတစ်ရာသော မမြင်နိုင်သည့်တည်ရှိမှုတစ်ခုကြောင့် လေးလံနေပြီး မကောင်းသော နိမိတ်တစ်ခုက သူ့ကို ခြုံလွှမ်းထားသလို ခံစားနေရသည်။
အာရန်၏ စိတ်သည် ဖြစ်နိုင်ချေရှိသော ရှင်းလင်းချက်တစ်ခုရရန် အသဲအသန်စဥ့်စားကြည့်နေမိသည်။ လက်ရှိ အရှိတရားကို ပြောင်းလဲပစ်နိုင်သော တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုသည် အမှန်တကယ်ရှိနေပါသည်လော။ မေးခွန်းများသည် သူ့စိတ်ထဲတွင် ဒုံးစိုင်းကာ ကဆုန်ပေါက်နေသော်လည်း သူ့တွင် အဖြေများ ရှိမနေခဲ့ပါ။
ဤမျှလောက်အထိ အရှိတရားကို ပြောင်းလဲပစ်နိုင်သော တစ်စုံတစ်ယောက် … ထိုသူသည် မည်မျှ အားကောင်းနေမည်နည်း။
"ခဏလေးနေဦး အရှိတရားကို ပြောင်းလဲနိုင်တယ်ဆိုတာ…..."
အာရန်သည်တစ်ခုခုကို တွေးမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အမည်မသိသူနဲ့တွေ့ဆုံမှု... ဟေ့လူ စာရေးဆရာရေ ခင်ဗျာနောက်ဆုံးတော့ ကိုယ်ထင်ပြပြီပေ့ါ"
ပထမတွင် သူသည် မည်သူ့ကို တွေ့ဆုံရမည်ကို
မသိခဲ့ပါ။ သို့သော် ပတ်ဝန်းကျင်တွင် ထူးဆန်းသော ပြောင်းလဲမှုနှင့်အတူ သူသည် အခြားတစ်ဖက်မှ ဖြစ်နိုင်ချေများကိုဆန်းစစ်ကြည့်လိုက်ရာ ထိုအဖြေမှာ သေချာသွားသည်။
အမှန်ဆို မိစ္ဆာဂိုဏ်းချုပ်သည် ဤမျှလောက် ထူးဆန်းသောအရာကို သတိထားမိသင့်သည်။ သို့သော် သူမသည် ဤနေရာသို့ မရောက်လာခဲ့ပါ။ သူမသည် ၎င်းကို မခံစားနိုင်ဟု ဆိုလိုသည်လား။ သို့မဟုတ် သူမသည်လည်း အေးခဲနေခြင်းလော။
သူတွေ့ဆုံနေသောသူသည် အရှင်သခင်လေးဦးထက်ပင် ပိုမိုအားကောင်းသူလား ဤသို့ဖြင့် အာရန်၏ စိတ်ထဲသို့ ဝင်လာသောသူ တစ်ဦးတည်းသာ ရှိတော့သည်။
၎င်းသည် သူ့ကို ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သော ဘုရားသခင်ကဲ့သို့ တည်ရှိမှုဖြစ်သည်။ ၎င်းသည် သူ့ကို ဤရွေးချယ်နိုင်သော စနစ်ကို ပေးအပ်ခဲ့သူဖြစ်သည်။ ၎င်းသည် စနစ်၏ အစစ်အမှန်ပိုင်ရှင်နှင့် ဤဝတ္ထုကို ဖန်တီးခဲ့သော စာရေးဆရာပင်ဖြစ်သည်။
"မင်း သတိထားမိတာ တော်တော် မြန်တာပဲ"
အာရန်၏ နောက်ကျောမှ အသံတစ်သံ ထွက်လာသည်။
"ပြီးတော့ မင်းင့ါကိုပြန်မတိုက်ခိုက်ခင် မင်းကိုတစ်ခု သတိပေးပါရစေ"
အာရန်သည် လှည့်ကြည့်လိုက်သည်နှင့် ရုတ်တရက်တစ်ပြိုင်နက် အားအကုန်သုံးကာ ထိုပုဂ္ဂိုလ်ကို လက်သီးဖြင့်ထိုးချလိုက်လေသည်။သို့သော် ထိုပုဂ္ဂိုလ် မှာ စကားဆက်ပြောနေဆဲပင်ဖြစ်သည်။
၎င်းသည် သူ့ဘဝကို သုံးသပ်ချက်လေးတစ်ခု ရေးမိခဲ့မှုအတွက် ဖျက်ဆီး ပစ်ခဲ့သောသူဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကဲ့သို့ စွမ်းအားများရှိသော တည်ရှိမှုတစ်ခုဖြစ်သော်လည်း အနည်းငယ်မျှသော ဝေဖန်ထောက်ပြမှုလေးကို ပင် လက်မခံနိုင်ခဲ့သူဖြစ်သည်။
ကံမကောင်းစွာဖြင့် အာရန်၏ လက်သီးသည် ထိုလူကိုဖြတ်ကျော်၍ သူထိုင်နေသော ထိုင်ခုံကိုသာသွားထိလေသည်။
အာရန်သည် အရှိန်လွန်သွားသဖြင့် အခြားတစ်ဖက်သို့ လဲကျသွားသည်။
"မင်း… ငါ့ကို ထိနိုင်မှာ မဟုတ်ဘူး။"
ထိုအမည်မသိရသောပုဂ္ဂိုလ်က သူ့စကားကို အဆုံးသတ်ပေးလိုက်သည်။
"ငါ နောက်ကျသွားပုံရတယ် အဲ့အတွက်တောင်းပန်ပါတယ်။"
အာရန်သည် စိတ်ပျက်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ သူသည် စာရေးဆရာ၏ မောက်မာသော မျက်နှာကို ထိုးနှက်ရန် အမြဲတမ်း တွေးနေခဲ့သည်။ သို့သော် ထိုစာရေးဆရာကိုယ်တိုင် ဤနေရာတွင် ရောက်လာသောအခါတွင်တော့ သူ့ကိုအနည်းငယ်လေးမျှပင် ထိခိုက်အောင်မပြောနှင့် ထိအောင်ပင် သူမလုပ်နိုင်ပါ။
"ကျုပ် ခင်ဗျားကို ဘာလို့ မထိနိုင်ရတာလဲ ခင်ဗျားက သာမန်ကျုပ်လို လူသားတစ်ယောက်ကို ကြောက်လို့ ပုန်းနေတာလား"
အာရန်သည် သူ့နေရာသို့ ပြန်လျှောက်သွားလိုက်ပြီး ယခင်က ဤနေရာတွင် မရှိသော အနက်ရောင်ထိုင်ခုံပေါ်တွင် ထိုင်နေသော စာရေးဆရာကို မျက်နှာချင်းဆိုင်လိုက်သည်။
သူသည် ထိုလူ၏ မျက်နှာကို မမြင်ရပါ။ ထိုလူ၏ မျက်နှာကို ဖုံးကွယ်ရန် ဤကမ္ဘာကြီးကိုယ်တိုင်ကချွင်းချက်ပေးထားသည့်ပုံရသည်။
သူမြင်နိုင်သောတစ်ခုတည်းသောအရာမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင် ထားသော ယောက်ျားတစ်ယောက်နှင့်တူသည့် ထိုလူ၏ ကိုယ်လုံးပင်ဖြစ်သည်။
"မင်း ငါဘယ်သူလဲဆိုတာကို ခန့်မှန်းခဲ့ပေမယ့် မင်း တစ်ခုကို တော့ မှားယွင်းသွားတယ် ငါက စာရေးဆရာလည်း မဟုတ်သလို ဒီကမ္ဘာကလည်း ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။"
"ခင်ဗျားကဘယ်သူ ဒါမှမဟုတ် ဒီကမ္ဘာက ဘာလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သိချင်တာက ကျုပ်ဘာလို့ ဒီကို ခေါ်ဆောင်ခံရတာလဲဆိုတာပဲ ဒါက ခင်ဗျားရဲ့ အားနည်းတဲ့ အရှိုက်ကိုထိမိသွားလို့လား"
စာရေးဆရာဆိုသောပုဂ္ဂိုလ်သည် ထိုတုံ့ပြန်မှုကိုကြားသောအခါ ဟားတိုက်၍ ရယ်မောလိုက်သည်။
"ဒီကိစ္စတွေက အဲဒီလိုသာ ဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲကွာ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီကိစ္စတွေက အဲ့ဒီလောက်ရိုးရှင်းမနေဘူး"
"ဒါဆို ဘာလို့ ကျုပ်ကိုမှရွေးရတာလဲ ကျုပ်က ဒီကမ္ဘာမှာ ဘာလုပ်ရမှာလဲ နေ့တိုင်း ဘယ်အချိန် အသတ်ခံရမလဲဆိုတာကို ကြောက်ရွံ့ပြီး နေသွားရမှာလား"
"အဲဒီမေးခွန်းကို... ငါ မဖြေနိုင်ဘူး။ ဒါပေမဲ့ ငါ မင်းကို ပြောနိုင်တာက မင်းက ဒီကို ခေါ်ဆောင်ခံရတဲ့ ကမ္ဘာမြေက တစ်ဦးတည်းသောသူ မဟုတ်ဘူးဆိုတာပဲ။"
"နောက်ထပ်အခြားသူတွေ ရှိသေးတာလား သူတို့ကလည်း ဟိုဝက်ဆိုက်ဒ် ထဲဝင်ပြီး ဒီဝတ္ထုကို မကောင်းတဲ့ရီဗျူးတွေ ရေးခဲ့မိကြလို့လား"
စာရေးဆရာဆိုသောပုဂ္ဂိုလ်က တစ်ဖန်ထပ်မံ ရယ်မောလိုက်သည်။
"ဒါက မင်းတို့ ကမ္ဘာမြေကကောင်တွေ ဟာသလို့ လို့ပြောပြောနေကြတဲ့အရာများလား မဆိုးပါဘူး ရယ်ရသား"
ထို့နောက် စာရေးဆရာဆိုသောပုဂ္ဂိုလ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လှုပ်ရှားမှုများအတိုင်း စာအုပ်လေးအုပ်သည် အာရန်၏ရှေ့တွင် ပေါ်ထွက် လာသည်။
စာအုပ်လေးအုပ်လုံး၏ အဖုံးများပေါ်တွင် ရေးထားသော ခေါင်းစဉ်တစ်ခုစီ ရှိကြ သည်။ စာအုပ်များကို ကြည့်ရင်း အာရန်သည် ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။
ပထမစာအုပ်ကို "မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း" ဟု အမည်ပေးထားသည်။
၎င်းသည် သူဖတ်ခဲ့မိသော ဝတ္ထု၏ ခေါင်းစဉ်ဖြစ်သည်။ ၎င်းသည် သူသုံးသပ်ချက်ရေးခဲ့သော ဝတ္ထုနှင့် အတူတူပင်ဖြစ်သည်။ ၎င်းသည် ဤကမ္ဘာကို ပုံဖော်ထားသော ဝတ္ထုဖြစ်သည်။
ဒုတိယစာအုပ်အမည်မှာ "ငရဲမှ ပြန်လာသော နီခရိုမန်ဆာ" ဟု အမည်ပေးထားသည်။
တတိယစာအုပ်ကို "SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း" ဟု အမည်ပေးထားသည်။
စတုတ္ထစာအုပ်ကိုမူ "ကျရှုံးခဲ့ပြီးသောပုရောဟိတ်မလေး၏ ကလဲ့စား" ဟု အမည်ပေးထားလေသည်။
"ဒါတွေက..."
အာရန်သည် စာအုပ်လေးအုပ်ကို မျက်မှောင်ကြုတ်ရင်း ကြည့်နေမိသည်။ သူသည် ခေါင်းစဉ်လေးခုထဲမှ တစ်အုပ်ကိုသာ သူဖတ်ဖူးခဲ့ပြီး ထိုတစ်အုပ်ကိုပင် အပိုင်းအနည်းငယ်ထိသာ ဖတ်ဖူးခဲ့လေသည်။
ထိုဝတ္ထုတွင် အပိုင်းပေါင်း (၅၀၀၀) အထိရှိသော်လည်း သူသည် ပထမ အပိုင်း(၂၀၀) ဝန်းကျင်အထိသာ ဖတ်ခဲ့မိလေသည်။
အခြား ခေါင်းစဉ်သုံးခုနှင့်စာအုပ်များမှာ မည်သည့်အကြောင်းအရာများဖြစ်သည်ကို သူလုံး၀သိမနေပါ။ ၎င်းတို့သည် သူ မဖတ်ဖူးသေးသော အခြားဝတ္ထုများ၏ ခေါင်းစဉ်များလား။ သို့သော် သူဝင်ရောက်မိခဲ့သော ထိုဝက်ဆိုက်ဒ်တွင် ဝတ္ထုတစ်ပုဒ်သာ ရှိနေခဲ့ကြောင်း သေချာမှတ်မိနေသည်။
ခေါင်းစဉ်များကို ကြည့်ရင်း သူသည် မကောင်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းစဉ်လေးခုသည် ဤကမ္ဘာ၏ အရှင်သခင်လေးဦးစိုးမိုးထားသော ဒေသများကို သတိရသွား စေသောကြောင့်ဖြစ်သည်။
ပထမတစ်ခုမှာ မိစ္ဆာဂိုဏ်း၏ ဒေသဖြစ်ပြီး "မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း" ဟု အမည်ပေးထားသော ဝတ္ထုတွင်ပါဝင်သော ဒေသဖြစ်လေသည်။
ဒုတိယတစ်ခုမှာ နီခရိုမန်ဆာမျှော်စင်၏ ဒေသဖြစ်ပြီး "ငရဲမှ ပြန်လာသော နီခရိုမန်ဆာ" ဟု အမည်ပေးထားသော စာအုပ်တွင် ပါရှိလိမ့်မယ်ဖြစ်သည်။
တတိယတစ်ခုမှာ သူရဲကောင်းအကယ်ဒမီ၏ ဒေသဖြစ်မည်ဖြစ်ပြီး "SSS အဆင့် သူရဲကောင်း၏ ပြန်လာခြင်း" ဟု ခေါင်းစဉ်ပေးထားသည်။
နောက်ဆုံးတစ်ခုမှာ သန့်စင်ဘုရားကျောင်း၏ ဒေသဖြစ်ပြီး "ကျရှုံးခဲ့ပြီးသောပုရောဟိတ်မလေး၏ ကလဲ့စား" ဟူသော ခေါင်းစဉ်နှင့် ဆက်စပ်ကြည့်နိုင်သည်။
"ဒီစာအုပ်လေးအုပ်က ဘာတွေလဲ"
အာရန်သည် သူမသိရသေးသော တည်ရှိမှုများအကြောင်းကို မေးလိုက်မိသည်။ ထိုသို့မေးလိုက်မိသော်လည်း သူ့နှလုံးသားထဲတွင် သူသိချင်သောအဖြေကို သိနှင့်ပြီးသား ဖြစ်သည်ဟု ခံစားနေရသည်။
ထိုပုဂ္ဂိုလ်မှ သူသည် ကမ္ဘာမြေမှကူးပြောင်းလာရာတွင် တစ်ဦးတည်းသော ကူးပြောင်းလာသူ မဟုတ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ သူသည် "မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း" ၀တ္ထုထဲမှ ဤနေရာသို့ ရောက်လာခဲ့သည်ဖြစ်လျှင် ကမ္ဘာမြေမှ အခြား နောက်ထပ် သူ့လိုလူသုံးဦးသည် ၎င်းတို့၏ သက်ဆိုင်ရာ ဝတ္ထုများအတိုင်း ဤနေရာ၏ အခြားဒေသသုံးခုသို့ ရောက်ရှိသွားခဲ့ကြသည်ဟု ဆိုလိုခြင်း မဖြစ်နိုင်ဘူးလား။
ဝတ္ထုလေးအုပ်ရှိသော်လည်း ၎င်းဝတ္ထုအားလုံးသည် တူညီသောနေရာတစ်ခု၏ မတူညီသော
ဒေသများ၏ရှုထောင့်တစ်ခုစီမှအကြောင်းအရာများဖြစ်နေနိုင်မလား ဟုတွေးမိလိုက်သည်။
"ဒါပေမဲ့ ဒါကြီးကဖြစ်နိုင်ပါ့မလား"
ထိုသို့ တွေးမိလိုက်သော် ဖြစ်နိုင်ခြေလေးတစ်ခု
ကပင် အာရန်အား ခေါင်းခဲသွားစေသည်။
အဘယ်ကြောင့်ဆိုသော် ဝတ္ထုလေးအုပ်ရှိလျှင် အဓိက ဇာတ်လိုက်မှာလည်း လေးယောက်အထိ ရှိသည်ဟု ဆိုလိုသည်မဟုတ်ပါလား။….
#Catfoot