ဒီအဖြေအတွက်နောင်တရလိမ့်မယ်
Vol. 4 Ch. 34
အာရန်သည် သူ့ရှေ့တွင် ရှိနေသော စာအုပ်လေးအုပ်ကို ကြည့်လိုက်သည်။
သူ့တွင် ၎င်းအပေါ်မေးခွန်းများစွာရှိနေသည်။ ဤစာအုပ်လေးအုပ်သည် ဤကမ္ဘာကို ကိုယ်စားပြုပါက ဤကမ္ဘာတွင် အဓိကဇာတ်ကောင် လေးဦး အထိရှိသည်ဟု ဆိုလိုနေသည်။
၎င်းတို့သည် ကောင်းကင်ဘုံက ကောင်းချီးပေးထားသော တည်ရှိမှုလေးခုဖြစ်ပြီး ၎င်းတို့၏ မျိုးဆက်များအတွင်း အကြီးမြတ်ဆုံးပုဂ္ဂိုလ်များဖြစ်ရန် ရွေးချယ်ခံထားရသူများသည်။
သို့သော် ၎င်းတို့သည် သူနှင့်ဘာမှမသက်ဆိုင်သေးပါ။ ယခုပိုကြီးသောပြသနာမှာ သူ၏ လက်ရှိ ဤကမ္ဘာတွင်း ဖြစ်တည်မှုက မည်သည့်အကြောင်းကြောင့်နည်း။
သူသည် ဤစာအုပ်များထဲမှ တစ်အုပ်၏ ကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါက အခြားစာအုပ်များ၏ ကမ္ဘာထဲသို့ ဝင်ရောက်သွားကြသော လူများ ရှိသည်ဟု မဆိုလိုပေဘူးလား။
"ကမ္ဘာမြေက လူဘယ်နှစ်ယောက်လောက် ဒီမှာ ရောက်နေတာလဲ"
အာရန်သည် သူ့ရှေ့မှ အရိပ်လိုမျက်နှာမမြင်ရသောပုဂ္ဂိုလ်ကို မေးလိုက်သည်။
"ဘယ်သူသိမှာလဲ..."
အာရန်သည် သူ့ရှေ့ရှိ လူ၏ မျက်နှာကို မမြင်နိုင်သော်လည်း ထိုသူက သူ့ကို လှေင်ပြုံး ပြုံးပြနေသည်ဟု ခံစားနေမိသည်။
"ငါ ပြောနိုင်တာက မင်းက ဒီအရှေ့ပိုင်းတိုက်ကြီးမှာရှိတဲ့ ကမ္ဘာမြေက တစ်ဦးတည်းသောသူပဲ"
"ကျုပ် နားလည်ပြီ..."
အာရန်သည် ခဏစဉ်းစားရင်း သူ့မေးစေ့ကို ပြန်ပွတ်သပ်နေလိုက်သည်။
"ခင်ဗျားက ကျွန်တော့်လိုပဲကမ္ဘာကူးလာတဲ့သူတွေ ဒီကမ္ဘာမှာ တစ်ဦးထက်ပိုပြီး ရှိတယ်လို့ စောစောက ပြောခဲ့တယ်။ ပြီးတော့ ကျုပ်က အရှေ့ပိုင်းတိုက်ကြီးမှာရှိတဲ့ တစ်ဦးတည်းသောကမ္ဘာကူးပြောင်းလာသူဖြစ်တယ်ဆိုတာလည်း အတည်ပြုပေးခဲ့တယ်။"
"ဒါက ကျုပ်ရဲ့ ယူဆချက်ကို တစ်နည်းနည်းနဲ့ အတည်ပြုပေးလိုက်တာပဲ"
အာရန် သည် သူ့သီအိုရီကို သေချာသွားဟန်ရသည်။
ဤနေရာတွင် ပြောင်းရွှေ့ခံရသော ကမ္ဘာမြေမှလူများ အနည်းဆုံး တစ်ဦးစီ ရှိခဲ့ကြသည်။
သူ့ကို ဘာလို့ ဒီကို အပို့ခံရတာလဲ အသက်ရှင်ဖို့ ဘာလုပ်ရမလဲ…. ၎င်းတို့အားလုံးသည် ဒုတိယမေးခွန်းများဖြစ်သည်။ သူ၏ စူးစမ်းချင်စိတ်ထက် သူ၏ အသက်ရှင်သန်ရေးက ပို၍အရေးကြီးလေသည်။
ဤရှုပ်ထွေးမှုများအားလုံးမှ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဤစစ်တုရင်ခုံမှ လုံးဝထွက်ခွာနိုင်မှသာဖြစ်လိမ့်မည်။ သူသည် သူ၏မူလ ကမ္ဘာမြေသို့ ပြန်သွားနိုင်မည်ဆိုလျှင် အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် သူသည် အရေးကြီးဆုံးမေးခွန်းတစ်ခုဟု သူထင်သည့်အရာတစ်ခုကို မေးခဲ့သည်။
"ကျုပ် ဘယ်လိုလုပ်ရင် အရင်ကမ္ဘာမြေကို ပြန်သွားလို့ရနိုင်မလဲ"
သူက ထပ်မေးလိုက်သည်။
ဘုရားသခင် (ဝါး) စာရေးဆရာထင်ရသောထိုပုဂ္ဂိုလ်က ဤမေးခွန်းကိုတော့ ပြန်မဖြေခဲ့ပါ။
"ခင်ဗျားက ဒီမေးခွန်းကို မဖြေချင်ပုံမရဘူး ဒါပေမယ့် အရေးမကြီးဘူး ခင်ဗျား ကို ဖြေခိုင်းဖို့ ကျုပ်မှာ နည်းလမ်းတစ်ခု ရှိတယ်" အာရန်က ပြောလိုက်သည်။
"အိုး" ဘုရားသခင်ကဲ့သို့ထိုတည်ရှိမှုက အနည်းငယ်စိတ်ဝင်စားသွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"မင်း ဘယ်လိုလုပ်မှာလဲ ပြောပါဦး"
အာရန်သည် စနစ်သိုလှောင်ခန်းကို ဖွင့်ပြီး ထိုအတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
"အရမ်းမိုက်တဲ့ ဆုလာဘ်လေးတစ်ခုဆိုပါတော့" အာရန်သည် စနစ်မှ ဆုလာဘ်အဖြစ် ရရှိထားသော အဆောင်ပစ္စည်း တစ်ခုကို ထိုပုဂ္ဂိုလ်အား ထုတ်ဖော်ပြသလိုက်သည်။
"မေးခွန်း ဘောက်ချာလား"
အာရန်သည် ထိုပုဂ္ဂိုလ်၏ မျက်နှာကို မမြင်နိုင်သောကြောင့် ထိုသူ၏ အတွေးများက ဘာတွေဖြစ်နေသည်ကို မသိနိုင်ခဲ့ပါ။ သို့သော် ထိုသူ အံ့သြသွားသည်ဟုတော့ သူခံစားလိုက်ရသည်။
"ဒါက ငါ့အပေါ်မှာ အလုပ်ဖြစ်မယ်လို့ မင်းက ဘာလို့သေခြာနေတာလဲ"
" ကျုပ်တို့ မကြိုးစားကြည့်မချင်းတော့ ဘယ်သိနိုင်မလဲ ဟုတ်တယ်မလား"
"မင်း...... မင်းကို ကောင်းကျိုးထက် ဆိုးကျိုးကိုပဲပိုပေးနိုင်မဲ့ အဖြေတချို့ ရှိတယ်။ မင်း ဒါကို သုံးချင်တာ သေချာလို့လား မင်း တစ်ခုခုဆန္ဒပြုတော့မယ် ဆို သေခြာဂရုစိုက်သင့်တယ်နော်"
"ကိစ္စမရှိပါဘူး ကျုပ်ကလည်း ဘယ်အချိန် မဆို သေသွားနိုင်တော့ ဘာမှမသိပဲ ဒီတိုင်းသေသွားတာထက်စာရင် ကြိုးစားရင်းနဲ့မှ သေသွားတာက ပိုကောင်းပါတယ်။"
အာရန်သည် တစ်ကြိမ်သာ အသုံးပြုနိုင်သော ထိုမေးခွန်းဘောက်ချာ ကို အသုံးပြုလိုက်သည်။ ၎င်းကို မေးခွန်းတစ်ခုအတွက်သာ သုံးနိုင်လေသည်။
ဤဆုလာဘ်ကို ရရှိသောအခါတုံးက ၎င်းသည် အသုံးမဝင်ဟု သူထင်ခဲ့သည်။ ထိုဘောက်ချာကို အသုံးပြု၍ တစ်စုံတစ်ယောက်ကို မေးခွန်းတစ်ခုမေးလျှင်ပင် အခြားလူက ဖြစ်ပျက်ခဲ့သည်များကို မှတ်မိနေဦးမည်။
ထို့ကြောင့် သူသည် သူ့ကိုယ်သူ ဖော်ထုတ်မိမည်ကို စိုးရိမ်သောကြောင့် ဂိုဏ်းအတွင်းရှိ အားကောင်းသောသူများပေါ် ဤဆုလာဘ်ကို အသုံးမပြုရဲခဲ့ပါ။
ကံကောင်းစွာဖြင့် သူ့ရှေ့ကပုဂ္ဂိုလ်နှင့် ပတ်သက်၍မူ ထိုအကြောင်းအရာကို စိုးရိမ်ရန် မလိုပါ။ ထိုပုဂ္ဂိုလ်က သူ့အကြောင်းကို သူ့ထက်ပင် ပိုမိုသိနှင့်ပြီး ဖြစ်သည်။
"မင်း ဒါကို မပြုလုပ်ဖို့ ငါ လေးလေးနက်နက်အကြံပေးချင်တယ် ဒီလိုအကြံပေးတာကလဲ မင်းကောင်းဖို့အတွက်ပါ"
အာရန်အား သူ့ရှေ့ရှိ ပုဂ္ဂိုလ်မှ သတိပေးလိုက်သည်။
"မင်း အဖြေကိုသိပြီးရင် နောင်တရလိမ့်မယ်။"
"ဒါဆို အဲဒီနောင်တကို ကျုပ် လက်ခံဖို့ ဆန္ဒရှိတယ်"
အာရန်သည် ဘုရားသခင်ကဲ့သို့ တည်ရှိမှုဖြစ်သောထိုပုဂ္ဂိုလ် အပေါ် မေးခွန်း ဘောက်ချာကို အသုံးပြုလိုက်လေသည်။
ထိုပုဂ္ဂိုလ်၏ တုံ့ပြန်မှုအရ စနစ်၏ ဆုလာဘ်များသည် ထိုပုဂ္ဂိုလ်အပေါ်ကိုပင် သက်ရောက်မှုရှိကြောင်း သေချာသွားသည်။
၎င်းသည် ဤစနစ်ကို ထိုပုဂ္ဂိုလ်ဖန်တီးထားခြင်း မဟုတ်ကြောင်း သေချာသွား စေသည်။ အာရန်တွင် မေးချင်သော မေးခွန်းများစွာ ရှိလေသည်။
ဤစနစ်ကို မည်သူဖန်တီးခဲ့သနည်းဟု မေးချင်သည်။ သို့မဟုတ် သူမည်သို့ ပြန်သွားနိုင်မည်နည်းဟု မေးချင်ခဲ့သည်။ အခြားကမ္ဘာမှ လူများကို ဘာကြောင့် ဤနေရာသို့ ခေါ်ဆောင်လာသနည်းဟုလည်း မေးချင်သည်။ သူ့ယခင် ကမ္ဘာမြေပေါ်က ကျပန်းအွန်လိုင်းဝတ္ထုဆိုဒ်တစ်ခုတွင် ဤကမ္ဘာအကြောင်းကို အဘယ့်ကြောင့် ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပုံဖော်ထားရသနည်းဟုလည်း မေးချင်သေးသည်။
သူဖော်ထုတ်သိချင်သော လျှို့ဝှက်ချက်များစွာ ရှိလေသည်။ သို့သော် ကံမကောင်းစွာဖြင့် သူသည် မေးခွန်းတစ်ခုသာ မေးနိုင်လေသည်။ မည်သည့်မေးခွန်းကိုမျှ ဖြုန်းတီးပစ်ရန် မတတ်နိုင်ပါ။
မေးခွန်းဘောက်ချာ အသက်ဝင်သည်နှင့် ထိုအဆောင်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
အာရန်သည် သူယခုမေးတော့မည့် မေးခွန်းသည် အရေးကြီးဆုံးဖြစ်ကြောင်း သိလေသည်။ မေးခွန်းကို ဖြုန်းတီးရန် မဖြစ်ပါ။ ယခုအချိန်တွင် သူအလိုချင်ဆုံး အဖြေသည် ရိုးရှင်းစွာတစ်ခုပင်ရှိလေသည်။
"ကျုပ် ဘယ်လိုလုပ်ရင် မူလကမ္ဘာမြေကို ပြန်သွားနိုင်မလဲ"
"မင်း ဒီအဖြေကို ဒီလောက်သိချင်နေမှတော့လည်း ငါ မင်းကို ပြောပြရမှာပေါ့" လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ် သည် ဤတစ်ကြိမ်တွင် မငြင်းဆန်တော့ပါ။
၎င်းသည် ဤကမ္ဘာရှိ သူမသိနိုင်သော အင်အားတစ်ခုက ထိုပုဂ္ဂိုလ်ကို အတင်းအကျပ် ခိုင်းစေနေသကဲ့သို့ပင် ဖြစ်နေသည်။ ထိုသူ မပြောချင်လျှင်ပင် သူ့တွင် ရွေးချယ်စရာရှိမည်မထင်ပါ။
"မင်း ပြန်သွားဖို့ နည်းလမ်းနှစ်ခု ရှိတယ်"
ထိုပုဂ္ဂိုလ်က ထပ်ပြောလိုက်သည်။
"ပြီးတော့ အဲ့ဒီနည်းလမ်းနှစ်ခုက…" အာရန်က ဆက်မေးလိုက်သည်။
"ပထမနည်းလမ်းက ရိုးရှင်းပါတယ် မင်းက ဒီကမ္ဘာမှာရှိတဲ့ အဓိက ဇာတ်လိုက်အားလုံးကို သတ်ပစ်ရမှာဖြစ်ပြီး ဒီနေရာကို ကမ္ဘာကူးလာခဲ့တဲ့ မင်းလို အခြားကမ္ဘာက လူတွေအကုန်လုံးကိုလည်း သတ်ပစ်ရမယ်။"
အာရန်၏ ထိုအဖြေကို ကြားလိုက်ရသောအခါ သူ၏ စိတ်အခြေအနေမှာ မဲမှောင်သွားရလေသည်။
သူသည် ဤကမ္ဘာ၏ အဓိကဇာတ်လိုက်များကို အရမ်းကြီးဂရုမစိုက်သော်လည်း သူ့ကဲ့သို့ အတင်းအကျပ် ခေါ်ဆောင်ခံလိုက်ရသူများကိုပါ သတ်ရမည်တဲ့လား…
"ဒါက ပြန်ဖို့အတွက် နည်းလမ်းဖြစ်နေတော့ အခြားခေါ်ဆောင်ခံရသူတွေ အတွက်လည်း အတူတူပဲလို့ ထင်တယ် ဟုတ်လား" အချိန်အတော်ကြာ စဉ်းစားပြီးနောက် အာရန်က ပြန်လည်မေးလိုက်သည်။
"ငါထင်ထားသလိုပဲ မင်းက တော်တော်လေးပါးနပ်တာပဲ ဟုတ်တယ် မင်းပြောသလိုပဲ သူတို့ ပြန်ချင်ရင်လဲ မင်းလိုပဲ ဒီကိုရောက်လာခဲ့တဲ့အခြားကမ္ဘာမြေက သူတွေကို ပြန်သတ်ပစ်ရမယ် မင်းလည်း တစ်ယောက် အပါအဝင်ပေါ့"
အာရန်သည် ထိုပုဂ္ဂိုလ်၏ စကားများအရ သူသည်လည်း အခြားသူများနှင့် တစ်ချိန်တည်းတွင် ယှဉ်ပြိုင်နေရ သကဲ့သို့ဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ မိမိသည် ဤကမ္ဘာတွင်အလေလိုက်သလိုဖြစ်၍ အချိန် ထိုင်ဖြုန်းမိနေချိန်တွင် တစ်ချိန်တည်း
တွင်သူ့လိုအခြားကမ္ဘာမှ ကူးပြောင်းလာသူများက ကျင့်ကြံခြင်းများကို ပိုမိုအသဲအသန်ကြိုးစားလေ့ကျင့်နေကြမည်ဆိုပါက တဖြည်းဖြည်းသူ့ထက် ပိုမိုအားကောင်း လာကြမည်ဟု ဆိုလိုသည်မဟုတ်ပါလား။
သူတို့သည်လည်း ယခုအဖြေကို သိရှိရန် နည်းလမ်းတစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ပါက သူ့အသက်ကို လာရောက်နှုတ်ယူရန် အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။
အခြေခံအားဖြင့် သူသည် တိုက်ကြီးလေးခု၏ အဓိက ဇာတ်ကောင်များနှင့် တိုက်ခိုက်ရရုံသာမက သူ့ကဲ့သို့ ဤနေရာသို့ကူးပြောင်းလာသူများနှင့်လည်း တိုက်ခိုက်ရမည်ဖြစ်သည်။
၎င်းသည် အသက်နှင့်ရင်းရမည့် သေခြင်းရှင်ခြင်းကြား ကစားပွဲ တစ်ခုပင် ဖြစ်သည်။
"နည်းလမ်းနှစ်ခု ရှိတယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား"
အာရန်က ထပ်မံမေးလိုက်သည်။
"အိမ်ပြန်ဖို့ တခြားနည်းလမ်းတစ်ခုက ဘာလဲ"
သူ့အသက်သည် အချိန်မရွေးအန္တရာယ်ရှိနေမှန်း သိလိုက်သောကြောင့် အာရန်သည် ဤကမ္ဘာတွင် ပျော်ရွှင်စွာအချိန်ဖြုန်းရန် ထပ်မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ ဒုတိယနည်းလမ်းက ပိုမြန်ပြီး မည်သူ့ကိုမျှ သတ်စရာမလိုပဲ ကမ္ဘာမြေသို့ ပြန်နိုင်မည်ဆို အကောင်းဆုံးဖြစ်သည်။
"ဒုတိယနည်းလမ်းလား"
လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ်က ထပ်မံရယ်မောလိုက်သည်။
"ကံမကောင်းစွာနဲ့ အဲ့ဒါက ပထမနည်းလမ်းထက်တောင်ပိုပြီးအောင်မြင်ဖို့ ခက်သေးတယ်"
"မင်းရဲ့အရင်ကမ္ဘာကို ပြန်ဖို့ ဒုတိယနည်းလမ်းကတော့ ရိုးရှင်းပါတယ်။ အာကာသဝေဟင်ကို ဖြတ်ပြီး မင်းကမ္ဘာကို ပြန်တဲ့ လမ်းကြောင်းတစ်ခုကို မင်းကိုယ်တိုင်ဖွင့်နိုင်လောက်အောင် သန်မာတဲ့သူတစ်ယောက် ဖြစ်လာဖို့လေးပါပဲ"
ဟု ထိုပုဂ္ဂိုလ်က ထပ်ပြောလိုက်သည်။
"ဒါပေမယ့် မင်းသာ အဲဒီလောက်ထိ အားကောင်းနေမယ်ဆိုရင် အခြားပြောင်းရွှေ့လာသူတွေအပါအဝင် ဒီကမ္ဘာရဲ့ ဘယ်တည်ရှိမှုကမှ
မင်းကို ထိခိုက်စေနိုင်မှာ မဟုတ်တော့ဘူလေ"
#Catfoot