မင်းမသိသေးလို့ပါ...
Vol. 4 Ch. 35
"မင်းသာ အဲလောက်ထိ အားကောင်းလာရင် ကမ္ဘာနှစ်ခုကြား ခရီးသွားတာအပြင် အဲ့ဒါထက်လဲအများကြီး ပိုလုပ်နိုင်ဦးမယ်။ ဒါပေမယ့် အဲဒီနေ့ကိုရောက်ဖို့တော့ ခုမင်းအခြေအနေနဲ့ အရမ်းဝေးနေသေးပါတယ်။ မင်းက အဲဒီနေ့ကိုမြင်ခွင့်ရဖို့အထိ အသက်ရှင်နေနိုင်မယ်ဆိုတာတောင် မသေချာမနေဘူးလေ"
ဘာမှန်းမသိရသေးသောပုဂ္ဂိုလ်မှ ထိုသို့ပြန်လည်ဖြေကြားပြီးသည်နှင့် မေးခွန်း ဘောက်ချာ၏ အာနိသင်လည်း ကုန်ဆုံးသွားလေသည်။ အာရန်သည် ပြန်လည်တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည် ထိအောင်ဘာမှပြန် မပြောနိုင်တော့ပါ။
အခန်းထဲတွင် တိတ်ဆိတ်မှုဖြင့်သာ ကြီးစိုးလျက်ရှိနေသည်။
သူ့ကို ခြိမ်းခြောက်လာနိုင်သူအားလုံးကို သတ်ပစ်ရမည်။ သို့မဟုတ် သူ့ကို မည်သူကမျှ မခြိမ်းခြောက်နိုင်လောက်သည်အထိ အားကောင်း လာအောင် လုပ်ရမည်။ အာရန်အား သူ၏မိခင်ကမ္ဘာမြေသို့ ပြန်သွားနိုင်ရန်မှာ ဤ နည်းလမ်းနှစ်ခုသာရှိလေသည်။
ကံမကောင်းစွာဖြင့် ထိုနည်းလမ်းနှစ်ခုလုံးသည် လောလောဆယ် တွင် သူ့လက်လှမ်းမှီနိုင်သောနေရာတွင်ရှိမနေကြောင်း သူသိသည်။
သူသည် ကမ္ဘာမြေမှပြောင်းရွှေ့လာသည့် အခြားလူသုံးဦးကို မည်သူများဖြစ်မည်ကို မသိပါ။ သို့သော် ၎င်းတို့သည် သူ့ထက် ပို၍ အားနည်းကြမည် မဟုတ်မှန်းတော့ သေချာသိလေသည်။
သူ၏ ယခုခန္ဓာကိုယ်ပိုင်ရှင်သည် ဤကမ္ဘာရှိ သာမန်လူတစ်ဦးထက်ပင် ပို၍အားနည်းနေသည်။ ထို့ပြင်သူသည် သူရဲကောင်းအကယ်ဒမီမှ သူလျှိုတစ်ယောက် အနေနှင့်လည်း တာဝန်များကြားတွင်ပိတ်မိနေသေးသည်။
သူ့ဆုံးဖြတ်ချက်တစ်ခုစီတိုင်းတွင် သေဆုံးနိုင်ရန်အခွင့်အလမ်းမြောက်များစွာ ရှိနေလေသည်။ ထို့ကြောင့် အခြားသုံးဦးသည် သူ့ထက်ပို၍ ကံဆိုးလိမ့်မည်ဟု သူမယုံကြည်ပါ။
သူတို့သည် သူ့အား လက်တစ်ချောင်းပင် မမြှောက်ဘဲ သတ်ပစ်နိုင်သည်ဟု ယုံကြည်မိလေသည်။ နေ့တိုင်းတွင် သူသည် သေခြင်းနှင့်ရှင်ခြင်းကြား ပါးလွှာသော မျဉ်းလေးတစ်ကြောင်းပေါ်တွင် လျှောက်လှမ်း နေရခြင်း ဖြစ်သည်။
လောလောဆယ် သူ့တွင် ရှိသောအရာမှာ သူ၏ ကြွားလုံးထုတ်စကေး ဖြစ်သည့်ဓားဧကရာဇ်၏ အော်ရာနှင့် အသုံးပြုရန် နှစ်ကြိမ်သာကျန်တော့ သော အကာအကွယ်ဆွဲကြိုးလေးသာဖြစ်လေသည်။
ဤအရာနှစ်ခုလုံးသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန်သာ အသုံးပြုနိုင်ပြီး အခြားသူများကို တိုက်ခိုက်ရန်အတွက်မူ အသုံးဝင်မည်မဟုတ်ပါ။
ထိုရန်သူများကို သတ်နိုင်ရန်မဆိုထားနှင့် သူတို့ကို တွေ့သောအခါ ချက်ချင်းပင် အသတ်ခံရနိုင်သည်ဟု ခံစားရလေသည်။
အခြားစာအုပ်သုံးအုပ် နှင့် ထိုတိုက်ကြီးများ၏အကြောင်းကို သူဘာမှ မသိထားသည်မှာပို၍ပင် ဆိုးသေးသည်။
အာရန်သည် "မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း" စာအုပ် ၏ ပထမ အပိုင်း (၂၀၀) ခန့်ကိုသာ ဖတ်ရှုခဲ့ရသည်။ ထိုအခန်းများတွင် အဓိက ဇာတ်လိုက်သည် ဤအရှေ့ပိုင်းတိုက်ကြီးအတွင်းတွင်သာ တည်ရှိနေဆဲဖြစ်သည်။
သူရဲကောင်းအကယ်ဒမီအကြောင်း သတင်းအချက်အလက်ကိုလည်း သူ အနည်းငယ်သာ သိရှိထားသေးပြီး ယင်းမှာ သူ၏ သူလျှိုဖြစ်စဉ်ကြောင့်ပင်ဖြစ်သည်။ သို့သော် နီခရိုမန်ဆာမျှော်စင်နှင့် သန့်စင်ဘုရားကျောင်းအကြောင်း အသေးစိတ်အချက်အလက်များမှာပို၍ပင် သိရှိရန်ခက်ခဲနေလေသည်။
သူသည် စာအုပ်များဆီသို့ လက်တစ်ဖက်ကို မသိမသာ ဆန့်ထုတ်လိုက်သည်။ ထိုဝတ္ထုစာအုပ်များသည် သူ့မျက်လုံးရှေ့တွင်ပင်ရှိနေသည် မဟုတ်ပါလား။
သူ အရင်က မဖတ်ခဲ့ဘူးဘူးဆိုလျှင်ပင် ကိစ္စမရှိပါ။ ယခုထိုအရာများသည် မည်မျှ အရေးကြီးကြောင်းသိပြီဖြစ်သဖြင့် တတ်နိုင်သမျှ အရာအားလုံးကို မြန်နိုင်သမျှမြန်မြန်သင်ယူရန်သာရှိလေသည်။
အာရန်၏ လက်ချောင်းများက စာအုပ်များကို ထိမိတော့မည့်အချိန်တွင် စာအုပ်များသည် အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ထို့နောက် စာအုပ်လေးအုပ်လုံး ပျောက်ကွယ်သွားသည်။
အာရန်သည် သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကိုအားကိုးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"အကိုကြီးရေ ကျွန်တော့်ကို တစ်ချက်ကလေးလောက်တောင် ဖတ်ခွင့်ပေးလို့မရဘူးလားဗျာ"
"မရဘူး အဲဒီစာအုပ်တွေက အခု လုံးဝ ဗလာဖြစ်သွားပြီ မင်း ဖတ်ချင်ရင်တောင် ဖတ်လို့မရနိုင်ဘူး။"
လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ်က ပြန်ဖြေလိုက်သည်။
အာရန်သည် သက်ပြင်းချလိုက်မိသည်။ သူသည် အနည်းငယ် ကလိန်ကကျစ်ကျနိုင်မလားဟု စမ်းကြည့်မိခဲ့သော်လည်း သူ့ကြိုးပမ်းမှုသည် အရာမထင်ဖြစ်ခဲ့ရသည်။
"ကျွန်တော့်လို တခြားလူတွေကကော သူတို့ကမ္ဘာကို ပြန်ဖို့ ခုနည်းလမ်း တွေကို ရှာတွေ့နိုင်မလား ခင်ဗျားက ကျွန်တော့်ကိုပြောပြဖို့တောင် အရမ်းတွန့်ဆုတ်နေတော့ သူတို့လည်း မသိနိုင်လောက်ဘူးလို့ ယူဆလို့ရတယ်မလား"
"ဘယ်သူသိမှာလဲ မင်းတောင် သိနိုင်ခဲ့သေးတာပဲ သူတို့လည်း ဒီလိုပဲသိသွားနိုင်တာပဲလေ"
ထိုလူက ရှင်းလင်းစွာ ပြန်မဖြေခဲ့ပါ။ သူ့စကားများသည် ဝိုးတဝါးဖြစ်နေသော်လည်း မှန်ကန်နေသည်။
သူသည် ဤကမ္ဘာသို့ ရောက်ရှိလာသောအခါ စနစ်တစ်ခု ရရှိခဲ့သည်။ အခြားသုံးဦးတွင်လည်းထိုသို့အလားတူ စနစ်များ ပါရှိနိုင်လေသည်။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အလားတူ ဆုလာဘ်မျိုးကိုစနစ်ဆီမှ ရရှိကာ အဖြေကိုသိရရန် သူ့ကဲ့သို့ပင် တူညီသောနည်းလမ်းကို အသုံးပြုနိုင်လေသည်။
သူသည် ၎င်းဖြစ်နိုင်ချေကို အတည်ပြုရန် နည်းလမ်းမရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယုံကြည်ရုံသာ ရှိသည်။ သူ့အသက်သည် အမှန်တကယ် အန္တရာယ်များကြားရောက်နေပြီဖြစ်သဖြင့် ထိုယုံကြည်မှုသည်မှားယွင်းနေခဲ့လျှင်ပင် အမှန်ဟုသာယုံကြည်လိုက်ခြင်းသည် သူ့အတွက်ပိုကောင်းလေသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မေးခွန်းတစ်ခုထပ်မေးရန် ပြင်လိုက်သည်။
"ကျုပ်လုပ်နိုင်မလား…."
"ငါ့အချိန် ကုန်သွားပြီထင်တယ်။"
အာရန်က သူ့မေးခွန်းကို စပင်မစရသေးခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ် က မတ်တပ်ထရပ်လိုက်လေသည်။ ပတ်ဝန်းကျင်သည် ချို့ယွင်းချက်များဖြင့် ပြည့်နေပြီး ဤကမ္ဘာကြီးသည် ထိုပုဂ္ဂိုလ်၏ တည်ရှိမှုအား အသဲအသန် ခုခံနေရ သကဲ့သို့ ဖြစ်နေသည်။
"ငါတို့ ထပ်ပြီး တွေ့နိုင်ဦးမလားဆိုတာ မသေချာဘူး အနာဂတ်အတွက် မင်းကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်မယ်"
ထိုသူ၏ပုံရိပ်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။ ထို့နောက် ကမ္ဘာကြီးသည်တဖြေးဖြေး ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားလေသည်။
"ငါ မထွက်ခွာခင် နောက်ဆုံးတစ်ခုပြောခဲ့မယ်... မင်းက မင်းဟာ အားနည်းချက်ကြီးတစ်ခုရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် အဲဒါက မင်း ဘာမှမသိသေးလို့ပဲ…..."
"ကျုပ်က ဘာကိုဘာမှ မသိတာလဲ" အာရန်က ပြန်မေးလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ်သည် နောက်ဆုံးအားပျော့လွန်းသော ပဲ့တင်သံအနည်းငယ်ကို ချန်ထားခဲ့ပြီးနောက် လုံး၀ပျောက်ကွယ်သွားခဲ့သည်။
"...မင်းအကြောင်းကို……"
"ငါ့အကြောင်းကို" အာရန်က သူ့စကားများကို ရှုပ်ထွေးစွာ ညည်းညူလိုက်သည်။ ထိုလူက ဘာကို ဆိုလိုတာလဲ။
ကံမကောင်းစွာဖြင့် အဖြေပေးနိုင်သောသူသည် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ထိုသူနှင့် ထပ်ပြီး တွေ့နိုင်ဦးမလားဆိုတာလည်း မရှင်းလင်းပါ။
အဆိုးဆုံးအပိုင်းမှာ သူ့တွင် မေးခွန်းများစွာ ရှိနေသေးခြင်းဖြစ်သည်။ ထိုသူနှင့် မတွေ့ခင်ကထက်ပင် ယခုတွင် မေးခွန်းများမှာ ပို၍ပင်များလာခဲ့သည်။
သူသည် ထို လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ် မည်သူဖြစ်သည်ကို မသိသေးသလို သူ့ကို ဤကမ္ဘာထဲသို့ မည်သည့်အကြောင်းကြောင့် ဆွဲခေါ်ရသည်ကိုလည်း မသိသေးပါ။ ဤကမ္ဘာကို ဝတ္ထုတစ်ပုဒ်အဖြစ် ဘာကြောင့် ပုံဖော်ထားရသနည်း။ သူသည် ဤစာအုပ်ကို ဘာကြောင့် ရှာဖွေတွေ့ရှိနိုင်ခဲ့သနည်း။ ၎င်းသည် အမှန်တကယ်ကော တိုက်ဆိုင်မှုတစ်ခုသက်သက်လား။
သူသည် ထိုပုဂ္ဂိုလ်၏ နောက်ဆုံးစကားလုံးများကို နားလည်ရန် ကြိုးစားရင်း အတွေးများထဲတွင်လမ်းပျောက်နေဆဲမှာပင် သူ့ပခုံးပေါ်တွင်ရောက်ရှိလာသော ပေါ့ပါးသည့် အလေးချိန်လေးတစ်ခုကို ခံစားလိုက်ရသည်။
ဆီလက်စ်သည် သူ့ပခုံးပေါ်တွင် ထိုင်နေပြီး သူ့ကို အပြစ်ကင်းစွာ စိုက်ကြည့်နေလေသည်။ သူမသည် တစ်ဖန် ရွေ့လျားနိုင်ခဲ့ပြီဖြစ်သည်။
သူမသည် ယခုလေးတင် ဘာတွေဖြစ်သွားသည်ကို မသိခဲ့ပါ။ အာရန်သည် သူမသိရသေးသောတည်ရှိမှုတစ်ခုနှင့် စကားပြောဆိုနေစဉ် ဆီလက်စ်အတွက်မူ စက္ကန့်ပိုင်းလေးမျှသာ ကြာသွားခဲ့ခြင်းဖြစ်သည်။
အာရန်သည်လည်း ဖီးနစ်ငှက်နှင့် သူ၏ဆက်သွယ်မှု ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။ ကမ္ဘာကြီးသည် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ငါ့အကြောင်းကို ငါမသိဘူးဆိုတာ သူပြောချင်တာ အကြီးအကဲရန် အကြောင်းကို ငါမသိဘူးလို့ ဆိုလိုတာလား အကြီးမားဆုံး အားနည်းချက်ဆိုတာ သူက ဘာအကြောင်းကို ပြောခဲ့တာလဲ"
"ဟာသွားပြီ မှတ်ဉာဏ်အပိုင်းအစအကြောင်းကို မေးဖို့ မေ့သွားတယ်" အာရန်သည် အရေးကြီးသောအရာတစ်ခုကို ခုမှသတိရလိုက်သဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
သူသည် မှတ်ဉာဏ်အပိုင်းအစကိုဖွင့်ကြည့်သည့်အခါ ရူးသွတ်မသွားရန် အသုံးမပြုခင်တွင် ပိုမို အားကောင်းလာရန် လိုအပ်ကြောင်း သိရှိထားလေသည်။
ကံမကောင်းစွာဖြင့် သူသည် မည်မျှအထိ အားကောင်းလာရန် လိုအပ်သည်ကို မသိခဲ့ရပါ။ ဤအချိန်အားလုံးတွင် သူသည် ဤမေးခွန်းကို တွေ့ဆုံမှုအတွင်း မေးရန် တွေးနေခဲ့သည်။
သို့သော် တွေ့ဆုံမှု ဖြစ်ပွားနေသောအချိန်အတွင်း၌မူ သူသည် စာအုပ်လေးအုပ်အကြောင်း သတင်းအချက်အလက်များကြောင့် အာရုံပျံ့လွင့်သွားခဲ့ရပြီး အစပိုင်းမေးမည် ဟု ကြံရွယ်ထားသော မေခွန်းကို လုံးဝ မေ့လျော့သွားခဲ့ရသည်။
#Catfoot