ပင်လယ်နဂါး၏ တည်နေရာ...
Vol. 4 Ch. 42
အာရန်သည် တိမ်ကင်းစင်သော ကောင်းကင်ယံတွင် လှပကျော့ရှင်းစွာ ပျံသန်းနေသော ဖီးနစ်ငှက်၏ကျောပေါ်တွင် ထိုင်နေသည်။
လေများသည် သူ၏ဆံပင်များကို ခါယမ်းနေစေပြီး သူ့လက်ထဲမှ မြေပုံကို စူးစိုက်၍ကြည့်နေလေသည်။
ဤမြေပုံသည် သူ၏အကူအညီကိုပင်မလိုအပ်သောရှုယင်အား လွတ်မြောက်ရန် ခိုင်းစေထားသော ရွေးချယ်မှုကို ပြီးမြောက်စေခဲ့ခြင်းအတွက် သူရရှိခဲ့သော ဆုလာဘ်ဖြစ်သည်။
"ဒါကတော့ ပြသနာပဲ"
မြေပုံကို ခဏတာကြည့်ရှုပြီးနောက် အာရန်သည် သက်ပြင်းချလိုက်သည်။
ဤမြေပုံတွင် သူသည် ပင်လယ်နဂါး၏ တည်နေရာကို မြင်နိုင်သည်။ သို့သော် တည်နေရာသည် သူ့အတွက်သွားရောက်ရန် အခက်ခဲဆုံး အပိုင်းပင်ဖြစ်သည်။
၎င်းသည် လွယ်ကူလိမ့်မည်မဟုတ်ဟု သူကနဦးထင်ထားခဲ့သော်လည်း ယခုသိရသော တည်နေရာမှာ သူ့အတွက်ပိုမို၍ ရှုပ်ထွေးသွားစေခဲ့သည်။
ဤတိုက်ကြီးတစ်ခုလုံးသည် အလွန်ကြီးမားသောကြောင့် ၎င်းကို သူတို့၏ သီးခြား ကမ္ဘာတစ်ခုဟုပင် ခေါ်နိုင်သည်။
ဤတိုက်ကြီးတွင် ဒေသကြီးလေးခုရှိပြီး တစ်ခုစီတွင် အုပ်စိုးသူတစ်ဦးစီရှိသည်။ ဤဒေသတစ်ခုစီသည် ၎င်းတို့၏ ပြင်ပဒေသများကို သမုဒ္ဒရာများမှတဆင့် ဆက်သွယ်ထားသည်။
ပင်လယ်နဂါးသည် အရှေ့ပိုင်းသမုဒ္ဒရာတွင် တည်ရှိလျှင် အဆင်ပြေသေးသည်။ ဤဒေသတစ်ခုလုံးသည် မဟာမိစ္ဆာဂိုဏ်းကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် သူသည် အလွယ်တကူ သွားရောက်နိုင်မည်ဖြစ်သည်။
သူနှင့်အတူလိုက်ပါလာသော မဟာအကြီးအကဲတစ်ဦး၏ အကူအညီနှင့်ဆိုပါက သူမ၏ တည်ရှိမှုဖြင့်ပင် အခွင့်အရေးများစွာ ရရှိနိုင်သေးသည်။
ကံမကောင်းစွာဖြင့် မြေပုံသည် လုံးဝကွဲပြားခြားနားသော နယ်မြေတစ်ခုကို ညွှန်ပြနေခဲ့သည်။
ပင်လယ်နဂါးများ၏ တည်နေရာသည် တောင်ပိုင်းသမုဒ္ဒရာတွင်ဖြစ်လေသည်။ ၎င်းသည် သူရဲကောင်းအကယ်ဒမီမှ အုပ်ချုပ်သောနယ်မြေနှင့် ဆက်သွယ်ထား သော သမုဒ္ဒရာလည်းဖြစ်သည်။
၎င်းသည် သူ့အား မိစ္ဆာဂိုဏ်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သော ပုဂ္ဂိုလ်များ၏ နယ်မြေလည်းဖြစ်သည်။
၎င်းသည် အရှေ့ဘက်တိုက်ကြီးမှ လူများကို အရွံမုန်းဆုံးသော လူ့အဖွဲ့အစည်း၏ နယ်မြေလည်းဖြစ်သည်။ သူရဲကောင်းအကယ်ဒမီသည် မိစ္ဆာဂိုဏ်းနှင့် မပြေလည်သော ရန်ငြိုးများရှိလေသည်။
ဆက်သွယ်ထားသော တိုက်ကြီးနှစ်ခုကြားမှ လူများသည် တစ်ဦး၏နယ်မြေများသို့ အခြားတစ်ဦးက ဝင်ရောက်နိုင်သော်လည်း လူအများစုသည် သိသာထင်ရှားသော အကြောင်းပြချက်များကြောင့် ရှောင်ရှားကြလေသည်။
သူတို့သည် အခြားတိုက်ကြီးအတွင်းသို့ ဝင်ရောက်သွားနိုင်သော်လည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား။ ၎င်းသည် အဖြေသိထားပြီးသား မေးခွန်းတစ်ခုပင်ဖြစ်သည်။
ယခု တောင်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်လာသူသည် ယခင်က သူရဲကောင်းအကယ်ဒမီမှ ပါမောက္ခတစ်ဦးကို သတ်ဖြတ်ခဲ့သော မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးဖြစ်နေလျှင် အခြေအနေများမှာပို၍ပင် ရှုပ်ထွေးသွားဦးမယ်ဖြစ်သည်။
သူသည် ဤခရီးစဉ်အတွက် အဆိုးဝါးဆုံးအဖော်ကို ရွေးချယ်မိသကဲ့သို့ ပင်ဖြစ်နေလေသည်။
အရှေ့ဘက်တိုက်နယ်မြေနှင့် တောင်ဘက်တိုက်နယ်မြေတို့သည် မြစ်တစ်ခုတည်းဖြင့်သာ ခြားထားခြင်းဖြစ်၍ ဆက်စပ်နေသည်ဟုပြော၍ရသည်။ သို့သော် တိုက်ကြီးနှစ်ခုကြားက ကွာခြားချက်သည် ၎င်းတို့၏ တည်နေရာထက် များစွာပိုမိုလေသည်။ အမှန်စင်စစ် ထိုတိုက်ကြီးနှစ်ခုသည် ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုစီနှင့်ပင် တူညီနေသည်။
အရှေ့ဘက်တိုက်နယ်မြေတွင်နေထိုင်သော သူများသည် ကျင့်ကြံခြင်းကို ဦးစားပေးသူများဖြစ်ကြသည်။ သူတို့သည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာ၏ ဥပဒေသများကို သိရှိခြင်းနှင့် ၎င်းတို့အပေါ် ပိုမိုကျွမ်းကျင်စွာ နားလည်သဘောပေါက်ခြင်းအားဖြင့် ပိုမိုအားကောင်းလာရန် ကျင့်ကြံကြခြင်းဖြစ်သည်။ အရှေ့ဘက်တိုက်တွင် ကျင့်ကြံသူများသာ ပိုမိုအားကောင်းလာနိုင်သည်။ ထို့ပြင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ရေသောက်မြစ်များရှိနေသရွေ့ မည်သူမဆို ကျင့်ကြံနိုင်သည်။
တောင်ဘက်တိုက်နယ်မြေတွင်မူ ထိုကိစ္စတွင် အရှေ့ဘက်တိုက်နှင့်များစွာ ကွဲပြားခြားနားလေသည်။ ၎င်းတို့တွင် ကျင့်ကြံသူများ မရှိကြပေ။ လူတိုင်းသည် ပိုမိုအားကောင်းလာရန် အခွင့်အရေးများ မရရှိနိုင်ကြပေ။ ယင်းအစား တောင်ဘက်တိုက်မှ လူများသည် မျိုးဆက်သွေးကို ပိုမိုအာရုံစိုက်ကြသည်။
အများအားဖြင့် ၎င်းတို့၏ မျိုးဆက်သွေးနှင့် ဆက်စပ်၍ အထူးစွမ်းရည်များ နိုးထလာသော လူများ ရှိကြသည်။ ထိုလူများကို သူရဲကောင်းများဟု ခေါ်ကြသည်။ ၎င်းတို့ကို စီမံခန့်ခွဲရန်အတွက် တောင်ဘက်တိုက်နယ်မြေ၏ အမြင့်မြတ်ဆုံးသော သူရဲကောင်းများက သူရဲကောင်းအကယ်ဒမီဟူသောကျောင်းတော်ကြီးကို တည်ထောင်ခဲ့ကြသည်။
အရှေ့ဘက်တိုက်ကို မဟာမိစ္ဆာဂိုဏ်းက အုပ်ချုပ်ပြီး တောင်ဘက်တိုက်ကို သူရဲကောင်းအကယ်ဒမီက အုပ်ချုပ်လေသည်။
မိစ္ဆာဂိုဏ်းကို ခဏဖယ်ထားလိုက်လျှင် အရှေ့ဘက်တိုက်တွင် အင်အားကြီးသော ကျင့်ကြံသူမျိုးနွယ်စုများစွာရှိနေသေးသည်။ ၎င်းတို့သည် အဓိက ဒေသတွင်း ဆိုင်ရာ အင်အားစုများ ဖြစ်ကြသည်။ မိစ္ဆာဂိုဏ်းမှ အကြီးအကဲအများစုသည် ဤမျိုးနွယ်စုများမှ ဖြစ်ကြပြီး ၎င်းတို့၏နောက်တွင် ကြီးမားသော နောက်ခံအင်အားများရှိကြလေသည်။
တစ်ချိန်တည်းတွင် တောင်ဘက်တိုက်တွင်လည်း သူရဲကောင်းအကယ်ဒမီကို ခဏဖယ်ထုတ်လိုက်လျှင် သြဇာအရှိဆုံးသော တော်ဝင်မိသားစုများစွာ ရှိသည်။ သူရဲကောင်းအကယ်ဒမီမှ ပါမောက္ခအများစုသည် ဤမိသားစုများမှ ဖြစ်ကြသည်။
မဟာမိစ္ဆာဂိုဏ်းသည် လူတိုင်းကို ပိုမိုအားကောင်းလာစေရန် ခွင့်ပြုပြီး အမျိုးမျိုးသော ကိုယ်ခံပညာများကို သင်ကြားပေးနေစဉ်တွင် သူရဲကောင်းအကယ်ဒမီမှာမူ သူတို့၏ကျောင်းသားများကို ၎င်းတို့၏ မျိုးဆက်သွေး စွမ်းအားများအား ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်နည်းလမ်းများကို သင်ကြားပေးလေသည်။
သူရဲကောင်းတစ်ဦးအတွက် ၎င်းတို့၏ မျိုးဆက်သွေးမှတစ်ဆင့် ရရှိလာသော အမွေအနှစ်ကို ထိန်းချုပ်နိုင်ရန်သာ လိုအပ်သောကြောင့် အားကောင်းလာရန် ပိုမိုလွယ်ကူသည်မှာ ထင်ရှားလေသည်။
တစ်ချိန်တည်းတွင် ကျင့်ကြံသူများအတွက်မူ အခြေခံမှ စတင်ရသောကြောင့် ပိုမို၍ ခက်ခဲလေသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ကျင့်ကြံယူပြီး ဖန်တီးရမည်ဖြစ်သည်။
တိုက်ကြီးနှစ်ခုစလုံးတွင် မတူညီသော ယုံကြည်မှုများ ရှိကြသည်။ တစ်ခုတွင် အရည်အချင်းသည် ပိုအရေးကြီးပြီး မျိုးဆက်သွေးသည် ဒုတိယဟု ယုံကြည်ကြသည်။ အခြားတစ်ခုကမူ မျိုးရိုးသွေးသည်သာ ပိုအရေးကြီးပြီး အရည်အချင်းသည် ဒုတိယဖြစ်သည်ဟု ယုံကြည်ကြသည်။
ဤသို့ဖြင့် ရာစုနှစ်များတစ်လျှောက်လုံးတွင် တိုက်ကြီးနှစ်ခုကြားမှ ပဋိပက္ခများ သည် ဆက်လက်ကြီးထွားလျက်ရှိခဲ့သည်။
အာရန်သည် သူဖတ်ခဲ့ရသောစာအုပ်အရ ဤအချက်အလက်အချို့ကို သိရှိခဲ့သော်လည်း ထို့ထက်တော့ပို၍ မသိရှိထားပေ။ ဇာတ်လိုက်သည် ထိုစာအုပ်တွင် အပိုင်း (၂၀၀) အထိ တောင်ဘက်တိုက်ထဲသို့ အမှန်တကယ် မဝင်ရောက်ခဲ့ပေ။
အာရန်သည် မြေပုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ အနာဂတ်တွင်ဆောင်ရွက်ရမည်များကို တွေးတောနေခဲ့သည်။ သူသည် ယခု အချိန်မှ သူ၏နဂိုအစီအစဉ်ကို စွန့်လွှတ်၍ မရနိုင်တော့ပေ။
တောင်ဘက်တိုက်အတွင်းသို့ ခိုးဝင်ရန်မှာ အန္တရာယ်များသော်လည်း ပင်လယ်နဂါးကို ဖမ်းမိရန်မှာ ပို၍အရေးကြီးလေသည်။ ထိုအခါမှသာ သူသည် မှတ်ဉာဏ်အပိုင်းအစကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
အာရန်သည် မိမိကိုယ်ပိုင်အတွေးထဲတွင် နစ်မြောနေစဉ် လေထုထဲမှ ချိုမြိန်သော မွှေးရနံ့တစ်ခု လွင့်ပျံ့လာသည်ကို သတိပြုမိသည်။
သေးသွယ်သောလက်ကလေးများက သူခန္ဓာကိုယ်ကို ဖက်တွယ်ထားပြီး ဦးခေါင်းတစ်ခုကသူ့ရင်ဘတ်ပေါ်တွင် မှီနေသောကြောင့် သူ၏ပေါင်ပေါ်တွင် လေးလံမှုတစ်ခုကို ခံစားနေရသည်။
သူ့ကို နက်ရှိုင်းစွာမေတ္တာသက်ဝင်နေသောအမျိုးသမီးတစ်ဦးသည် သူ့အားအမိအရ ဖက်တွယ်ထားသည်ကို ငေးကြည့်နေမိလိုက်သည်။ သူမသည် သူ့ကို အချိန်အတော်ကြာကတည်းက သူမကိုအာရုံစိုက်လာမလားဟုမျှော်လင့်ရင်း ငေးကြည့်နေခဲ့ခြင်းသည်။ သို့သော် အာရန်က စတင်မလှုပ်ရှားသောအခါ သူမသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဦးဆောင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
"တစ်ခုခုက ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေလို့လား" သူမက ညင်သာစွာ မေးလိုက်သည်။
အာရန်သည်လည်း သူမကို လက်ဖြင့် ပြန်လည်ပွေ့ဖက်ထားလိုက်ရင်း
"မင်း အဲ့လိုပြောလို့လည်းရပါတယ်" ဟု ပြန်ဖြေလိုက်သည်။
သူမကို စွန့်ခွာရန်မှာ နောက်ကျသွားပြီဖြစ်သဖြင့် သူမကို ဆက်လက် ရှောင်ဖယ်နေလျှင် သူမ ဘာဆက်လုပ်မည်ကို သူ မသိပေ။ ၎င်းသည် နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံးကို ထိခိုက်မိစေနိုင်သော စွဲလမ်းမှုတစ်ခုဖြစ်လေသည်။ ထို့ကြောင့် သူသည် သူမကို လက်ခံရုံသာ တတ်နိုင်လေသည်။ ရွေးချယ်မှုများကိုလက်ခံ၍ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းသည်လည်း သူ၏အမှားတစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်မဟုတ်ပါလော။
#Catfoot