နှစ် ၂၅၀၀
Vol. 100 Ch. 1388
ယန်းအိုက်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် ဒေါသဖြစ်သည့် အရိပ်အယောင်ပြသလာသည်။
“ဒီစစ်ဆေးမှုက အလကားပဲ။ ငါ အများကြီး မမှတ်မိဘူးဆိုပေမဲ့ ဒါက အလကားဆိုတာကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာ မှတ်မိနေသေးတယ်”
“ဘိုးဘေး စိတ်အေးအေးထားပါ” ဝမ်ဝေ့ကအလျင်အမြန် ပြောလိုက်သည်။
“မင်း နားမလည်ပါဘူး” ယန်းအိုက်က အံကြိတ်ကာ ပြောလိုက်၏။
“စစ်ဆေးမှုတွေ၊ စမ်းသပ်ချက်တွေ အများကြီးကို ဖြတ်ကျော်ထားပြီးတဲ့နောက်မှာ ငါတို့တွေက အတွင်းပိုင်းရဲ့ အနက်ဆုံးအထိ ရောက်ခဲ့ပြီးတော့ ရွေးချယ်ဖို့ အခွင့်အရေးတစ်ခု ပေးခံခဲ့ရတယ်။ ပြစ်ချက်ရှိ နည်းလမ်းကို လက်ခံမှာလား ဒါမှမဟုတ်ဘူးဆိုရင် ပြီးပြည့်စုံတဲ့ နည်းလမ်းကို ရဖို့ အဲဒီအလကားအသုံးမဝင်တဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်မှာလားဆိုပြီးတော့ပေါ့။
ဒါပေမဲ့ ပြီးပြည့်စုံတဲ့ နည်းလမ်းဆိုတာ မရှိဘူး။ ဟွင်သွမ်းစကြဝဠာကြီးရဲ့ အကောင်းဆုံး ပါရမီရှင်တွေအားလုံးက ဒီစမ်းသပ်ချက်ကို ဝင်ရောက်ဆင်နွှဲခဲ့တာ။ လူငါးယောက်ပဲ အသက်ရှင်ခဲ့တယ်။ ငါတို့တွေအားလုံး ကျရှုံးခဲ့ရတာ။ အဲဒါက အလကားကလွဲပြီး ဘာမှမဟုတ်ဘူး။ ကောင်းကင်တာအိုက ပြီးပြည့်စုံတဲ့ နည်းလမ်းကို ဘယ်သူကိုမှ မသိစေချင်ဘူး။ အဲဒါကြောင့် မဖြစ်နိုင်တဲ့ စမ်းသပ်ချက်ကို လုပ်ထားတာ”
ဝမ်ဝေ့က သူမဆီမှ မှတ်ဉာဏ်ဆိုးများကို လှုံ့ဆော်ပေးခဲ့ကြောင်း သဘောပေါက်သွားသည့်အခါ မျက်နှာပူမိသွားလေသည်။ ကံကောင်းစွာဖြင့် သူမက စစ်ဆေးမှုအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာများကို အတိအကျ မမှတ်မိပေ။ မဟုတ်ပါက သူမ၏ တုံ့ပြန်မှုသည် ပိုမိုပြင်းထန်လာနိုင်၏။
“ဘိုးဘေး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လက်လွှတ်ရုံကလွဲပြီး လုပ်နိုင်တာ မရှိဘူးလေ” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ ယန်းအိုက်က သူမ၏ အသက်ရှူနှုန်းကို ထိန်းညှိရင်း ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေလေ၏။ သူမက အေးစက်စက် သရော်ပြီးသည့်နောက်တွင် သူမ၏ မျက်ဝန်းမှ စူးရှသည့် သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်လာသည်။ သူမ တစ်ယောက်တည်းကသာ ပစ်မှတ်ကို သိလိမ့်မည်။
“တခြားဘာတွေရှိသေးလဲ”
“အော် မရှိတော့ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက မေးခွန်းတချို့ရှိနေသေးသော်လည်း မမေးရဲတော့ပေ။ ယန်းအိုက်က ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီး ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ဒေါသနှင့် မတွေ့ခင် သူ့အနေအထားကို ပြန်လည်ထိန်းညှိလိုက်၏။
“ငါ မင်းကို မကူညီနိုင်ဘူး” ဝမ်ဝေ့က တဲ့တိုးပြောလိုက်သည်။
“ဘာလို့လဲ” ဒေါသက မေးသည့်အခါ ဝမ်ဝေ့က လုချွန်းထောင်၏ အတိတ်နှင့် သူ့ကောက်ချက်ချမှုများအပါအဝင် အရာအားလုံးကို ရှင်းပြလိုက်သည်။
“ရှင် မှားတာ ဖြစ်နေနိုင်တာပဲ” ဒေါသက ပြန်လည်ချေပ၏။
“ဘာဖြစ်ဖြစ် အဲဒါတွေက သုံးသပ်ချက်ကလွဲပြီး ဘာမှမဟုတ်ဘူးလေ”
“တကယ်လို့ အဲဒါက အမှန်ဖြစ်နေတယ်ဆိုရင်တောင် ငါက အခု အနေအထားအရ မစွန့်စားနိုင်သေးဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ရှင် အဆင်သင့်ဖြစ်လာတဲ့အခါကျရင် နောက်ကျလွန်းသွားလိမ့်မယ်”
ဝမ်ဝေ့က ထိုစကားများကို ပုခုံးတွန့်လိုက်သည်။
“ဝမ်ဝေ့ ရှင်…”
“ကောင်းပြီ။ ငါတို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားသွားစေမဲ့ စကားကို မပြောရအောင်” ဝမ်ဝေ့က သူမကို တားဆီးလိုက်၏။
“မင်းလူတွေက မင်းတာဝန်ကိုလည်း မေ့မပစ်နဲ့။ မင်းက ဒီကပ်ဘေးကို အသက်ရှင်ပြီးတော့ နောက်လာမဲ့ခေတ်ကာလမှာ ပိုအားကောင်းလာအောင်ပဲ အာရုံစိုက်သင့်တာ။ အဲဒါမှ မင်းရဲ့ မိစ္ဆာလက်သစ်မျိုးနွယ်ကို ကာကွယ်နိုင်လိမ့်မယ်”
ဝမ်ဝေ့၏ စကားများက လေးနက်ပြီး သူမက နားထောင်ဖို့ရာ မျှော်လင့်နေမိသည်။ ဒေါသ သူ့ကို စိုက်ကြည့်ပြီးသည့်နောက်တွင် မျက်လုံးအသာဝှေ့လိုက်ပြီး တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်သည်။
“မင်းက အရမ်းကိုပါရမီထူးကဲပြီးတော့ မိစ္ဆာမျိုးနွယ်ရဲ့ ကံကြမ္မာကို အမွေဆက်ခံထားတယ်။ အဲဒါကြောင့် မင်းရဲ့ အနာဂတ်က တောက်ပနေတယ်။ ဒါပေမဲ့ မင်းက ကြီးထွားဖို့ အချိန်လိုတယ်။ ကာကွယ်မှုတောင် လိုနိုင်သေးတယ်။ အဲဒါကြောင့် မင်းအနေနဲ့ အင်အားစုတစ်ခုဆီ ဝင်ရောက်ဖို့ အကြံပြုချင်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ရှင့်ရဲ့ ဂိုဏ်းအပါအဝင်လား” ဒေါသက စိုက်ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ဒါက ဒိုင်မေးရှင်းအနိမ့် မဟုတ်ဘူးဆိုတော့ ပုခုံးပေါ်မှာ ဝန်ထုပ်ထမ်းပြီး နေစရာမလိုဘူး။ မိစ္ဆာမျိုးနွယ် လုပ်ခဲ့တဲ့အရာတွေက ကြာလှပြီဆိုတော့ လူတချို့ကပဲ မှတ်မိလိမ့်မယ်။ ပြီးတော့ မှတ်မိတဲ့သူတွေကလည်း မင်းတို့တွေကို အရှုံးသမားတွေလို့ သတ်မှတ်ထားတာဆိုတော့ ဂရုစိုက်မှာမဟုတ်ဘူး။
မင်းအတွက် ပြဿနာဖြစ်လာစေနိုင်တာက မင်းဆရာရဲ့ တပည့်ဖြစ်နေတဲ့ကိစ္စပဲ။ ဒါပေမဲ့ လူတွေက လုချွန်းထောင်မှာ အဲဒီပစ္စည်း ရှိတယ်ဆိုတာကို သိသွားတာနဲ့ ဒီကိစ္စကို ဘယ်သူကမှ ဂရုစိုက်ကြမှာ မဟုတ်တော့ဘူး”
“ကျွန်မ သိပြီ”
ဒေါသက ခေါင်းညိတ်ပြီးသည့်နောက်တွင် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
“ခဏနေဦး”
“တခြားရှိသေးလို့လား”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း သူမကို ကြည့်လိုက်သည်။
“အဲဒီမျိုးဆက်တွေကို ကယ်တင်ဖို့အတွက် လုချွန်းထောင်ရဲ့ သတင်းအချက်အလက်နဲ့ အလဲအလှယ်လုပ်ဖို့ တုံးအအ အရာမျိုးကို မလုပ်နဲ့”
“မလုပ်ပါဘူး”
ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် လက်ဖျောက်တီးလိုက်သည်။ ထို့နောက် သံကြိုးများက ပေါ်ထွက်လာပြီး ဒေါသကို ဖမ်းဆုပ်ထားလေ၏။
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
“မင်းရဲ့ မျက်လုံးတွေက သစ္စာဖောက်နေတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ရှင် ပြောနေတာ နားမလည်ဘူး”
“ငါ့အနေအထားကိုရော သိရဲ့လား” ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ငါ မလိုချင်ဆုံးအရာက မင်းအနေနဲ့ လုချွန်းထောင်ကို ဒီကစားပွဲထဲ ဆွဲသွင်းပြီး အခြေအနေရှုပ်ထွေးသွားစေမှာကိုပဲ”
ကောင်းကင်ဘုံမြွေနဂါးဧကရီက သိုသိုသိပ်သိပ်ဖြစ်ပြီး အရိပ်ထဲမှ ပုန်းအောင်းနေ၍ ဝမ်ဝေ့အတွက် အကျိုးကျေးဇူး ရှိလေသည်။ ထို့ကြောင့် သူ မလိုချင်ဆုံးအရာက ဒေါသ၏ အပြုအမူကြောင့် သူမကို လှုပ်ရှားလာစေဖို့ ဖြစ်၏။ အထူးသဖြင့် သူမက ရန်သူအဖြစ် ပြောင်းလဲသွားမည်ကို ဖြစ်သည်။
“ရှင် ကျွန်မကို သတ်မှာလား” ဒေါသက တည်ငြိမ်စွာ မေးလိုက်သည်။ ယခု အမှန်တရား ပေါက်ကြားသွားပြီဖြစ်သည့်အတွက် သူမ၏ ကံကြမ္မာကို လက်ခံလိုက်သည်။
“မဟုတ်ဘူး။ မင်းကို စည်းပိတ်ထားမှာ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူမက သလင်းကျောက်အဖြစ် ပြောင်းလဲသွားလေသည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက မိစ္ဆာမျိုးနွယ်အတွင်း ကိစ္စများစွာကို လုပ်ခဲ့ပြီး မိစ္ဆာဘိုးဘေး၏ ကတိစကားကို ဖြည့်ဆည်းခဲ့ရသည်။ သို့သော် သူ့အနေဖြင့် ဘာများ ပြန်ရလိုက်သနည်း။ ဝမ်ဝေ့က ယခု ကောင်းကင်စာအုပ်ကဲ့သို့ တစ်စုံတစ်ယောက်က ထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်း ပါဝင်နေသည့် သူ့ကံအပြောင်းအလဲ အခွင့်အရေးကို ခိုးယူခဲ့ကြောင်း သေချာသွားသည်။
ငါ့ဘဝက ဘာလို့ အဲ့လောက်ခက်ခဲနေရတာလဲ…
ဝမ်ဝေ့က ညည်းတွားပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ အချိန်ကုန်လွန်ပြီးသည့်နောက်တွင် တစ်လမျှ ကုန်လွန်သွားလေသည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ရုပ်သေးရုပ်များကို သွေးကန်ထဲတွင် ပြုစုပျိုးထောင်လိုက်သည်။ ထို့နောက် သူက တုကွန်းကို မုန့်ခယ်၏ တိုးတက်မှုကို စစ်ဆေးဖို့ ဆင့်ခေါ်လိုက်သည်။
“အဲဒါကို ဘယ်လောက်ကြာမယ် ထင်လဲ”
“ကျွန်မတို့ လုပ်နေတဲ့ဟာကို သိနေတာလား” တုကွန်းက မေးလိုက်သည်။
“အတွေးတချို့ရှိရုံလောက်ပါပဲ” ဝမ်ဝေ့က ပြောလိုက်၏။
“မှတ်တမ်းတွေအရတော့ မင်းတို့မျိုးနွယ်က အငြိုးတရားအများဆုံးတဲ့။ အဲဒီအတွက် အကြောင်းအရင်း ရှိရမယ်”
တုကွန်းက ခေါင်းညိတ်လိုက်၏။
“ဖြစ်စဉ်က အချိန်ကြာမြင့်ဖို့ တန်ကြေး ကြီးကြီးမားမားလည်း လိုတယ်။ အဲဒါကြောင့် နှစ် ရာပိုင်းခန့်မှာ ဘာမှမျှော်လင့်ထားလို့ရမှာ မဟုတ်ဘူး”
“တကယ်ကို အချိန်တိုတောင်းတာပဲ” ဝမ်ဝေ့က အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။ သူ ကြောက်သည့်အရာက မုန့်ခယ်သည် အချိန်အရမ်းကြာမြင့်နေမည်ကို ဖြစ်၏။
“သူက ယုံကြည်ချက် ဘယ်လောက်ရှိလဲ”
မုန့်ခယ်က သူ့လက်ရှိအင်အားကို ရယူထားနိုင်ကာစဖြစ်သည့်အတွက် ဝမ်ဝေ့က သူ့ကို စိတ်ပူနေမိသည်။
“စိုးရိမ်နေဖို့ မလိုပါဘူး။ အခမ်းအနားစတင်တဲ့ အခါကျရင် သူက အတွေ့အကြုံများပြားတဲ့ စစ်သည်တော် တစ်ယောက် ဖြစ်လာလိမ့်မယ်။” တုကွန်းက ဖျောင်းဖျလိုက်သည်။
“သူက သူ့ဘိုးဘေးရဲ့ မှတ်ဉာဏ်တွေကို အမွေဆက်ခံမှာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ်” သူမက ခေါင်းညိတ်လိုက်၏။
“အခုတော့ စိတ်အေးသွားပြီ။ ဒါပေမဲ့ သူ့အကျင့်စရိုက်ကို သက်ရောက်မှု ရှိမှာတော့ မဟုတ်ဘူးမလား”
“အဲ့လိုတော့ မဖြစ်လောက်ပါဘူး”
“မင်း ကြည့်ရတာ သိပ်မသေချာတဲ့ပုံပဲ”
“သူက ကိစ္စတွေကို မြန်မြန်ဆန်ဆန် လုပ်လွန်းတယ်” တုကွန်းက ဝန်ခံလိုက်သည်။
“ဒါပေမဲ့ ဒါက သူ ရွေးချယ်ထားတဲ့ လမ်းစဉ်ဆိုတော့ ကျွန်မ သူ့ကို ထောက်ပံ့ပေးမှာပါ”
“ငါ သိပြီ။ စတဲ့အခါကျရင် ငါ့ကို သတိပေးဖို့ မမေ့နဲ့ဦး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကိစ္စမရှိပါဘူး” တုကွန်းက သဘောတူလိုက်သည်။
“အော် နောက်တစ်ခုကလေ ကျွန်မက သွေးနဂါးရဲ့ အရိပ်ဆီကနေ ကောင်းကင်အလိုဆန္ဒ ၂၀ရာခိုင်နှုန်းကို သန့်စင်ထုတ်ယူပြီးသွားပါပြီ”
“မင်းက ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က ချီးကျူးလိုက်၏။ သဘောတူညီထားရာ ထိုသတင်းသည် အောင်ပွဲခံရမည့်ကိစ္စမျိုး ဖြစ်သင့်သော်လည်း ကောင်းကင်အလိုဆန္ဒက လက်ရှိအနေအထားတွင် အသုံးမဝင်ဖြစ်နေလေသည်။
“မင်းကို ဆုလာဘ်တစ်ခု ပေးချင်ပေမဲ့ မင်း နားလည်မှာပါ”
“ကိစ္စမရှိပါဘူး” တုကွန်းက ပြောလိုက်သည်။
…………………………………………………………..
ဤကဲ့သို့ဖြင့် နှစ်၂၅၀၀က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေဆဲဖြစ်ကာ စစ်ပွဲကြီးနှစ်ခု ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။ နေမင်းနှစ်စင်း၏ အခွံများက ပျောက်ကွယ်သွားပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲ တိုက်ခိုက်နေလေသည်။ ထိုစဉ် တာအိုဘာသာက မြေကမ္ဘာဧကရာဇ်ဆီမှ ထောက်ပံ့မှုဖြင့် တောင့်ခံနိုင်ရုံမျှသာ ဖြစ်သည်။
ထာဝရဇာမဏီနှင့် ဝူယွီတို့ကလည်း ယခင်နှစ်ပိုင်းအတွင်း ထိပ်တိုက်ရင်ဆိုင်မှုနှစ်ခု တွေ့ဆုံခဲ့သော်လည်း သူတို့က အစစ်အမှန်တိုက်ပွဲထက် စမ်းသပ်နိုင်ခြင်း ဖြစ်ကြောင်း ပြောနေကြ၏။
“အဲဒါဆိုတော့ သူတို့နှစ်ယောက်က သေတဲ့အထိ တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်နေပြီလား”
“ဟုတ်ပါတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“ဝူယွီရဲ့ ကျိန်စာက လွန်ခဲ့တဲ့ နှစ်နှစ်ရာခန့်က နှလုံးသားဝိညာဉ်ကပ်ဘေးကို အပြီးသတ်ပြီးတဲ့နောက်မှာ တိုးတက်လာတယ်။ ထာဝရဇာမဏီကတော့ အချိန်တိုအတွင်းမှာ လူအများကြီး ဆုံးရှုံးခဲ့ရတယ်။ သူက သူမကို ထပ်ပြီး ကြီးထွားခွင့်ပြုမှာ မဟုတ်ဘူး”
“သူမက ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် အောင်မြင်သွားတာလဲ။ အဲဒီကပ်ဘေးက ဘာလို့ အဲဒီလောက်တောင် အားကောင်းနေရတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ အကယ်၍ သူမက မသေမျိုး မဟုတ်သည့် ကျင့်ကြံသူများကို သက်ရောက်မှုရှိနိုင်သည့် ကပ်ဘေးကို ဖန်တီးခဲ့လျှင် အဆင်ပြေသော်လည်း နောက်ဆုံးသော သတင်းကမူ ထိုကပ်ဘေးသည် မသေမျိုးထာဝရအုပ်စိုးသူများနှင့် တာအိုအုပ်ချုပ်သူများကိုပင် သတ်ပစ်နိုင်သည်ဟု ယုံကြည်ထားလေသည်။
“အဲဒါကြောင့် ဒီရောက်လာတာပါ” အနီရောင်မျက်နှာဖုံးက တိတ်ဆိတ်နေပြီးသည့်နောက်တွင် တင်ပြလိုက်သည်။
“တစ်ခုခုဖြစ်လို့လား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဝိဇ္ဇာသန့်စင်မီးတောက် ပျောက်ကွယ်သွားပါတယ်”
“အဲဒါက ဘာလဲ။ ဘာကိုပြောတာလဲ”
“ကျွန်မတို့တွေ ဖမ်းထားတဲ့သူက ကောင်းကောင်းလုပ်ထားတဲ့ ကိုယ်ပွားတစ်ခု ဖြစ်နေတာပါ။ ကျွန်မက ကွဲပြားချက်ကို မပြောနိုင်ခဲ့ဘူး”
“အခုမှ ဒီကိစ္စကို လာပြောနေတာလား” ဝမ်ဝေ့က အလျင်စလို ပြောလိုက်သည်။
“ကိုယ်ပွားက လွန်ခဲ့သည့် တစ်လခန့်က ပျောက်ကွယ်သွားတာ။ ကျွန်မက ပြန်ဖမ်းဆီးပြီးတော့ မတင်ပြခင် သတင်းအချက်အလက်ကို ရှာဖွေချင်လို့ပါ” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“ဒီလိုကိစ္စမျိုးဆိုရင် ချက်ချင်းအကြောင်းကြား။ နားလည်လား”
“ဟုတ်ကဲ့ပါ”
ဝမ်ဝေ့က သူ့နားထင် သွေးကြောများကို ဖိနှိပ်ရင်း တွေးတောလိုက်သည်။
“ဝူယွီရဲ့ ကပ်ဘေးက ဝိဇ္ဇာမီးတောက်နဲ့ တူနေတာလား”
“အတူတူတော့ မဟုတ်ပေမဲ့ အဲဒီအပေါ် အခြေခံထားတာလို့ ထင်ပါတယ်”
“သူက သူမကို ကိုယ်တိုင် ပေးလိုက်တာလား။ မဟုတ်ဘူးဆိုရင် ကြုံရာကျပန်း ဖြစ်သွားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူက တစ်စုံတစ်ယောက်ရဲ့ နယ်ရုပ်လား။ တစ်ခုခုတော့ သံသယဝင်ဖို့ ကောင်းတယ်။ ဒါပေမဲ့ မစဉ်းစားနိုင်တော့ဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒီကပ်ဘေးက ဘယ်လောက် အန္တရာယ်များလဲ”
“သတ်မှတ်ချက်ကတော့ ကျွန်မတို့တွေ သွားနိုင်လောက်တယ်ဆိုပေမဲ့ အချိန်ကြာလောက်တယ်” အနီရောင်မျက်နှာဖုံးက အမှန်အတိုင်း တင်ပြလိုက်သည်။
“အချိန်က ငါတို့ဘက်မှာ မရှိဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်၏။ ထင်ထားသည့်အတိုင်း ခေတ္တမျှ အေးချမ်းနေပြီးသည့်နောက်တွင် အရာအားလုံးက အလျင်အမြန် ပြောင်းလဲလာသည်။
“အရင် အစီအစဉ်အရ ကပ်ဘေး ထိန်းချုပ်မှုကင်းလွတ်သွားတဲ့အခါ တားဆီးဖို့ ဖြေဆေးရအောင် ငါတို့လူတွေကို ကပ်ဘေးဖန်တီးမှုထဲမှာ ပါဝင်ပတ်သက်ခိုင်းဖို့ လုပ်ထားတာလေ။ ဒါပေမဲ့ ကိစ္စတွေက ဘယ်လိုဖြစ်သွားတာလဲ”
“ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ တစ်ခုခု မှားသွားတယ်”
“မှားသွားတာပေါ့။ ဒါပေမဲ့ ဘာမှားတာလဲ” ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ကျွန်မတို့လူတွေက နောက်ဆုံးအဆင့်မှာ မပါဝင်ခဲ့နိုင်ဘူး” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“ဝူယွီနဲ့ နောက်ထပ် တစ်ယောက်ကပဲ နောက်ဆုံးဖော်စပ်နည်းကို သိကြတာ။ အဲဒီလူက ဘယ်သူမှန်းဆိုတာလည်း ကျွန်မတို့ မသိရသေးဘူး”