ရှုရန်၏ တောက်ပနေသော အနာဂတ်
Vol. 100 Ch. 1390
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
မဟုတ်သေးဘူး။ ကိစ္စတွေက ငါထင်ထားသလောက် ဆိုးရွားနေတာ မဟုတ်ဘူး…
ဝမ်ဝေ့က သူ့ကိုယ်သူ ပြောလိုက်သည်။
အဲဒီခရမ်းရောင်သတ္တုတွေကို ဝါးမျိုမဲ့ လမ်းစဉ်ကို စလိုက်ကတည်းက ငါက ကံကြမ္မာကို ချိုးဖောက်ဖို့ လမ်းစဉ်ကို မှတ်သားပြီးသွားပြီ။
ဝမ်ဝေ့က ထိုစကားများကို သူ့ကိုယ်သူ စိတ်အေးအောင် ပြောပြနေခြင်းသာမကဘဲ ထိုသုံးသပ်ချက်ဆီ ရောက်ရှိဖို့ အကျိုးအကြောင်းသင့်သင့် ကောက်ချက်ချမှုတို့ ရှိနေလေသည်။ အဖြေက သိသာလှ၏။ ဟုန်ကျွင်း ဖြစ်ပေသည်။ မဟာတာအို၏ အစီအစဉ်က မည်မျှပင်ပြောင်မြောက်စေကာမူ ဟုန်ကျွင်းက ထူးကဲသာလွန်မှုအဆင့်ဖြစ်သည့်အတွက် တချို့သော သဲလွန်စများကို အာရုံခံမိလိမ့်မည်။
ဟုန်ကျွင်းက ငါ့ကို ကံကြမ္မာမျိုးစေ့လို့ သံသယရှိတယ်ဆိုရင် ကူညီပေးမှာ မဟုတ်ဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
အဲဒါဆိုတော့ ဖြစ်နိုင်ခြေအများဆုံးက တခြားကံကြမ္မာမျိုးစေ့တွေ လေဟာနယ်ထဲ ခေါ်ဆောင်သွားလိုက်ရတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာနေမယ်။ သူတို့အတွက် မဟာတာအိုရဲ့ စမ်းသပ်မှုက ပြန်လည်ဝင်စားဖို့ ခေါ်ဆောင်သွားမခံရခင်အထိ အချိန်တစ်ခုကြာ အသက်ရှင်ဖို့ပဲ။ ဒါပေမဲ့ ငါက စမ်းသပ်ချက်ရဲပုံစံကို ချိုးဖောက်ပြီးတော့ ဒီလိုဝိညာဉ်မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားခဲ့တယ်
အဲဒါက ဟုန်ကျွင်းရဲ့ အာရုံကို ဖမ်းစားသွားခဲ့တာ။ သူက သူ့အတွက် တစ်စုံတစ်ခု စီစဉ်နေပြီးတော့ ငါက အပြောင်းအလဲဖြစ်နိုင်တယ်လို့ တွေးနေတာနေမယ်။ အဲဒါကြောင့် ငါ့ဆီ ကာကွယ်မှုအနည်းငယ်နဲ့ ကံကောင်းမှု ကောင်းချီးတချို့ ရင်းနှီးမြှုပ်နှံခဲ့တာပဲ။
ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေသည်။
ငါ စိတ်လှုပ်ရှားနေလို့ မဖြစ်သေးဘူး။ ငါက မဟာတာအို၏ စမ်းသပ်ချက်ကို ကျော်လွန်နေတယ်ဆိုပေမဲ့ ငါက ကံကြမ္မာမျိုးစေ့အဖြစ် သတ်မှတ်ခံထားရတယ်ဆိုတဲ့ အချက်က ပြောင်းလဲမသွားဘူး။ တကယ်တော့ ငါ့ရဲ့ ထူးချွန်ပြောင်မြောက်မှုက အဲဒီအလုပ်အတွက် ပိုပြီးတော့တောင် အကောင်းဆုံးရွေးချယ်မှု ဖြစ်နေသေးတယ်။
သူက ရုတ်ချည်းဆိုသလို အလျင်လိုမှုကို ခံစားမိလာသည်။ သူက ကံကြမ္မာမျိုးစေ့ အဆင့်အတန်းကို ရှင်းထုတ်ဖို့ လိုအပ်နေလေ၏။
ငါ့အနေနဲ့ မဟာတာအိုကို မတောင်းဆိုခင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အခုတော့ စံပြဖြစ်မလာခင် လုပ်ရတော့မဲ့ပုံပဲ … ပြီးတော့ ငါ့ဘက်က မဟာတာအိုက စည်းမျဉ်းကို ချိုးဖောက်ပြီး ငါ့ကို ငြင်းဆန်နိုင်တဲ့ အနေအထားအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမယ်။
အကယ်၍ ယခင်အတွေ့အကြုံများမှ ဝမ်ဝေ့ သင်ယူခဲ့သည့် သင်ခန်းစာတစ်ခုဆိုပါက ထိုအင်အားကြီးပုဂ္ဂိုလ်များကို သူတို့၏ စကားစောင့်ထိန်းဖို့ မျှော်လင့်မထားသင့်ပေ။ ထို့ကြောင့် သူသည် တစ်စုံတစ်ခုမှားယွင်းသွားသည့် အခြေအနေအတွက် နောက်ခံအစီအစဉ် လိုအပ်သည်။ ဝမ်ဝေ့က သုံးသပ်မှုကို ရပ်တန့်ပြီး လုပ်လက်စကို အာရုံစိုက်လိုက်သည်။ သူက သေမျိုးများကို စစ်ဆေးကြည့်လိုက်၏။
သူက လက်ကို ဝှေ့လိုက်သည့်အချိန် သတင်းအချက်အလက် ပေါ်ထွက်လာသည်။
သင်္ကေတခန္ဓာက ပြီးမြောက်သွားပြီးတော့ ကျင့်ကြံသူတွေအတွက် အသုံးပြုလို့ရလောက်တယ်။ ဒီနည်းလမ်းက စစ်ပွဲရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်ခဲ့သင့်ပေမဲ့လည်း အန္တိမသဟဇာတဘက်က တန်ပြန်ဖြေရှင်းလာနိုင်တယ်ဆိုတော့ ဒီဟာကို ထုတ်ဖော်လို့မရသေးဘူး။
သူက စစ်ဆေးပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သေမျိုးအများစုက လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ရောက်ရှိလာမည့် စစ်ပွဲများအတွက် လေ့ကျင့်နေကြသည်။
ကောင်းတယ်…
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
သူတို့က ငါ ထင်ထားတာထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတာပဲ။
သူက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
မုန့်ခယ်ကလည်း အဆင့်သင့်ဖြစ်နေပြီ။ အခု ကျန်တာဆိုလို့ ရှုရန်ကို အာရုံလွှဲပြောင်းဖို့ပဲ…
…………………………………………….
မဟာချူးအံ့ဖွယ်တိုင်းပြည်
ငရဲဘုံ ၃၃ခု
ရှုရန်က ဝိညာဉ်နှင့် အရိုးများဖြင့် တန်ဆာဆင်ထားသည့် အနက်ရောင်ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူ့မျက်လုံးများက မှိတ်နေပြီး ဤဒိုင်မေးရှင်း၏ အခြေအနေကို စစ်ဆေးကြည့်နေလေ၏။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဒါက အလုပ်ဖြစ်မှာလား…
ရှုရန်က တွေးလိုက်သည်။ သူက သူ့ငရဲဘုံက ဝူယွီ၏ နည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင် အပြီးသတ်ခါနီး အနေအထားထိ ရောက်ရှိလာခဲ့သည်။ နောက်ထပ် အကျိုးပြုမှုတစ်ခုက သန်းပေါင်းများစွာသော ဝိညာဉ်များကို စုဆောင်းနိုင်ခွင့်ပြုထားသည့် စစ်ပွဲများ ဖြစ်၏။
ဒါကို ပြီးမြောက်ပြီးတော့ ငရဲဘုံကို မြေအောက်ကမ္ဘာဆီ စတေးနိုင်ခဲ့တယ်ဆိုရင် မြေကမ္ဘာဧကရာဇ် ရာထူးရနိုင်လောက်တယ်…
ရှုရန်က စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ဒါက အလုပ်မဖြစ်ဘူးဆိုရင်တောင် ငါ့ရဲ့ အပြုအမူတွေနဲ့တော့ ယမမင်းတော့ ဖြစ်လာနိုင်တယ်…
ရှုရန်၏ အပြုံးက ပိုမိုနက်ရှိုင်းလာလေ၏။ ရှုရန်က မတုံးအဘဲ မည်သို့သော အနာဂတ်မျိုးက သူ့ကို စောင့်ကြိုနေကြောင်း ကောင်းကောင်းသိထားသည်။ သူ့ချီကံကောင်းမှုက အလျင်အမြန် လျော့ကျလာပြီး အဆုံးသတ်လာတော့မည့် ခံစားချက်က ကြီးစိုးလာနေသည်။ ရှုရန်က သူသည် ဤကပ်ဘေး၌ အသက်ရှင်ခဲ့လျှင်ပင် ကံကြမ္မာနှစ်ခု စောင့်ကြိုနေကြောင်း နားလည်ထားလေ၏။ အန္တိမသဟဇာတ၏ နယ်ရုပ်ဖြစ်လာခြင်း သို့မဟုတ် လူသားဧကရာဇ်၏ နယ်ရုပ်ဖြစ်လာခြင်းတို့ ဖြစ်သည်။
ဒါပေမဲ့ ဒါက ငါ့ရဲ့ ထွက်လမ်းပဲ…
သူက သုံးသပ်လိုက်သည်။
မြေကမ္ဘာဧကရာဇ် ဒါမှမဟုတ်ဘူးဆိုရင် ယမမင်းရာထူးက ဒီကပ်ဘေးထဲ အသက်ရှင်ပြီးတော့ ငါ့ရဲ့ နယ်ရုပ်ကံကြမ္မာကနေ လွတ်မြောက်ဖို့ လွယ်ကူတယ်။ ဒါက ခွန်အားရဲ့ အကျိုးအမြတ်တွေကို ထည့်မပြောရသေးဘူး။
ရှုရန်က အပြင်ဘက်တွင် မောက်မာစွာ ပြုမူသော်လည်း သူ့ပါရမီကန့်သတ်ချက် ရောက်ရှိနေကြောင်း သိထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ကမ္ဘာ၏ အရင်းအမြစ်များဖြင့်ပင် သူသည် ဆက်လက် မတိုးတက်နိုင်တော့ပေ။ သူသည်လည်း မြေကမ္ဘာဧကရာဇ် သို့မဟုတ် ယမမင်း၏ ကြမ္မာက သူ့အတွက် ထိပ်သီးစံပြဖြစ်လာဖို့ လုံလောက်ပေသည်။ ရှေးဦးစံပြအထိပင် ဖြစ်လာနိုင်၏။
ဒါက ငါ့ကန့်သတ်ချက် မဟုတ်သေးဘူး…
ရှုရန်က အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်သည်။ ယခင်က သူသည် ကန့်သတ်ချက်ကို သိထားသောကြောင့် ထိုအဆင့်များကို ရယူဖို့ မစဉ်းစားခဲ့ပေ။ သို့သော် ယခုတွင် သူ့စိတ်ထဲ မျှော်လင့်ချက် မျိုးစေ့က ကြီးထွားလာနေ၏။
ငါ့ စိတ်ငြိမ်ငြိမ်ထားဖို့ လိုတယ်…
ရှုရန်က သူ့ကိုယ်သူ သတိပေးလိုက်သည်။ ငရဲဘုံက ပြီးမြောက်လုနီးပါးဖြစ်နေသော်လည်း မပြီးဆုံးသေးပေ။ သို့သော် မေးခွန်းကမူ မည်သို့ပြီးပြည့်စုံအောင် လုပ်ရမလဲဟူ၍ ဖြစ်၏။
ငါ့အနေနဲ့ သံသရာတာအိုကို နားလည်ဖို့ လိုအပ်တာလား။ မဟုတ်သေးဘူး။ ငါက အဲဒါ မပါဘဲနဲ့ ဒီအထိ ရောက်လာတာ။
ငါက မြေကမ္ဘာတာအိုရှိတဲ့သူတွေကို သုံးနိုင်လောက်တယ်။ ဒါမှမဟုတ်ဘူးဆိုရင်လည်း အစွန်းရောက် နည်းလမ်းတွေကို သုံးပြီးတော့ ဝိညာဉ်အလုံအလောက်ကို တစ်နေရာထဲ စုပေါင်းလိုက်ရင် အလိုအလျောက် ဆင့်ကဲပြောင်းလဲလာလိမ့်မယ်။
ဤချဉ်းကပ်မှု နှစ်ခုက အကျိုးကျေးဇူးရှိပြီး သူတို့ကို ဆက်တိုက်အသုံးပြုနိုင်လေသည်။
လိုအပ်တဲ့ ဝိညာဉ်တွေက အမြောက်အများပဲ။ ဒါပေမဲ့ ကံကောင်းတာက ကမ္ဘာကြီးက ဘာမှလစ်ဟာမနေဘူး…
ရှုရန်က တွေးလာသည်။ သို့သော်လည်း သူက ပိုမိုကောင်းမွန်သည့် နည်းလမ်းရှိလိမ့်မည်ဟု အမြဲလိုလို ခံစားမိခဲ့သည်။ သို့သော်လည်း သူက ထိုအရာကို မစဉ်းစားနိုင်ပေ။
ထားလိုက်ပါတော့။ အချိန်ကျရင် ရောက်လာပါလိမ့်မယ်…
ရှုရန်က ကူးသန်းပြောင်းရွှေ့သွားလိုက်ပြီး မဟာချူး၏ ပလ္လင်ခန်းဆီ ပြန်လည်ရောက်ရှိလာသည်။ သူက သူ့အမတ်များကို မခေါ်ဘဲ သူ့အရိပ်ကိုသာ ခေါ်လိုက်၏။
“သတင်းပို့”
“ဟုတ်ကဲ့ပါ အရှင်” အရိပ်က ဒူးတစ်ဖက် ထောက်လိုက်၏။
“ကိစ္စကြီးနှစ်ခု ရှိပါတယ်။ ဒီကနေ စပြောရမယ်ဆိုရင် … ” သူက စာလိပ်တစ်လိပ်ကို ထုတ်ကာ လက်ကိုဝှေ့လိုက်သည့်အချိန် စာရွက်က ရှုရန်ဆီ ပျံသန်းရောက်ရှိလာသည်။ တာအိုဘာသာက သူ့အား စစ်ပွဲအတွင်း တိုက်ရိုက် ပါဝင်ပတ်သက်ဖို့ တောင်းဆိုထားလေသည်။ ဤတစ်ကြိမ် လှည့်ပတ်ပြောမနေဘဲ သူ့ကိုပင် တိုက်ရိုက် ခြိမ်းခြောက်ထားလေသည်။
ရှုရန်က သူ့အမတ်များကို တာအိုဘာသာဆီ ထောက်ပံ့ပေးဖို့ တပ်ကူနှင့် အရင်းအမြစ်များကို တိုးပွားဖို့ အမိန့်မှာတမ်း ရေးသားလိုက်သည်။ သူက သူ့သံတမန်များကိုပင် သူ့မအားလပ်မှုအကြောင်း ရှင်းပြဖို့ အကြောင်းပြချက်များကို သုံးခိုင်းခဲ့သည်။
ဝိညာဉ်စုဆောင်းရေး ပြဿနာက အခုတော့ ဖြေရှင်းပြီးသား ဖြစ်သွားပြီ…
ရှုရန်က တွေးလိုက်သည်။
“နောက်တစ်ခုက ဘာလဲ”
အရိပ်က သတင်းအချက်အလက် အဆောင်တစ်ခုကို ပေးလာလေသည်။
“ဧကရီက ပုန်ကန်မှုကို ကျူးလွန်ခဲ့တာလား” ရှုရန်က မေးလိုက်သည်။
“ကြည့်ရတာ တချို့လူတွေက ငါ့ကို ငတုံးလို့ သတ်မှတ်နေတဲ့ပုံပဲ”
“အရှင် ကျွန်တော့်ကို စုံစမ်းခိုင်းစေချင်လား”
“မလိုဘူး”
အရိပ်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“အခု ငါ့ရဲ့ မသိတတ်တဲ့ တတိယသားနဲ့ ဖြေရှင်းရမဲ့ အချိန်ပဲ” ရှုရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“သူတို့က ငါ့ကို ပြီးပြည့်စုံတဲ့ အကြောင်းပြချက် ပေးလာမှတော့ .. ” ရှုရန်က လှောင်ပြောင်လိုက်သည်။ သူ့သားက အကြောင်းအရင်းနှစ်ခုကြောင့် အချိန်အတော်ကြာ ဘေးကင်းနေခဲ့လေသည်။ ထိုဘေးကင်းမှုက သူ့ကိုယ်သူ မဟာချင်တိုင်းပြည်နှင့် မဟာမိတ်ဖွဲ့ထားပြီး ငရဲဘုံ ၃၃ခု၏ အရေးကြီးသည့် အစိတ်အပိုင်းကို ထိန်းချုပ်မှု ရယူနိုင်ဖို့ ကြံစည်ထားနိုင်ခဲ့သည်။
သို့သော် ယခုတွင် ကိစ္စများက ပြီးမြောက်တော့မည်ဖြစ်ပြီး ရှုရန်က သူ့ကံကြမ္မာမှ လွတ်မြောက်ဖို့ ခံစားချက်ကို မြင်လိုက်ရလေပြီ။ ယခုအခါ ထိုစိတ်ပျက်ဖွယ်ကောင်းသည့် ပိုးမွှားကို ရှင်းထုတ်ပစ်ဖို့ အချိန်ကျလာလေပြီ။ တတိယသားက သူ့မိခင်ထံ အရမ်းကို သိတတ်သည့်အတွက် သူနှင့် ဖြေရှင်းဖို့ သူ့အမေကို အသုံးချသည်က အကောင်းဆုံး ဖြစ်၏။
ဝှစ်
ရှုရန်က မျက်မှောင်ကြုတ်လိုက်ပြီး အခန်းထဲတွင် တစ်နေရာမှ ပေါ်ထွက်လာသည့် မှုန်မွှားမွှား ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
“ငါ့အစည်းအဝေးကို ဝင်ဖျက်တာ မင်းဆီမှာ အကြောင်းအရင်းကောင်းကောင်း ရှိသင့်တယ်”
“အရှင် အရေးပေါ်မလို့ပါ”
“ဘာလဲ”
“တော်ဝင်ကိုယ်လုပ်တော် ရှုရှုက သတိမေ့မြောသွားပါတယ်”
“ဘာ” ရှုရန်က ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ သူက ကြောက်မက်ဖွယ် အငွေ့အသက်တို့ ထုတ်လွှတ်လာလေ၏။
“အဲဒါက ဘာကိုပြောတာလဲ”
သို့သော်လည်း သူက အဖြေကို စောင့်ဆိုင်းမနေဘဲ ပြစ်ချက်မဲ့ဇာမဏီနန်းဆောင်ရှေ့ ကူးသန်းသွားလိုက်သည်။ ရှုရှုက အစေခံများ ဝန်းရံလျက်ရှိနေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရ၏။
“ဘာဖြစ်သွားတာလဲ”
မည်သူက ဘာမှပြန်မဖြေကြသည့်အတွက် ပိုမိုဒေါသထွက်သွားလေသည်။ သူက တစ်စုံတစ်ယောက်ကို သတ်တော့မည့်ဆဲဆဲတွင် အနီးကပ်အစေခံက အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်၏။
“အရှင် ကျွန်မတို့တွေ ခွင့်လွှတ်ပေးပါ။ ဘာမှန်း မသိလိုက်ရပါဘူး။ သခင်မလေးက အစားအစာ စားရင်းနဲ့ လဲကျသွားတာပါ”
“တစ်ယောက်ယောက်က သူမကို အဆိပ်ခတ်ခဲ့တာလား”
“အဲ့လိုတော့ မထင်ပါဘူး”
“မထင်တာလား”
“ကျွန်မကိုယ်တိုင် အစားအသောက်တွေကို စစ်ဆေးကြည့်ပြီးတော့ ကိုယ်တိုင်လည်း သောက်သုံးခဲ့တာပါ။ အဆိပ် မတွေ့ရပါဘူး” အနီးကပ်အစေခံက ပြန်ဖြေလိုက်သည်။
ရှုရန်က စိတ်ငြိမ်ငြိမ်ထားကာ သူ့အသိစိတ်ဖြင့် စားပွဲပေါ်တွင်ရှိနေသည့် အစားအစာက ဘာမှမှားယွင်းခြင်း မရှိကြောင်း အာရုံခံမိလေသည်။
“ဒါက မင်းနဲ့ ဘာမှမပတ်သက်တာ ကောင်းလိမ့်မယ်”
သူက သတိပေးလိုက်ပြီး သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ထားခြင်း မရှိပေ။ ရှုရန်က သူမဆီ ချဉ်းကပ်သွားကာ အခြေအနေကို စစ်ဆေးကြည့်ဖို့ ပြင်လိုက်၏။
“အရှင်” ပင်မအရိပ်က ရုတ်ချည်းဆိုသလို ပေါ်ထွက်လာကာ ပြောလိုက်သည်။
“ကျွန်တော် လုပ်လိုက်ပါမယ်”
“အခု မင်းရဲ့ အဓိပ္ပာယ် မရှိတာတွေအတွက် အချိန်မဟုတ်ဘူး”
“ဒီလိုအခြေအနေမျိုးမှာ သတိထားတာ အကောင်းဆုံးပါ”
အရိပ်က ဆက်ပြောလိုက်သည်။
“မင်းကိုမသတ်ခင် ရှေ့ကနေ ထွက်သွားလိုက်တော့” ရှုရန်က တုံ့ပြန်လိုက်သည်။
“အရှင် ကျွန်တော် တောင်းဆိုတာပါ” အရိပ်က ထပ်ပြောလိုက်သည်။ သူ့အကြည့်များက ယခင်က အချိန်ကထက်ပင် ပိုမိုခိုင်မာလေ၏။ သူက သေဖို့ရာဖြင့် ပြင်ဆင်ထားလေရာ အရှင့်ကို ထိုအမျိုးသမီးအား စမ်းသပ်ဖို့ ခွင့်မပြုနိုင်ပေ။
ရှုရန်၏ နောက်တွင် တံစဉ်တစ်ခု ပေါ်ထွက်လာကာ ထိုမနာခံသည့် လက်အောက်ငယ်သားကို ရှင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေလေသည်။
အရိပ်၏ မျက်ဝန်းက အကြည့်က သူ့ကို ရပ်တန့်သွားစေ၏။
ဟုတ်ပြီလေ။ ဒါက ခံစားချက်တွေနဲ့ လှုပ်ရှားရမဲ့ အချိန်မဟုတ်ဘူး…
သူက စိတ်ငြိမ်အောင်ထိန်းကာ သူ့နည်းစနစ်ကို ပယ်ဖျက်လိုက်သည်။
“စမ်းသပ်လိုက်” သူက အမိန့်ပေးလိုက်သည်။