အငြိုးအတေး ယဇ်ပူဇော်ပွဲ
Vol. 100 Ch. 1394
ထာဝရဇာမဏီက သူ့ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခု သူက အဖြူရောင်နေရာလွတ်တစ်ခုအတွင်း ရောက်ရှိနေကာ ပုံရိပ်ယောင်ဗိမာန်များက သူ့ခေါင်းအထက် မြောလွင့်နေပြီး ဗုံတီးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
“ငါ ဘယ်ရောက်နေတာလဲ”
“အငြိုးအတေး ယဇ်ပူဇော်ပွဲကနေ ကြိုဆိုပါတယ်” မုန့်ခယ်က သူ့ရှေ့ပေါ်ထွက်လာကာ ပြောလိုက်သည်။ သူက ဘောင်းဘီကလွဲ၍ တခြားအရာများကို ဝတ်ဆင်ထားခြင်း မရှိပေ။ ပုံမှန်အားဖြင့် ထိုယဇ်ပူဇော်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် စစ်သည်တော်များက ချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်လေ့ရှိကြသော်လည်း မုန့်ခယ်ကမူ ဤသို့ ရိုးရှင်းသည့် ချဉ်းကပ်မှုမျိုးကိုသာ သဘောကျလေသည်။
“မင်းကိုး … မင်းဘာလုပ်လိုက်တာလဲ” ထာဝရဇာမဏီက မေးလာသည်။
“ခင်ဗျားလည်း ကျုပ်တို့ယဇ်ပူဇော်ပွဲအကြောင်း ကြားဖူးမှာပေါ့။ မြေကမ္ဘာဧကရာဇ်က ကျုပ်တို့နောက်လိုက်ဖို့ အကြောင်းပြချက်ရှာနေရတဲ့ အကြောင်းအရင်းထဲက တစ်ခု မဟုတ်ဘူးလား။ ခင်ဗျားလည်း ဒါကို သိမယ်လို့ ထင်တယ်။ အချိန်စားသုံးသူက ဒီဟာကို ပထမဦးဆုံးပြောခဲ့တာနေမယ်”
ထာဝရဇာမဏီက မုန့်ခယ်၏ စကားများသည် အမှန်ဖြစ်နေသည့်အတွက် တိတ်ဆိတ်နေလေသည်။ လူရိုင်းမျိုးနွယ်က ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံရသည်မှာ သူတို့၏ ထူးထူးဆန်းဆန်း ယဇ်ပူဇော်ပွဲများစွာကြောင့် ဖြစ်၏။ ထို့ကြောင့် အချိန်စားသုံးသူက သူတို့နှင့် ရင်ဆိုင်ဖို့ တာဝန်ပေးခဲ့သည်။ နောက်ဆုံးတွင် မြေကမ္ဘာဧကရာဇ်က သူတို့အား အသုံးချကာ သူ့တိုင်းပြည်ကို အကျိုးရှိအောင် လုပ်နိုင်မည်ဟု တွေးကာ တာဝန်ကို လက်ခံခဲ့လေသည်။
“ငါ့ကို နိုင်မယ်များ ထင်နေလား” ထာဝရဇာမဏီက လှောင်ပြောင်ကာ ပြောလိုက်သည်။
“ငါ့ဒဏ်ရာနဲ့ဆိုရင်တောင် မင်းက ငါ့အတွက် ပြိုင်ဖက် မဟုတ်သေးဘူး”
“အဲဒီအတွက် ဘာမှစိုးရိမ်နေစရာမလိုပါဘူး။ ဒီအငြိုးအတေး ယဇ်ပူဇော်ပွဲအတွက် တန်ကြေးကိုသိလား။ ကျုပ်တို့မျိုးနွယ်ရဲ့ ကံကောင်းမှု ၂၀ရာခိုင်နှုန်းပဲ” မုန့်ခယ်က သူ့ကို ပြန်ဖြေဖို့ အခွင့်အရေး မပေးဘဲ ပြောလိုက်သည်။
“အဲဒါကြောင့် ကျုပ်တို့က တကယ့်အငြိုးအတေး မရှိသရွေ့ ဒါမှမဟုတ်ဘူးဆိုရင် သေခြင်းရှင်ခြင်း ရန်သူကို ရင်ဆိုင်နေရတာ မဟုတ်သရွေ့ သုံးခဲတယ်။ ဒါပေမဲ့ ကျုပ်တို့က နောက်ထပ် အပိုဆယ်ရာခိုင်နှုန်းကို ထပ်ပြီး စတေးလိုက်မယ်ဆိုရင် ရန်သူရဲ့ ကျင့်ကြံဆင့်ကို သူတို့ရဲ့ စိန်ခေါ်သူနဲ့ အဆင့်တူအထိ လျှော့ချလို့ရတယ်ဆိုတာ ဘယ်သူကမှ မသိကြဘူး။ ဒါက ရှေးဦးစံပြတွေအတွက် အလုပ်မဖြစ်ဘူးဆိုပေမဲ့လည်း သက်ရောက်မှုကတော့ အတော်လေး အံ့ဩဖို့ကောင်းနေတုန်းပဲ”
ထာဝရဇာမဏီ၏ အမူအရာက ပျက်ယွင်းသွားလေသည်။ သူက တူညီသည့် ကျင့်ကြံဆင့်တွင်ရှိနေစဉ် မုန့်ခယ်ကို အနိုင်ယူနိုင်မည်လား။
သူက သူ့ကိုယ်သူ ယုံကြည်ချက် မရှိပေ။
“ဘာလဲ ယုံကြည်ချက်မရှိဘူးလား” မုန့်ခယ်က လှောင်ပြောင်လိုက်သည်။
“ခင်ဗျားရဲ့ ဝါသနာက ပါရမီရှင်တွေကို ကစားပြီး နှိပ်စက်ရတာမဟုတ်ဘူးလား။ ခင်ဗျားက ခင်ဗျားထက် အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်နိုင်တာလား”
“မင်း”
“ဝမ်ဝေ့က ခင်ဗျားနဲ့ ပတ်သက်ပြီး တစ်ခုပြောဖူးတာကို အမှတ်ရသွားတယ်။ ခင်ဗျားက သူရဲကောင်းအဖြစ် သေရင်သေ ဒါမှမဟုတ်ဘူးဆိုရင်တော့ ဗီလိန်တစ်ယောက်လိုမျိုး အကြာကြီး အသက်ရှည်သွားမှာတဲ့။ ဒီစကားတွေက ခင်ဗျားရဲ့ ဇာတ်ကြောင်းနဲ့ အတော်လေး ကိုက်ညီတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းဖို့တော့ ကောင်းနေတုန်းပါပဲ”
“မင်းက ငါ့ကို လာပြီး အထင်သေးနေတာလား” ထာဝရဇာမဏီက အံကြိတ်ကာ ပြောလိုက်သည်။
“ဒါပေါ့။ ခင်ဗျားလိုမျိုး ပါရမီရှင်က တောက်ပတဲ့ အနာဂတ်တစ်ခု ရှိသင့်တယ်လေ။ တကယ်တော့ ခင်ဗျားက လက်ရှိအခြေအနေမှာရှိနေတာက ခင်ဗျားရဲ့ မှားယွင်းတဲ့ အပြုအမူတွေကြောင့်ပဲ” မုန့်ခယ်က ပြန်ဖြေလိုက်သည်။
“ငါ့အပြုအမူတဲ့လား။ အဲဒီခွေးမ…”
“ကျုပ်က အဲ့လိုပြောတာ မဟုတ်ဘူး” မုန့်ခယ်က သူ့ကို ဖြတ်ပြောလိုက်သည်။
“တချို့လူတွေက ခင်ဗျားကို သူမရဲ့ တကယ့်အစစ်အမှန်ပုံစံကို မမြင်နိုင်တဲ့အတွက် အပြစ်တင်ရင် တင်မှာပေါ့။ ဒါပေမဲ့ အချစ်မှာ မျက်စိမရှိဘူးဆိုတာကို နားလည်တယ်။ တကယ်ကို နက်နက်နဲနဲချစ်သွားတဲ့ လူအများစုက ခင်ဗျားနဲ့ တူညီတဲ့ ကံကြမ္မာကိုပဲ တွေ့ကြုံခံစားရလိမ့်မယ်။ ခင်ဗျားရဲ့ ကျရှုံးမှုက ချစ်ကျွမ်းဝင်သွားတာ မဟုတ်သလို ခင်ဗျားရဲ့ နှလုံးသားကို မှားယွင်းတဲ့သူဆီ ပေးလိုက်တာလည်း မဟုတ်ဘူး။ ခင်ဗျားရဲ့ ကျရှုံးမှုက နောက်ပိုင်းမှာ တုံ့ပြန်ခဲ့တဲ့ အပြုအမူကြောင့်ပဲ။ အခြေခံအုတ်မြစ် ပျက်စီးသွားတာတောင် ခင်ဗျားက မဖြစ်နိုင်တာကို လုပ်ပြပြီးတော့ စံပြတစ်ယောက် ဖြစ်လာတယ်။ သူမကို သတ်ပြီး ခင်ဗျားဆီက ခိုးယူထားတဲ့အရာကို ပြန်ယူလို့မရဘူးလား။ အဲဒီတုန်းက သူမက ခင်ဗျား ကျော်သွားရမဲ့ အတားအဆီးတစ်ခုပဲ ဖြစ်နေဦးမှာ”
“ငါက မကြိုးစားကြည့်ဘူးလို့များ ထင်နေလား” ထာဝရဇာမဏီက ပြန်ပြောလိုက်သည်။
“ငါ ဒီစွမ်းအားကို ရတဲ့အချိန်မှာ သူမက ဇာမဏီမျိုးနွယ်ရဲ့ ချစ်မျက်ရှုလေးဖြစ်နေပြီ။ မျိုးနွယ်က သူမဆီမှာ ရန်သူရှိနေကြောင်း သဘောပေါက်သွားပြီးတဲ့နောက်မှာ သူမ အပြင်ထွက်တိုင်း အမြဲလိုလို ကာကွယ်ပေးလေ့ရှိတယ်”
“အဲဒါဆို လမင်းအဖွဲ့အစည်းကရော”
“နေမင်းတွေက အတွင်းပိုင်းပဋိပက္ခတွေကို တားဆီးထားတယ်လေ။ အချိန်စားသုံးသူက တစ်ယောက်နဲ့တစ်ယောက် မျှခြေညီအောင် လုပ်ထားတာ” ထာဝရဇာမဏီက သူ့ကိုယ်သူ ပြောလိုက်သည်။
“ကျုပ် ကြားသမျှကတော့ အကြောင်းပြချက်တွေချည်းပဲ” မုန့်ခယ်က ပြန်ပြောလိုက်သည်။
“ခင်ဗျားဆီမှာ လမင်းအဖွဲ့အစည်းတုန်းက အချိန်လောက် အခွင့်အရေးအလုံအလောက် ရှိခဲ့တယ်။ အထူးသဖြင့် နေမင်းတွေက သူတို့ရဲ့ အသွင်ကူးပြောင်းမှုကို တွေ့ကြုံခံစားနေရတဲ့ အစောပိုင်းအချိန်ကာလမျိုးမှာပေါ့။ နည်းနည်းလောက်သာ သတိကြီးကြီးထားမယ်ဆိုရင် ခင်ဗျားက သူ့ကို သတ်ပြီးတော့ ထွက်ပြေးလို့ရနိုင်တယ်။
ဒါပေမဲ့ သူမ လုပ်ခဲ့တဲ့ အပျက်အစီးက ရုပ်ပိုင်းဆိုင်ရာထက် ပိုတယ်။ ခင်ဗျားက ရည်ရွယ်ချက်ကြီးပြီးတော့ အခွင့်အခါကောင်းကိုပဲ စောင့်ဆိုင်းနေခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်က ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး။ အဲဒီနောက် လမင်းအဖွဲ့အစည်းရဲ့ စွမ်းအားက ခင်ဗျားရဲ့ တိုက်ခိုက်လိုစိတ်ကို ပျက်သုဉ်းလုနီးပါးအထိ တိုက်စားသွားခဲ့တာ။ နောက်တစ်ဆင့်ကတော့ ကောက်ချက်ချဖို့ လွယ်ကူပါတယ်။ ခင်ဗျားက ပါရမီရှင်တွေကို သူမကိုယ်စား နှိပ်စက်ပြီးတော့ ခင်ဗျားကိုယ်ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို နှစ်သိမ့်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ကျရှုံးမှုက ဝူယွီ ခင်ဗျားအပေါ် ထားရှိခဲ့တဲ့ အနှောင်အဖွဲ့တွေကနေ မလွတ်မြောက်နိုင်တာကြောင့်ပဲ”
ထာဝရဇာမဏီက သူ့ကို ခက်ထန်စွာ ကြည့်လိုက်သည်။ သူသာ အကြည့်ဖြင့် သတ်ဖြတ်နိုင်သည်ဆိုလျှင် မုန့်ခယ်သည် အကြိမ်ကြိမ်အခါခါ သေပြီးလောက်လေပြီ။
“ဒါကို မှတ်ထား” လူရိုင်းဘုရင်က ပြောလိုက်သည်။
“ဒါက သမိုင်းကြောင်းမှာ ခင်ဗျားအတွက် အကောင်းအမြင် ချန်ထားနိုင်မဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒါက ကျုပ်ရဲ့ ဒဏ္ဍာရီဇာတ်ကြောင်းကို အဖော်ပြုပေးမယ်ဆိုပေမဲ့လည်း ခင်ဗျားကတော့ ခင်ဗျားရဲ့ သေဆုံးမှုကို ဂုဏ်ကျက်သရေကြီးမားအောင် လုပ်လို့ရသေးတယ်။ ကျုပ်ဇာတ်ကြောင်းက ဘယ်လောက်ပြောင်မြောက်လာမလဲဆိုတာ မူတည်ပြီးတော့ သမိုင်းကြောင်းက ခင်ဗျားကို ကျုပ်သတ်ဖြတ်ခဲ့တဲ့ ပထမဦးဆုံးစံပြအဖြစ် မှတ်မိနေနိုင်တယ်။”
ထာဝရဇာမဏီက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
“ဒီလိုလုပ်ရမှာလား။ မင်း သေတယ်ဆိုရင် မင်းရဲ့မျိုးနွယ်က သူတို့ရဲ့ တိုက်ခိုက်မှု ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးသွားရလိမ့်မယ်။ ဒီလိုမျိုး ထိနှက်ချက်က ဖရိုဖရဲခေတ်ကာလမျိုးမှာ သူတို့ကို ရှင်းထုတ်ပစ်ဖို့ လုံလောက်တယ်”
“ခင်ဗျားရဲ့ စကားတွေက ကျုပ်အပေါ်မှာ သက်ရောက်မှု မရှိဘူး” မုန့်ခယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက အနိုင်ရရှိမှုကို သေချာနေပြီဖြစ်သည့်အတွက် ဆုလာဘ်က ထာဝရဇာမဏီ၏ ကံကောင်းမှုနှင့် ကြမ္မာတို့ ဖြစ်ပေသည်။ ဤယဇ်ပူဇော်မှုအတွင်း သေဆုံးသွားခြင်းက အမှန်ကတယ် သေဆုံးမှုဖြစ်သည့်အတွက် မည်သည့်အသက်ရှည်အရင်းအမြစ်ကမှ ကယ်နိုင်မည် မဟုတ်ပေ။
“ဒါပေမဲ့…”
“ကျုပ်တို့တွေက ဒီအနေအထားထိရောက်နေတာတောင် ခင်ဗျားက ထွက်လမ်းရှာဖို့ ကြိုးစားနေတုန်းလား” မုန့်ခယ်က ပြောလိုက်သည်။
“ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ ကျုပ်ပြောတာကို မှတ်ထား။ ဒါက ခင်ဗျားအတွက် နောက်ဆုံးအခွင့်အရေးပဲ။ ခင်ဗျားရဲ့ နောက်ဆုံးဂုဏ်ကျက်သရေကို လောင်ကျွမ်းပြီးတော့ ခင်ဗျားဖြစ်ခဲ့ဖူးတဲ့ ပါရမီရှင်အဖြစ်ကို ပြန်သွား။ သမိုင်းကြောင်းအတွက် ဒဏ္ဍာရီလာတစ်ခုကို ချန်ထားခဲ့”
မုန့်ခယ်၏ မျက်ဝန်းများက နီရဲလာကာ သူ့ခန္ဓာကိုယ်မှ တူညီသည့်အငွေ့အသက် ထုတ်လွှတ်လာလေသည်။ သို့သော်လည်း ဤသည်က ယခင် သူ၏ ဘုရင်အငွေ့အသက်မျိုး မဟုတ်ပေ။ သူ့အရှိန်အဝါက ပိုမိုအရိုင်းဆန်လာပြီး ခက်ထန်ကြမ်းတမ်းလှသည်။ ဤသည်က စစ်နတ်ဘုရား၏ ပြယုဂ်သဖွယ် နောက်ထပ် လူတစ်ယောက်လိုမျိုး ဖြစ်၏။
………………………………………
ဝမ်ဝေ့က တံခါးရှေ့ရောက်ရှိလာကာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ချီနှင့် တုကွန်းတို့ကလည်း ပျံသန်းလာကာ သူတို့၏ အမူအရာက ဖြစ်ပျက်သမျှအရာအားလုံးကို ပြောပြနေပြီးသား ဖြစ်၏။
“မရှိတော့ဘူးလား” သူက မေးလိုက်သည်။
“တခြားတစ်ယောက် ယူသွားတယ်” ဝမ်ချီက ခေါင်းညိတ်လိုက်သည်။
“အတိအကျပြောရမယ်ဆိုရင်တော့ လူနှစ်ယောက်ပေါ့။ သူတို့က တိုက်ခိုက်ခဲ့ကြသေးတယ်” တုကွန်းက ထပ်ပြောလိုက်သည်။
“ငါတို့တွေ ရတနာ မရလိုက်တာတော့ နှမြောစရာပဲ။ ဒါပေမဲ့ ငါက ဝူယွီရဲ့ ကိုယ်ပိုင်နေရာလွတ်ကို ရထားတယ်။ အဲဒါဆိုတော့ လုံလောက်တာထက်တော့ ပိုပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“တခြားသူတွေနဲ့ ပြန်ပြီး စုစည်းရအောင်”
ဝှစ်
အနီရောင်မျက်နှာဖုံး၏ ပုံရိပ်ယောင်က အခန်းအတွင်း ပေါ်ထွက်လာသည်။
“ရလဒ်က ဘယ်လိုလဲ”
“တခြားတစ်ယောက်က သူတို့ရဲ့ သတ္တုတွင်းကို ကျူးကျော်သွားပါတယ်။ ကျွန်မတို့တွေ တိုက်ခိုက်ပြီးတော့ ကျွန်မတို့ရဲ့ အစောင့်တစ်ဝက် ဆုံးရှုံးလိုက်ရပါတယ်” သူမက တင်ပြလိုက်သည်။
အနီရောင်မျက်နှာဖုံးက သူမ၏ စိတ်တိုမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ အကယ်၍ သူမရဲ့ တကယ့်ခန္ဓာကိုယ်ကို ပေါ်ထွက်မလာခိုင်းသည့် အမိန့်ကြောင့်သာမဟုတ်လျှင် ဤသို့သော အခြေအနေမျိုးကို တွေ့ကြုံခံစားရမည် မဟုတ်ပေ။
“သူတို့တွေက ဘယ်သူတွေလဲ”
“လုပ်ကြံသတ်ဖြတ်သူအားလုံးက အမျိုးသမီးတွေပါ။ ပြီးတော့ ထူးကဲတဲ့ အငွေ့အသက်မျိုး ရှိတယ်။ သူတို့က ရှုကျင်းယောင်ဆီက ဟုတ်ရင်ဟုတ် မဟုတ်ဘူးဆိုရင်တော့ နေရောင်မျှော်နန်းဆောင်ဆီကပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီလူတွေက သတင်းအချက်အလက်ကို မျှဝေဖို့ ကျွန်မတို့ရဲ့ အပေးအယူကို ငြင်းဆန်တယ်ဆိုတော့ နောက်တစ်ခု ဖြစ်နိုင်တယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့ကို မေ့ထားလိုက်တော့။ မင်းတို့က အရင်ရောက်တယ်ဆိုတာ့ ငါ လိုချင်တဲ့ သတင်းအချက်အလက်ကို ရလိုက်တယ်မလား။”
“အဲဒီမှာ မရှိဘူး” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။
“ကျွန်မတို့အဖွဲ့သားတွေ ပထမဦးဆုံး လုပ်ခဲ့တာက ဂမ္ဘီရကို သုံးပြီး ကပ်ဘေးရဲ့ ဖော်စပ်နည်း နေရာကို ရှာဖွေခဲ့တာပါ။ ဒါပေမဲ့ ဘယ်နည်းစနစ်ကိုပဲ သုံးသုံး အဖြေက အဆိုးဘက်ကချည်းပဲ။ အဲဒါကြောင့် ကျွန်မကို သေချာရှာဖွေကြည့်ခဲ့ပေမဲ့လည်း ဝူယွီက ကပ်ဘေးကျိန်စာကို မှတ်မထားခဲ့ဘူးလို့ထင်တယ်”
“တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ ငါက သူ ချန်ထားခဲ့တဲ့ အရှုပ်အထွေးတွေကို ရှင်းရမှာပေါ့။ ပြောရမယ်ဆိုရင်တော့ ငါ ဖန်တီးထားတဲ့ အရှုပ်အထွေးတွေပေါ့” ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ဒါပေမဲ့ သတင်းကောင်းလည်း ရှိသေးတယ်” ဝမ်ချီက ထပ်ပြောလိုက်သည်။
“ကျွန်တော်တို့တွေ ကပ်ဘေးအတွက် အလုပ်လုပ်နေတဲ့ ကျိန်စာတွေအပါအဝင် ကျွမ်းကျင်သူတွေ ပညာရှင်တွေအများကြီးကို ဖမ်းမိထားတယ်”
“အဲဒါက ဘာမှမရှိတာထက်တော့ ကောင်းသေးတာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူ့လူများအား ဤဖန်တီးမှုထဲတွင် ပါဝင်ခိုင်းခဲ့သည့်အတွက် သူက သေစေလောက်သည့် နောက်ဆုံးသော ဖော်စပ်နည်းကလွဲ၍ ကျန်သော ကပ်ဘေးအများစုကို နားလည်ထားလေသည်။
“ကောင်းပြီလေ။ အားလုံးထွက်သွားကြတော့။ မင်းတို့ရဲ့ သေမျိုးလူမှုအဖွဲ့အစည်းက တည်နေရာတွေကို ဖယ်ရှားဖို့ မှတ်ထားဦး။ နောက်ဆုံး ငါတို့မလိုချင်ဆုံးအရာက သူတို့တွေကို တခြားတစ်ယောက် တွေ့သွားမှာကိုပဲ”
“ဟုတ်ကဲ့ပါ”
“နောက်တစ်ခုက မထင်မှတ်ထားတဲ့အရာဖြစ်ပျက်မလာဘူးဆိုရင် ထာဝရဇာမဏီက သေလိမ့်မယ်။ အဲဒါကြောင့် သိမ်းပိုက်မှုအတွင်းမှာ ဘာမှပါဝင်ဖို့ မလိုဘူး”
ဝမ်ချီက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြန်ပြောလိုက်သည်။
“အမိန့်အတိုင်းပါ”
“ကျေးဇူးပါ” တုကွန်းက ခေါင်းညိတ်လိုက်သည်။
“ငါတို့က မဟာမိတ်တွေပဲလေ”
“စိတ်မပူပါနဲ့။ လူရိုင်းမျိုးနွယ်က မိတ်ဆွေတွေကို အမြဲတမ်း လေးလေးနက်နက် ဆက်ဆံပါတယ်”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ထွက်ခွာသွားလေသည်။ သူက သူ့လမ်းကြောင်းကို ပြန်လည်ဖျောက်လိုက်ရ၏။ ယခင်က သူသည် ဤသိမ်းပိုက်မှုထဲတွင် တန်ဖိုးအကြီးဆုံးအရာတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်က သစ်ခေါက်ပုံစံ ရေးထွင်းထားသည့် အစိမ်းရောင်လက်စွပ်တစ်ကွင်း ဖြစ်၏။
“ဒီလက်စွပ်က လောကအရင်းအမြစ်သစ်ပင်ကနေ လုပ်ထားတာ။ ဒါက ဝူယွီရဲ့ လက်ထဲကနေ ကျလာတာ ဖြစ်နိုင်တယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ထိုလက်စွပ်က တတိယအဆင့် အသက်ရှည်အရင်းအမြစ်ဖြစ်သည့်အတွက် ဆိုလိုသည်မှာ အပိုအသက်တစ်သက် ရှိနေလေပြီ။ ထိုလက်စွပ်က ထူးကဲသာလွန်မှုပုဂ္ဂိုလ်များရှေ့တွင် အသုံးမဝင်နိုင်သော်လည်း ထိုအရာ၏ တည်ရှိမှုက သူ့လှုပ်ရှားမှုများအား ပိုမိုရဲတင်းခွင့်ပြုထားလေသည်။