← Chapters

အခန်း (၂၅၄)

Vol. 18 Ch. 254

အခန်း (၂၅၄)

Vol. 18 Ch. 254

မီးနဂါးလေးသည် အမှန်တကယ်ပဲ စားသောက်နိုင်၏။

သူသည် ပြေးလွှားဆော့ကစားရင်းမှာပဲ အသား ကီလိုဂရမ် ရာပေါင်းများစွာ စားသောက်၏။ သောက်ကမြင်းကြောထလေ ပို၍ စားသောက်လေဖြစ်သည်။

သူ့ကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် အသားဆိုတာကိုပင် မမြင်ဖူးတော့ချေ။

ကျွင်းချောင်ရှောင်းသည် သူ့အတွက် အသားကိုပင် မထောက်ပံ့နိုင်တော့ချေ။

အဘယ့်ကြောင့်ဆိုသော် မဝယ်ကျွေးနိုင်၍ မဟုတ်ပေ။ မြို့ထဲတွင်ရှိသော အသားဆိုင်များတွင် အသားဟူ၍ပင် မရှိတော့သောကြောင့် ဖြစ်လေသည်။

သူ့အနေနှင့် တစ်ခြားမြို့သို့သွား၍ အသားဝယ်ရမည့်ပုံစံမျိုးပင် ဖြစ်နေသည်။ သို့ပေမဲ့ နေ့စဉ်နေ့တိုင်း တစ်ခြားမြို့များသို့ သွားရောက်၍ အချိန်ဖြုန်းကာ အသားဝယ်မည့်ကိစ္စကို သူ မပြုလုပ်ချင်ပေ။

သူ့အနေနှင့်ကျင့်ကြံခြင်းကိစ္စရပ်များအပေါ် အာရုံစူးစိုက်ရန် လိုနေသည်မဟုတ်လား။

တပည့်များကို စေလွှတ်၍ ဝယ်ယူခိုင်းမည်ဆိုလျှင်တောင် ထိုသို့လည်း မဖြစ်နိုင်ပေ။ နဂါးလေး၏ စားနှုန်းအရဆိုလျှင် သိုလှောင်လက်စွပ်အများအပြားကို ယူဆောင်သွားရမှာသာဖြစ်သည်။

"သေမင်းတောင်ကြား က တော်တော်ကြီးမားတယ်။ ပြီးတော့ ငှက်တွေကော သားရဲတွေကော ရှိတယ်။ သူဗိုက်ပြည့်တဲ့ထိ သူ့ဘာသာ အမဲလိုက်ပြီးစားဖို့ လွှတ်လိုက်မယ်ဆိုရင်ကော" ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။

ဤအစားကြီးသော သတ္တဝါအား မွေးမြူထားရသည်မှာ အလွန်အမင်း ကုန်ကျစရိတ် များပြားလှ၏။

ထို့ကြောင့် တောထဲသို့ စေလွှတ်ကာ လွတ်လွတ်လပ်လပ်ဖြင့် သူ့ဘာသာ ရှာဖွေစားသောက်မည့် ကိစ္စမျိုးကို စဉ်းစားသည်က ပို၍ သင့်တော်လှသည်။

စနစ်မှပြောလိုက်သည်။ "ဒီမီးနဂါးပေါက်လေးက မွေးထားတာမကြာသေးဖူးလေ။ သူ့ရဲ့အားအင်အဆင့်က လုံလောက်တဲ့သန်မာမှုမျိုးမရှိဘူး။ အဆင့်မြင့်သားရဲတွေနဲ့တွေ့ရင် သေသွားနိုင်တယ်။"

ကျွင်းချောင်ရှောင်း၏နှုတ်ခမ်းများသည် တုန်ရင်သွား၏။

"မွေးမွေးပြီးချင်း သူထုတ်လွှတ်လိုက်တဲ့ မီးတောက်တွေက ရှောင်မိုတောင် သတိလစ်သွားစေတယ်။ဒါတောင် အားမကောင်းသေးဘူးလား။"

စနစ်ကပြောလိုက်သည်။ "ဒီကောင်လေးက လက်ခံသူရဲ့ ပဋိညာဉ် သားရဲမှန်း တပည့်တွေက သိကြတယ်လေ။ ဒါကြောင့် သူတို့က သတိအပြည့်နဲ့ မကာကွယ်ထားဘူး။ဒုတိယအားဖြင့် သူတို့က ဒီကောင်လေးကို မထိခိုက်စေချင်ဘူး။ မဟုတ်ရင် ဒီကောင်လေးကို လွယ်လွယ်ကူကူ သတိလစ်သွားအောင် အားလုံးလုပ်လို့ရတာပဲ။"

ဤစကားသည် အမှန်ပင်ဖြစ်၏။

စုရှောင်မို၊ထျန်းချီတို့၏အားအင်အဆင့်သည် သိုင်းဆရာအဆင့်နှင့်ပင် နှိုင်းယှဉ်၍ရသည်။

မီးနဂါးလေးအား သူတို့အနေနှင့် လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်းရှိသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ ပဋိညာဉ် သားရဲဖြစ်နေသောကြောင့် သူတို့အနေနှင် အလိုလိုက်အကြိုက်ဆောင်ပြီး ဟင်းသီးဟင်းရွက်ကို စားသုံးခဲခြင်း ဖြစ်သည်။

ဆိုရိုးစကားရှိသည် မဟုတ်လား။ ခွေးကိုရိုက်ချင်သည် ဆိုလျှင်တောင် ခွေးပိုင်ရှင်၏ မျက်နှာကို ကြည့်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းဆိုလိုတာက ဒီနဂါးလေးကို ဂိုဏ်းထဲမှာပဲထပ်ပြီး စားသောက်စေဖို့လား။"

စနစ်မှပြောလိုက်သည်။ "အချိန်အတိုင်းအတာတစ်ခုထိ စားသောက်စေတာ ပိုကောင်းမယ်။ သူ့ရဲ့အားအင်တွေတိုးလာပြီး သူ့ကိုယ်သူ ကာကွယ်နိုင်လောက်တဲ့ စွမ်းဆောင်ရည် ရှိပြီဆိုရင် တောထဲကိုလွှတ်ပြီး သူ့ဘာသူစားသောက်စေတာ ပိုကောင်းတာပေါ့။"

ကျွင်းချောင်ရှောင်း ခဏလောက်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ဒါလည်း အဆင်ပြေတာပဲ။"

ဤကောင်လေးအား တောထဲတွင် တစ်ကောင်တည်း ပစ်ထားခဲ့ခြင်းထက်စာလျှင် သံမဏိအရိုးဂိုဏ်း ထဲမှာထားခြင်းက ပိုပြီးတော့ လုံခြုံပေလိမ့်မည်။

သို့ပေမဲ့ ပိုမိုတည်နေရာကျယ်ဝန်းသော သိုလှောင်လက်စွပ်များကို ယူသွားပြီး အသားများဝယ်ရန်တော့ လိုသေးသည်။ လုံးဝမရှိတော့ဘူးဆိုလျှင် သူ့အနေနှင့် သေမင်းတောင်ကြားသို့ ထပ်သွား၍ သားရဲကြီးများကို သတ်ဖြတ်ရန် စဉ်းစားထားမိ၏။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာတော့ စုရှောင်မိုသည် အပြင်ဘက်ဆီမှ အလောတကြီးနှင့် ဝင်ရောက်လာ၏။

သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားခြင်း၊ ဝမ်းနည်းဝမ်းသာခြင်းများနှင့် ပြည့်နှက်လျက်ရှိသည်။ "စီနီယာအစ်မကြီးကြောင့် နဂါးလေးက အေးခဲသွားပြီ။"

"ဘာ"

ကျွင်းချောင်ရှောင်း ဟောခန်းထဲက အလောတကြီးနှင့် ထွက်သွားမိသည်။

သိုင်းလေ့ကျင့်ရေးကွင်းပြင်ပတွင်တော့ လုချင်းချင်း၏ မျက်နှာသည် အေးစက်နေသည်။ သူမ၏လက်ထဲတွင်ရှိသော အအေးလှိုင်းများသည် တည်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးအား အလွန်အမင်း အေးစိမ့်နေစေ၏။

များပြားလှသော တပည့်များသည် အပြင်ဘက်တွင် ရပ်တန့်နေသည် ဆိုသော်လည်း အပူချိန် နိမ့်ဆင်းလာမှုကြောင့် သူတို့၏ လက်များကို ပိုက်ကာ တစ်ကိုယ်လုံး တုန်ရင်လျက်ရှိသည်။

လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ သေးငယ်လှသော အအေးရုပ်တု တစ်ခုရှိနေပြီး အထဲတွင်တော့ နဂါးကလေးသည် စည်းခတ်ခြင်း ခံထားရ၏။

"ဘာတွေဖြစ်နေတာလဲ။"

ကျွင်းချောင်ရှောင်းမေးလိုက်သည်။

စုရှောင်မိုက ပြောလိုက်၏။ "အစ်မကြီးက စားသောက်ခန်းကို သွားပြီးတော့ ထမင်းလာစားတာ ။ ဒါပေမဲ့ နဂါးလေးက အစ်မကြီးရဲ့ဟင်းခွက်ထဲမှာရှိတဲ့ အသားတွေကို ယူစားတယ်လေ။ပြီးတော့ ဒီလို ဖြစ်သွားတာပဲ။"

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။ မင်းကတော့ သေလမ်းရှာနေတာပဲ။

ဤကောင်လေးသည် အမှန်တကယ်ပင် သတ္တိကောင်းလှသည်ဟု ဆိုရမည်။ အလွန်တရာ အေးစက်လှသော အမျိုးသမီး၏အသားဟင်းကိုမှ သွား၍ ထိပါးရဲနေသည်။

ဤကဲ့သို့ အေးခဲခံရသည်မှာ ထိုက်တန်သည်ဟု ဆိုရမည်။

"ကွိ ကွိ"

ခဏလောက်ကြာပြီးနောက် စည်းသည် ဖယ်ရှားသွား၏။ ရေခဲအလွှာများသည် တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။

သားရဲကောင်လေးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အအေးဒဏ်ကြောင့် တဆတ်ဆတ်နှင့် တုန်ရင်လျက်ရှိ၏။

"ဟတ်ချိုး"

နောက်တစ်ရက်မှာတော့ ဤသေးငယ်သော အကောင်လေးသည် သူ့သခင်၏ ပုခုံးထက်တွင် ထိုင်လျက်ရှိပြီး အဆက်မပြတ်နှာချေနေ၏။

မီးဓာတ်အမျိုးအစား သားရဲအား ဤသို့အေးခဲအောင် ပြုလုပ်လိုက်သည်ကိုကြည့်လျှင် ဂိုဏ်း၏စီနီယာအစ်မကြီး ပိုင်ဆိုင်သော ရေခဲဓာတ်သဘာဝသည် အလွန်အမင်း အားကောင်းကြောင်း သိသာထင်ရှားစေ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။ "ဂိုဏ်းထဲမှာ မင်းအနေနဲ့ ဘယ်သူ့ကိုမဆို ပြဿနာသွားရှာလို့ရတယ်။ဒါပေမဲ့ အဲ့အမျိုးသမီးကို သွားလုပ်လို့မရဘူး။"

"ကွိ ကွိ" နဂါးကလေးသည် စိတ်အလိုမကျဟန်ဖြင့် အော်ဟစ်လိုက်၏။

"ရွှီ"

ရုတ်တရက်ဆိုသလိုပဲ ဤသားရဲကလေးသည် ကြောက်လန့်တကြားဖြင့် သူ၏အင်္ကျီထဲသို့ တိုးဝင်နေ၏။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် အတွင်းခြံဝန်းထဲမှ လုလုချင်း ထွက်လျှောက်လာသောကြောင့်ဖြစ်သည်။

"မင်းကိုငါ တော်တော်သတ္တိကောင်းတယ်လို ထင်ထားတာ။ဒါပေမဲ့ နောက်ဆုံးတော့ ငကြောက်ပဲ။"

"ဂိုဏ်းချုပ်"

လုချင်းချင်းသည် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ် သားရဲက ဂျုနီယာမောင်လေးတွေရဲ့ အသားတွေကို အမြဲ လုစားနေတယ်။ ဒါကမဟုတ်သေးဘူး။"

သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် လေ့ကျင့်လျက်ရှိသော တပည့်များသည် သူတို့အစ်မကြီး၏စကားကို ကြားလိုက်ချိန်မှာတော့ ရင်ထဲတွင် ဝမ်းနည်းမှုများ လှိုက်တက်လာ၏။ သူတို့သည် ငိုချင်စိတ်ကို မနည်းထိန်းသိမ်းထားရသည်။

လျိုဝမ်ရှစ်၏ ဟင်းချက်စွမ်းရည်သည် အလွန်အမင်း ကောင်းမွန်လှပြီး ဟင်းသီးဟင်းရွက်များကိုပင် ကျန်းမာရေးနှင့် လျော်ညီပြီး ကောင်းမွန်သည့် အရသာဖြစ်အောင် ချက်ပြုတ်နိုင်စွမ်းရှိသည်ဆိုသော်လည်း တစ်နှစ်ပတ်လုံး တစ်ချိန်လုံး အသီးအရွက်တွေချည်းပဲ စားရသည်ကိုတော့ သူတို့ မနှစ်ခြိုက်ကြချေ။

"ငါလည်း ဒီပြဿနာကို စဉ်းစားနေတာ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြီးရင် လူတွေကိုခေါ်ပြီး လုံလောက်တဲ့ အသားတွေဝယ်ဖို့ ချင်းယန်နိုင်ငံဆီကို လွှတ်မှဖြစ်မယ်။ဒါဆိုရင် အားလုံးပဲ အသားတွေကို စားလို့ရနိုင်လိမ့်မယ်။"

တပည့်တွေအားလုံး ပျော်ရွှင်သွားကြ၏။

စီမာကျုံးတ သည် လက်ကိုမြှောက်ကာဖြင့် စေတနာ့ဝန်ထမ်းပြုလုပ်လိုက်၏။ "ဂိုဏ်းချုပ် ကျွန်တော်အရင်တုန်းက အသားရောင်းဖူးတယ်လေ။ဒါ့ကြောင့် အသားဈေးတွေနဲ့ ပတ်သက်ရင် နားလည်တယ်။ဒါ့ကြောင့် အသားဝယ်ဖို့အတွက် ချင်းယန်မြို့ကို ကျွန်တော်သွားပါမယ်။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်၏ တည်နေရာအား တွက်ချက်၍ စီမာကျုံးတ အား ငွေအလုံအလောက် ပေးအပ်လိုက်၏။

ညနေနေဝင်ချိန်ရောက်မှာတော့ စီမာကျုံးတ သည် ပြန်ရောက်လာ၏။ သူ၏သိုလှောင်လက်စွပ်ထဲမှာတော့ အသားများ အပြည့်နှင့်ဖြစ်နေသည်။

တစ်နေ့ကို ပေါင်ငါးရာလောက် စားသောက်မည်ဆိုလျှင်တောင်မှ တစ်လလောက် စားသောက်၍ရသော အသားများဖြစ်၏။

"တစ်ပေါင်ကို ငွေဆယ်တေလ်းပဲ။ဒီတော့ ဒီဟာက တော်တော် များပြားတဲ့ ပိုက်ဆံဖြစ်လိမ့်မယ်။"

ကျွင်းချောင်ရှောင်း ရူးချင်သွား၏။ သူ၏ဂိုဏ်းထဲတွင် ဂိုဏ်းသား ငါးရာကျော်ရှိ၏။ တစ်နှစ်ပတ်လုံး ဤကဲ့သို့သာ စားသောက်နေမည်ဆိုလျှင် သူသည် ချိုးခြုံကျ၍ သူတောင်းစားပင် ဖြစ်သွားနိုင်သည်။

"ဂိုဏ်းချုပ်"

လီလိုရှုသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီး ပြောလိုက်၏။ "ဟူရန်မြို့က သတင်းတစ်ခုရှိတယ်။ အိုက်မိသားစုခေါင်းဆောင်က အဆင့်ရှစ်နိုင်ငံတစ်ခုဖြစ်တဲ့ လင်းယန်မြို့ကို သွားပြီးတော့ ဆေးလုံးလေလံပွဲ ပြုလုပ်ချင်နေတယ်။"

ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။

"ဘာလို့ ချင်းယန်နိုင်ငံမှာ မလုပ်တာလဲ။"

လီလိုရှုက ပြောလိုက်သည်။ "ကောလဟာလတွေအရဆိုရင် လင်းယန်မြို့ရဲ့ ကလန်ကြီးတစ်ခုက ပိုက်ဆံတော်တော်များများသုံးပြီး သူတို့ဆီမှာ လေလံပွဲပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ပြောတယ်။"

"ဂိုဏ်းချုပ်"

လီချင်းယန်သည် သတင်းလာပို့၏။

"အိုက်မိသားစုခေါင်းဆောင်က အပြင်ဘက်မှာ တွေ့ခွင့်လာတောင်းနေပါတယ်။"

အိုက်ရှန်းရီ ဂိုဏ်းဆီသို့ ရောက်လာမည်ကို လီလိုရှု အစောကတည်းက သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူမ ဘာမှမပြောတော့ပဲ ဤနေရာမှ ထွက်ခွာသွားလိုက်သည်။

"ဝင်ခိုင်းလိုက်။"

အိုက်ရှန်းရီသည် အဓိကဟောခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ စကားခဏပြောလိုက်၏။ ပြီးနောက် သူလက်ရှိပြင်ဆင်ထားသော ဆေးပင်နှင့် အရည်အသွေးမြင့် မျိုးစေ့များအားလုံးကို လက်ဆောင်ပေးလိုက်၏။

ပြီးနောက် လင်းယန်နိုင်ငံသို့ သွားရောက်မည့် လေလံပွဲအကြောင်းကိုလည်း ပြောပြခဲ့သည်။

"အိုက်ခေါင်းဆောင်" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

"ဘာလို့ လင်းယန်နိုင်ငံကို သွားပြီးတော့ လေလံပွဲလုပ်မှာလဲ။"

အိုက်ရှန်းရီပြုံးလိုက်၏။

"လင်းယန်နိုင်ငံရဲ့ ချင်းကလန်က ဈေးကြီးပေးပြီး ဝယ်ယူဖို့ မျှော်လင့်နေတယ်လေ။ဒါကြောင့် သူတို့ဆီမှာ လေလံပွဲ လုပ်စေချင်နေတယ်။"

"ချင်းကလန် ဟုတ်လား။"

ထိုသူတို့သည် အလွန်အမင်း ချမ်းသာပုံပေါ်၏။

အိုက်ရှန်းရီ ပြုံးကာ ပြောလိုက်သည်။ "ကျုပ်က ချင်းကလန်ခေါင်းဆောင်နဲ့ တော်တော်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ဒါကြောင့် သူတို့ ဖိတ်ခေါ်ပြီဆိုမှတော့ ဖိတ်ခေါ်မှုကို လက်ခံရတော့မှာပေါ့။ နောက်တခါကျင်းပမယ့် လေလံပွဲက လင်းယန်မြို့မှာပဲ ဖြစ်လိမ့်မယ်။"

ချင်းကလန်၏ဖိတ်ခေါ်မှုကို ရရှိပြီးသည့်နောက် သူသည် အစောကြီးကတည်းက ပြင်ဆင်ပြီးဖြစ်၏။

ချင်းယန်နိုင်ငံသည် အလွန်အမင်း သေးငယ်လှသည်။ သူသာ အဆင့်ရှစ် နိုင်ငံတစ်ခုခုတွင် လေလံပွဲကို ကျင်းပနိုင်မည်ဆိုပါက ပိုမိုများပြားသည့်ဈေးများ /ငွေကြေးများ ရနိုင်မှာ သေချာသည်။

စီးပွားရေးသမားများသည် အကျိုးအမြတ်ကိုသာ မျှော်လင့်၏။

သူ့အနေနှင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများအား မြင့်မားသည့် ဈေးနှုန်းနှင့် ရောင်းချနိုင်ခဲ့မည်ဆိုလျှင် စီးပွားရေးမှာ တမဟုတ်ချင်း တိုးတက်သွားပေလိမ့်မည်။

"ကျုပ် … "

ကျွင်းချောင်ရှောင်း ခဏလောက်တွေးတောလိုက်၏။ ပြီးနောက် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှစ်ဆယ်နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးဆယ်လုံးတို့အား ထုတ်ပေးကာ ပြောလိုက်၏။

"လင်းယန်မြို့က တော်တော်ဝေးတယ်။ဒီတော့ အဲကိုသွားဖို့ လွယ်မှာမဟုတ်ဘူး။ အိုက်ခေါင်းဆောင် ကျေးဇူးပြုပြီး များများရောင်းခဲ့ပါ။"

အိုက်ရှန်းရီ အပျော်လွန်သွားသည်။

အရင်ကပေးထားခဲ့သည့် အရာများနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူ့တွင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ခုနစ်ဆယ် နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး နှစ်ဆယ်လုံး ရှိနေပြီဖြစ်သည်။

ထို့ကြောင့် လီယန်မြို့သို့ သွားမည်ဆိုပါက များပြားလှသည့်ငွေကြေးများကို ရရှိမှာ သေချာ၏။

နှစ်ယောက်သား ခဏလောက် စကားပြောပြီးသည့်နောက်မှာတော့ အိုက်မိသားစုခေါင်းဆောင်သည် မတ်တပ်ရပ်ကာ ထွက်ခွာသွားသည်။

ကျွင်းချောင်ရှောင်းသည် သူ့ကို လိုက်ပိုပြီးသည့်နောက် တီးတိုးရေရွတ်လိုက်မိ၏။ "ငါအခု ပိုက်ဆံတွေလိုနေတယ်။အိုက်မိသားစုခေါင်းဆောင်သာ ငါ့ကို ပိုက်ဆံများများပြားပြား ရှာပေးနိုင်ရင် ကောင်းလိမ့်မယ်။"

"ဖြောင်း ဖြောင်း"

သူလက်ခုပ်တီးကာ ပြောလိုက်သည်။ "အသားတွေကလည်း လုံလုံလောက်လောက် ဝယ်ပြီးသွားပြီ။ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စပြီး ကျင့်ကြံလို့ ရနေပြီပဲ။"

သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ နဂါးလေး၏ စားချင်သောက်ချင်စိတ်များသည် ရက်အနည်းငယ်အတွင်းမှာတော့ လျော့ကျလာလျက်ရှိသည်။

သူသည် အသားကီလိုဂရမ် အနည်းငယ်ကိုသာ စားသောက်ခဲ့၏။

အအေးကြောင့် ဖျားသွားခဲ့လေသည်လား။

နောက်တစ်ရက်ရောက်ချိန်မှာတော့ ဤသေးငယ်လှသော ကောင်ကလေးသည် စာကြည့်ခန်းထဲရှိ သူခေတ္တနားခိုရာနေရာတွင် အိပ်စက်လျက်ရှိသည်။

ကျွင်းချောင်ရှောင်း ပို၍ စိတ်ပူပန်နေမိ၏။

စနစ်ကပြောလိုက်သည်။ "လက်ခံသူ စိတ်မပူနဲ့ ။ ဒီကောင်လေးက ဆောင်းခိုနေတာ ဖြစ်နိုင်တယ်။"

"ချီးတဲ့မှ … ဘယ်ကိုဆောင်းခိုတာလဲ။အခုက နွေဦးရာသီကြီးဟာကို"

စနစ်မှပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ ထူးခြားတဲ့ သားရဲတွေက အချိန်တိုင်းဆိုသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ အကျင့်ရှိတယ်။ နဂါးလေးကလည်း သူတို့ထဲက တစ်ကောင်ဖြစ်လိမ့်မယ်။"

"ဖျားနေတာမဟုတ်ဘူးပေါ့။"

"မဟုတ်ပါဘူး။"

"ဒါဆိုရင်ကောင်းတယ်။"

ကျွင်းချောင်ရှောင်းပြောလိုက်၏။ "နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးရင် ဘာအကျိုးကျေးဇူးရှိလဲ။"

စနစ်မှပြောလိုက်၏။ "သားရဲတွေက လောကရဲ့ သဘာဝကို ပိုပြီးတော့ နားလည်လာလိမ့်မယ်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့ အားအင်တွေက ပို ပိုပြီးတိုးလာလိမ့်မယ်။ဒါကို အိပ်စက်ရင်းနဲ့ အဆင့်တိုးတက်ခြင်းလို့ ခေါ်ကြတယ်။"

အားအင်များ တိုးတက်ပြီး ပြောင်းလဲလာမည်ဆိုသည့် စကားကိုကြားတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။

ပြီးနောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားသည်။ "ဒီကောင်လေးက ဒီလောက်အများကြီး စားတာတောင်မှ ကြီးထွားမလာဘူး။ကောင်းကောင်းမအိပ်လို့နေမှာပေါ့။"

"အင်း"

စနစ်မှပြောလိုက်သည်။ "သီအိုရီအရဆိုရင် ဟုတ်တယ်လို့ ပြောရမှာပေါ့။"

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဒီအိပ်စက်ခြင်းနဲ့ အဆင့်တိုးတက်ခြင်းလို့ခေါ်တဲအရာ ဘယ်လောက်ကြာနိုင်လဲ။"

"မြန်မယ်ဆိုရင် သုံးလကနေ ငါးလလောက်ကြာလိမ့်မယ်။နှေးမယ်ဆိုရင်တော့ နှစ်သုံးရာကနေ နှစ်ငါးရာလောက် ကြာနိုင်တယ်။"

"နှစ်သုံးရာမှ နှစ်ငါးရာ ဟုတ်လား။"

ကျွင်းချောင်ရှောင်း မေ့လဲတော့မလိုပင် ဖြစ်မိသွား၏။

ဤကောင်လေးသည် နှေးကွေးသည့် သတ္တဝါသာဆိုလျှင် ၎င်းသတ္တဝါ နိုးထလာသည့်အချိန်သို့ ရောက်ပါက သူ့အနေနှင့် ချိန်ကိုက်ဗုံးပေါက်ကွဲ၍ သေတောင်သေနေလောက်ပြီ ဖြစ်သည်။

သောက်ကျိုးနည်းလှချေသည်တကား။

All Chapters