အခန်း (၂၅၅)
Vol. 18 Ch. 255
"စီနီယာအစ်ကိုကြီး ဒီနေ့အသားစားပြီးသွားပြီလား။"
"အေး …. အရမ်းအရသာ ရှိတာပဲကွာ။"
မီးနဂါးလေးသည် အိပ်မောကျနေသောကြောင့် သူတို့၏ အသားများကို လုမစားနိုင်တော့ချေ။
ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသားများအားလုံးသည် အလွန်တရာ ပျော်ရွှင်နေကြသည်။ အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံချိန်မှာတော့ ပျော်ပျော်ရွင်ရွင်နှင့် နှုတ်ဆက်နေကြသည်။
မီးနဂါးလေး အိပ်မောကျနေခြင်းသည် လူတိုင်းအား ပျော်ရွှင်စေသည် မဟုတ်ပေ။
ဥပမာအားဖြင့် ထမင်းစား စားပွဲပေါ်တွင် ထိုင်လျက်ရှိသော လျှိုဝမ်ရှစ် သည် မေးထောက်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် နဂါးလေးက ဘယ်အချိန်နိုးလာမှာလဲ။"
ကျွင်းချောင်ရှောင်းသည် ပလုပ်ပလောင်းနှင့် စားရင်း ပြောလိုက်သည်။ "နှစ်လကနေ သုံးလလောက် ကြာလိမ့်မယ်။"
လျှိုဝမ်ရှစ် ပြောလိုက်သည်။ "ထူးခြားတဲ့သားရဲတွေက အိပ်နေရင်းနဲ့ အဆင့်တိုးတက်နိုင်တယ်လို့ ကျွန်မ ကြားဖူးတယ်။ နဂါးလေးက မူလပုံစံအတိုင်း ရှိနေပါစေလို့ ဆုတောင်းမိတယ်။ မဟုတ်ရင် အခုလိုမျိုး ချစ်ဖို့ ကောင်းမှာ မဟုတ်တော့ဘူး။"
ကျွင်းချောင်ရှောင်းသည် စားနေသည့် အစားအစာများပင် နင်သွားမိသည်။
ဒီကောင့်ကို ဂိုဏ်းစောင့်ခိုင်းချင်လို့ ၊ ပုံစံပြောင်းပြီး ပိုမို ကြီးထွားလာစေဖို့ ပိုက်ဆံတွေ အများကြီး သုံးခဲ့ရတာလေ။အရင်ပုံစံအတိုင်း ရှိနေမှတော့ ဘာလုပ်လို့ ရမှာလဲ။
ပြောရမည်ဆိုလျှင် ဤ မိန်းကလေးသည် အိပ်စက်၍ အဆင့်တိုးတက်သည့် အကြောင်းကိုလည်း သိရှိနေသည်။ မည်မျှ အံ့အားသင့်စရာ ကောင်းသနည်း။
"ဪ ဟုတ်ပြီ ဂိုဏ်းချုပ်။"
လျိုဝမ်ရှစ် သည် ပြုံးကာ ပြောလိုက်သည်။ "လတ်တလောမှာ ကျွန်မ တစ်စုံတစ်ယောက်ရဲ့ အားအင်ကို ပိုပြီး တိုးပွားလာစေတဲ့ ဟင်းပွဲမျိုးကို သုတေသန လုပ်နေတယ်။အခု အောင်မြင်သွားပြီ။ စမ်းပြီး စားကြည့်ချင်လား။"
"အားအင်အဆင့်ကို ပိုပြီး တိုးစေတဲ့ ဟင်းပွဲ ဟုတ်လား။"
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။
လျိုဝမ်ရှစ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဒါကို ကျွန်မဘာသာ သုတေသန လုပ်ထားတာလေ ။စားပြီးသွားရင် အားအင်အဆင့်က အချိန်ကာလတစ်ခုအထိ တိုးလာစေလိမ့်မယ်။ အခြား ဘေးထွက် ဆိုးကျိုးလည်း မရှိဘူး။"
"အဲလောက် အားကောင်းတာလား။" ကျွင်းချောင်ရှောင်း ကြောင်သွား၏။ ပြီးနောက် ပြောလိုက်သည်။
"လာ လာ ငါ စားကြည့်လိုက်မယ်။"
"ခဏလောက်စောင့်အုံး။ ကျွန်မ သွားယူလိုက်အုံးမယ်။" လျိုဝမ်ရှစ်သည် မီးဖိုချောင်ထဲသို့ ဝင်သွား၏။
ပြီးနောက် အစားအစာများကို ယူဆောင် လာတော့သည်။
"ဒါကို သေချာ လုပ်ထားတာလေ။မအေးသေးဘူး။ပူတုန်းလေး စားလိုက် ဂိုဏ်းချုပ်။"
အစားအစာများကို ကြည့်လိုက်တော့ ပုံမှန်ထက် ဘာမှ ထူးခြားမှု မရှိသည်ကို မြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မေးခွန်းထုတ်လိုက်မိသည်။ "အားအင်အဆင့်ကို ပိုပြီးတိုးစေတဲ့ အစားအစာ။ ဒါက ကျင့်ကြံခြင်းလောကမှာ ရှိတဲ့ အရာပဲ။"
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူ အခုရောက်နေတာ ကျင့်ကြံခြင်း လောကပဲ။"
"ဟုတ်သားပဲ။ ငါ ဒါကို မေ့နေတယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ တူအား အသာမ၍ အသားတုံးတစ်တုံးအား ယူကာ ပါးစပ်ထဲသို့ ထည့်၍ ဖြည်းဖြည်းချင်း ဝါးစားလိုက်၏။
မွှေးပျံ့သည်။ နူးညံသည်။ သို့ပေမဲ့ ဆီလည်း မများချေ။
ကောင်းကင်ဘုံ ….. အရမ်း အရသာရှိတာပဲ။
ကျွင်းချောင်ရှောင်းသည် အသာဝါးလိုက်ပြီးသည့်နောက် အရသာရှိလှသော အစားအစာသည် သူ၏ သိစိတ်တစ်ခုလုံထဲသို ပျံ့နှံ့သွားတော့သည်။
ထိုအချိန်၌ သူ၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်သွားတော့သည်။ ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခံစားနေရ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းငုံ၍ အစားအစာများကို မြန်မြန် စားသုံးတော့သည်။
သူသည် စားသောက်နေရင်းမှ ဤအစားအစာ၏ အရသာရှိမှုကိုလည်း အသိအမှတ်ပြုမိ၏။ ထိုသို့ အသိအမှတ် ပြုမိသောကြောင့် သူ လုပ်နိုင်သောအရာမှာ ရှိသမျှ အားလုံးကို ပြောင်သလင်းခါအောင် စားသုံးခြင်းပင် ဖြစ်သည်။ တစ်စက်ကလေးမှကိုမှ အလေအလွင့် အဖြစ်မခံခဲ့ချေ။
အရသာရှိသည့် အစားအစာများ သူ့ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှာတော့ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်အပူလှိုင်းတစ်ခု ဖြစ်တည်လာ၏။
သူ၏အားအင်များသည်လည်း တိုးပွားလာတော့သည်။
"ဒါက"
ကျွင်းချောင်ရှောင်း တူန်လှုပ်သွားမိ၏။
ခန္ဓာကိုယ်ထဲ၌ ဖြစ်တည်နေသော အပူလှိုင်းများသည် အလွန်တရာ နည်းပါးလှသည်ဆိုသော်လည်း တိုးတက်လာသည်ကို သူ ခံစားမိသည်။
“ဒါက မှော်ဆန်လွန်းတယ်။” စနစ်သည် မနေနိုင်တော့ဘဲ ထပြောလိုက်မိ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တစ်စုံတစ်ယောက်၏ အားအင်ကို တိုးတက်နိုင်စေသည့် ဆေးလုံး ရှိ၏။
သို့ပေမဲ့ ထမင်းတစ်ပန်းကန်လောက်စားလိုက်သည်နှင့် အားအင်အဆင့်ကို တိုးပွားလာနိုင်သည် ဆိုသည်မှာတော့ အံ့အားသင့်စရာပင် ဖြစ်တော့သည်။
နောက်ဆုံးမှာတော့ ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသော စားစရာမှန်သမျှကို ပြောင်သလင်းခါအောင် စားမိလိုက်၏။
ပြီးနောက် သူသည် မတ်တပ်ထရပ်လိုက်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြည့်လိုက်တော့ အလွန်အားကောင်းသော အားအင်တွေနှင့် ပြည့်စုံနေသည်ကို သူ ခံစားမိလိုက်သည်။
လျိုဝမ်ရှစ်သည် သူမ၏ ကြီးမားလှသော မျက်လုံးကြီးများကို ပေကလပ် ပေကလပ်လုပ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ် ဘယ်လို ခံစားရလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စွန်းမိုက်တယ်။"
ဂိုဏ်းချုပ် ပြောသော စွန်းမိုက်တယ်ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကို သူမ နားမလည်သော်လည်း ဂိုဏ်းချုပ်၏ အမူအရာကို ကြည့်လိုက်သည်နှင့် အလွန်တရာ သဘောကျနေကြောင်း သိရှိနိုင်၏။
လျိုဝမ်ရှစ် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မရဲ့ တွက်ချက်မှု အရဆိုရင် ဒီအစားအစာတွေက တစ်စုံတစ်ယောက်ရဲ့ အားအင်အဆင့်ကို နှစ်ဆယ်ရာခိုင်နှုန်း တိုးစေလိမ့်မယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ အားအင်အဆင့်ကို မစမ်းသပ်ပေ။
သို့ပေမဲ့ သူ၏ အားအင်သည် တစ်သိန်းနည်းပါးခန့် ရှိသောကြောင့် အားအင်သည် တစ်သိန်းနှစ်သောင်းခန့် ထိ တိုးတက်သွားမည်ကို ခန့်မှန်းမိလိုက်၏။
အစားအစာ အနည်းငယ်လောက် စားပြီးလိုက်သည်နှင့် ဂျင်အား နှစ်သောင်းလောက် တိုးတက်လာသည်ဆိုခြင်းမှာ အံ့ချီးဖွယ်ရာပင် ဖြစ်တော့သည်။
မယုံကြည်နိုင်စရာပင်။
"ဒီအစွမ်းသက်ရောက်မှုက ဘယ်လောက်ကြာကြာခံမှာလဲ။"
လျိုဝမ်ရှစ်သည် သူမ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အခုမှ သုတေသန လုပ်တုန်းရှိသေးတာလေ။ စမ်းသပ်နေတုန်းပဲ။ အချိန်ကာလကို အတည်မပြုရသေးဘူး။”
“နေပါအုံး ….စမ်းသပ်တယ်ဆိုတော့။"
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ "မင်းက ငါ့ကို စမ်းသပ်ခံ ကြွက်တစ်ကောင်လိုမျိုး သဘောထားတာလား။"
"ဟဲ … ဟဲ။"
လျိုဝမ်ရှစ်သည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်က အရမ်းအားကောင်းတယ်လေ။ဒါ့ကြောင့် ဂိုဏ်းချုပ်နဲ့ စမ်းမှ ဖြစ်မယ်။ အစားအစာ နည်းနည်းလောက် စားလိုက်ရုံနဲ့ ဘာပြဿနာမှတော့ မဖြစ်လောက်ပါဘူး။"
ကျွင်းချောင်ရှောင်းသည် သူမ၏ ဦးခေါင်းကို အသာ ပုတ်ကာ ပြောလိုက်သည်။ "အစားအစာတွေက ကောင်းလွန်းတော့ ငါ မင်းကို အပြစ်မတင်တော့ပါဘူး။"
သို့ပေမဲ့ သူသည် ပြောပြောပြီးချင်းမှာပဲ တွန့်ကနဲ ဖြစ်သွား၏။
သူ၏ခြေထောက်များသည် အားမရှိတော့ သလို ခွေကနဲဖြစ်သွားမိ၏။ သူသည် မထိန်းချုပ်နိုင်တော့ဘဲ ထိုင်ခုံပေါ်သို့ ပစ်လဲကျသွားတော့သည်။
"ဂိုဏ်းချုပ်။"
လျိုဝမ်ရှစ် စိုးရိမ်ကြီးစွာဖြင့် မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ …. ငါ့ဆီမှာ အားအင်မရှိတော့ဘူ။ ငါ မူးနေတယ်။"
ပြောနေရင်းမှာပဲ သူ၏ မျက်လုံးများသည် ချာချာလည်သွားသည်။ ပြီးနောက် ပါးစပ်ထဲမှ အမြုပ် ထွက်လာတော့၏။
ထိပ်လန့်တုန်လှုပ်သွားသော လျိုဝမ်ရှစ်သည် မြန်မြန်ပဲ အော်ဟစ်လိုက်တော့သည်။ "မကောင်းတော့ဘူး။ ဂိုဏ်းချုပ် သေသွားပြီ"
အားတင်းတောင့်ခံထားသော ဂိုဏ်းချုပ်သည် လျိုဝမ်ရှစ်၏ နောက်ဆုံးစကားကို ကြားလိုက်ချိန်မှာတော့ စားပွဲပေါ်၌ လဲရင်း မေ့မျောသွားခဲ့ပြီဖြစ်သည်။
"ဘာဖြစ်တာလဲ …. ဘာဖြစ်တာလဲ။"
ပထမဦးဆုံး ရောက်ရှိလာသူမှာ စုရှောင်မိုပင် ဖြစ်သည်။
သူသည် ပါးစပ်ထဲမှ အမြုပ်တွေ ထွက်လျက်ရှိသော သူတို့၏ ဂိုဏ်းချုပ်ကို မြင်ချိန်မှာတော့ အလွန်တရာ ထိတ်လန့်သွား၏။
"နဂါးလေးကြောင့် ဖြစ်တာလား"
မဟုတ်သေးပေ။ နဂါးလေးသည် ဆောင်းခိုလျက်ရှိနေသည်။
ထိုအချိန်မှာပဲ လီချင်းယန် ရောက်ရှိလာသည်။
ဂိုဏ်းချုပ်၏ အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပဲ ဂိုဏ်းချုပ်အား ထမ်းယူ၍ ဆေးဆောင်ဆီသို့ ပြေးတော့၏။
ဆေးဆောင်၏ အပြင်ဘက်ဆီမှာတော့ တပည့်များအားလုံးသည် စိုးရိမ်ပူပန်စွာဖြင့် စောင့်လျက်ရှိနေသည်။
လျိုဝမ်ရှစ်သည် လှေကားထစ်များတွင် ထိုင်၍ သူမ၏ ဦးခေါင်းကို ငုံထားသည်။ မျက်လုံးထဲမှ ပဲစေ့ အရွယ်လောက်ရှိသော မျက်ရည်များ တပေါက်ပေါက် နှင့် ကျလျက် ရှိ၏။
"မငိုနဲ့။"
တံခါးကို မှီ၍ ခပ်တည်တည်ဖြင့် ရပ်လျက်ရှိသော လုချင်ချင်းသည် ပြောလိုက်သည်။
“အီး .. အီး။”
လျိုဝမ်ရှစ်သည် ခံစားချက်ကို မထိန်းချုပ်နိုင်သောကြောင့် အော်ငိုလိုက်မိသည်။ "စီနီယာအစ်မ …. ဒါတွေ အားလုံး ကျွန်မရဲ့ အပြစ်ပါ။"
"ဂိုဏ်းချုပ် က ကျွန်မကျွေးတာ စားပြီးတာနဲ့ ဒီလို ဖြစ်သွားတာပဲ။"
လုချင်းချင်း ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက အသက်ပြင်းတယ်။ဒီလောက်ကတော့ သူ ခံနိုင်ရည်ရှိပါတယ်။သူ အဆင်ပြေလိမ့်မယ်။"
သတိလစ်နေ့မျောနေသော ဂိုဏ်းချုပ်ကျွင်းသာ ထိုစကားကို ကြားမည်ဆိုပါက သွေးတောင်အန်သွားနိုင်လောက်သည်။
ခဏလောက်ကြာပြီးသည့်နောက် ဆေးခန်းမဆောင်၏ တံခါးသည် ပွင့်သွားသည်။ အကြီးအကဲဝေသည် အဆောင်ထဲမှ ထွက်လာပြီး ပြောလိုက်၏ ။ "ဂိုဏ်းချုပ်ကျွင်း အခြေအနေကောင်းတယ်။ သူ အစာအဆိပ်သင့်သွားတာပဲ။"
သူသည် သမားတော်တစ်ယောက်မဟုတ်သော်လည်း ဆေးပင်များနှင့် တစ်နေကုန် ထိတွေ့နေရသည်မို့ ဆေးနှင့်ပတ်သက်သည့် ဗဟုသုတများ ရှိသည်။
ဟူး …..။
အားလုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
အကြီးအကဲဝေ ပြောလိုက်သည်။ "သူ နှစ်လသုံးလလောက် နေပြီးရင် ပြန်ကောင်းသွားလိမ့်မယ်။"
အားလုံးသည် လဲကျသွားတော့မလို ဖြစ်သွားတော့သည်။
အကြီးအကဲဝေ နှစ်လသုံးလလောက် နားရတော့မှ အဆင်ပြေတယ် ဖြစ်ပါတော့မလား။
"မိန်းကလေးလျို … မင်း ကပ်စေးနဲပင်ရယ် ၊ အမှုန့်စိမ်းရယ် ၊ လေးညှင်းပွင့်ရယ်ကို အစားအစာထဲ ရောထည့်လိုက်သလား။"
လျိုဝမ်ရှစ်သည် ငိုနေရာမှ ရပ်တန့်သွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ "အကြီးအကဲဝေ ဘယ်လိုလုပ် သိတာလဲ။"
အကြီးအကဲဝေသည် သူ၏ ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။
"ဒီဆေးပင်တွေ တစ်ခုချင်းစီသုံးမယ်ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ အားလုံးကို စုပေါင်းပြီး ထည့်လိုက်မယ်ဆိုရင် အဆိပ်ဖြစ်သွားစေတယ်။ဒါကို စားလိုက်မယ်ဆိုရင် အားနည်းမှုကို ခံစားရလိမ့်မယ်။ ဂိုဏ်ချုပ်ကျွင်းလို ပါးစပ်ထဲက အမြုပ်တွေ ထွက်လာမှာ။ တော်တော်များများ စားမိရင်တော့ အသက်အန္တရာယ် ပါ ရှိနိုင်တယ်။"
ဟမ်။
လျိုဝမ်ရှစ်သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်။
အကြီးအကဲဝေပြောလိုက်သည်။
"မနက်ဖြန်ကစပြီးတော့ ဆေးပင်တွေနဲ့ သူတို့ရဲ့ အစွမ်းသက်ရောက်မှုတွေကို ငါ မင်းကို သင်ပေးမယ်။ ဒါဆိုရင် အခုလို ပစ္စည်းတွေ လျှောက်ရောပြီး အစာအဆိပ်သင့်တာတွေ ဖြစ်မှာ မဟုတ်တော့ဘူး။"
"ကောင်းတယ်"
"ကောင်းတယ် … ကောင်းတယ်။"
အားလုံးက သဘောတူညီလိုက်ကြသည်။
ဂိုဏ်းချုပ်ကျွင်းသည် အသက်ပြင်း၏။ သို့ပေမဲ့ သူတို့သည် အသက်ပြင်းလှသည် မဟုတ်ချေ။
ဂျူနီယာညီမလေးလျိုသည် ဆေးပင်များနှင့် အစားအစာ အား ပေါင်းစပ်၍ သုတေသန ပြုလုပ်နေသည်။ ဤကဲ့သို့ အစာအဆိပ်သင့်သော အစားအစာများထပ်မံ ဖန်တီးမည်ဆိုပါက သူတို့အားလုံး သေဆုံးသွားနိုင်သည်။
သတိမေ့နေသော ကျွင်းချောင်ရှောင်းသာ သူ၏ တပည့်များ အခုလို တွေးနေသည်ကို သိလျှင် ကျိန်းသေပေါက် ဓားဆွဲထုတ်ပြီး လိုက်ခုတ်မိသည်မှာ သေချာလှသည်။
ဘယ်လောက်အသက်ပြင်းတဲ့လူဖြစ်ဖြစ် အစာအဆိပ်သင့်ရင် သေတာပဲကွ။
"ကောင်းပါပြီ။"
လျိုဝမ်ရှစ်သည် လေးလေးနက်နက် ပြောလိုက်သည်။
သူမသည် ရွှေအဆင့်စားဖိုမှူးတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဆေးပင်များနှင့် ပတ်သက်၍ ကျွမ်းကျင်သူ မဟုတ်ချေ။
ထို့ကြောင့် အစားအစာများကို အဆင့်မြှင့်တင်ရာတွင် ဆေးပင်များအကြောင်း ဂဃဏန သိထားခြင်းက ပို၍ကောင်းပေလိမ့်မည်။ ထို့ကြောင့် သူမ ကောင်းကောင်းလေ့လာရပေလိမ့်မည်။
ဤနေရာတွင် မေးစရာ တစ်ခုရှိနေသည်မှာ ဂိုဏ်းချုပ်ကျွင်းသည် စားသောက်နေရင်း သူ၏ ဝိညာဉ်တစ်ခုလုံး ကောင်းကင်ပေါ်သို့ တက်ရောက်သွားသလို အဘယ့်ကြောင့် ခံစားခဲ့ရသနည်း။
အစားအစာများသည် အရသာရှိလွန်းသောကြောင့်လား။ သို့မဟုတ် ဤအရာသည် အစာအဆိပ်သင့်သည့် လက္ခဏာများလား။