အခန်း (၂၅၉)
Vol. 18 Ch. 259
ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှာတော့ အဆင်မြင့် ကျင့်ကြံသူများ ဒဏ်ရာရရှိပြီးသွားလျှင် အဆင့်နိမ့် ကျင့်ကြံသူများထက် ပြန်လည်ကောင်းမွန်နိုင်စွမ်း အခွင့်အရေးမှာ နည်းပါးလှသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်ကျင့်ကြံမှုများသည် သတိအပြည့်ရှိကြပြီး တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် သိုသိုသိပ်သိပ် ခိုးကြောင်ခိုးဝှက် သွားလာလေ့ရှိသည်။
အဆင့်မြင့် ကျင့်ကြံသူများမှာတော့ အလွန်တရာ မောက်မာလှသည်။ ပြဿနာဖြစ်လိုက်သည်နှင့် ချက်ချင်း ရင်ဆိုင် တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေကြ၏။
ထို့ကြောင့်ပင် သိုင်းဆရာနှင့် သိုင်းစစ်သူကြီးကျင့်ကြံသူများ အသုံးပြု၍ရသော အလတ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် ကျိန်းသေပေါက် ဈေးကောင်းကောင်းနှင့် ရောင်းရမှာ သေချာသည်။
အလွန်ဝေးကွာသည့်ခရီးသည်သာ မဟုတ်လျှင် ဂိုဏ်းချုပ်ကျွင်းသည် အိုက်မိသားစုခေါင်းဆောင် ပြုလုပ်မည့် လေလံပွဲဆီသို့ လိုက်သွားပြီး ဆေးလုံးအနည်းငယ် ထပ်ပေးရန် ကြိုးစားမိပေလိမ့်မည်။
ကျင့်ကြံခြင်း နည်းစနစ်များလည်း ဖြန့်ဝေပေးခဲ့ပြီဖြစ်သလို ဆေးလုံးတွေလည်း သန့်စင်ပေးခဲ့၏။
နောက်ထပ် သူလုပ်စရာရှိသည်မှာ တပည့်သစ်ခေါ်ယူခြင်းပင် ဖြစ်တော့သည်။
ထူးဆန်လှပေသည်။ နောက်ဆုံး တပည့်ငါးရာကို ခေါ်ယူပြီးသည့်နောက်မှာတော့ မည်သူမှ ဂိုဏ်းသို့ စာရင်းပေးသွင်းမှု လာရောက် ပြုလုပ်ခြင်းမရှိပေ။ ဤအရာသည် ကျွင်းချောင်ရှောင်းအား စိတ်ဓာတ်ကျစေ၏။
"ငါက အစောကြီးကတည်းက ဟောင်ချီဂိုဏ်းကိုသွားပြီး ရင်ဆိုင်ခဲ့ပြီးပြီ။ဒါဆိုရင် ချင်းယန်နိုင်ငံမှာရှိတဲ့ လူငယ်လူရွယ်တွေက ငါ့ဆီကို လာသင့်တာမဟုတ်လား။ဘာလို့ သူတို့က အဲ့လောက် အမြင်ကျဉ်းနေရသေး တာလဲ။"
အမှန်တကယ်တမ်းမှာတော့ ချင်းယန်နိုင်ငံမှာရှိသော လူများသည် အမြင်ကျဉ်းလှသည် မဟုတ်ပေ။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့၏ လူသစ်စုဆောင်းပွဲ ပြီးပြီးသည့်နောက်မှာတော့ သင့်တော်သော လူငယ်အများစုသည် တခြားဂိုဏ်းများဆီသို့ ဝင်ရောက်ခဲ့ပြီးဖြစ်၏။
ကျန်သောအနည်းငယ်မှာတော့ အလွန်ဆိုးဝါးလှသော ပင်ကိုယ်စွမ်းရည်အမြစ်များကို ပိုင်ဆိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် မဝံ့မရဲဖြစ်နေကြခြင်းပင်။
ထို့အပြင် ဂိုဏ်းချုပ်ကျွင်း၏ကြေညာမှုသည် ချင်းယန်မြို့နှင့် ဟူရန်မြို့အတွင်းမှာပဲ ကြေညာခဲ့ခြင်းဖြစ်၏။
တစ်ခြားသော မြို့ခြောက်မြို့မှာတော့ သူတို့၏ကလေးများအား သံမဏိအရိုးဂိုဏ်းဆီသို့ ပို့လွှတ်ချင်သော မိဘများ ရှိသည်ဆိုလျင်တောင်မှ ဟောင်ချီဂိုဏ်းနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ကို ကြောက်ရွံ့နေရသည်။
လက်ရှိအချိန်တွင်ထိ ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် သင့်တော်လှသော လူငယ်များသည် ချင်းယန်နိုင်ငံတွင် အလွန်များပြားစွာရှိနေ၏။
သို့ပေမဲ့ အကြောက်တရားများ ရှိနေသောကြောင့် သူတို့သည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ရန် ခက်ခဲနေကြ၏။
"မဟုတ်သေးဘူး …. မဟုတ်သေးဘူး။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ငါဖြစ်နိုင်သမျှ အမြန်ဆုံး လူသစ်ခေါ်ယူဖို့ လုပ်မှဖြစ်မယ်။ဂိုဏ်းရဲ့တာဝန် မစသေးဘူးဆိုရင်တောင်မှ ဂိုဏ်းစုဆောင်းမှတ်တစ်ရာလောက်တော့ ရနိုင်သေးတယ်။"
သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ငါးမှတ်သာ ရှိတော့၏။
ထို့ကြောင့် သူသည် စိတ်ဝိညာဉ်အစီအရင်နှင့် ဂိုဏ်း၏အကာအကွယ် အစီအရင်တို့အားပင် မဖွင့်ရဲပေ။ အကယ်၍ ဖွင့်လိုက်မည်ဆိုလျှင်လည်း နှစ်ရက်အတွင်း သူ့တွင်ရှိသော ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးသွားမှာဖြစ်သည်။
တစ်ချို့သော အရာများကို ပြင်ဆင်ပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းသည် စာရင်းလာရောက် ပေးသွင်းမည့် ဂိုဏ်းသားသစ်များကို မစောင့်တော့ရန် ဆုံးဖြတ်လိုက်၏။
သူ့အနေနှင့် ဦးဆုံးသွား၍ များပြားလှသောမြို့တွင် ကြေညာ၍ ဂိုဏ်းသားသစ် စုဆောင်းမှုကို ပြုလုပ်ရန် စဉ်းစားလိုက်သည်။
ချင်းယန်နိုင်ငံတွင် မြို့ရှစ်မြို့ရှိ၏။ တစ်ခြားသော မြို့ခြောက်မြို့အား တစ်ခုချင်းစီ သွားရောက်လှည့်ပတ်ရန် သူစဉ်းစားလိုက်၏။
ထို့ကြောင့် အရင်ဆုံးသူသည် လီရန်မြို့သို့ ရောက်အောင် သွားလိုက်သည်။
"ရှောင်ကျီ"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းငါနဲ့လိုက်ခဲ့။"
"ကောင်းပါပြီ။"
ရှောင်ကျီသည် အမိန့်အား နာခံလိုက်၏။
အတိတ်တုန်းကသာဆိုလျှင်လီရန်မြို့သို့သွားရန် သူသည် ချိတုံချတုံ ဖြစ်နေပေလိမ့်သည်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ကျင့်ကြံခြင်းအဆင့်သည် မြင့်တက်လျက်ရှိပြီး သူ၏ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်သည်လည်း မူလအတိုင်း ပြန်လည်ဖြစ်တည်နေပြီဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကိုမှ စိုးရွံ့နေခြင်းမရှိပေ။
ကျွင်းချောင်ရှောင်းသည် တပည့်အနည်းငယ်ကို ထပ်မံ၍ ရွေးချယ်လိုက်သည်။
တော်တော်များများသည် အပြင်စည်း ဂိုဏ်းတပည့်များဖြစ်ပြီး သူတို့၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် များသည် သာမန်ကျလှ၏။
သို့ပေမဲ့ သူတို့၏ အဆင့်များသည် သိုင်းတပည့်အဆင့်သုံးမှ အဆင့်ငါးထိရှိနေကြသည်။သူ့အနေနှင့် လောကကြီးကို ပြောပြချင်သည်မှာ သံမဏိအရိုးဂိုဏ်းသို့သာ ဝင်ရောက်မည်လျှင် အလွန်ကောင်းမွန်လှသော ပင်ကိုယ်စွမ်းရည် မရှိသူဆိုလျှင်တောင်မှ ဂိုဏ်းချုပ်၏ လမ်းညွှန်ပေးမှုအောက်တွင် ပိုမို၍ အားကောင်းလာနိုင်သေးသည် ဆိုသည့်အကြောင်းပင်။
"လီရန်မြို့"
ကျွင်းချောင်ရှောင်းသည် မြို့တံခါးဝသို့ ဒုတိယအကြိမ်ရောက်ရှိလာသည်။ သူ၏နောက်တွင် တပည့်နှစ်ဆယ်မှ သုံးဆယ်ကြား အထိလိုက်ပါလာ၏။
အားလုံးသည် ခေါင်းကိုမော့၍ ရင်ကိုကော့ကာ အလွန်တရာ အားကောင်းလှသော အော်ရာ များကို ထုတ်လွှတ်လျက်ရှိ၏။
"ဒါသံမဏိအရိုးဂိုဏ်းပဲ။ဘာလို့ ထပ်ရောက်လာတာလဲ။"
မြို့ထဲတွင် ဝင်လိုက်ထွက်လိုက် ပြုလုပ်နေသော သိုင်းကျင့်ကြံသူများသည် တီးတိုးဆွေးနွေးနေကြ၏။
သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စဉ်က လူတော်တော်များများသည် သံမဏိအရိုးဂိုဏ်းအား အထင်သေး လှောင်ပြောင်ခဲ့ကြ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်းသည် ကြီးကျယ်လှသော ကိစ္စရပ်များကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် သူတို့၏အမြင်များသည် ပြောင်းပြန်ဖြစ်တည်သွားခဲ့ပြီဖြစ်သည်။
ထိုတင်မကသေးပေ သူတို့လမ်းလျှောက်လာသည် ဆိုသည်နှင့် တစ်ချို့သော သိုင်းပညာရှင်များသည် ကြိုတင်၍ လမ်းဖယ်ပေးသည့် အလုပ်ကိုပင် ပြုလုပ်နေကြ၏။
ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍ အဓိကလမ်းမကြီးမှတစ်ဆင့် လျှောက်လျက်ရှိသည်။
နောက်ဆုံးမှာတော့ သူတို့သည် မြို့တော်ဝန်၏အိမ်ရှေ့တွင် ရပ်လိုက်သည်။ ပြီးနောက် သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်း မြို့တော်ဝန်အောင်း ဆီကို လာလည်ပါတယ်။"
မြို့တော်ဝန်အိမ်၏ အစောင့်သည် ဤစကားသံကို ကြားချိန်မှာတော့ အလောတကြီးနှင့် အထဲကို ဝင်သွားပြီး သတင်းပို့လေတော့သည်။
မကြာခင်မှာပဲ နှုတ်ခမ်းမွေးစစရှိသော မြို့တော်ဝန်အောင်း သည် ထွက်လျှောက်လာပြီး လက်သီးကိုဆုပ်ကာ ပြုံး၍ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါအုန်း။"
လမ်းပေါ်တွင်ရှိသော သိုင်းပညာရှင်များအားလုံးသည် ဆွံအသွားကြသည်။
သံမဏိအရိုးဂိုဏ်းသည် လတ်တလောတွင် အလွန်ကျော်ကြားနေသည်ဆိုသော်လည်း အဆင့်ရှစ်ဂိုဏ်း တစ်ခုသာဖြစ်၏။ အဘယ့်ကြောင့် မြို့တော်ဝန်အောင်း သည် လူကိုယ်တိုင်ထွက်လာပြီး ကြိုဆိုနေရသနည်း။
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ဂါရဝ ပြုလိုက်ပြီး သူ၏တပည့်များကို ဦးဆောင်ကာ မြို့တော်ဝန်၏အိမ်ရာထဲသို့ ဝင်လိုက်၏။
ကြည့်ရှုနေသော ကျင့်ကြံသူများအားလုံးသည် ဇဝေဇဝါဖြစ်နေကြ၏။
……..
"အကြီးအကဲကြီး"
ရှောင်မိသားစု၏ တတိယအကြီးအကဲသည် အပြင်ဘက်ဆီမှ ဟောခန်းထဲသို့ လျှောက်ဝင်လာပြီး အလွန်ဒေါသကြီးစွာဖြင့် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းခေါင်းဆောင်က သူ့တပည့်တွေကို ခေါ်လာပြီး လီရန်မြို့ကို ရောက်လာပြီ။"
လက်ဖက်ရည်သောက်လျက်ရှိသော အကြီးအကဲကြီးသည် မှုန်ကုတ်သော အမူအရာဖြင့်ပြောလိုက်သည်။ "ဟိုအမှိုက်ကောင်ပါလာသေးလား။"
"သူပါလာတယ်။" တတိယအကြီးအကဲက ပြောလိုက်သည်။
"ခွက်"
အကြီးအကဲကြီးသည် လက်ထဲတွင်ရှိသော လက်ဖက်ရည်ခွက်အား လက်ဖြင့်ဖြစ်ကာ ခွဲလိုက်၏။ သူ၏မျက်လုံးထဲတွင် ဒေါသတရားတွေနှင့် အတူ သတ်ဖြတ်လိုခြင်းဆန္ဒတွေ ပြည့်နှက်သွားတော့သည်။
သိုင်းပြိုင်ပွဲတွင် ရှောင်ကျီသည်ဗိုလ်စွဲခဲ့၏။
ထို့ကြောင့် လူပုံအလယ်တွင် ရှောင်မိသားစုသည် မျက်နှာထားရခက်သည့် အနေအထားမျိုးသို့ ရောက်ရှိခဲ့ရသည်။
သူတို့သည် ငြိမ်မခံနိုင်သောကြောင့် လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်၍ မြို့အပြင်ဘက်တွင် ရှောင်ကျီအား သတ်ဖြတ်ခိုင်းခဲ့သေး၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျရှုံးခဲ့ရသည်။
မည်သို့ပင်ဆိုဆို သူတို့လုပ်သည်ကို မသိသည်မှာ ကံကောင်းလှချေ၏။
သူတို့ လတ်တလော ကြုံခဲ့ရသော ကြီးမားသည့် ကပ်ဘေးကြီးများ အားလုံးသည် ဂိုဏ်းချုပ်ကျွင်း၏ စီမံမှုကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်းကိုသာ ရှောင်မိသားစုမှလူများ သိရှိမည်ဆိုလျှင် သူတို့ ပြုလုပ်ခဲ့သည့် အရာများအား တစ်ဖက်မှ သိရှိနေကြောင်း နားလည်လာလိမ့်မည်။
"သူတို့က ဘာလာလုပ်ကြတာလဲ။"
အကြီးအကဲကြီးသည် အေးစက်စက်နှင့် မေးလိုက်၏။
တတိယအကြီးအကဲ က ပြောလိုက်သည်။ "မြို့တော်ဝန်အောင်း ဆီကို လာလည်တာ။"
"ဟမ့်"
အကြီးအကဲကြီးသည် နှာခေါင်းရှုံ့ကာဖြင့် ပြောလိုက်သည်။
"မြို့တော်ဝန်အောင်း က ချင်ဟောင်ရန်နဲ့ တော်တော် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။သံမဏိအရိုးဂိုဏ်းက ချင်ဟောင်ရန်နဲ့ ရန်ငြိုးရှိတယ်။အဲကို သွားလည်တယ်ဆိုတာ ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့မတူဘူးလား။"
"ဒါ ……."
တတိယအကြီးအကဲ ခဏရပ်ကာ ပြောလိုက်၏။ "မြို့တော်ဝန်အောင်း က ကျွင်းချောင်ရှောင်းကို လူကိုယ်တိုင်ထွက်ပြီး ကြို … ကြိုခဲ့သေးတယ်။"
"ဘာ"
အကြီးအကဲကြီး၏ မျက်လုံးများသည် ပြူးထွက်သွားသည်။
မြို့တော်ဝန်အောင်းသည် အလွန်တရာမောက်မာပြီး မာနကြီးလှသူဖြစ်၏။ ရှောင်မိသားစု ခေါင်းဆောင်ကိုယ်တိုင် သွားလည်မည်ဆိုလျှင်တောင်မှ ကိုယ်တိုင်ထွက်၍ ကြိုဆိုလိမ့်မည် မဟုတ်။
ယခု အဆင့်ရှစ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ရောက်ရှိလာသည်ကို အဘယ့်ကြောင့် မြို့တော်ဝန် ကိုယ်တိုင်ထွက်၍ ကြိုရသနည်း။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းသည် အလွန်ကြီးကျယ်လှသော ကိစ္စရပ်များကို ပြုလုပ်ခဲ့ခြင်း ကြောင့်ပင်။
ဟောင်ချီဂိုဏ်းကိုပင် အနိုင်ယူနိုင်ခဲ့သည့် အဆင့်ရှစ်ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း ထိုသို့သော ကိစ္စရပ်များကို ရှောင်မိသားစု လုပ်နိုင်သလား။ လုပ်နိုင်မည်မဟုတ်ပေ။
ချင်းယန်နိုင်ငံတွင် တောင်ပြာဂိုဏ်းမှလွဲ၍ တစ်ခြား မည်သူမှ ထိုကဲ့သို့သော အလုပ်ကို လုပ်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် မြိုတော်ဝန်သည် လူကိုယ်တိုင်ထွက်၍ ကြိုဆိုခြင်းအား မှားယွင်းသည်ဟု မည်သူက သုံးသပ်၍ ရမည်နည်း။
မြို့တော်ဝန်အောင်း သည် လူကိုယ်တိုင်လာရောက်၍ ကြိုဆိုသည်သာမက အထဲတွင်လည်းဂုဏ်ထူးဆောင် ဧည့်သည်တစ်ယောက်လို သဘောထားကာ ဧည်ခံလျက်ရှိ၏။
သူသည် စကားပြောရာတွင် စိတ်ပါဝင်စားစွာဖြင့် အားရပါးရ ပြောဆိုလျက်ရှိသည်။
ကျွင်းချောင်ရှောင်း ကိုယ်တိုင်သည်လည်း အနည်းငယ်ဆွံ့အသလို ဖြစ်မိနေ၏။
သူသည် မည်သည့်အချိန်တုန်းက မြို့တော်ဝန်ကိုယ်တိုင် ထွက်၍ ကြိုရလောက်သည့် အခြေအနေမျိုး ရောက်ရှိသွားမှန်း ကိုယ့်ကိုယ်ကိုယ်ပင် မသိလိုက်ချေ။
" ဖင်းယန်နိုင်ငံ၊ ဟီယန်နိုင်ငံ နဲ့ ဟွာရင် နိုင်ငံ တို့မှာ သိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ခိုင်းပြီး တပည့်တွေ အနိုင်ရခဲ့တယ်ဆိုတဲ့အကြောင်းကို သိခဲ့ရတယ်။ ဂိုဏ်းချုပ်ကျွင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ သံမဏိအရိုးဂိုဏ်းက ပိုပြီးအားကောင်းလာတာပဲ။"
မြို့တော်ဝန်အောင်း က ပြုံးလိုက်၏။
သြော် ဒီလိုကိုး။
တစ်ဖက်လူသည် အဘယ့်ကြောင့် အားတက်သရောဖြစ်နေသည်ကို သူ နားလည်လိုက်ရသည်။
ထိုသူသည် သတင်းရရှိခဲ့ခြင်းပင်ဖြစ်၏။
မြို့တော်ဝန်အောင်း သည်သာမက တစ်ခြားသော မြို့ခုနစ်မြို့ရှိ မြို့တော်ဝန်များ အားလုံးသည်လည်း ဤသတင်းကို သိရှိပြီးဖြစ်၏။
ပထမတုန်းက သံမဏိအရိုးဂိုဏ်းတပည့် ရီရှင်းချန် ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် အနိုင်ရခဲ့သည်ဟု ကြားချိန်မှာတော့ သူတို့ ဆွံ့အသွားခဲ့သည်။
အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် တပည့်တစ်ယောက်ထဲကိုသာလွှတ်၍ သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့၏။
ဤအရာသည် အမှန်ပင် အံ့အားသင့်စရာ ကောင်းနေသည်။
မြို့တော်ဝန်များထဲမှ တစ်ယောက်ဆိုလျှင် ဖင်းယန်နိုင်ငံတွင် ဝင်ရောက်ယှဉ်ပြိုင်လိုက်သော တပည့်များသည် ဒုတိယအဆင့် တပည့်များဖြစ်ပြီး လက်ရွေးစင်တပည့်များမဟုတ်နိုင်ဟု သုံးသပ်မိနေသေး၏။
ဟွာရင်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် လီချင်းယန်တစ်ယောက် ဗိုလ်စွဲခဲ့သည်ဆိုသည့် သတင်းကိုကြားချိန်မှာတော့ မြို့တော်ဝန်များ အားလုံးသည် အတွေးနက်မိသွားကြသည်။
ထိုနိုင်ငံသည် အလွန်တရာ ကြမ်းတမ်းလှသော မိစ္ဆာဂိုဏ်းများ ကြီးစိုးရာနေရာလည်းဖြစ်သည်။
သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူတော်တော်များများသည် သေဆုံးကြသည်က များသည်။ သံမဏိအရိုးဂိုဏ်းတပည့်သည် ဗိုလ်ပင်စွဲခဲ့သေး၏။
ဤအရာကား သူတို့စိတ်ကို ထိန်းချုပ်၍ ရနိုင်ခဲ့သော်လည် နောက်ဆုံးကြားလိုက်သည့် သတင်းဖြစ်သော ရှောင်ကျီသည် တခြားနိုင်ငံတစ်ခု သို့ သွား၍ သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် ဗိုလ်စွဲခဲ့သည် ဆိုသောသတင်းကို ကြားချိန်မှာတော့ မြို့တော်ဝန်အားလုံး၏ မျက်လုံးတွေသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ကျတော့မတတ် ပြူးထွက်သွားမိ၏။
ဤအရာသည် ကျိန်းသေပေါက် တုန်လှုပ်ချောက်ခြားစရာ ကောင်းလွန်းလှသည်။
သို့ပေမဲ့ စုရှောင်မိုနှင့် လီဖေးတို့သွားရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံများသည် အလွန်တရာ ဝေးကွာသောကြောင့် ထိုသူတို့ သတင်းမကြားရသေးခြင်းသာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ချင်းယန်နိုင်ငံတွင်ရှိသော မြို့တော်ဝန်အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေမှာ သေချာလှ၏။
"မြိုတော်ဝန်အောင်း"
ကျွင်းချောင်ရှောင်းသည် လိုရင်းကို ပြောလိုက်၏။ "ကျွန်တော်က မြို့တော်ဝန်ရဲ့ မြို့ထဲမှာ ဂိုဏ်းသားခေါ်ယူချင်တယ်။ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။"