← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

တပည့်အား တိုက်ခိုက်စေ၍ ကြမ်းကြမ်းတမ်းတမ်း မပြုလုပ်ရန် မှာကြားခဲ့သည်။ အလွန်ပင် တစ်ဖက်သား အား အထင်သေးပုံပေါ်သည်။

ရွှေနဂါးဂိတ် ဂိုဏ်းချုပ်စွေ့သည် ဒေါသထွက်စွာဖြင့် ပြောလိုက်သည် “ကျွင်းချောင်ရှောင်း … မင်း …”

“ပေါက်ကရတွေ မပြောနဲ့”

ကျွင်းချောင်ရှောင်း ဖြတ်ပြောလိုက်သည် “ကျုပ် တပည့်ကို နိုင်အောင်တိုက် … နိုင်သွားရင် ကျုပ် သံမဏိအရိုးဂိုဏ်း ဆီ ချက်ချင်းပြန်သွားမယ်။ ပြီးတော့ တပည့်သစ်ခေါ်ယူဖို့ တောင်အောက်ကို ဘယ်တော့မှ ဆင်းမလာတော့ဘူး”

ကျားဟိန်းသံဂိုဏ်းမှ ဂိုဏ်းချုုပ်သည် တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ် စွေ့ … ဒီကောင်က အရမ်း မောက်မာလွန်းတယ်။ သွားပြီး တိုက်ခိုက်လိုက်စမ်းပါ”

ချီးတဲ့မှ …

ခင်ဗျားက ဒီမှာ ရပ်ပြီး ပြောရုံပဲ ပြောရတာလေ။

ကျုပ် က တခြားဂိုဏ်းရဲ့ တပည့် တစ်ယောက်နဲ့ သွားတိုက်ရမှာ။ နိုင်ရင်လည်း ဂုဏ်မတက်သလို ရှုံးရင်လည်း သောက်ရှက်က ကွဲအုံးမယ်။

ဂိုဏ်းချုပ်စွေ့သည် ရှောင်ကျီအား မကြောက်လန့်ပေ။ သို့ပေမဲ့ သူ၏ ဂုဏ်သိက္ခာအရ ရှောင်ကျီ နှင့် တိုက်ခိုက်တော့ ဘာဖြစ်လာနိုင်မည်နည်း.။ ဆိုးကျိုးများသာ ရှိနေ၏။

“ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အတွက် ကျေးဇူးပြုပြီး ကြွပါ။ ဂိုဏ်းချုပ်စွေ့”

“ဒီကောင် က မောက်မာလွန်းတယ်။ တက်ပြီး သင်ခန်းစာ ပေးလိုက်တော့”၏

“ဒီလောက် လူအများကြီးက မျှော်လင့်နေတာ။ ဂိုဏ်းချုပ်စွေ့ တက်ပြီးတော့သာ ကောင်းကောင်း ပညာပေးလိုက်”

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် သူ့အား အပေါ်သို့ တက်၍ တိုက်ခိုက်ရန် တွန်းအား ပေးလျက်ရှိသည်။

လူသားများ၏ အမူအကျင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည် တကား။

ဂိုဏ်းချုပ်စွေ့သည် ဆက်လက်၍ စဉ်းစားမနေတော့ဘဲ တခြားသူများ ပြောသလို ပြုလုပ်လိုက်သည် “ကောင်းပြီ။ ဒီစွေ့ က သိုင်းပြိုင်ပွဲရဲ့ ပထမဆု ရသူ ကို အားအင်စမ်းသပ်မယ်။”

သိုင်းပြိုင်ပွဲ၏ ပထမဆု ရသူ ဟူသောစကားကို သူ ကျယ်ကျယ်လောင်လောင် ပြောဆိုလိုက်သည်။

သူနှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်သည် သာမာန် တပည့်တစ်ယောက် မဟုတ်ဘဲ သိုင်းပြိုင်ပွဲ၏ ဗိုလ်ဆွဲခဲ့သူ တစ်ယောက်မှန်း အားလုံး သိသာ မြင်သာအောင် ပြောဆိုလိုက်ခြင်း ဖြစ်၏။

“ကျေးဇူးပြု၍ …”

ဂိုဏ်းချုပ်စွေ့ နှင့် ရှောင်ကျီ တို့သည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။

ဂိုဏ်းချုပ်တစ်ယောက် နှင့် တခြားဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက်တို့၏ တိုက်ပွဲ ဆိုသည်မှာ မြင်ရခဲလှသည်။ အရင်တုန်းကဆိုလျှင် တစ်ခါမှ ထိုသို့ တိုက်ခိုက်သည်ကို မမြင်ဖူးကြချေ။

“ဂိုဏ်းချုပ်စွေ့ က သိုင်းဆရာ တတိယအဆင့်ကို ရောက်နေတာ တော်တော်ကြာပြီးလို့ ကြာတယ်။ ရှောင်ကျီ က သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တယ်ဆိုပေမဲ့ ဂိုဏ်းချုပ်စွေ့ ကို ယှဉ်ဖို့တော့ မဖြစ်နိုင်ဘူး”

“ဂိုဏ်းချုပ်ကျွင်း က မဟာမိတ်ခေါင်းဆောင်ချင် နဲ့ တိုက်ခိုက်ခဲ့တယ် လေ။ အခု ဘာလို့ သူ မတိုက်ခိုက်တာလဲ”

“သူရှုံးရင် တောင်ပေါ် ပြန်သွားပြီး တပည့်ခေါ်ယူမှုတွေ အတွက် ဆင်းမလာတော့ဘူးလို့ အာမခံတယ် ဆိုတော့ သူ့တပည့် အပေါ် ဘယ်လောက်တောင် ယုံကြည်မှု ရှိနေတာလဲ”

ဖောင်း. …ဖောင်း ..။

စင်မြင့်ပေါ်မှာတော့ နှစ်ယောက်သား စတင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။

အားရပါးရ ဆွေးနွေးနေကြသော ကျင့်ကြံသူများသည် အဘယ့်ကြောင့် ဂိုဏ်းချုပ်ကျွင်း ထိုင်ရာမှ မထရသနည်း ဆိုသည်ကို မကြာခင်မှာပဲနားလည်သွားကြ၏။

အဘယ့်ကြောင့် ဆိုသော် ဂိုဏ်း၏ တပည့်နှင့် လုံလောက်သောကြောင့်ပင် ဖြစ်သည်။ တိုက်ပွဲ စတင်သည်နှင့် လက်သီးတစ်စုံသည် ဂိုဏ်းချုပ်စွေ့၏ ခန္ဓာကိုယ်အနှံ့သို့ ကျဆင်းနေပြီး ဂိုဏ်းချုပ်စွေ့အား နောက်သို့ ဆုတ်ခွာစေသည်။

ဖောင်း ..။

မကြာခင်မှာပဲ ကျယ်လောင်လှသော လက်သီးထိုးသံကြီးပေါ်လာသည်။

ဂိုဏ်းချုပ်စွေ့သည် စင်မြင့်ပေါ်မှ လွင့်စင်သွားပြီး မြေပေါ် ပြုတ်ကျကာ တစ်ခါတည်း သတိလစ် မေ့မျောသွားတော့၏။

ဟူးး …..။

အားလုံးပဲ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် မျက်လုံးပြူးသွားကြ၏။

သိုင်းဆရာ အဆင့်သုံး ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ဂိုဏ်းချုပ်စွေ့သည် ရှောင်ကျီကြောင့် သတိလစ်နေပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

ရှောင်ကျီသည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်၍ ဘာမှမတတ်နိုင်သလို ခေါင်းသာ ခါယမ်းလိုက်မိ၏။

သူသည် သွေးတောင်မပူသေးပေ။ တစ်ဖက်လူမှ သတိလစ်၍ နေပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို လှမ်းပြောလိုက်သည် “အမှိုက် …”

အားလုံး ငြိမ်သက်သွား၏။

တပည့်တစ်ယေက်သည် သိုင်းဆရာ အဆင့်သုံးဂိုဏ်းချုပ် တစ်ယောက်အား သတိလစ် မေ့မျောသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့ ဘာပြန်ပြော၍ ရမည်နည်း။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များ၏ မျက်နှာ အား ကြည့်လိုက်သည်။ ပြီးနောက် ထီမထင်ဟန်ဖြင့် ပြောလိုက်၏ “ကျုပ်ပြောတဲ့ အမှိုက်ဆိုတာ ဒီမှာ ရှိနေတဲ့သူတွေ အကုန်လုံးကို ပြောတာပဲ”

ထိုစကားသံ ထွက်ပေါ်လာတော့ အားလုံးသည် ဒေါသထွက်မိကြသည်။

“မကျေနပ်ဘူးလား”

ကျွင်းချောင်ရှောင်း စင်မြင့်ပေါ်သို့ လက်ညိုးထိုးပြလိုက်၏ “စင်ပေါ်မှာ ကျုပ်တပည့်ရှိတယ်။ စည်းမျဉ်းက တူတူပဲ။ သူ့ကိုနိုင်အောင် တိုက်ခိုက်နိုင်ရင် ကျုပ် တောင်ပေါ်ကို ပြန်သွားမယ်။ တပည့်သစ် ခေါ်ယူဖို့ ဘယ်တော့မှ ဆင်းမလာတော့ဘူး”

“ကျုပ် စမယ်”

ကျားဟိန်းသံ ဂိုဏ်းချုပ် သည် ရှေ့သို့ လှမ်းတက်လာသည်။

ဤလူုသည် ဂိုဏ်းချုပ်အား အလွန်မုန်းတီးနေသူဖြစ်ကြောင်း ရှောင်ကျီ ကောင်းကောင်းသိ၏။

ထို့ကြောင့် လေးလေးနက်နက် နှင့် တိုက်ခိုက်တော့သည်။ တိုက်ပွဲစသည် ဆိုသည်နှင့် တစ်ဖက်လူ၏ ခြေထောက်ကို ဖမ်းဆုပ်၍ လေထဲတွင် ချာချာလည် လှည့်တော့သည်။

ဘုတ် ..။

နောက်ဆုံးမှာတော့ စင်မြင့်ပေါ်သို့ တက်လာသည့် ကျားဟိန်းသံဂိုဏ်းချုပ်သည် နှစ်မိနစ်ပင် မခံခဲ့ချေ။ ချာချာလည် အောင် အလှည့်ခံရပြီး လက်သီးဖြင့် ပယ်ပယ်နယ်နယ် အထိုးခံရသောကြောင့် သတိလစ် မေ့မျောနေပြီ ဖြစ်၏။

ကြည်ရသည်မှာ ၎င်း၏ ဒဏ်ရာများသည် ဂိုဏ်းချုပ်စွေ့ထက်ပို၍ ပြင်းထန်သည်။

“ဆက်တိုက်ပါ .. တိုက်ကြပါ”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “ခင်ဗျားတို့လို အမှိုက်တွေနဲ့ တိုက်ခိုက်ပြီး ကျုပ် တပည့် သွေးပူလေ့ကျင့်ခန်း လုပ်တာပေါ့”

ဤစကားသည် အလွန်တရာ မောက်မာလှသည်။

ထိုစကားကို ကြားတော့ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် မည်သို့မှ မခံနိုင်တော့ချေ။ တစ်ယောက်ပြီး တစ်ယောက် တက်ကာ တိုက်ခိုက်တော့၏။

သို့ပေမဲ့ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ခဲ့သည်။

မိနစ်သုံးဆယ်ခန့် ကြာမြင့်ပြီးနောက် ..

ရှောင်ကျီသည် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ် ဆယ်ယောက်အား အနိုင်ယူခဲ့ပြီးဖြစ်၏။ တစ်ယေက်လျှင် သုံးမိနစ် ခန့်သာ ကြာမြင့်သည်ဟု ဆိုရမည်။

ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြသည်။

စင်မြင့်ပေါ်သို့ တက်ရောက် တိုက်ခိုက်ကြသူများမှာ တပည့်များ မဟုတ်ပေ။ ဂိုဏ်းချုပ်များ ဖြစ်ကြ၏။

ထိုသူများအားလုံးသည် လက်ရှိတွင် ရှောင်ကျီ၏ လက်ချက်ဖြင့် သတိလစ်မေ့မျောနေလေပြီ။ မယုံနိုင်စရာ ကောင်းလှသည်။

ပို၍ ဆိုးရွားသည်မှာ ရှောင်ကျီသည် တိုက်ပွဲ ဆယ်ပွဲ တိုက်ခိုက်ပြီးသော်လည်း ချွေးတစ်စက်မှ မထွက်ခြင်းပင် ဖြစ်လေ၏။

ဘာကို ဆိုလိုသနည်း။

မဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များအား ယှဉ်ပြိုင်ရန် အတွက် သူ့မှာ ချွေးတောင် မထွက်ခဲ့ဟု ဆိုလိုခြင်း ဖြစ်သည်။

သိုင်းတပည့်အဆင့်သည် ဤမျှ အားကောင်းလေသလား။

လီရန်မြို့တွင် ရှိနေသော ကျင့်ကြံသူများသည် ရှောင်ကျီ၏ အားအင်ကို မြင်တော့ ထိတ်လန့်တုန်လှုပ်မိကြသည်။ အဝေးတစ်နေရာတွင် ရပ်၍ တိုက်ပွဲအား ကြည့်ရှုနေသော မြို့တော်ဝန် အောင်း .. အပါအဝင် ဖြစ်၏။

ဟီရန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် တစ်ဖက်လူသည် အဘယ့်ကြောင့် ဗိုလ်ဆွဲခဲ့သည် ဆိုသည်ကို သူ နောက်ဆုံး၌ နားလည်ခဲ့ပြီ ဖြစ်သည်။

(အရင်တုန်းက MTL ဆိုဒ်က တလွဲတွေ လျှောက်ရေးထားသောကြောင့် ဟီရန်နိုင်ငံအား ဟူရန်နိုင်ငံဟု ဘာသာပြန်ဆိုခဲ့မိသည်။ ဟီရန်နိုင်ငံဟု ဆက်လက် ဘာသာပြန်ဆိုပါမည်။ တောင်းပန်ပါ၏ .. - ဘာသာပြန်သူ)

သိုင်းဆရာ တစ်ယောက်ကို မထနိုင်တော့အောင် ရိုက်နှက်နိုင်လောက်သည့် အားအင်မျိုးသည် သိုင်းတပည့် ကျင့်ကြံသူတစ်ယောက်ထဲတွင် အဘယ့်ကြောင့် ရှိနေရသနည်း။ ရှောင်ကျီသည် သာမာန်သိုင်းပြိုင်ပွဲ မဟုတ်ဘဲ အဆင့်မြင့် သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက အနိုင်ရဦးမှာသေချာသည်။

သံမဏိအရိုးဂိုဏ်းသည် မရိုးရှင်းပေ။ အထင်သေး၍ ရသော ဂိုဏ်းမျိုးမဟုတ်။

မြို့တော်ဝန် အောင်း သည် ကျွင်းချောင်ရှောင်း၏ တောင်းဆိုမှုကို မငြင်းဆန်ခဲ့သည်ကို ကျေနပ်နေမိသည်။ မဟုတ်လျှင် သူသည်လည်း ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့များ နည်းတူ ဂိုဏ်းချုပ်ကျွင်းအား အပြစ်ပြုမိနေလိမ့်မည်။

သူသည် လီရန်မြို့ကို အုပ်ချုပ်နေသူဖြစ်သော်လည်း ဂိုဏ်းတစ်ခု တည်ထောင်ထားသူ မဟုတ်။ ထို့ကြောင့် တောက်ပသည့် အလားအလာများနှင့် သံမဏိအရိုးဂိုဏ်းအား အပြစ်မပြုချင်ပေ။

“အပေါ်တက်လာပြီး တိုက်ခိုက်မယ့်သူ ရှိသေးလား”

ရှောင်ကျီသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

သူ နေထိုင်ခဲ့ဖူးသော မြို့ထဲတွင် မြို့ထဲရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များအား လူပေါင်းများစွာ၏ ရှေ့တွင် ရိုက်နှက် နိုင်ခဲ့သည်။ ထိုခံစားချက်သည် အတိတ်တုန်းက ရွှေထီးဆောင်းခဲ့သည့် ခံစားချက်မျိုးကို ပြန်ရသလိုပင်။

ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် လီချင်းယန် နှင့် ရီရှင်းချန် တို့အား ခေါ်မလာဘဲ ရှောင်ကျီ အား လီရန်မြို့သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ငါ့ရဲ့ တန်ဖိုးကြီးလှတဲ့ တပည့် …။

လီရန်မြို့က မင်း အရင်းနှီးဆုံး နေရာပဲ။

မင်းက ဒီမှာရှိတဲ့သူတွေကြားမှာ ဂိုဏ်သိက္ခာတွေ ကျဆင်းခဲ့တယ်။ ဒီတော့ မင်း အရာအားလုံးကို ပြန်ယူရမယ်။ အရင်က ရှိခဲ့တဲ့ အရာတွေထက် ပိုသာတာတွေ မင်း ရနေပြီ။

ရှောင်ကျီတစ်ယောက် များပြားလှသော ဂိုဏ်းများမှ ဂိုဏ်းချုပ်များကို ရိုက်နှက်ခဲ့သည့် မြင်ကွင်းသည် အားလုံးအား ထိတ်လန့် တုန်လှုပ်စေသည်။

ရှောင်ကျီတစ်ယောက် သိုင်းပြိုင်ပွဲ၌ ဗိုလ်ဆွဲရြုခင်းသည် သူ၏ ဂိုဏ်းတူညီအစ်ကိုများ ပေးအပ်ခဲ့သောကြောင့် မဟုတ်ဘဲ မိမိ၏ အစွမ်းအစကြောင့်ဖြစ်ကြောင်း အားလုံးက နားလည်သွားကြ၏။

ထိုသို့ ရှောင်ကျီ အာားကောင်းလာခြင်းအား မည်သူတွေ မကျေမနပ်ဖြစ်နေသနည်း။

ရှောင်မိသားစု ပင်ဖြစ်သည်။

အဝေးတစ်နေရာရှိ လက်ဖက်ရည်ခန်းဆောင်တွင် ရှိနေသော ရှောင်မိသားစု အကြီးအကဲများသည် သူတို့ မိသားစု မှ ထုတ်ပစ်လိုက်သော ရှောင်ကျီသည် မဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များကိုပင် အနိုင်ယူခဲ့သည်။ သူတို့၏ အမူအရာများသည် ရှုံ့မဲ့လျက်ရှိ၏။

ထိုအချိန်မှာတော့ ရှောင်ကျီသည် တစ်စုံတစ်ခုကို ခံစားမိသောကြောင့် လက်ဖက်ရည်ခန်းဆောင်၏ တတိယ ထပ် ပြတင်းပေါက်တွင် ရပ်လျက်ရှိသော အကြီးအကဲကြီးအား မော့ကြည့်လိုက်သည်။

မြင်ကွင်းသည် တော်တော် အလှမ်းဝေး၏။

အချိန်တွေ ရပ်တန့်သွားသလိုပင်။

ခဏလောက်ကြာတော့ ရှောင်ကျီ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။

ကျုပ် .. သံမဏိအရိုးဂိုဏ်းတပည့် ရှောင်ကျီ ပြန်လာပြီ။

ခရက် ..။

အကြီးအကဲကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပိလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားတွေ နှင့် ပြည့်နှက်နေလေသည်။

သူ နောင်တရမိနေသည်။

ရှောင်ကျီအား မိသားစုထဲမှ ကန်ထုတ်ခဲသည့်အတွက် နောင်တရခြင်း မဟုတ်ပေ။

ဤကဲ့သို့သော အမှိုက်အား လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်နိုင်သော အခွင့်အရေး ရခဲ့လျက်သားနှင့် သူ မလုပ်ခဲ့ခြင်းကို နောင်တရနေခြင်း ဖြစ်၏။

“ခွေးအိုကြီး …”

သူ့တပည့်၏ အကြည့်အတိုင်း လိုက်ပါ ကြည့်ရှုလိုက်တော့ လက်ဖက်ရည်ခန်းဆောင်တွင် မတ်တပ်ရပ်လျက် ရှိသော ခွေးအိုကြီးအား ကျွင်းချောင်ရှောင်း မြင်လိုက်ရသည်။ သူ တီးတိုးရေရွတ်လိုက်သည် “ကျုပ် တပည့်အပေါ် ဆိုးရွားတဲ့ အတွေးတွေ ရှိနေမယ်ဆိုရင် ခင်ဗျားတို့မိသားစု တစ်ခုလုံး ဖျက်ဆီးခံရမယ်။”

All Chapters