← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

ရှောင်ကျီ သည် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ ဂိုဏ်းချုပ် ဆယ်ယောက်အား ရိုက်နှက်ခဲ့သည်။

တခြားသူများသည် ဒေါသအလွန်ထွက်နေသည် ဆိုသော်လည်း ကိုယ်တိုင် တက်ရောက်၍ မတိုက်ခိုက်ရဲကြချေ။ ထို့အပြင် သိုင်းဆရာ အဆင့်သုံး နှင့် အဆင့်ငါး တွေ တောင်မှ တစ်ခါတည်း သတိလစ်သွားခဲ့တာဖြစ်သည်။ ထို့ကြောင့် သူတို့တွေသာ အပေါ်တက်သွားမည်ဆိုလျှင် တစ်ခါတည်း တက်၍အရိုက်ခံခြင်းနှင့်သာ တူညီပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက အားလုံးကို အနိုင်ကျင့်သလို ဖြစ်နေပြီ။ ဒီတော့ လာခဲ့ .. ကျုပ် ခင်ဗျားတို့လို အမှိုက်တွေကို တိုက်ခိုက်ဖို့ တပည့် လဲပေးမယ်။”

“ဖျောက် …”

သူ လက်ဖျောက်တီးလိုက်သည်။

ရှောင်ကျီသည် အောက်သို့ဆင်းလာပြီး ကျန်းဝေ သည် အပေါ်သို့ တက်လိုက်၏။

ကျန်းဝေသည် ဟိတ်ဟန်အပြည့်နှင့် ရပ်လျက်ရှိသည်။ ထို့အပြင် သူ၏ စီနီယာအစ်ကိုသည် အလွန်ကောင်းမွန်လှသော စွမ်းဆောင်ရည်ကို ပြသခဲ့သည် မဟုတ်လား။ ထို့ကြောင့် သူ့အနေနှင့် အကောင်းဆုံး ကြိုးစားရမည်။

များပြားလှတဲ့ ဂိုဏ်းချုပ်တွေကို အပြင်စည်း တပည့်တစ်ယောက် နှင့်တိုက်ခိုက်စေမည်လား။

အလွန်တရာ မောက်မာလှချေသည်။

မူလကတည်းက ရှောင်ကျီအား အနည်းငယ်သာ စိုးရွံ့နေကြသော ဂိုဏ်းချုပ် တစ်ချိုု့သည် ပို၍ ဒေါသထွက်လာကြသည်။

“ကျုပ် သွားမယ်”

အဆင့်ကိုး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် တစ်ယောက်သည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်။ သို့ပေမဲ့ ခဏလောက် တိုက်ခိုက်ပြီးသည့်နောက် အဆင့်ခြောက် သိုင်းတပည့် တစ်ယောက် ဖြစ်သည့် ကျန်းဝေသည် သူ့အား အနိုင်ယူခဲ့လေ၏။

“ကောင်းကင်ဘုံ …”

“အပြင်စည်းတပည့်ကလည်း ဂိုဏ်းချုပ်တစ်ယောက်ကို အနိုင်ယူနိုင်တယ်လား”

“ဒါက ကြမ်းလွန်းတယ်”

လီရန်မြို့တွင် ရှိနေသာ ကျင့်ကြံသူများသည် ထပ်မံ၍ ထိတ်လန့်သွားမိကြသည်။

ရှောင်ကျီတင်သာ အားကောင်းလှသည်မဟုတ်ပေ။ တခြားသော တပည့်သည်လည်း အားကောင်းနေ၏။

ဝှစ် …။

သိုင်းဆရာ ပထမအဆင့် ဖြစ်သော အဆင့်ရှစ် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် စိတ်လိုက်မာန်ပါ ဖြင့် စင်မြင့်ပေါ် သို့ တက်လာသည်။

နောက်ဆုံးမှာတော့ တိုက်ကွက် အနည်းငယ် အတွင်းမှာပဲ ရှုံးနိမ့်ခဲ့ရ၏။

ကျန်းဝေသည် သိုင်းတပည့် အဆင့်ခြောက် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း အားအင်သည် ဂျင် တစ်သောင်းခွဲခန့် ရှိနေသည်။ သိုင်းဆရာ အဆင့်ကို ရောက်ခါစ ဂိုဏ်းချုပ် တစ်ယောက်သည် အားအင် ဂျင် တစ်သောင်းကိုသာ ပိုင်ဆိုင်၏။

ငါးထောင်ဂျင် ဆိုသော အားအင်ကွာခြားမှုသည် အလွန်အလှမ်းကွာနေသလို ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း နှင့် သိုင်းနည်းစနစ်၏ အရည်အသွေးချင်း ကွာဟမှုကြောင့် ကျန်းဝေသည် တစ်ဖက်လူအား လွယ်လွယ်ကူကူ ဖြင့် အနိုင်ယူနေနိုင်သည်။

“အစောကတည်းက အမှိုက်တွေလို့ ပြောသားပဲ။ ဝန်မှမခံချင်တာကို ..” ကျွင်းချောင်ရှောင်း ခပ်မာမာ ပြောလိုက်၏။

များပြားလှသော ဂိုဏ်းချုပ်များသည် ဒေါသထွက်သွားကြသည်။ သို့ပေမဲ့ မည်သူမှ စင်ပေါ်တက်၍ မတိုက်ခိုက်ဝံ့ချေ။ အဘယ့်ကြောင့် ဆိုသော် သံမဏိအရိုးဂိုဏ်းသည် အလွန်တရာ အားကောင်းလှကြောင်း သူတို့ သိရှိပြီး ဖြစ်နေသည်။ အဘယ့်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာပြီး တက်အရိုက်ခံရမည်နည်း။

သံသယ ရှိစရာမလိုပေ။

ယနေ့တွင် သံမဏိအရိုးဂိုဏ်း၏ စွမ်းဆောင်ရည်သည် အံ့ချီးဖွယ်ရာ ဖြစ်ခဲ့သည်။

ဤသတင်းသာ ပြန့်နှံ့သွားလျှင် သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သည် ထပ်မံ၍ တိုးတက်သွားမှာ သေချာ၏။

အပြင်စည်းတပည့်အား လွှတ်၍ တခြားဂိုဏ်းချုပ်များအား အနိုင်ယူနိုင်ခဲ့ခြင်းသည် အားလုံးသော သူတွေအတွက် ထိတ်လန့်စရာ ဖြစ်ခဲ့သည်။

“အားလုံးပဲ …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တိုက်ခိုက်ချင်သေးလား …”

“……….”

များပြားလှသော ဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် မည်သည့်စကားတစ်ခွန်းမှ မပြောတော့ချေ။ သူတို့၏ အမူအရာ များသည် အလွန်ပျက်ရွင်းလျက်ရှိသည်။

သူတို့သည် အရှိန်အဟုန် ကောင်းကောင်းဖြင့် တစ်ဖက်သားအား ခြောက်လန့်ရန် လာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ တကယ်တန်း ပြာနှမ်းနေအောင် အရိုက်ခံရသည်မှာ သူတို့သာ ဖြစ်လို့နေ၏။ လူအများရှေ့တွင် အရှက်ကွဲခဲ့ခြင်း ပင်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မတိုက်ခိုက်ချင်ဘူးဆိုမှတော့ ဒီနေရာကနေ ထွက်သွားကြ။ နောက်ကို သံမဏိအရိုးဂိုဏ်း လူသစ်ခေါ်ဖို့ လုပ်ရင် လာမရှုပ်ကြနဲ့”

သူသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ထွက်ခွာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူများ အပေါ်တွင် နည်းနည်းလေးမှ ညှာတာပေးလိမ့်မည် မဟုတ်ချေ။

“မသွားသေးဘူးလား”

တစ်ဖက်လူများသည် ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်သည် “ကျုပ် တပည့်တွေကို ခေါ်ပြီး ခင်ဗျားတို့ဂိုဏ်းဆီ လာစိန်ခေါ်ရမှာလား”

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များသည် သတိဝင်လာကြပြီး မြန်မြန်ပဲ ပြန်လည် ထွက်ခွာသွားကြတော့သည်။

သူတို့ ထွက်ခွာသွားသည် ဟူသော အဓိပ္ပာယ်သည် ရှုံးနိမ့်သည်ဟု ဝန်ခံခြင်းပင် ဖြစ်တော့၏။

“ပွဲလာကြည့်ကြတဲ့သူအားလုံးပဲ …”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်၍ ရှင်းလင်းသည့် အသံဖြင့် ပြောလိုက်သည် “ဒီနေတ့မှာ သံမဏိအရိုးဂိုဏ်း က လီရန်မြို့ကို လာပြီး ဂိုဏ်းသားသစ် ခေါ်ယူတာပါ။ ဆယ့်လေးနှစ် နဲ့ အထက် မည်သူ မဆို စာရင်းလာပေးလို့ရတယ်။ အခွင့်အရေးက များများစားစားမရှိတာမို့ ကျေးဇူးပြုပြီး မလွတ်သွားပါစေနဲ့”

လီရန်မြို့မှ ကျင့်ကြံသူများသည် ချက်ချင်းပင် တီးတိုး ဆွေးနွေးလိုက်ကြသည်။

“တပည့်တွေကို ဒီလိုအဆင့်ထိ လေ့ကျင့်ပေးနိုင်တယ်ဆိုတော့ ဂိုဏ်းချုပ်ကျွင်း က တကယ့်ကို သာမာန်ထက် ပိုတာပဲ”

“ဆိုးတာက ငါ့ကလေး က တော့ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ထဲက ဂိုဏ်းကို ဝင်ပြီးနေပြီ။ မဟုတ်ရင် သံမဏိအရိုးဂိုဏ်းထဲ ဝင်ခိုင်းတယ်။”

“ငါ့တူ က အသက် ဆယ့်လေးနှစ်ကျော်ပြီ။ သူ့ကို ဝင်ခိုင်းရမယ်။”

များပြားလှသော ကျင့်ကြံသူများသည် သူတို့၏ ကလေးများအား သံမဏိအရိုးဂိုဏ်းထဲ မဝင်ခိုင်းခဲ့ခြင်းမှာ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို ကြောက်လို့ဖြစ်သည်။

ယနေ့မှာတော့ တပည့်နှစ်ယောက်တည်းကို အသုံးပြု၍ သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ် တော်တော်များများအား အနိုင်ယူခဲ့သည်။ ဆိုလိုသည်မှာ သံမဏိအရိုးဂိုဏ်းသည် အလွန်အားကောင်းပြီး မည်သူ့ကိုမှ ကြောက်ရွံရန် မလိုဟု သက်သေပြခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူတို့အနေနှင့် သံမဏိအရိုးဂိုဏ်းသို့ဝင်နိုင်ကြပြီ ဖြစ်သည်။

ထိုအချိန်မှာတော့ လူကြီးများသည် သူတို့၏ ကလေးများအားခေါ်ဆောင်လာပြီး စတင်ကာ စာရင်းပေးတော့၏။

နာရီဝက်အတွင်းမှာပဲ စာရင်းပေးသွင်းရာ နေရာ၌ လူပေါင်းတစ်ရာကျော် နှင့် ပြည့်နှက်သွားခဲ့သည်။ ထိုသူတို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုုတွေနှင့် ဖြစ်နေကြသည်။

သံမဏိအရိုးဂိုဏ်းသည် လက်ရှိတွင် ကျော်ကြားနေသော ဂိုဏ်းဖြစ်သည်။ သူတို့သည် ထိုအရာကို ကြားသင့်သလောက် ကြာခဲ့ပြီး ဖြစ်သည်။ သူတို့ကိုယ်တိုင်သည် သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ချင်ခဲ့ကြသည်။ သို့ပေမဲ့ သူတို့၏ မိသားစု များသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို စိုးရွံ့သောကြောင့် သူတို့၏ ဖြစ်ချင်စိတ် များအား ဖိနှိပ်ထားခဲ့ရခြင်းဖြစ်၏။

“နာမည်”

“ရှန့်ကွမ်းရှို”

ကျွင်းချောင်ရှောင်း ခေါင်းမော့ကြည့်လိုက်တော့ တောင်းတင်းလှသော ခန္ဓာကိုယ်နှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ဝင်ခွင့်စာရင်းစာရွက်တွင် ဂိုဏ်းချုပ် တံဆိပ်တုံးအား ထုနှက်လိုက်သည်။

“ဒင် .. ဂိုဏ်းသား ၅၀၃ / ၁၀၀၀”

အရင်ဂိုဏ်းသားတစ်ယောက် သေဆုံးသွားခဲ့သောကြောင့် ဂိုဏ်းစုဆောင်းမှတ်သည် တိုးမလာခဲ့ချေ။

“နာမည်”

“ရန်ခုံး ….”

အရပ်ရှည်ရှည် နှင့်လူငယ်သည် ခေါင်းအား ကုတ်၍ ဖြေလိုက်သည်။

သေချာကြည့်ရှုပြီးနောက် ဂိုဏ်းချုပ်ကျွင်းသည် တံဆိပ်တုံးအား ထုနှက်လိုက်၏။

ကြည့်ရှုနေကြသော လီရန်မြို့မှ ကျင့်ကြံသူများသည် ဆွံ့အမိနေကြသည်။ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းသားသစ် များအား နာမည်သာ မေးမြန်းခဲ့သည်။ စိတ်ဝိညာဉ်အမြစ် နှင့် ကျင့်ကြံခြင်းအဆင့်များကိုပင် မမေးမြန်ချေ။ တပည့် ခေါ်ယူရာတွင် လက်လွတ်စံပယ် နိုင်လေသည်လား။

နောက်တစ်ယောက် လာရောက် စာရင်းပေးသွင်းသူမှာ ပိန်သွယ်သွယ် နှင့် လှပသော ယွမ်ရှောင်ဟန် ဟူသော မိန်းကလေးဖြစ်သည်။

သံမဏိအရိုးဂိုဏ်းတွင် ယောကျာ်းလေးများ များပြားလွန်းနေသောကြောင့် ကျွင်းချောင်ရှောင်းသည် မိန်းကလေး တပည့်များများစားစား လိုချင်မိသည်။ ထို့ကြောင့် တစ်ချက်ကလေးမှ မစဉ်းစားဘဲ တံဆိပ်တုံးအား ထုနှက်လိုက်တော့၏။

နောက်ပိုင်းမှာတော့ လူငယ်များအား ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ပေးရန် သူသည် တစ်ချက်ကလေးသာ ကြည့်ရှုခဲ့သည်။ မိန်းကလေး တပည့်များဆိုလျှင် သေချာတောင် မကြည့်ဘဲ တံဆိပ်တုံးအား ထုနှက်လိုက်တော့သည်။

လီရန်မြို့မှာကျင့်ကြံသူများသည် ရူးချင်စိတ်ပင် ပေါက်မိနေ၏။

ဤကဲ့သို့ တပည့်လက်ခံသည့် ပုံစံကို သူတို့ တစ်ခါမှ မမြင်ဖူးကြချေ

“ဒါက …”

တပည့် နှစ်ဆယ်မှ သုံးဆယ်လောက် လက်ခံပြီးနောက်တွင် အဝတ်အစားတွေ တစ်ခုလုံး စုတ်ပြတ်သပ် လျက်ရှိသော အဘိုးအိုတစ်ယောက်သည် လှမ်းလျှောက်လာ၏ “ဂိုဏ်းချုပ်ကျွင်း .. ကျုပ်မြေးလေး တစ်ယောက် ရှိတယ်။ သူမ က အရမ်းငယ်သေးတယ် ဆိုပေမဲ့ တပည့်အဖြစ် လက်ခံပေးနိုင်မလား”

ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကြည့်လိုက်တော့ အဘိုးအို၏ နောက်တွင် ကွယ်၍ ပုန်းအောင်းလျက်ရှိသော အသက် ခြောက်နှစ်၊ ခုနှစ်နှစ် အရွယ် မိန်းကလေး တစ်ယောက် အား မြင်လိုက်ရသည်။ သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် ကြောက်လန့်နေသော အရိပ်အယောင်များ ရှိနေ၏။

“တောင်းပန်ပါတယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူ က အရမ်းငယ်လွန်းနေတယ်”

ဤကလေးမလေး၏ မျက်နှာသည် ညစ်ပတ်နေသည် ဆိုသော်လည်း အလွန်တရာ ချစ်ဖို့ကောင်းလှသည်။

ဆိုးသည်မှာ သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းတခုဖြစ်ပြီး နေ့ကလေးထိန်းကျောင်း မဟုတ်ခြင်းပင်။ ထို့ကြောင့် ဤမျှ ငယ်ရွယ်သောကလေးမလေးကို လက်ခံပေး၍မဖြစ်နိုင်ချေ။

အဘိုးအိုသည် တောင်းပန်လိုက်၏ “ဒီကလေးမှာ မိဘတွေ မရှိတော့ဘူး။ ကျုပ်နောက်ကို လျှောက်လိုက်နေရင် တစ်နေ့ သေမှာပဲ။ ဂိုဏ်းချုပ်ကျွင်း ကြင်နာတဲ့ စိတ်ထားနဲ့ လက်ခံပေးပါ”

“အဘိုးလု … သမီးကို မထားခဲ့ပါနဲ့။ သမီး အဘိုးနောက်ပဲ လိုက်မယ်”

ကလေးမလေး၏ အသံထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်၏ “အဘိုး .. ဒီလောကကြီးမှာ မိဘမဲ့တွေ တစ်ပုံကြီးပဲ။ အားလုံးကို လက်ခံနေရင် ဘယ်လိုလုပ်ဖြစ်တော့မှာလဲ။”

“ဟမ့်”

ကလေးမလေး သည် နှုတ်ခမ်းဆူလိုက်၏ “သမီးလည်း ဂိုဏ်းထဲ မဝင်ချင်ပါဘူး။ အဘိုးလုနဲ့ပဲ နေမှာ”

ပြောပြီးသည့်နောက် သူမသည် အဘိုးအိုအား အနောက်ဘက်သို့ အတင်းဆွဲခေါ်လိုက်၏။

ကျွင်းချောင်ရှောင်း သူ၏ ဦးခေါင်းကို ခါယမ်းလိုက်မိသည်။ “နောက်တစ်ယောက် ..”

တစ်နာရီလောက် ကြာမြင့်ပြီးနောက်မှာတော့ …

လူငယ် နှင့် မိန်းကလေး တစ်ရာ သည် သံမဏိအရိုးဂိုဏ်း တပည့်များ ဖြစ်လာကြသည်။

ဂိုဏ်းသား အရေအတွက်သည် ၅၀၂ မှသည် ၆၀၂ ထိ တိုးတက်လာခဲ့ပြီး ဂိုဏ်းစုဆောင်းမှတ် မှာလည်း ၅ မှတ် မှ ၁၀၄ မှတ်ထိ တိုးလာ၏။

ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် စိတ်သက်သာရာ ရမိသည်။

ဤတစ်ကြိမ် လီရန်မြို့၌ လက်ခံခဲ့သော တပည့်များတွင် ယေကျာ်းလေးထက် မိန်းကလေး အရေအတွက်က ပိုမို များပြားခဲ့သည်။ ဂိုဏ်းတွင် ယန်ဓာတ် ကြီးစိုးမှုကို လျော့ချနိုင်ပြီဟု ကျွင်းချောင်ရှောင်း တွေးတောလိုက်မိ၏။

“သွားကြစို့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဂိုဏ်းဆီ ပြန်မယ်။”

သူသည် မြို့တော်ဝန် အောင်း ဆီသွား၍ သေချာ နှုတ်ဆက်လိုက်သည်။ ပြီးနောက် တပည့်များအား ဦးဆောင်၍ ဂိုဏ်းဆီ ပြန်လိုက်တော့သည်။

သူ မြို့တံခါးဝမှ ထွက်လိုက်ချိန်မှာပဲ စုတ်ပြတ်သပ်နေသည့် သူတောင်းစားလို အဘိုးအိုသည် ကလေးမလေးနှင့် အတူ တစ်လှမ်းချင်း လျှောက်လှမ်းသွားကြောင်း မြင်လိုက်ရသည်။ ဤအဘိုးအိုနှင့် ကလေးမလေးကို အနောက်ဘက်မှ ကြည့်ရသည်မှာ အလွန်သနားဖွယ်ရာ ကောင်းလွန်းနေ၏။

“ဟင်း ..”

ကျွင်းချောင်ရှောင်း ဦးခေါင်းအား ခါယမ်းလိုက်သည်။ “လောကကြီးမှာသနားဖို့ကောင်းတဲ့ လူတွေ အများကြီးပဲ။ အားလုံးကို ကူညီနေရင် ဂိုဏ်းတိုးတက်မှုရှိအောင် ဘယ်လို လုပ်တော့မလဲ။ လူမူကူညီရေးအဖွဲ့ ဖွဲ့ထားသလို ဖြစ်တော့မှာပေါ့”

……….

သံမဏိအရိုးဂိုဏ်းသားများ သူတို့အား ကျော်ဖြတ်၍ သွားသည်ကို မြင်တော့ အဘိုးအိုသည် သက်ပြင်းချကာ ပြောလိုက်သည် “မုန့်ယဉ် … မင်း တကယ်ပဲ အဘိုးနဲ့ နေရာအနံှ့ကို လျှောက်လိုက်နေမှာလား”

မုန့်ယဉ်ဟုခေါ်သော မိန်းကလေးသည် လေးလေးနက်နက် ပြောလိုက်သည် “အဘိုးက ယဉ်အာ ရဲ့ တစ်ဦးတည်းသော ဆွေမျိုးပဲ။ ဘယ်သွားသွား ယဉ်အာ လိုက်မှာ”

“ကောင်းပြီ”

အဘိုးအိုသည် ကြင်နာစွာ ပြောလိုက်သည် “ချင်းယန် မြို့ကို သွားဖို့”

“ကောင်းပါပြီ”

အဘိုးအိုနှင့် ကလေးမတို့သည် လမ်းမကြီး အတိုင်းလျှောက်ရင်းမှ တောထဲသို့ ဖြည်းဖြည်းချင်း လှမ်းဝင်သွား ကြတော့၏။

All Chapters