အခန်း (၂၆၃)
Vol. 18 Ch. 263
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် သူ၏ ဂျူနီယာ ညီလေး၊ ညီမလေးများ၏ ကိစ္စရပ်များအားလုံးကို စတင်၍ စီမံပေးလိုက်သည်။ သူသည် ဂိုဏ်း၏ဝတ်စုံနှင့် စည်းမျဉ်းစည်းကမ်း စာအုပ်များကိုလည်း တစ်ယောက်ချင်းစီ ပေးလိုက်၏။
ထို့အပြင် ဆေးလုံးပေါင်းများစွာအားလည်း ပေးအပ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ် ထိုင်ခုံပေါ်တွင် ထိုင်၍ တီးတိုး ရေရွတ်လိုက်၏။ "သူတို့တွေ အားလုံး စွမ်းအင်ဖွင့်ခြင်း အဆင့်ကို ရောက်ပြီဆိုရင် ငါ အဆင့်ခုနစ်ဂိုဏ်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုရအောင် ပြုလုပ်ရမယ်။"
အဆင့်ခုနစ် ဂိုဏ်းတစ်ခု၏ လိုအပ်ချက်သည် ဂိုဏ်းချုပ်မှာ သိုင်းဆရာအဆင့် ဖြစ်ရန်လိုပြီး သိုင်းတပည့်အဆင့် ကျင့်ကြံသူ အယောက် ငါးဆယ်နှင့် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ဂိုဏ်းသားငါးရာ ရှိရန် လိုအပ်သည်။
ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် သိုင်းဆရာ အဆင့်ခြောက်သို့ ရောက်ရှိနေသောကြောင့် လိုအပ်ချက်နှင့် ကိုက်ညီနေသည်။
သိုင်းတပည့်အဆင့် ငါးဆယ်ဆိုသည်မှာတော့ သူ၏တပည့်သစ်များကို ထည့်၍ ရေတွက်စရာ မလိုပေ။ သံမဏိအရိုးဂိုဏ်းတွင် ရှိနေသော လက်ကျန်တပည့် ငါးရာကျော်တို့မှာ သိုင်းတပည့်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပြီးဖြစ်၏။
သူတို့အနေနှင့် ဂိုဏ်း၏အဆင့် မတက်နိုင်ခဲ့ခြင်းမှာ စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ရှိသော ဂိုဏ်းသားငါးရာ မရှိသောကြောင့် အဆင့်မတက်နိုင်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဂိုဏ်းသားအရေအတွက်သည် ငါးရာ့နှစ်မှ ခြောက်ရာ့နှစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့အနေနှင့် သေသေချာချာ ကျင့်ကြံရင်း စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ကို ရောက်ရှိအောင် လုပ်ရန် လိုအပ်နေသည်။
ဒါ့ကြောင့်လည်း ဂိုဏ်းချုပ်ကျွင်းသည် တပည့်ခြောက်ရာ အရေအတွက် ကို မကျေနပ်သေးပေ။
တပည့် ခြောက်ရာကျော်၏ ကိစ္စများကို စီစဉ်ပေးပြီးသည့်နောက်မှာတော့ သူသည် အနီးစပ်ဆုံးတွင်ရှိသော ယန်ယန်မြို့သို့ သွားရောက်၍ လူသစ်ခေါ်ယူရန် ဆုံးဖြတ်လိုက်၏။
"ဂိုဏ်းချုပ်။"
လီချင်းယန် ပြောလိုက်သည်။ "ယန်ယန်မြို့ထဲမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျွန်တော်လည်း သူ့ကို သွားပြီးတော့ တွေ့ချင်တယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား ဂိုဏ်းထဲတွင် ကျင့်ကြံခိုင်းခဲ့ပြီး သူ၏ ဒုတိယတပည့်နှင့်အတူ ကျန်းဝေအား ခေါ်ဆောင်ကာ နောက်တစ်ရက်တွင် ခရီးထွက်လိုက်တော့၏။
ယန်ယန်မြို့သည် ချင်းယန်နိုင်ငံ၏ မြို့ကြီးရှစ်မြို့ထဲမှ တစ်မြို့လည်း ဖြစ်၏။
အရင်တုန်းက အိုက်ကလန်သည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး လေလံဆွဲခဲ့သည့် အချိန်တုန်းက တစ်ချိန်လုံး အိပ်ယာထဲတွင် လဲလျောင်းခဲ့သော စုန့်သခင်လေးသည် ဆေးလုံး၏ အစွမ်းကို ပထမဦးဆုံး လာရောက်၍ စမ်းသပ်ခံခဲ့သည်။
ထိုသခင်လေး၏ စုန့်ကလန်သည် ဤမြို့မှာ တည်ရှိခြင်းဖြစ်သည်။
လီချင်းယန်သည် ထိုစုန့်မျိုးနွယ်၏ ဒုတိယသခင်လေးနှင့် သူငယ်ချင်းလည်း ဖြစ်၏။ ချင်းယန်မြို့၏နံပါတ်တစ် ပါရမီရှင်သည် ယန်ယန်မြို့၏ နံပါတ်တစ် ပါရမီရှင်နှင့် ခင်မင်ရင်းနှီးနေ၏။
သူတို့နှစ်ယောက်သည် တောနက်ထဲမှာ ဆုံတွေ့ခဲ့ကြပြီး တူညီသည့် သားရဲကြီးအား အတူတူ ယှဉ်တွဲ၍ တိုက်ခိုက်ခဲ့၏။ နောက်ဆုံးမှာတော့ သူတို့တွေသည် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
နောက်ဆုံးတွင် စုန့်ကလန်၏ သခင်လေးသည် အိပ်ယာထဲတွင် လဲ၍ ဒုက္ခိတ ဖြစ်သွားခဲ့၏။
လီချင်းယန်သည် သွားရောက်၍ လည်ပတ်ရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်ကတည်းက သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မဆုံတွေ့ခဲ့ကြပေ။
လက်ရှိအချိန်တွင် သူနှစ်ပေါင်းများစွာဆက်သွယ်မှု မပြုလုပ်ခဲ့သော သူငယ်ချင်းသည် ဂိုဏ်းချုပ်၏ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှင့် မတ်တပ်ရပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မိုးဆွေဟောခန်းအဖွဲ့ဝင်များ၏ သတင်းအချက်များဆီမှ လီချင်းယန် သိရှိခဲ့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ရဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးက မင်းကိုတင် ကယ်နိုင်ခဲ့တာ မဟုတ်ဘူး။မင်းရဲ့ သူငယ်ချင်းကိုပါ ကယ်တင်နိုင်ခဲ့တာကို။ဒါက ကံကြမ္မာ ရေစက်လို့ ပြောရမယ်။"
လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် "ဒါကြောင့်ပဲ ကျွန်တော် ဒီသူငယ်ချင်းကောင်းကြီးဆီကို သွားလည်ချင်တယ်။ သူ့ကို သံမဏိအရိုးဂိုဏ်းထဲကို ဝင်ဖို့ ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်မိတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း သူ့ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲဆိုတာပေါ် မူတည်တာပေါ့။"
သူသည် တပည့်များ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်များနှင့် ပတ်သက်၍ ဂရုမစိုက်ပေ။ သို့ပေမဲ့ ကျန်ရှိနေသော နေရာလွတ်များအတွက် အထူး စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်များ ရောက်ရှိလာလျှင်လည်း စိတ်မဆိုးချေ။
ယန်ယန်မြို့သို့ သွားနိုင်သည့် လမ်းပေါင်းများစွာရှိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်နာရီအတွင်း ရောက်ရှိသွားနိုင်သော တောင်ကြားလမ်းတစ်ခုကို ရွေးချယ်လိုက်၏။
သို့ပေမဲ့ သူသည် တပည့်များအား ခေါ်ဆောင်၍ တောင်ထဲသို့ ဝင်ရောက်ချိန်၌ တောင်၏ အတွင်းပိုင်းဆီမှ သားရဲတစ်ကောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် …. သားရဲကြီးက လူသားတွေကို တိုက်ခိုက်နေတာ ဖြစ်ရမယ်။"
"သွားကြစို့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သွားကြည့်ကြမယ်။"
အားလုံးသည် အသံထွက်ပေါ်ရာဆီသို့ သွားလိုက်ကြ၏။
မကြာခင်မှာပဲ ကျားသစ်နက်ကြီးတစ်ကောင်သည် သူ၏ ဦးခေါင်းကို ငုံ၍ လူသားတစ်ယောက်အား ကိုက်ခဲနေသည်ကို မြင်လိုက်ရသည်။
ထိုသူ၏ အဝတ်အစားများသည် စုတ်ပြတ်သတ်လျက်ရှိပြီး ကျောဘက်တွင်တော့ ကိုက်ရာများ လက်သည်းရာများနှင့် ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်ပေါ်နေသည်။ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့လျက်ရှိ၏။
"သတ်လိုက်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြီးတော့ သလင်း အမြုတေ ရှိလားလည်း ကြည့်အုံး။"
ဝှစ်
လီချင်းယန်သည် တိမ်ခြေလှမ်းကို အသုံးပြု၍ ခုန်လွှားသွားလိုက်၏။ သူ့လက်ထဲတွင် ရှိသော အအေးဓားသည် လှုပ်ခါသွား၏။ ချက်ချင်းဆိုသလိုပဲ ဓားအလင်းများ ဖြစ်တည်လာပြီး ကျားသစ်နက်ကြီး၏ ဦးခေါင်းကို ပိုင်းဖြတ်လိုက်တော့သည်။
ဝှီ။
ပြီးနောက် သားရဲ၏ ရင်ဘတ်ကို ခွဲကြည့်လိုက်သည့် အချိန်မှာတော့ သလင်းအမြုတေ တစ်ခု ထွက်ပေါ်လာ၏။
"ဒါက ထိုက်တန်တာပဲ။" ကျွင်းချောင်ပြောလိုက်၏။
သလင်းအမြုတေတစ်ခု ရရှိသည်ဆိုသောကြောင့် ထိုက်တန်သည်ဟု ဆိုရမည်။
လီချင်းယန်သည် သလင်းအမြုတေကို ကောက်ယူပြီးသည့်နောက် အကိုက်ခံရသော လူဆီသို့ လှမ်းလာလိုက်သည်။ ပြီးနောက် သူသည် လည်ပင်းကို အသာ ဖမ်းကိုင်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။
"ဂိုဏ်းချုပ် သူက သေနေပြီ။"
"ကံပဲလေ ငါတို့ ဘာမှမတတ်နိုင်တော့ဘူး။မြန်မြန် လုပ်စရာရှိတာ လုပ်တော့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
တောထဲတွင် သားရဲကြီးများသည် နေရာအနှံ့၌ ရှိနေသည်။ လူများသည် ဝင်ရောက်လာပြီဆိုသည်နှင့် သေဆုံးရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။
"ကောင်းပြီ။" လီချင်းယန်သည် သူ၏ဓားအား ပြန်သိမ်းလိုက်၏။ ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ချိန်မှာတော့ ရုတ်တရက်ဆိုသလိုပဲ ရပ်တန့်သွား၏။
သူသည် အလောင်း၏ အောက်ဆီသို့ သေချာကြည့်လိုက်သည်။ ပြီးနောက် အလောင်းအား အသာဆွဲဖယ်လိုက်၏။
အလောင်း၏ အောက်မှာတော့ သေးငယ်လှသော တွင်းတစ်ခု ရှိနေပြီး တွင်းထဲမှာတော့ သွေးတွေ ပေကျံနေသော မိန်းကလေးတစ်ယောက်သည် ကွေးကွေးလေး ရှိလို့နေသည်။
"ဂိုဏ်းချုပ်။"
လီချင်းယန် ပြောလိုက်သည်။ "အထဲမှာ ကလေးမလေးတစ်ယောက် ရှိတယ်။"
ကျွင်းချောင်ရှောင်း ပြန်လှည့်လာ၏။
သူသည် လီချင်းယန် အလောင်းအား ဖယ်ရှားလိုက်သည်ကို မြင်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ မှတ်မိသွားတော့သည်။
ဤအဘိုးအိုသည် လီယန်မြို့တွင် တွေ့ဆုံခဲ့သော အဘိုးအို ပင် ဖြစ်ပေ၏။
သူသည် အသာလှမ်းလျှောက်လာပြီး တွင်းထဲသို့ အသာငုံကြည့်လိုက်၏။ အသက်ခုနစ် ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်သည် အထဲ၌ ကွေးကွေးလေး ရှိနေသည်။
မိန်ူကလေးသည် အလွန်တရာ ကြောက်လန့်နေသည့်ပုံ ပေါ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အဆက်မပြတ်တုန်ခါလျက် ရှိ၏။
"အဘိုးလု"
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူမသည် အဘိုးအို၏ အလောင်းကို မြင်လိုက်ချိန်မှာတော့ မည်သို့မှ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်တွေ တတွင်တွင် ကျဆင်းကာ ငိုယိုလေတော့သည်။
လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒီအဘိုးကြီးက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အုပ်ပြီး ကာကွယ် ပေးခဲ့ဝာာပဲ။"
ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"လုံလောက်တဲ့အားအင်မရှိဘူးဆိုရင် ဒီလို အန္တရာယ်များတဲ့ လမ်းကို မလာသင့်ဘူး။"
.....
တောထဲမှာတော့ သေးငယ်လှသော မြေပုံလေးတစ်ခု ဖြစ်တည်လာတော့သည်။
မြေပုံလေး၏ အရှေ့ဘက်တွင် ကျောက်ပြားတစ်ခု တည်ရှိနေပြီး ကျောက်ပြားပေါ်တွင်တော့ အဘိုးလု၏ အုတ်ဂူဆိုသော စာသားကို ရေးထိုးထား၏။
မိန်းကလေးသည် ထိုအုတ်ဂူရှေ့တွင် မျက်လုံးတွေ မို့ဖောင်းနေသည်အထိ ဒူးထောက်ပြီး ငိုယိုလျက်ရှိသည်။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် မည်သို့မှ မခံစားနိုင်သောကြောင့် ပြောလိုက်၏။ "ဒီကလေးက သနားစရာကောင်းတယ်။ သူမကို ဘာလို့ တပည့်အဖြစ် ခေါ်မသွားတာလဲ။"
လီယန်မြို့တွင် ဖြစ်ပျက်ခဲ့ပြီးသမျှကို သူ အစောကတည်းက သိရှိပြီးဖြစ်သည်။ သူ၏ ဂျူနီယာညီလေးဆီမှ သိရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဤမိန်းကလေးတွင် မိဘများ မရှိတော့သည်ကို သူ ကောင်းကောင်းသိ၏။ ယခု အဘိုးအိုသည်လည်း သေဆုံးသွားပြီဖြစ်သောကြောင့် သူမ တွင် မည်သည့် အမျိုးအဆွေမှ မရှိတော့ချေ။
ရက်စက်လှသောလောကကြီးထဲတွင် ဤအသက်အရွယ်နှင့် တစ်ယောက်တည်း နေထိုင်ရမည်ဆိုသည်မှာ မည်မျှ သနားစရာ ကောင်းလိုက်သနည်း။
သူသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း အလွန်ကြင်နာတတ်သည့် နှလုံးသားတော့ ရှိနေသေး၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကောင်းပြီ။"
သူသည် သွေးအေးလှသည် လူမျိုးမဟုတ်ပေ။ စာနာမှုနှင့် ပြည့်စုံသော လူတစ်ယောက်လည်းဖြစ်၏။ သူမကို တောထဲတွင် တွေ့စဉ်ကတည်းက ဂိုဏ်းထဲသို့ ခေါ်ဆောင်သွားရန် စဉ်းစားပြီးဖြစ်သည်။
ဤကဲ့သို့ ငယ်ရွယ်လှသော မိန်းကလေးကို တောထဲတွင် တစ်ယောက်တည်း သွားစေရန် သူ စိတ်ချလက်ချ မလွှတ်နိုင်ချေ။
အရင်တုန်းကလည်း လျိုဝမ်ရှစ် ငိုယိုခဲ့သောကြောင့် လျိုဝမ်ရှစ်အား ဂိုဏ်းထဲသို့ ခေါ်ဆောင်ခဲ့ရသည်။ ယနေ့မှာတော့ သူသည် နောက်ထပ် မိန်းကလေးငယ်လေးအား ခေါ်ဆောင်ခဲ့ရပြန်ပြီဖြစ်သည်။
"လင်းရွှယ်။"
"ရှိပါတယ်။"
"သူမကို ချီခဲ့။"
ဟမ်။
လင်းယွမ်ရွှယ်သည် ဂိုဏ်းချုပ်၏ အမိန့်အား နာခံပြီး ကလေးမလေးအား ချီလိုက်၏။
သို့ပေမဲ့ ကလေးမလေးသည် ငိုယိုနေတုန်းပင်ဖြစ်ပြီး အဘိုးလု နှင့်သာ နေထိုင်ချင်ကြောင်း အော်ဟစ်လျက်ရှိနေသည်။
"ယန်ယန်မြို့ကို သွားကြစို့။"
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား ခေါ်ဆောင်၍ ရှေ့သို့ ဆက်လက်သွားလိုက်သည်။
မုန့်ယဉ် ဟု ခေါ်သော မိန်းကလေးသည် အဆက်မပြတ် ငိုယိုနေတုန်းပင် ဖြစ်၏။ သူမ၏ မျက်ရည်များသည် မျက်နှာပေါ်တွင် ပေကျံလျက်ရှိနေသည်။
အဘိုးလုသည် သူမနှင့် သွေးချင်းဆက်စပ်မှု မရှိဘူးဆိုသော်လည်း ဤလောကကြီးထဲ၌ သူမ၏ မိသားစုဖြစ်သည်။
လက်ရှိအချိန်မှာတော့ အဘိုးလု ၏ အုတ်ဂူသည် သူ၏ မြင်ကွင်းဆီမှ ဝေးဝေးဝေးကာဖြင့် ပျောက်ကွယ် သွားခဲ့သည်။
.......
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများ ထွက်ခွာသွားပြီးနောက်မှာတော့ အသစ်တည်ဆောက်ထားသော အုတ်ဂူကြီးတစ်ခုသည် ရုတ်တရက် တုန်ခါသွားသည်။
အုတ်ဂူပေါ်တွင် ရှိသော ကျောက်တုံး ဈ ကျောက်ခဲများ အားလုံးသည် ဘေးတစ်ဖက်သို့ လွင့်စင်သွားပြီး မြေကြီးများသည်လည်း ပွင့်ထွက်လာ၏။
ဘုတ်။
ချက်ချင်းဆိုသလိုပဲ ပိန်လီလှသော လက်တစ်ခုသည် မြေအောက်ဆီမှ ထွက်ပေါ်လာပြီး သေဆုံးနေသော အဘိုးအိုသည် ဖြည်းဖြည်းချင်း ကုန်း၍ ထလာသည်။
ဤမြင်ကွင်းကိုသာ တစ်ခြားသူတစ်ယောက် မြင်လိုက်ပါက သေဆုံးလုမတတ်ပင် ကြောက်လန့်သွားမှာ သေချာသည်။
ဟူး။
အဘိုးအိုသည် သင်္ချိုင်း ကဗျည်း ကျောက်တိုင်ပေါ်တွင် ထိုင်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်၏။
“ကလေး"
ခဏလောက် အနားယူပြီးသည့်နောက်မှာတော့ အဘိုးအိုသည် ကျွင်းချောင်ရှောင်းတို့ ထွက်ခွာသွားသည့်နေရာကို လှမ်းကြည့်၍ လေးလေးနက်နက် ပြောလိုက်၏။ "ငါ့ရဲ့ ဆုံးဖြတ်ချက်က မမှားဘူး။ သံမဏိအရိုးဂိုဏ်းက ကျိန်းသေပေါက် ရိုးရှင်းတဲ့ ဂိုဏ်းတစ်ခု မဟုတ်ဘူး။ဒီတော့ အနာဂတ်မှာ အဲဂိုဏ်းထဲမှာနေပြီးတော့ ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်။
"မဟုတ်ဘူး။"
သူသည် ခဏရပ်ကာ ပြောလိုက်၏။ "အပူအပင်ကင်းပြီး ကြောင့်ကျမှုကင်းတဲ့ ဘဝမှာ နေထိုင်ပါ။"
ရှပ် … ရှပ်။
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော များပြားလှသော ကျင့်ကြံသူများသည် အဖိုးအို၏ နောက်တွင် ပေါ်လာပြီး ညီညီညာညာ စီတန်း၍ ရပ်လိုက်သည်။
ထိူသူများသည် အထူးလေ့ကျင့်ထားသော စစ်သည်များကဲ့သို့ပင် ဖြစ်သည်။
၎င်းတို့ထဲမှ တစ်ယောက်သည် တီးတိုး ပြောလိုက်၏။ "နတ်ဆိုးတောင်ကို ကျွန်တော်တို့ ဘယ်အချိန်ပြန်ကြမလဲ။"
သူတောင်းစားကဲ့သို့ စုတ်ပြတ်သတ်လျက်ရှိသော အဘိုးအိုသည် မတ်တပ်ထရပ်လိုက်၏။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမဲရောင် အော်ရာများသည် ဒြပ်ထု တစ်ခု အဖြစ် ထွက်ပေါ်လာပြီး ချပ်ဝတ် တစ်ခုကဲ့သို့ ဖြစ်တည်သွားသည်။
သူ၏ မျက်လုံးများသည်လည်း အလွန်တရာ အေးစက်နေသည်။ ပြီးနောက် ပြောလိုက်၏။ "သခင်မလေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အားလုံး စီစဉ်ပြီးသွားပြီ။ဒီတော့ ငါတို့ နတ်ဆိုးဆရာနောက်ကို လိုက်ပြီး သိုသိုသိပ်သိပ်နဲ့ နေထိုင်ကြတာပေါ့။"
ထို့နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူများသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားကြသည်။
ထိုသူတို့ ထုတ်လွှတ်လိုက်သော အော်ရာများသည် တောင်ထဲမှာရှိသော သားရဲများကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေ၏။
တစ်ချို့ဆိုလျှင် ထိုဖြစ်ပေါ်လာသော အော်ရာများ၏ ဖိအားဒဏ်ကို မခံစားနိုင်သောကြောင့် သေဆုံးကုန်ကြတော့သည်။