အခန်း (၂၆၄)
Vol. 18 Ch. 264
သူတို့သည် လမ်းမှာ အချိန်အနည်းငယ်ဖြုန်းခဲ့သောကြောင့် ယန်ယန်မြို့သို့ ရောက်ရှိရန် အချိန်လေးနာရီ ကြာခဲ့ရ၏။
"အဖိုးလု"
လင်းယွမ်ရွှယ်၏ပုခုံးထက်တွင် အိပ်ပျော်လျက်ရှိသော မိန်းကလေးသည် တစ်ချက်တစ်ချက်ထယောင်ပြီး အော်ဟစ်လျက်ရှိနေသေး၏။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် သူမကိုကြည့်ကာ ပြောလိုက်သည်။ "ဒီမိန်းကလေးက အရမ်းသနားဖို့ကောင်းတာပဲ။"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။
"လောကမှာ သနားစရာကောင်းတဲ့လူတွေ အများကြီးပဲ။ငါတို့က အားလုံးကိုလိုက်ပြီး မကယ်တင်နိုင်ဘူးလေ။"
"နားလည်ပါပြီ။" လီချင်းယန်သည် ဂိုဏ်းချုပ်၏ ဆိုလိုရင်းကို နားလည်သဘောပေါက်၏။
သူ့အားကယ်တင်ခဲ့သည်။ ဂျူနီယာညီလေးရှောင်အား ကယ်တင်ခဲ့သည်။ ထို့အပြင် ဤမိန်းကလေးကိုပါ ကယ်တင်ခဲ့သည် ဆိုခြင်းမှာ ဂိုဏ်းချုပ် ၏နှလုံးသားထဲတွင် အလွန်တရာ စာနာ ကြင်နာတတ်သော နှလုံးသားရှိသည်ဟု ဆိုရမည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ထိုအရာများကို ဖုံးကွယ်ထားလျက်ရှိ၏။
အရည်အသွေးပြည့်မီသော တပည့်တစ်ယောက် ပီသစွာဖြင့် သူသည် သိသော်လည်း ဆက်၍ မပြောတော့ချေ။
ဤနေရာတွင် လုချင်းချင်းသာ ရှိသည်ဆိုပါက ဂိုဏ်းချုပ်အား ရင်နာအောင် စကားလုံးများနှင့် တိုက်ခိုက်တော့မှာ သေချာသည်။
"သွားကြစို့။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မြို့ထဲကို ဝင်ကြရအောင်။"
တူညီသော နည်းဥပဒေသအတိုင်းပင် သူတို့သည် ယန်ယန်မြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ မြို့တော်ဝန်၏ အိမ်ဆီသို့ တိုက်ရိုက်ပဲ သွားလိုက်သည်။ ပြီးနောက် ဂိုဏ်းသားသစ် ခေါ်ဆောင်မည်ဖြစ်ကြောင်း တောင်းဆိုလိုက်တော့သည်။
ယန်ယန်မြို့တော်ဝန်သည်လည်း သံမဏိအရိုးဂိုဏ်းတပည့်များ တစ်ခြားနိုင်ငံရှိ သိုင်းပြိုင်ပွဲများတွင် အနိုင်ယူခဲ့သည် ဆိုသောသတင်းကို ရရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူသည် သဘာဝအတိုင်းပင် ငြင်းဆန်ခြင်းမပြုခဲ့ပေ။
သူသည်လည်း မြို့တော်ဝန်အောင်း ကဲ့သို့ တူညီသော အတွေးရှိသူဖြစ်၏။ ဂိုဏ်းတွေကြား ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များအားလုံးသည် ဂိုဏ်းတွေသာလျှင် ပြန်လည်ဖြေရှင်းရမှာဖြစ်၏။ သူ့အနေနှင့် ဘာမှလုပ်စရာ အကြောင်းရင်းမရှိချေ။
ယန်ယန်မြို၏ မြို့အလယ်တည်နေရာမှာတော့ သံမဏိအရိုးဂိုဏ်းသည် ခေတ္တနားခိုရာ တဲတစ်ခုအား ထိုးထား၏။
ဤတစ်ကြိမ်မှာတော့ အလွန်အောင်မြင်သည်ဟု ဆိုရမည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သည် လာရောက်၍ ပြဿနာမရှာခဲ့ပေ။
တရားဝင် ကြေညာပြီးသည့်နောက်မှာတော့ သူတို့သည် နောက်ထပ် လူတစ်ရာခန့်အား ဂိုဏ်းသားသစ်ဖြင့် လက်ခံနိုင်ခဲ့ပြီဖြစ်သည်။
ဂိုဏ်းသား အရေအတွက်သည် ခြောက်ရာ့နှစ်မှ ခုနစ်ရာ့ဆယ့်နှစ်ထိသို့ တိုးတက်သွားခဲ့ပြီဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ်သည် တစ်ရာလေးမှ နှစ်ရာ့ဆယ့်လေးထိ ရောက်ရှိသွားခဲ့၏။
"ကြည့်ရတာ ငါတို့ တပည့်တွေပိုပြီးရဖို့အတွက် တစ်ခြားမြို့ကို သွားဖို့လိုမယ်နဲ့တူတယ်။" ကျွင်းချောင်ရှောင်းတီးတိုးရေရွတ်လိုက်၏။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ လီချင်းယန်သည် အလွန်တရာ ချောမောလှသော လူငယ်တစ်ယောက်ကို ခေါ်ဆောင်၍ လျှောက်လှမ်းလာ၏။
ထိုလူငယ်သည် စုန့်မိသားစု၏ ဒုတိယသခင်လေးပင် ဖြစ်သော စုန့်ရွှမ်ကျူး ဖြစ်၏။
ယန်ယန်မြို့၏ နံပါတ်တစ်ပါရမီရှင်သည် အတိတ်တုန်းက အလွန်တရာ မောက်မာခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ကိုယ်ရည်ကိုယ်သွေးနှင့် အမူအရာများ အားလုံးသည် ပိုမိုရင့်ကျက်လာခဲ့ပြီး တည်ငြိမ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း"
စုန့်ရွှမ်ကျူးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ရဲ့ အကြောင်းကို အများကြီး ကြားဖူးပါတယ်။တွေ့ရတာ ဝမ်းသာပါတယ်။"
သူသည် သံမဏိအရိုးဂိုဏ်းကြောင်းနှင့် ပတ်သက်၍ အစောကြီးကတည်းက ကြားခဲ့ပြီးပြီဖြစ်သည်။
သူ၏သူငယ်ချင်းကောင်းဖြစ်သော လီချင်းယန်သည် ထိုဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ကြောင်း အစောကြီးကတည်းက သိရှိခဲ့၏။ ထို့ကြောင့်ပင် စိတ်ဝင်စားနေခြင်းဖြစ်ပြီး သူ့အနေနှင့် မိသားစုနှင့်အတူ အချိန်ခဏပေးပြီးသည့်နောက် သွားရောက်လည်ပတ်ရန်ပင် စဉ်းစားခဲ့သေး၏။
"သခင်လေးစုန့်"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ချင်းယန်က ပြောခဲ့တယ်။မင်း သံမဏိအရိုးဂိုဏ်းကိုဝင်ဖို့ စိတ်ဝင်စားတယ်လား။"
စုန့်ရွှမ်ကျူး သည် လက်သီးကိုဆုပ်ကာဖြင့် လေးလေးနက်နက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်းကသာ ကျွန်တော့လို အိပ်ရာထဲလဲခဲ့ဖူးတဲ့ လူတစ်ယောက်ကို မငြိုငြင်ဘူးဆိုရင် သံမဏိအရိုးဂိုဏ်းကို လိုလိုချင်ချင်နဲ့ ဝင်ရောက်ချင်ပါတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်က ပါရမီရှင်တွေနဲ့ ပတ်သက်ပြီး လိုချင်တဲ့စိတ်ထားရှိတာပေါ့။ဘာလို့ မကြိုက်ရမှာတုန်း။"
"ဘုတ်"
ဝင်ခွင့်ဖောင်တွင် စည်းတံဆိပ်တုံးအား ထုနှက်လိုက်ပြီးဖြစ်သည်။
ဂိုဏ်းသားအရေအတွက်နှင့် ဂိုဏ်းစုဆောင်းမှတ်သည်လည်း တစ်မှတ်စီတိုးသွားခဲ့သည်။
သံမဏိအရိုးဂိုဏ်းသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသော အခြားပါရမီရှင်တစ်ယောက်အား ထပ်မံရရှိခဲ့ပြီးပြီဆိုရမည်။
"နာမည်က စုန့်ရွှမ်ကျူးပါ။"
စုန့်ရွှမ်ကျူးသည် လက်သီးကိုဆုပ်၍ လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။"
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အခု ဘယ်လောက်လဲ။"
"အဆင့်တစ်ဆယ် မရီဒန်ဖွင့်ခြင်းပါ။"
သူအနေနှင့် နှစ်ပေါင်းများစွာ အိပ်ရာထဲ လဲလျောင်းနေခဲ့သည်သာ မဟုတ်လျှင် သိုင်းတပည့်အဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်၏။
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်သည်။ ဒီအဆင့်က ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံဖို့ အကောင်းဆုံးပဲ။ ငါ သူ့ကို ပိုပြီးတော့ အာရုံစိုက် ပြုစု ပျိုးထောင်ပေးရမယ်။
“အိမ်ကိုသွားပြီး မင်းမိဘတွေကို သွားနှုတ်ဆက်လိုက်အုံး။"
"ဂိုဏ်းချုပ် ဒီကိုထွက်လာကတည်းက မိဘတွေကို နှုတ်ဆက်ခဲ့ပြီးပါပြီ။"
"ဒီလောက်မြန်သလား။"
လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။
"ဂိုဏ်းချုပ် … ကျွန်တော် ဂျုနီယာညီလေး ရွှမ်ကျူး ကို ဂိုဏ်းထဲကိုဝင်မလားလို့ ပြောခဲ့တုန်းက သူက သံမဏိအရိုးဂိုဏ်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကြီးအကျယ် မျှော်လင့်ချက်တွေရှိတယ်။ဒါ့ကြောင့် တစ်ခါတည်း အိမ်ကိုပြောပြီး လိုက်လာတာ။"
"သြော် ဒီလိုကိုး။"
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်သည်။ "ဒါဆိုလည်း ဂိုဏ်းကိုပြန်ကြစို့။"
များပြားလှသော ယန်ယန်မြို့မှ ကျင့်ကြံသူများ၏ အကြည့်အောက်မှာပဲ သူတို့သည် တပည့်များနှင့်အတူ ပြန်လည်ထွက်ခွာသွားကြ၏။
"ဟင်း …"
ချောင်ကြိုချောင်ကြားတွင် ပုန်းအောင်းလျက်ရှိသော များပြားလှသော အင်အားစုများသည် သူတို့၏ဦးခေါင်းကို ခါရမ်းကာ သက်ပြင်းချလိုက်မိ၏။
စုန့်ရွှမ်ကျူး သည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ အကူအညီဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူတို့သည် အချိန်ကာလတစ်ခုအကြာတွင် သွားရောက်၍ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဆင့်ခေါ်မည်ဟု စဉ်းစားခဲ့ကြ၏။ သို့ပေမဲ့ စုန့်မိသားစုခေါင်းဆောင်သည် သူ့သားပြန်လည်ကောင်းမွန်ခါစ ဖြစ်သောကြောင့် အနားယူရန် အချိန်လိုအပ်သည်ဟု ကြေညာခဲ့၏။ ထို့ကြောင့် မည်သည့်ကမ်းလှမ်းမှုကိုမဆို ငြင်းပယ်ခဲ့လေသည်။
ယခုအချိန်မှာတော့ ထိုသို့ဂိုဏ်းအတော်အများ မျှော်လင့်နေကြသော သူ့အား သံမဏိအရိုးဂိုဏ်းသည် ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်လေ၏။
...........
"ခေါင်းဆောင်"
စုန့်မိသားစု၏ ဟောခန်းအတွင်းမှာတော့ အကြီးအကဲတစ်ယောက်သည် အလွန်တရာ ဒေါသထွက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ရွှမ်ကျူး ကို သံမဏိအရိုးဂိုဏ်းထဲ ဝင်စေတယ်ဆိုတာ မသင့်တော်ဘူး မဟုတ်ဘူးလား။"
"ဟုတ်တယ်။"
တစ်ခြားသော အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
"ကျွင်းချောင်ရှောင်းက ချင်ဟောင်ရန်ကို အပြစ်ပြုရုံတောင်မကဘူး နတ်စမ်းချောင်းဂိုဏ်းကိုလည်း အပြစ်ပြုခဲ့သေးတယ်။ရွှမ်ကျူး က ဒီဂိုဏ်းထဲကို ဝင်တယ်ဆိုတာ ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘူးလို့ ထင်တယ်။"
စုန့်ကလန်၏ အကြီးအကဲများအားလုံးသည် စုန့်ရွှမ်ကျူးသံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင်ကြ၏။
ဤမျှပြဿနာရှာသော ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခြင်းသည် အနာဂတ် ကျင့်ကြံခြင်းလောကထဲ တွင် အသက်ရှင် ရပ်တည်နိုင်အောင် မနည်းကြိုးစားရှာ သေချာသည်။
စုန့်မိသားစုခေါင်းဆောင်က ပြောလိုက်၏။ "ရွှမ်ကျူး က သံမဏိအရိုးဂိုဏ်းထဲကို သူ့ဆုံးဖြတ်ချက်နဲ့သူ ဝင်သွားတာလေ။ငါက သူ့ရဲ့ဖခင်တစ်ယောက်အနေနဲ့ သူ ဘာပဲလုပ်လုပ် ထောက်ပံ့ပေးရမှာပေါ့။"
ဤစုန့်မိသားစုခေါင်းဆောင်သည် လီမိသားစု ခေါင်းဆောင်ထက်စာလျှင် ပို၍ အမြင်ကျယ်သည်ဟု ဆိုရမည်။
ဟုတ်ပေသည်။ လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်းသည် ပိုမို၍ ကျော်ကြားလာသည် မဟုတ်လား။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းကသာ စုန့်ရွှမ်ကျူး တစ်ယောက် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်မည်ဆိုလျှင် သူကျိန်းသေပေါက် တားမြစ်မိမှာ သေချာ၏။
စုန့်ကလန်၏ အကြီးအကဲများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
မိသားစုခေါင်းဆောင်က ထိုသို့ဆိုနေမှတော့ သူတို့အနေနှင့် ဆက်လက်ပြောဆိုရင်လည်း အသုံးဝင်မည်မဟုတ်မှန်း သိရှိသွားကြ၏။
အစည်းအဝေးပြီးသည့်နောက်မှာတော့ စုန့်မိသားစုခေါင်းဆောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စာကြည့်ခန်း၏ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်၏။ "ကျူးအာ သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်တယ်ဆိုတာ မင်းရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ။အနာဂတ်မှာ ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းဖြစ်ဖြစ် မင်းအနေနဲ့ ဇွဲရှိရှိနဲ့ ဖြတ်ကျော်သွားရမယ်။"
.............
သံမဏိအရိုးဂိုဏ်းမှာတော့ ………
ကျွင်းချောင်ရှောင်းသည် တပည့်များအား ပြန်လည်ခေါ်ဆောင်လာပြီး လီချင်းယန်အား စီစဉ်စရာရှိသည်များ စီစဉ်ခိုင်းခဲ့သည်။
သူ့အား စိုးရိမ်ပူပန်မိစေသည်မှာ ဝမ်းနည်းပက်လက်နှင့် လမ်းပင်မလျှောက်နိုင်သော ကလေးမလေးပင်ဖြစ်၏။
သူမသည် အခန်း၏ထောင့်တစ်နေရာတွင် ကုတ်ကုတ်လေးရှိနေ၏။
နာမည်မေးသော်လည်း တစ်လုံးမှ မဖြေခဲ့ပေ။ ထို့ကြောင့် သူမအား အဘယ်သို့ ဂိုဏ်းသားသစ်အဖြစ် သတ်မှတ်ရမည်နည်း။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် စေတနာ့ဝန်ထမ်းလာလုပ်ပေး၏။ "ကျွန်မသွားပြီးတော့ မေးလိုက်မယ်။"
"အင်း" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
လက်ရှိအချိန်မှာတော့ သူ့အနေနှင့် ကလေးမလေးအား ဆွဲဆောင်ရန်အတွက် အသက်မတိမ်းမယိမ်းဖြစ်သော လျိုဝမ်ရှစ်ကိုပင် အားကိုးရပေလိမ့်မည်။
လျိုဝမ်ရှစ်သည် အရင်ဦးဆုံး ဟင်းပွဲအနည်းငယ်ကို ပြုလုပ်လိုက်၏။ ပြီးနောက် ကလေးမလေးအား အခန်းထဲသို့ ခေါ်ဆောင်သွားသည်။
"ပလက် …. ပလက်……. ပလက်"
မကြာခင်မှာပဲ အားရပါးရ စားသောက်နေသည့်အသံ ပေါ်လာ၏။
ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ချိန်မှာတော့ ကလေးမလေးသည် တူအားကိုင်ဆောင်၍ပလုတ်ပလောင်းနှင့် စားသောက်နေသည်ကို မြင်လိုက်ရ၏။
သူမသည် ကလေးဆန်သော အသံဖြင့်ပင် ပြောနေလိုက်သေး၏။ "အစ်မလျို ဒီဟင်းပွဲတွေက အရမ်းကိုမွှေးတာပဲ။"
သေချာသည် ။ ဤလောကကြီးထဲတွင် အရသာရှိလှသော အစားအစာကို ခုခံနိုင်သည့်လူမှာ အနည်းငယ်သာရှိပေလိမ့်မည်။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် မိန်းကလေး၏လက်အား ဆွဲကာ အပြင်ဘက်သို့ ခေါ်ဆောင်လာ၏။ ပြီးနောက် ပြုံးကာပြောလိုက်သည်။ "သူမရဲ့နာမည်က ရောင်မုန့်ယဉ် လို့ခေါ်တယ်။သူမက သံမဏိအရိုးဂိုဏ်းထဲကို လိုလိုချင်ချင်နဲ့ ဝင်ချင်ပါတယ်တဲ့။"
ပြီးနောက် သူမသည် ဝင်ခွင့်ဖောင်ကို ထုတ်ယူ၍ နာမည်အား ဖြည့်လိုက်၏။
ကျွင်းချောင်ရှောင်းသည် တံဆိပ်တုံးအား ထုနှက်လိုက်သည်။
"တုတု"
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည်။ "ဒီကလေးမလေးက စိတ်ဓာတ်ကျနေတယ်။သူ့ကို စကားများများပြောပေး။"
"ကောင်းပါပြီ။"
လျိုဝမ်ရှစ်ပြောလိုက်၏။
"ဂိုဏ်းချုပ် မုန့်ယဉ် နဲ့ ကျွန်မနဲ့ အခန်းတစ်ခုထဲမှာ တူတူနေလို့ရလား။"
"ကိစ္စမရှိဘူး နေလို့ရတယ်။"
.........
ဒုတိယအသုတ်တပည့်များ စီစဉ်စရာရှိတာများ စီစဉ်ပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် ရောင်ရန်မြို့ဆီသို ထပ်မံ၍ ဦးတည်လိုက်တော့သည်။
ရောင်ရန်မြို့မှရှိသော ဂိုဏ်းများသည် သူနှင့် မသင့်မြတ်လှချေ။ ထို့အပြင် ဤမြို့တွင်ရှိသော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား သူ ဖျက်ဆီးခဲ့သည်မဟုတ်လား။
သူသည် ဂိုဏ်းသားသစ်စုဆောင်းရန် တည်နေရာ ပြင်ဆင်ပြီးသည့်နောက်မှာတော့ လူတစ်ချို့ ရောက်ရှိလာတော့သည်။
"မကျေနပ်ဘူးလား။"
ကျွင်းချောင်ရှောင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့တပည့်နဲ့ တိုက်ခိုက်လိုက်လေ။မင်းကို နိုင်လို့ရှိရင် ငါဒီကနေ ချက်ချင်းဆင်းသွားမယ်။ ဂိုဏ်းသားသစ်ခေါ်ဆောင်ဖို့အတွက် တောင်ပေါ်ကကို ဆင်းမလာတော့ဘူး။"
ပြီးနောက် ရီရှင်းချန်သည် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် မတ်မတ်ရပ်လျက် တစ်ယောက်ပြီးတစ်ယောက်နှင့် တိုက်ခိုက်လေတော့သည်။
အချိန်တိုအတွင်းမှာပဲ သူသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ အကြီးအကဲ သုံးဆယ်ကျော်အား တိုက်ခိုက်အနိုင်ယူခဲ့၏။
ညအင်ပါယာသည် ရှောင်ကျီထက် ပို၍ ကြမ်းတမ်း၏။ သူနှင့် တိုက်ခိုက်သူများအားလုံးသည် အိပ်ရာထဲတွင် သုံးလမှ ငါးလကြာ အနားယူမှ မတ်တပ်ထရပ်နိုင်မည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့သည်။
ဤပိုးဖလံကဲ့သို့ လူတွေနှင့် ရင်ဆိုင်ပြီးသည့်နောက်မှာတော့ ဂိုဏ်းသားသစ် ခေါ်ယူမှုသည် စတင်ခဲ့ပြီဖြစ်၏။
နှစ်နာရီကြာပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းသားသစ်တစ်ရာကို ခေါ်ယူနိုင်ခဲ့သည်။
နောက်ရက်အနည်းငယ်ကြာသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟွာရန်မြို့၊ကျန်းရန်မြို့၊ရွှီရန်မြို့သို့ သွားခဲ့၏။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ဝင်များသည် နှစ်ကြိမ်တိတိ ခံစားပြီးပြီဖြစ်သောကြောင့် ထပ်မံ၍ ပြဿနာမရှာရဲတော့ချေ။ ထို့ကြောင့် ဂိုဏ်းသားသစ်ခေါ်ယူမှု အစီအစဉ်သည် အလွန်တရာ ချောမောနေသည်။
"ဘုတ်"
သူသည် ဂိုဏ်းချုပ်၏ စည်းတံဆိပ်တုံးအား ထုတ်ယူ၍ ထုနှက်လိုက်၏။
သူ၏နားထဲမှာတော့ ချိုသာလှသော စနစ်၏ သတိပေးသံ ထွက်ပေါ်နေသည်။
"ဒင် …… ဂိုဏ်းသား - ၁၀၀၀/၁၀၀၀"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၅၀၂/၁၀၀၀"
ကျွင်းချောင်ရှောင်းသည် အသစ်ခေါ်ယူထားသော တပည့်များအား ဂိုဏ်းသို့ခေါ်ဆောင်လာပြီး နောက်တစ်ရက်မှာတော့ စနစ်သည် လိုအပ်ချက်များနှင့် ပြည့်စုံသွားပြီဖြစ်ကြောင်း သတိပေးခဲ့၏။
တာဝန်ခွဲဝေခြင်းဘုတ်ပြားပေါ်တွင်တော့ များပြားလှသော တာဝန်များပေါ်လာတော့သည်။
"အခု ကြယ်အရေအတွက်ကို ကြည့်ရတာ တပည့်တွေအနေနဲ့ တာဝန်အားလုံးကို ပြည့်စုံအောင် လုပ်နိုင်လောက်မယ်။ဒီလိုဆိုရင် ဂိုဏ်းအဆောက်အအုံက အဆင့်လေးကို ရောက်တော့မှာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ပွတ်သပ်လိုက်၏။
အဆင့်လေး ဂိုဏ်းအဆောက်အအုံကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် အဆောင်ခန်းမဆောင်ကို ပွင့်တော့မှာဖြစ်သည်။
ဂိုဏ်းချုပ်ကျွင်းသည် အဆောင်ခန်းမဆောင်နှင့် ပတ်သက်၍ အလွန်တရာ မျှော်လင့်ချက် ရှိနေ၏။
အသိအမြင်အဆောင်၊ခုခံခြင်းအဆောင်၊အမြန်နှုန်းအဆောင်၊တစ်ခြားအဆောင်များ အားလုံးသည် အလွန်တရာ တန်ဖိုးကြီးမား၍ အံ့အားသင့်လောက်သည့်အရာမျိုး ဖြစ်နေသည်မဟုတ်လား။