အခန်း (၂၆၇)
Vol. 18 Ch. 267
နောက်တစ်ရက်မှာတော့ …
စာရေးကျိုးနှင့် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းမှ အဖွဲ့ဝင်များသည် သံမဏိအရိုးဂိုဏ်း ဆီသို့ ချီတက်လာကြသည်။
သူတို့ လျှောက်ဝင်လာပြီး အတွင်းခြံဝန်း၏ တံခါးရှေ့ရောက်ချိန်မှာတော့ အလွန်တရာ ခမ်းနားလှသော အဓိက ဟောခန်းကြီးတစ်ခုကို မြင်လိုက်ကြရသည်။ ပတ်ဝန်းကျင် အဆောက်အဦ တစ်ခုလုံး ကျောက်စိမ်းများနှင့် ထွင်းထု အလှဆင်ထားသည်ကို မြင်တော့ အားလုံး အံ့အားသင့်မိနေကြ၏။
ဒါကအဆင့်ရှစ် ဂိုဏ်းတစ်ခုလား။
တလက်လက်တောက်ပနေသည့် ဆိုင်းဘုတ်ကြီးတွင် သံမဏိအရိုးဂိုဏ်းဟူသော စာသား ရေးသားထားသည်ကိုသာ မတွေ့လျှင် သူတို့သည် အဆင့်ခြောက် ဂိုဏ်းတစ်ခုထဲ ရောက်ရှိနေသည်ဟုပင် ထင်မှတ်မိနေပေလိမ့်မည်။
အရိုးသားဆုံး ပြောရလျှင် …
လီချင်းယန်သည် အဓိက ဟောခန်းအား အကြိမ်ပေါင်းများစွာ ပြန်လည်ပြင်ဆင်ခဲ့ပြီးသည့်နောက် အလွန်တရာ ခန့်ညား၍ လှပနေပြီ ဖြစ်သည်။
တခြားသော တောင်များထက်စာလျှင် သံမဏိအရိုးဂိုဏ်းတောင်၏ တည်နေရာ တစ်ခုလုံးတွင် စိတ်ဝိညာဉ်ပန်းပင် များ ဝေဝေဆာဆာ စိုက်ပျိုးထားပြီး အလွန်တရာ လှပနေ၏။
စာရေးကျိုးအား ပိုမို၍ ထိတ်လန့်တုန်လှုပ်မိစေသည်မှာ သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် တပည့်ရာချီသည် စီစီရီရီ ဖြင့် ရပ်တန့်လျက်ရှိနေပြီး တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်နေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အားလုံးသည် သိုင်းတပည့်အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။
“စာရေးကြီးကျိုး …”
အဖွဲ့သား တစ်ယောက်က ပြောလိုက်သည် “ဒီသံမဏိအရိုးဂိုဏ်း တပည့်တွေအားလုံးက သိုင်းတပည့် အဆင့်တွေပဲ”
သူ၏ ဘေး၌ ရှိနေသောသူကလည်း မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည် “လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဒီဂိုဏ်းက အဆင့်ကိုး ဂိုဏ်းမဟုတ်လား။ အခု ဘယ်လိုဖြစ်ပြီး အရမ်းအားကောင်းသွားရတာလဲ”
ဤနှစ်ယောက်သည် မနေ့က လီချင်းယန်ရောက်လာပြီးစစ်ဆေးပေးရန် တောင်းဆိုခဲ့စဉ်က သဘောမတွေ့ ဖြစ်ခဲ့ရသည်။
ယနေ့ သံမဏိအရိုးဂိုဏ်း၏ အဆောက်အဦ နှင့် တပည့်များ၏ အော်ရာများကို မြင်ပြီးချိန်မှာတော့ အူလည်လည် ဖြစ်မိနေကြ၏။
စာရေးကျိုးသည် တည်တည်ငြိမ်ငြိမ် နှင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း က လက်ရှိမှာ တပည့်သစ် ခေါ်ယူမှုကို ပြုလုပ်ခဲ့တယ်လေ။ သူ ခေါ်ယူခဲ့တာ သိုင်းတပည့်အဆင့်တွေ ဖြစ်နိုင်တာပဲ”
သူ၏ လေသံတွင် မသေချာ ၊ မရေရာမှုတွေ ပါဝင်နေသည် ဆိုသော်လည်း လောလောဆယ် ဤသို့သာ ကောက်ချက်ချထားမိသည်။
ဤမျှများပြားသော သိုင်းတပည့်အဆင့် ဂိုဏ်းသားများအား မည်ကဲ့သို့ ခေါ်ယူခဲ့သနည်း။
သေချာစဉ်စားကြည့်လျှင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ လူသစ်စုဆောင်းပွဲတုန်းက ဂိုဏ်းချုပ်ကျွင်းသည် ချင်းယန်နိုင်ငံ၏ နံပတ်တစ် ပါရမီရှင် လီချင်းယန်အား ဆွဲဆောင်၍ ဂိုဏ်းထဲဝင်ရောက်ရန် ခေါ်ဆောင်နိုင်ခဲ့သည်။
ကြယ်လစားသောက်ဆိုင်မှာတုန်းကလည်း တစ်ဖက်မှ ဂိုဏ်းချုပ် တစ်ယောက်အား သွေးအန်သည်အထိ စကားလုံးတွေ နှင့် တိုက်ခိုက်ခဲ့ဖူး၏။
“ဂိုဏ်းချုပ်ကျွင်း ဆီမှာ ထက်ရှလွန်းတဲ့ လျှာ တစ်ခု ရှိတာ သေချာတယ်။”
ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသည် သိုင်းတပည့်အဆင့် ကျင့်ကြံသူများအား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်နိုင်မည် ဖြစ်ကြောင်း စာရေးကျိုး ယုံကြည်နေမိသည်။
“စာရေးကျိုး …”
လီချင်းယန် ပြောလိုက်သည် “ကျေးဇူးပြုပြီး …..”
သူ၏ လမ်းပြမှုအောက်မှာတော့ စာရေးကျိုးသည် သူ၏ အဖွဲ့သားများကို ခေါ်၍ အဓိက ဟောခန်းထဲသို့ ဝင်လိုက်သည်။
လမ်းတစ်လျှောက်မှာတော့ သံမဏိအရိုးဂိုဏ်းသားများအား မြင်နေရသည်။ ဂိုဏ်းသားများသည် တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ဂိုဏ်းသူများမှာ ပေါ့ပါးသွက်လက်ကြ၏။
ဤတပည့်များသည် ပေါ့သေးသေး မဟုတ်ကြချေ။
ရေတွက်၍ မရသော ဂိုဏ်းများနှင့် ထိတွေ့ဆက်ဆံဖူးသော စာရေးကျိုးသည် သံမဏိအရိုးဂိုဏ်းဆီ ရောက်ချိန်မှာတော့ ပါးစပ် အဟောင်းသားနှင့် ဖြစ်နေသည်။
……
အဓိက ဟောခန်းထဲမှာတော့ …
တပည့်များသည် လက်ဖက်ရည်များနှင့် ဧည့်ခံလိုက်ကြသည်။ ကျွင်းချောင်ရှောင်း မေးလိုက်သည် “စာရေးကျိုး .. အဆင်ပြေရဲ့လား”
စာရေးကျိုးသည် လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်းရဲ့ သံမဏိအရိုးဂိုဏ်း က သာမာန်မဟုတ်ဘူး။ အလားအလာ နဲ့ပတ်သက်ရင် (က) အဖြစ်ကို တွက်ချက်မိတယ်”
(က) ဟုတ်လား။
နောက်မှလိုက်လာသော အဖွဲ့သားများသည် တုန်လှုပ်မိသွားကြသည်။
ဂိုဏ်းအသိအမှတ်ပြု ဟောခန်းသည် ဂိုဏ်းများ၏ အဆင့်သတ်မှတ်ချက်ကို အတည်ပြုပေးရသူများ ဖြစ်သည်။ ဂိုဏ်း၏ အလားအလာ နှင့် ပတ်သက်ပြီး အဆင့်သတ်မှတ်ချက်သည် (က) မှ (ဃ) အထိ ရှိ၏။
(က) သည် အဆင့်အမြင့်ဆုံး ဖြစ်ပြီး (ဃ) သည် အနိမ့်ဆုံးဖြစ်သည်။
အဆင့်တစ်ခုချင်းစီအားလည်း အဆင့်သုံးခု အဖြစ် ထပ်မံ ခွဲခြားထားသေး၏။
စာရေးကျိုးသည် အလားအလာ နှင့် ပတ်သက်လျှင် (ခ) အဖြစ်သာ သတ်မှတ်ပေးတတ်သည်ကို သူတို့သည် စာရေးကျိုးနောက်သို့ လိုက်ပါနေကျ ဖြစ်သောကြောင့် သိရှိပြီး ဖြစ်သည်။
သူတို့သည် အံ့အားသင့်မိသည် ဆိုသော်လည်း မေးခွန်းတော့ မထုတ်ကြချေ။
အဘယ့်ကြောင့်ဆိုသော် စာရေးကျိုးသည် ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာကြာမြင့်အောင် လုပ်ကိုင်ခဲ့သူ ဖြစ်သောကြောင့် ဤကဲ့သို့ အဆင့်သတ်မှတ်ပေးခဲ့သည်မှာ ကြုံသလို လျှောက်ပြောခဲ့ခြင်း မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းတွေ အရ ပြောဆိုခြင်းဖြစ်ကြောင်း သူတို့ သိရှိသောကြောင့် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအသိအမှတ်ပြုမှု ဟောခန်း၏ အဆင့်သတ်မှတ်ချက်များအား မသိရှိပေ။
သို့ပေမဲ့ (က) ဆိုသည်မှာ ကောင်းသည့်အရာပင်ဖြစ်မည်ဟု သူ ထင်မှတ်ပြီးဖြစ်သည်။ ထို့ကြောင့် ပြုံးကာပြောလိုက်သည် “ကျေးဇူးပါ စာရေးကျိုး”
တကယ်တမ်းမှာတော့ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းဆီမှ (က) အဆင့် ကို ရဖို့ ဆိုသည်မှာ အနည်းဆုံး အဆင့်ခြောက် ဂိုဏ်းတစ်ခု ရှိရန် လိုအပ်သည်။
သံမဏိအရိုးဂိုဏ်းသည်မှာတော့ အဆင့်ရှစ် ဂိုဏ်းတစ်ခု ဖြစ်လို့နေ၏။
စာရေးကျိုး၏ ဤကဲ့သို့ မှတ်ချက်ပေးခဲ့မှုသည်သာ ပြန့်နှံ့သွားမည် ဆိုလျှင် အကုန်လုံး အံသြကုန်ကြလိမ့်မည်။
ဤနိုင်ငံထဲတွင် အလားအလာ နှင့် ပတ်သက်လျှင် (က) အဆင့်အဖြစ် သတ်မှတ်ပေးခံရသည့် ဂိုဏ်းဆိုသည်မှာ လက်ဆယ်ချောင်းပင် ပြည့်သည်မဟုတ်ပေ။
ပြောရမည် ဆိုလျှင် ကျွင်းချောင်ရှောင်း သတ်ဖြတ်ခဲ့သော လောင်စွင်းဖန်၏ ချီရှန်ဂိုဏ်းသည်လည်း (က) အဆင့် သတ်မှတ်ပေးခံရသည့် ဂိုဏ်းတစ်ခုဖြစ်ပေသည်။
စာရေးကျိုး ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ရဲ့ တပည့်တွေက အရမ်းအားကောင်းတယ်။ သူတို့ရဲ့ အော်ရာတွေကလည်း ကြမ်းတမ်းတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သာမာန်သိုင်းတပည့် အဆင့် တွေ မဟုတ်မှန်း သိသာနေတယ်။ ဒါကြောင့် ကျုပ် (က) အဆင့် သတ်မှတ်ပေးတာပဲ။”
ဂိုဏ်းတစ်ခု၏ အလားအလာ ဆိုသည်မှာ မည်သည့်အရာပေါ်တွင် မူတည်နေသနည်း။
ကျိန်းသေပေါက် ဂိုဏ်း၏ အဆောက်အဦ များနှင့် မသက်ဆိုင်ပေ။ တပည့်များပေါ်တွင်သာ မူတည်နေသည်။
ဂိုဏ်းတစ်ခုသည် အလွန်တရာ ခမ်းနားလှသည့် အဆောက်အဦ များအား လှပစွာ တည်ဆောက်ထားသည် ဆိုသော်လည်း ရှိနေသည့် တပည့်များကသာ စွမ်းအင်ဖွင့်ခြင်း အဆင့်နှစ် ၊ အဆင့်သုံး ကျင့်ကြံသူများ ဖြစ်နေလျှင် (ခ) အဆင့်ကိုပင် ရရှိလိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်မှာကြည့်လျှင် ဂိုဏ်းတစ်ခုသည် တဲသာသာ နှင့် နေနေရသည် ဆိုလျှင်တောင်မှ ဂိုဏ်းသားများသည် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်နေပါက (က) အဆင့်ကို လွယ်လွယ်ကူကူ ရပေလိမ့်မည်။
အဆင့်ရှစ် ဂိုဏ်းတစ်ခုတွင် သိုင်းတပည့်အဆင့် ဂိုဏ်းသား ငါးရာကျော် ရှိနေသည်။ ထိုအရာကိုမှ (က) အဆင့် အဖြစ် မသတ်မှတ်ပေးလျှင် မည်သည့်ဂိုဏ်းကို (က) အဆင့် သတ်မှတ်ပေးရမည်နည်း။
“စာရေးကျိုး ….”
ကျွင်းချောင်ရှောင်း လိုရင်းကို ပြောလိုက်သည် “ဘယ်အချိန် စပြီး စစ်ဆေးမလဲ”
စာရေးကျိုး ပြောလိုက်၏ “စစ်ဆေးဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီးပြီ ဆိုရင် အခုစစ်လည်း ရပါတယ်”
“ချင်းယန်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တပည့်တွေကို စုစည်းပြီး စာရေးကျိုး စစ်ဆေးနိုင်ဖို့ပြင်ထား”
“ကောင်းပါပြီ” လီချင်းယန် ထွက်ခွာသွား၏။
မကြာခင်မှာပဲ သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် တပည့်ငါးရာတို့သည် စီစီရီရီ ဖြင့် တန်းစီရပ်နေကြပြီ ဖြစ်သည်။
စာရေးကျိုးသည် အဓိက ဟောခန်းထဲမှ ထွက်လာပြီး သံမဏိအရိုးဂိုဏ်းသားများအား ကြည့်မိတော့ သူ (က) အဆင့်အဖြစ် သတ်မှတ်ပေးခဲ့တာ မှန်ကန်ကြောင်း ထပ်မံ အတည်ပြုလိုက်မိ၏။
“စာရေးကျိုး …”
ကျွင်းချောင်ရှောင်းသည် ဘယ်ဘက်ခြမ်းတွေ ရှိနေသော တပည့်များအား လက်ညိုးထိုးပြ၍ ပြောလိုက်သည် “ဒီတပည့်တွေက စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် ကျင့်ကြံသူတွေပဲ။ ကျေးဇူးပြုပြီး စစ်ဆေးနိုင်ပါပြီ”
“ကောင်းတယ်”
စာရေးကျိုးသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အားစမ်းသပ်မှုကျောက်တုံးအား ထုတ်ယူလိုက်သည်။ ပြီးနောက် သိုင်းလေ့ကျင့်ရေး ကွင်းပြင် ပြင်ပ ၌ နေရာချထားလိုက်သည်။
“မင်းတို့ လက်ထဲမှ ရှိတဲ့ စွမ်းအင်ကွင်းတွေကို အသက်သွင်းပြီး တစ်ယောက်ချင်း အားလာစမ်းကြပါ။ အားအင် က ၁၅၀၀ ဂျင် ရှိရင် အောင်မြင်ပြီ”
စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်၏ စွမ်းအင်ကွင်းများအား အတုပြုလုပ်၍ မရချေ။ ထို့အပြင် အားအင်သည်လည်း အတူတူပင်ဖြစ်သည်။ လက်သီးချက်သည် ၁၅၀၀ ဂျင်ကို မပိုင်ဆိုင်လျှင် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ် ကျင့်ကြံသူမဟုတ်မှန်း ပြသနေ၏။
“သွားကြ”
ကျွင်းချောင်ရှောင်း လက်ကို ယမ်းခါလိုက်သည်။
ဂိုဏ်းထဲသို့အခုမှ ဝင်လာသည့် ရန်ခုံးသည် ပထမဆုံး ထွက်လာ၏။
သူသည် အားအင်စမ်းသပ်မှု ကျောက်တုံးရှေ့တွင် ရပ်လျှက် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ ပြီးနောက် လက်သီးကို မြှောက်၍ ထိုးလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာမှာ လေးနက်သည့် အမူအရာများ မတွေ့ရပေ။ သက်တောင့်သက်သာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
စာရေးကျိုးသည် ခေါင်းကို ခါယမ်းလိုက်သည် “စိတ်မပါ လက်မပါနဲ့ ဘယ်လိုကောင်လဲ”
ဘန်း ..။
လက်သီးချက် ကျဆင်းလာချိန်မှာတော့ ၁၅၀၀ ဂျင်ကို ညွှန်ပြနေလေသည်။
ဒါက ...
စာရေးကျိုး ဆွံ့အသွားမိ၏။
နောက်ပိုင်းမှာတော့ သူ ပါးစပ်အဟောင်းသားနှင့်သာ ကြည့်ရှုနေရတော့သည်။
အဘယ့်ကြောင့်ဆိုသော် တပည့်များသည် လာရောက် ထိုးနှက်ကြပြီး ဂျင် ၁၅၀၀ ထက် အားမနည်းကြောင်း ပြသနေသည် ဆိုပေမဲ့ အားကိုအလွန်အမင်း ထိန်းချုပ်ထားရပုံပေါ်နေ၏။
တပည့်ငါးဆယ့်ကို စမ်းသပ်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စာရေးကျိုး .. ကျုပ်ဆီမှာ စွမ်းအင်ဖွင့်ခြင်း အဆင့် တပည့် မရှိတော့ဘူး။ အဲအစား သိုင်းတပည့် အဆင့်တွေကို အစားထိုးလို့ရလား”
စာရေးကျိုး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါနေ၏ “ရတာပေါ့”
“သွားကြ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စွေ့ပုကျန့်သည် အရင်ဦးဆုံး လျှောက်လာပြီး အားအင်စမ်းသပ်မှု ကျောက်တုံးအား အသာ ထိုးနှက်လိုက်သည်။
သူသည် အားကို အလွန်ထိန်းချုပ်ထားသောကြောင့် ဂျင် ၁၅၀၀ ကျော်နီးပါးထိ ရောက်ရှိခဲ့သည်။ သိုင်းတပည့် အဆင့်တစ်ယောက်အနေနှင့် ဂျင် ၁၅၀၀ ကျော်ကျော်လေး ရောက်အောင် အားကို ထိန်း၍ ထိုးနှက်ရသည် ဆိုခြင်းမှာ လွယ်ကူသည့်အရာတော့ မဟုတ်ပေ။