အခန်း (၂၇၂)
Vol. 19 Ch. 272
ဤကဲ့သို့ လိမ်လည်လှည့်စားခြင်းမျိုးသည် အရင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဘူးချေ။ သို့ပေမဲ့ သူတွေးသလိုသာ ဖြစ်ခဲ့မည်ဆိုပါက သူ့အနေနှင့် ဂိုဏ်းအသိအမှတ်ပြုဟောခန်း၏ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရမှာသေချာ၏။
သံမဏိအရိုးဂိုဏ်းသည်သာ တခြားသော တပည့်များအား ငှားရမ်းပြီး အသိအမှတ်ပြုလက်မှတ် ရရှိအောင် ပြုလုပ်ခဲ့ပြီး လက်ရှိ ရှိနေသော ဂိုဏ်း၏ တပည့်များအားလုံးသည် ငပေါများဖြစ်သည်ဆိုသည်သာ သိရှိသွားပါက သူ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်ပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရသည်။
ထိုကဲ့သို့ တွေးကြည့်ပြီးသည့်နောက် စာရေးကျိုး၏ တစ်ကိုယ်လုံး ချွေးစေးများပျံလာ၏။ သူ၏နှလုံးခုန်သံများသည်လည်း ပိုမို၍ မြန်ဆန်လာသည်။
"အားလုံးပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "အပြင်ဘက်မှာ လေတွေအရမ်းတိုက်တယ်။ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။"
အကြီးအကဲချန် သည် ပထမဦးဆုံး စ၍ဝင်ရောက်သွား၏။ အကြီးအကဲကျိုးနှင့်မြို့တော်ဝန်ရှဲ့ တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် အနောက်မှလိုက်၍ လျှောက်ဝင်သွား၏။
စာရေးကျိုးသည် အထဲသို့ လျှောက်ဝင်လာပြီး တီးတိုးပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း ကျုပ်အသက်က ခင်ဗျားလက်ထဲမှာနော်။ ဒုတိယအကြိမ် အသိအမှတ်ပြုတဲ့ စစ်ဆေးမှုအတွင်းမှာ ခင်ဗျား ဘာပေါက်ကရမှ လျှောက်မလုပ်ထားဘူး ကျုပ်မျှော်လင့်မိတယ်။"
ဤအချိန်တွင် သူသည် ဒူးထောက်၍ တောင်းပန်ချင်စိတ်ပင် ပေါက်မိနေ၏။
ကျွင်းချောင်ရှောင်းသည် နားမလည်ပေ။ "ဘယ်လိုပေါက်ကရမျိုးကို ပြောတာလဲ။"
စာရေးကျိုးပြောလိုက်၏။ "ကျုပ်ဆိုလိုတာ အသိအမှတ်ပြုလက်မှတ်ကိုရဖို့ စစ်ဆေးခဲ့တုန်းကအတိုင်း အသိအမှတ်ပြု စစ်ဆေးမှု လေးလေးနက်နက် ပြုလုပ်ဖို့ ကစားပွဲတစ်ခုလုပ်သလိုမျိုး မပြုမူဖို့လိုအပ်တယ်။"
ကျွင်းချောင်ရှောင်းသည် အနောက်က လျှောက်ဝင်လာပြီး အသာပြောလိုက်၏။
"စာရေးကျိုး တကယ်လို့ ကျုပ်တို့သံမဏိအရိုးဂိုဏ်းရဲ့ အလားအလာက မကောင်းဘူးလို့ သတ်မှတ်မယ်ဆိုရင် ခင်ဗျားဒုက္ခရောက်မှာနော်။"
စာရေးကျိုးအသာပြုံးလိုက်၏။ "အကြီးအကျယ်ကို ဒုက္ခရောက်မှာပဲ။"
"နားလည်ပါပြီ။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ဒါဆိုရင် တပည့်တွေကို ဒုတိယအကြိမ်မြောက် စစ်ဆေးမှုမှာ လေးလေးနက်နက် ယှဉ်ပြိုင်ကြဖို့ ပြောလိုက်မယ်။ဒါပေမဲ့ … "
ခဏရပ်ကာ ပြောလိုက်သည်။ "စာရေးကျိုးနဲ့ မဟာမိတ်ခေါင်းဆောင်ချင်တို့က အရမ်းရင်းနှီးတယ်ထင်တယ်။ ကျုပ်နဲ့ မဟာမိတ်ခေါင်းဆောင်ချင်ကလည်း ရန်ငြိုးရှိတယ်။ ဒီတော့ ခင်ဗျားကို ကူညီရတာက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သလို ခံစားရတယ်။"
ပထမအကြိမ် ဂိုဏ်းအသိအမှတ်ပြုဟောခန်းတွင် ဤလူသည် မည်မျှမောက်မာကြောင်း ကျွင်းချောင်ရှောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ ထို့ကြောင့် သူ့အား အနည်းငယ် ခက်ခဲစေရန် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည်။ အကြီးအကဲမာသည်လည်း ပေါ်မလာပါက သူသည် အဆင့်ရှစ် ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြုမှုကိုပင် ရရှိလိမ့်မည်မဟုတ်ပေ။
စာရေးကျိုး၏အမူအရာသည် ပြောင်းလဲသွား၏။ ပြီးနောက် အလောတကြီးဖြင့် လေသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်က မဟာမိတ်ခေါင်းဆောင်ချင်နဲ့ သဘောတူညီမှု တစ်ခုပဲ လုပ်တာ။ သီးသန့်ကြီး သဘောတူညီမှုလုပ်ထားတာ မဟုတ်ဘူး။နားလည်မှု မလွဲပါနဲ့။"
လက်ရှိအချိန်တွင် သူသည် မဟာမိတ်ခေါင်းဆောင်ချင်နဲ့ သွေးသောက်ညီအစ်ကိုအဖြစ် သတ်မှတ်ခဲ့သည် ဆိုလျှင်တောင်မှ ချက်ချင်း ဖြတ်တောက်ပစ်မှာ သေချာ၏။ ထို့အပြင် သူ၏အသက်သည် ဓားသွားပေါ်တွင် ရောက်ရှိနေသည်မဟုတ်လား။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျုပ်ပြောနိုင်တာက စာရေးကျိုးအနေနဲ့ အနာဂတ်မှာ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နဲ့ ပတ်သက်ပြီး ပိုပြီးဂရုစိုက်ဆက်ဆံပေးဖို့ မျှော်လင့်ချင်တယ်။"
ဤစကားလုံး၏ အဓိပ္ပါယ်သည် အနာဂတ်တွင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့အား ခက်ခဲအောင် ပြုလုပ်ပါရန် ပြောဆိုခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
စာရေးကျိုးအတည်ပြုလိုက်၏။ "သေချာတာပေါ့ …. သေချာတာပေါ့။"
အရှေ့မှ လမ်းလျှောက်သွားသော အကြီးအကဲချန် သည် ရုတ်တရက်ရပ်၍ လှည့်ကာပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် အနောက်မှာ တိုးတိုး တိုးတိုးနဲ့ ဘာတွေလုပ်နေတာလဲ။တစ်စုံတစ်ခု လိမ်လည်ဖို့များ စဉ်းစားနေတာလား။"
ကျွင်းချောင်ရှောင်းပြောလိုက်၏။ "ကျုပ်တို့သံမဏိအရိုးဂိုဏ်းက အားအင်နဲ့ ပတ်သက်ပြီး အရာအားလုံးကို သက်သေပြခဲ့ပြီးပြီ။ဘယ်တော့မှ မလိမ်ဘူး။"
"အားအင်ဟုတ်လား။"
အကြီးအကဲချန်းသည် အသာပြောလိုက်၏။
"သက်သေပြချက်ကို စစ်ဆေးပြီးတော့မှပဲ အတည်ပြုနိုင်မှာပဲ။ပါးစပ်ကပြောနေရုံနဲ့ မဖြစ်ဘူး။"
ချီးတဲ့မှ …. ဒီအဖိုးကြီးက ငါတို့သံမဏိအရိုးဂိုဏ်းကို သဘောကျပုံမပေါ်ဘူး။
အကြီးအကဲချန် သည် သံမဏိအရိုးဂိုဏ်းနှင့် ပတ်သက်၍ သဘောမတွေ့ခြင်းမဟုတ်ပေ။ သူသည် အကြီးအကဲကျိုးနှင့် ပတ်သက်၍ သဘောမကျခြင်းပင်ဖြစ်သည်။
သူ၏အမြင်အရဆိုလျှင် ကျိုးရှစ်မင်သည် တရားမဝင်ကိစ္စများကို ပြုလုပ်ခဲ့၏။
ထို့ကြောင့် မည်သို့သော ကိစ္စပင်ဖြစ်ဖြစ် မကောင်းသည့် ကိစ္စများတွင် သံမဏိအရိုးဂိုဏ်းနှင့်လည်း ပူးပေါင်းပတ်သက်နေပေလိမ့်မည်။ ထို့အပြင် ကျိုးရှစ်မင် လုပ်သမျှအားလုံးသည် အကြီးအကဲကျိုးနှင့်လည်း ပတ်သက်နေရမည်။
အင်း …
လောကကြီးသည် အမှန်တကယ် ရှုပ်ထွေးလှပေသည်။
သံမဏိအရိုးဂိုဏ်းသည် မှားယွင်းခဲ့ခြင်းမဟုတ်ပေ။ သို့ပေမဲ့ အကြီးအကဲနှစ်ယောက်၏ ရန်ငြိုးများကြားတွင် မြေစာပင်တစ်ခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိနေ၏။
သို့ပေမဲ့ တစ်ခြားသောဂိုဏ်းများသာဆိုလျှင် ကိစ္စမရှိပေ။ ကျွင်းချောင်ရှောင်းကတော့ ထိုကဲ့သို့သောလူမျိုး မဟုတ်ပေ။ အကြီးအကဲချန်သည် သူ့အား မပျော်ရွှင်ရအောင် ပြုလုပ်သည်ဆိုလျှင် သူကလည်း ပြန်လည်၍ မပျော်ရွှင်ရအောင် ပြုလုပ်ပေလိမ့်မည်။
"အကြီးအကဲ"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ခင်ဗျားတို့ အသိအမှတ်ပြုဟောခန်းက သံမဏိအရိုးဂိုဏ်းဆီကို ဒုတိယအကြိမ်လာတာ ဒီတော့ အရင်အချိန် အသိအမှတ်ပြုမှုကိစ္စမှာ သံသယရှိစရာတွေ ရှိနေလို့လား။"
"ဂိုဏ်းချုပ်ကျွင်းနဲ့ စာရေးကျိုးက ဘယ်လိုသံသယတွေ ရှိစရာကိစ္စတွေ ရှိတယ်ဆိုတာ ပိုပြီးသိရမှာပေါ့။"
အကြီးအကဲချန် အေးစက်စက်ပြောလိုက်၏။ သူတို့သည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းမဟုတ်ပေ။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဆိုလိုတာ ကျုပ်တို့သံမဏိအရိုးဂိုဏ်းနဲ့ စာရေးကျိုးက ဂိုဏ်း အသိအမှတ်ပြုလက်မှတ်ကို ရရှိဖို့အတွက် အတုပြုလုပ်ခဲ့တယ်လို့ ဆိုလိုတာလား။ "
"အတုလား တကယ်လားဆိုတာကို စမ်းသပ်မှုလုပ်ပြီးသွားရင် ကျုပ်တို့သိရမှာပေါ့။"
ထိုအချိန်မှာပဲ အကြီးအကဲချန် ၏အမူအရာသည် ဆွံ့အသွား၏။
အဘယ့်ကြောင့်ဆိုသော် သူသည် ကြီးကျယ်ခမ်းနားလှသော ဂိုဏ်း၏အဓိကဟောခန်းကြီးကို မြင်ခဲ့သောကြောင့် ဖြစ်၏။
အကြီးအကဲကျိုးသည်လည်း အံ့အားတသင့်နှင့် ကြည့်မိနေ၏။
အင်ပါယာမြိုမှ အရေးကြီးသည့် လူတစ်ယောက်ဖြစ်သောကြောင့် သူသည် သံမဏိအရိုးဂိုဏ်း၏ဟောခန်းထက် အလွန်တရာ လှပ၍ ခမ်းနားလှသော အဆောက်အဦ များကို မြင်ဖူးပြီးဖြစ်၏။
သို့ပေမဲ့ အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် ထိုကဲ့သို့ ဟောခန်းကို တည်ဆောက်ခဲ့သည်ကို မြင်ရသည်မှာတော့ အံ့အားသင့်စရာ ဖြစ်လို့နေသည်။။
မြို့တော်ဝန်ရှဲ့သည်လည်း မျက်လုံးပြူးသွားမိ၏။
"ကောင်းကင်ဘုံ …… ဂိုဏ်းချုပ်ကျွင်းရဲ့ အဓိကဟောခန်းက အရမ်းကို ခမ်းနားလွန်းတာပဲ။"
"ဟမ့်"
အကြီးအကဲချန် သည် ထူးမခြားနားသလို ပြောလိုက်၏။ "အဓိကဟောခန်းရဲ့ အဆောက်အဦကတော့ အရမ်းကို ခမ်းနားလွန်းတယ်။ဒါပေမဲ့ ဂိုဏ်းရဲ့အားအင်က မတိုးတက်ဘူးဆိုလျှင်တော့ အလကားပဲ။"
"အကြီးအကဲချန်ရဲ့စကားက မှားတယ်။"
အကြီးအကဲကျိုးသည် အခွင့်အရေးကို အရယူ၍ ခွန်းတုံ့ပြန်လိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက အဓိကဟောခန်းကို ဒီလောက်ကောင်းမွန်အောင် တည်ဆောက်ထားတယ်ဆိုတော့ သူ့ရဲ့ရည်ရွယ်ချက်က ဂိုဏ်းကိုပိုပြီး အားကောင်းစေချင်တာပဲ ဖြစ်ရမယ်။"
"ဒါအမှန်ပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ် ဂိုဏ်းကိုစပြီး တည်ဆောက်ကတည်းက သံမဏိအရိုးဂိုဏ်းကို ပိုပြီးအားကောင်းစေချင်တယ်။ဒါကြောင့်မလို့ အဓိကဟောခန်းကို အနာဂတ်မှာ ပြန်ပြီး တည်ဆောက်စရာ မလိုအောင် အကောင်းဆုံးတည်ဆောက်ထားခဲ့တာပဲ။"
အကြီးအကဲကျိုးသည် လက်မထောင်ပြ၍ ပြောလိုက်၏။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဒီလိုမျိုး ရည်မှန်းချက်ရှိတဲ့လူမျိုးတွေ လိုအပ်နေတာ။"
ကျွင်းချောင်ရှောင်းကို ထိုကဲ့သို့ ချီးကျူးလိုက်သည့် အချိန်မှာတော့ ထိုနှစ်ယောက်ကြားတွင် ပတ်သက်မှုမရှိဘူးဆိုသည့် အချက်ကို အကြီးအကဲချန်သည် မယုံကြည်တော့ချေ။ ထို့ကြောင့် အေးစက်စက်ပြောလိုက်၏။ "အိပ်မက်မက်နေတာကနေထွက်လိုက်။ ယုတ္တိရှိတဲ့ ကိစ္စတွေကိုပဲ ပြုလုပ်ကြရအောင်။မဟုတ်ရင် ကိုယ့်ကိုယ်ကို လိမ်လည်နေတာနဲ့ အတူတူပဲ။"
ချီးတဲ့မှ ….. ဒီလူက ငါတို့သံမဏိအရိုးဂိုဏ်းကို လိမ်လည်လှည့်ဖျားပြီး အသိအမှတ်ပြုလက်မှတ်ရအောင် လုပ်ထားတယ်လို့ သေချာကြီး ထင်နေတာပဲ။
ကောင်းပြီ ငါတပည့်တွေအားလုံးကို ဒီနေရာကိုစုစည်းပြီးတော့ လေးလေးနက်နက်နဲ့ စမ်းသပ်ခိုင်းမယ်။ အားအင်အစစ်အမှန်ဘာလဲဆိုတာ ကျိန်းသေပေါက်ပြရသေးတာပေါ့။
ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ်နေချင်လှ၏။
သို့ပေမဲ့ တစ်ဖက်သူသည် သူ့အား လိမ်ညာလှည့်စားသည်ဟု တဖက်သက်ကြီး ဆိုနေသောကြောင့် သူကြီးကြီးမားမား လုပ်ပြမှ ဖြစ်တော့မည်။
"ချင်းယန် "
သူအော်လိုက်၏။
"နောက်ဆုံးအကြိမ် စစ်ဆေးထဲမှာပါဝင်ခဲ့တဲ့ တပည့်တွေ အားလုံးကို စုစည်းထား။ဒီအကြီးအကဲတွေက ထပ်ပြီး စမ်းသပ်လိမ့်မယ်။"
"ကောင်းပါပြီ။"
မကြာခင်မှာပဲ တပည့်ငါးရာ့ငါးဆယ်အကုန်လုံးသည် လေ့ကျင့်ကွင်းပြင်ထဲတွင် စုစည်းလျက်ရှိနေ၏။
စာရေးကျိုးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုတပည့်များ အားလုံးသည် သူ စမ်းသပ်ခဲ့စဉ်က တပည့်များဖြစ်ကြောင်း တွေ့မြင်လိုက်ရသောကြောင့် ဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းသည် ထိုသိုင်းတပည့်အဆင့် တပည့်များကို ငှားရမ်းခဲ့သည် ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် ဤနေရာ၌ ရှိနေသည်ဆိုတော့ စိတ်ချရသည်။
"မဆိုးဘူး မဆိုးဘူး။"
အကြီးအကဲကျိုးသည် သံမဏိအရိုးဂိုဏ်းတပည့်များအား ချီးကျူးလိုက်၏။
"သူတို့ရဲ့အော်ရာတွေကို သုံးသပ်ရမယ်ဆိုရင်တော့ တကယ့်ကို မျိုးစေ့ကောင်းတွေပဲ"
ဌာနချုပ်၏ အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် သူ၏သုံးသပ်ချက်နှင့် အမြင်သည် စာရေးကျိုးထပ်ပို၍ ထက်မြက်လှ၏။
အကြီးအကဲချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ "တပည့်တွေက မဆိုးဘူးဆိုပေမဲ့ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ဒါကို စာရေးကျိုးက ဘာလို့ အလားအလာကောင်းတဲ့ အဆင့်အဖြစ် မှတ်ချက်ပေးခဲ့တာလဲ။"
စာရေးကျိုးပြောလိုက်၏။ "အကြီးအကဲချန်ပြောတာကို ပြောရမယ်ဆိုရင် သံမဏိအရိုးဂိုဏ်း၏တပည့်တွေကို စမ်းသပ်ပြီးတဲ့နောက်မှာမှ ဒီ သတ်မှတ်ချက်မျိုးကို ပေးခဲ့တာပါ။"
"ဒီလိုလား"
အကြီးအကဲချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ "ဒါဆိုလည်း ထပ်ပြီး စမ်းသပ်မှုကို စကြတာပေါ့။"
သူ ပြောပြောပြီးချင်းမှာပဲ အားအင်စမ်းသပ်မှု ကျောက်တုံးကို ဆင့်ခေါ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း စည်းမျဉ်းတွေကိုလည်း ခင်ဗျားသိပြီး ဖြစ်လိမ့်မယ်။ဒါ့ကြောင့် တပည့်တွေ တစ်ယောက်ချင်းစီရောက်လာပြီး အားအင်စမ်းသပ်မှုလုပ်ကြအောင်။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "တပည့်တို့ သေချာနားထောင်ကြ။ဒီအကြီးအကဲနှစ်ယောက်က အရှေ့တောင်ရန်ကျူး ရဲ့ ဌာနချုပ်က အကြီးအကဲနှစ်ယောက်ပဲ။သူတို့က ငါတို့သံမဏိအရိုးဂိုဏ်းတပည့်တွေကို ဒုတိယအကြိမ်လာပြီး စစ်ဆေးတာ။ဒီတော့ လေးလေးနက်နက် စစ်ဆေးကြပါ။"
"ကောင်းပါပြီ။"
တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
"ဝှစ်"
ပထမဦးဆုံးထွက်ပေါ်လာသူမှာ စွေ့ပုကျန့် ဖြစ်သည်။
သူသည် သူ၏ချီလေပွေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး ပြင်းပြင်းထန်ထန်ပဲ ထိုးနှက်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် လေးလေးနက်နက်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်၏။ သူ၏အားအင်များကို ဖိနှိပ်မထားခဲ့ချေ။
"ဘုန်း"
သူ၏အားအင်အဆင့်သည် သောင်းသုံးထောင်ဂျင်အဖြစ် ဖော်ပြနေ၏။
"ဟမ်"
စာရေးကျိုးဆွံ့အသွား၏။
ဤတပည့်သည် နောက်ဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်စဉ်က ဂျင်ထောင့်ငါးရာအဖြစ် အားအင်ကိုသာ ပြသခဲ့သူဖြစ်၏။ ဂျင်ထောင့်ငါးရာနှင့် ဂျင်သောင်းသုံးထောင်ဆိုသည့် ကွာခြားချက်မှာ အလွန်အမင်း ကြီးမားလှသည်။
အကြီးအကဲကျိုးနှင့် အကြီးအကဲချန် နှစ်ယောက်လုံးသည် ဇဝေဇဝါဖြစ်သွားမိ၏။
ထို့အပြင် ဂျင်တစ်သောင်းဆိုသည့် အရာတွင် သာမန်အဆင့်တစ် သိုင်းဆရာတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနေပြီ မဟုတ်လား။
"ဘုန်း"
နောက်ထပ်လျှောက်ထွက်လာသူက စီမာကျုံတ ပင် ဖြစ်သည်။
သူသည် စမ်းသပ်မှုကျောက်တုံးကို ထိုးနှက်လိုက်ပြီး သောင်းလေးထောင်ဂျင်ဆိုသည့် အားအင်ကို ဖော်ပြလိုက်၏။
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
လီထျန်းထျန်း၊လီယုဟွာနှင့် တစ်ခြားသောသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်မဆီမှ ထွက်လာ၍ တစ်ယောက်ချင်းစီ အားအင်ကို ထုတ်ဖော်ပြသလျက်ရှိသော သိုင်းတပည့်များ အားလုံးသည် အနည်းဆုံးအနေနှင့် ဂျင်တစ်သောင်း အားအင်ကို ထုတ်ဖော်ပြသလျက်ရှိသည်။
ရန်ခုံးနှင့် တစ်ခြားသောတပည့်အသစ်များ စမ်းသပ်မှုရောက်ချိန်မှာတော့ သူတို့သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ဆီမှ သိုင်းတပည့်အဆင့်ဆီသို့ စရောက်ကာစ အချိန်သာ ဖြစ်သောကြောင့် သူတို့၏အားအင်များသည် ဂျင်လေးထောင် ပတ်လည်သာ ရှိနေ၏။
သို့ပေမဲ့ စမ်းသပ်မှုတန်ဖိုးထက်တော့ အဆမတန်ပို၍ များပြားနေသေးသည်။
စာရေးကျိုး၏ နှလုံးသားများသည် တလှပ်လှပ်နှင့် တုန်ရင်လျက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် သူစမ်းသပ်စစ်ဆေးခဲ့ချိန်က ဤတပည့်များသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ်တွင် ရှိကြသူများဖြစ်၏။ ယခုအချိန်တိုအတွင်းမှာပဲ ထိုသူများအားလုံးသည် သိုင်းတပည့်အဆင့်ဆီသို့ ရောက်ရှိသွားကြသည်။
မည်ကဲ့သို့ ပြုလုပ်လိုက်သနည်း။
"ဘုန်း"
ကျွင်းချောင်ရှောင်းသည် လက်သီးဖြင့်ထိုး၍ အားအင်စမ်းသပ်ခြင်း ကျောက်တုံးအား တစ်စစီဖြစ်အောင် ပြုလုပ်လိုက်ပြန်သည်။
အကြီးအကဲချန်နှင့် အကြီးအကဲကျိုးတို့၏ မျက်လုံးများသည် ပြူးကျယ်သွား၏။
မြို့တော်ဝန်ရှဲ့သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး ယိုင်ခနဲဖြစ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် မြေပေါ်လဲကျတော့မလိုပင် ဖြစ်သွားမိသည်။
လက်သီးတစ်ချက်တည်းဖြင့် စမ်းသပ်မှုကျောက်တုံးအား တစ်စစီဖြစ်အောင် ပြုလုပ်လိုက်ခြင်းဆိုသည်မှာ အားအင်အဆင့်သည် ကျိန်းသေပေါက် ဂျင်တစ်သိန်းထပ်ပို၍ များပြားနေခြင်းပင် ဖြစ်လိမ့်မည်။
အဆင့်ခုနစ် သိုင်းဆရာတစ်ယောက်၏ အားအင်အဆင့်သည် အဆင့်တစ် သိုင်းစစ်သူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သော အားအင်မျိုးကို ထုတ်ဖော်လျက်ရှိသည်။ ဤအရာမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
"အကြီးအကဲချန် ဟုတ်ပြီလား။"
ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကို ပြန်ရုတ်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "ကျုပ်နဲ့ တပည်ငါးရာ့ငါးဆယ်လုံးက စမ်းသပ်မှုကို ပြီးသွားပြီ။ဒီတော့ အရင်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး လိမ်ညာလှည့်ဖျားနေတာတွေ ရှိသေးလား။"
"အဲ … အဲလိုတော့မရှိပါဘူး။"
အကြီးအကဲကျိုးသည် အရင်ဆုံးစ၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းနဲ့တပည့်တွေ ထုတ်ဖော်ပြသခဲ့တဲ့ အရည်အချင်းအရဆိုရင် ကျိန်းသေပေါက် ထိပ်ဆုံးသုံးခုထဲမှာ ပါဝင်မယ့် အလားအလာရှိတဲ့ ဂိုဏ်းတစ်ခုပဲ။"
"ထိပ်ဆုံးသုံးခု ဟုတ်လား။"
မြို့တော်ဝန်ရှဲ့ ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယိမ်းယိုင်သွား၏။ သူသည် နောက်သိုပင် ခြေနှစ်လှမ်းဆုပ်မိသွား၏။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။