အခန်း (၂၇၃)
Vol. 19 Ch. 273
အလားအလာ နှင့် ပတ်သတ်၍ ထိပ်ဆုံးသုံးခုထဲ ရောက်ခြင်းဆိုသည်မှာ အဆင့်လေးနှင့် ၎င်း၏ အထက် နိုင်ငံများတွင်သာ တွေ့ရှိရနိုင်သော အရာဖြစ်၏။ ထိုနေရာများသည် ပါရမီရှင်များ ၊ ကျွမ်းကျင်သူများနှင့် ပြည့်နက်လျက် ရှိသော နေရာများလည်းဖြစ်၏။ ထို့ကြောင့် ထိုသူတို့၏ အလားအလာသည်မှာ အကန့်အသတ်မဲ့လှသည်မှာ သဘာဝကျ၏။
သို့ပေမဲ့ လက်ရှိအချိန်တွေမှာတော့ သံမဏိအရိုးဂိုဏ်းသည် အလားအလာအရာ၌ ထိပ်ဆုံးသုံးခုထဲတွင် ပါဝင်နေကြောင်း အသိအမှတ်ပြု ဟောခန်း၏ ငှာနချုပ်ဆီမှ အကြီးအကဲများ ကိုယ်တိုင် မှတ်ချက် ပေးခဲ့သည်။
သံမဏိအရိုးဂိုဏ်းသားများ၏ စမ်းသပ်မှုများကို မျက်မြင်တွေ့ပြီးသည့်နောက်မှာတော့ အကြီးအကဲကျိုး ၏ သုံးသပ်ချက်သည် ထိပ်လန့်ဖွယ်ရာ ထွက်ပေါ်လာခဲ့၏။
ထို့အပြင် သံမဏိအရိုးဂိုဏ်းဆိုသည်မှာ အဆင့်ခုနစ်ဂိုဏ်းတစ်ခုသာပင်လျှင် ဖြစ်၏။ ထိုမျှတင်မကသေး အဆင့်ကိုးနိုင်ငံတွင် ရှိသော ဂိုဏ်းတစ်ခုလည်း ဖြစ်သေးသည်။
အကြီးအကဲကျိုး၏ သုံးသပ်ချက်ကို ကြားတော့ မြို့တော်ဝန်ရှဲ့သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်အထိ ထပ်လန့်တုန်လှုပ်မိသွား၏။ သူ၏ မျက်လုံးထဲတွင် ခြောက်ခြားမှုများနှင့် ပြည့်နက်နေသည်။
သံမဏိအရိုးဂိုဏ်းသည် အလားအလာကောင်းသည့် သုံးသပ်ချက်ကို သိရှိခဲ့ရစဉ်က သူသည် သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်သလို ဖြစ်ခဲ့ရ၏။
သို့ပေမဲ့ ယခု ထပ်မံစမ်းသပ်ပြီးသည့်နောက်မှာတော့ အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုထဲတွင် စာရင်းဝင်ခဲ့သည်ကို သိရှိခဲ့ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည် အပြင်ဘက်သို့ ထွက်သွားသလိုပင် ခံစားမိလိုက်သည်။
"ငါ …. ငါ့ရဲ့ နယ်မြေထဲမှာ အလားအလားနဲ့ ပတ်သက်ပြီး ထိပ်ဆုံးသုံးခုထဲ ဝင်တဲ့ ဂိုဏ်းတစ်ခု ရှိနေတယ် ဟုတ်လား။ ကောင်းကင်ဘုံ …. မယုံကြည်နိုင်စရာပဲ။ တကယ့်ကို မယုံကြည်နိုင်စရာပဲ။"
သူသည် မြို့တော်ဝန်ဆိုသည့် ဂုဏ်ပုဒ်သာ မရှိဘူးဆိုပါက လက်နှစ်ဖက်ကို မြှောက်၍ သူ၏ ပါးကိုရိုက်ကာ တကယ်လား ၊ အိမ်မက်လားဟု သိရှိရန် စမ်းသပ်မိပေလိမ့်မည်။
အဆင့်ကိုးနိုင်ငံထဲတွင် ထိပ်ဆုံးသုံးခုဝင် ဂိုဏ်းတစ်ခု။
ဤအရာမှာ အလွန်အမင်း ထိပ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ ကျင့်ကြံခြင်း လောကထဲသို ပျံ့နှံ့သွားပါက ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်သွားမှာ သေချာသည်။
"အကြီးအကဲ ချန်။"
အကြီးအကဲကျိုး ပြောလိုက်သည်။ "ဒီအဘိုးကြီးရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး ခင်ဗျားဆီမှာ ငြင်းပယ်ချင်တာများ ရှိသေးလား။"
အကြီးအကဲချန်သည် ခဏလောက် တိတ်ဆိတ်သွား၏။ ပြီးနောက် ပြန်ပြောလိုက်၏။ "ငြင်းစရာ မရှိပါဘူး။"
သူသည် အကြီးအကဲကျိုးနှင့် ပတ်သက်၍ ကဏ္ဍကောစ လုပ်ချင်သည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းသည် အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုထဲတွင် ပါဝင်သည်ဆိုကြောင်းကိုတော့ သူ ငြင်း၍ မဖြစ်ချေ။
အဘယ့်ကြောင့်ဆိုသော် သိုင်းတပည့်အဆင့် ကျင့်ကြံသူ ဂိုဏ်းသားငါးဆယ်ကျော်တို့သည် သိုင်းဆရာပထမအဆင့်နှင့် နှိုင်းယှဉ်၍ ရလောက်သည့် အားအင်မျိုးဖြစ်သော ဂျင်တစ်သောင်းအားအင်ကို ထုတ်ဖော်ပြသလျက် ရှိသည်။ ထို့ကြောင့် ထိပ်ဆုံးသုံးခုအဆင့်သို့ ဝင်ရောက်သည်ဆိုသည်မှာ သဘာဝကျသည်။
လအနည်းငယ်လောက် ထပ်မံ၍ အချိန်ပေးလိုက်မည်ဆိုပါက သိုင်းတပည့်အဆင့်ကျင့်ကြံသူများသည် သိုင်းဆရာအဆင့် ဖြစ်သွားမှာ သေချာလှ၏။
စာရေးကျိုးသည်လည်း တည်နေရာမှာတင် ငူငူကြီး ရပ်လျက်ရှိနေသည်။
လေးလေးနက်နက် စမ်းသပ်မှု ပြုချိန်တွင် သံမဏိအရိုးဂိုဏ်းသားများ အားလုံးသည် အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းလွန်းသော လူများအဖြစ် ပြောင်းလဲသွားကြောင်း သူ မျက်မြင် တွေ့လိုက်ရပြီဖြစ်၏။ အထင်သေး၍ မည်သို့မှ မဖြစ်နိုင်ချေ။
"အကြီးအကဲချန်"
အကြီးအကဲကျိုး ပြောလိုက်သည်။ "ခင်ဗျားရဲ့ သုံးသပ်ချက်ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အသိအမှတ်ပြု ဟောခန်းကလည်း မှားယွင်းတဲ့ လူတစ်ယောက်ကို ခန့်အပ်ထားမိတယ်ဆိုပြီး အထင်မှားမိတော့မှာပဲ။"
ထိုစကားလုံးများကို ကြားရချိန်မှာတော့ အကြီးအကဲချန်၏ မျက်နှာတစ်ခုလုံးသည်ရုတ်တရက် ဖြူဖျော့သွား၏။
ထိုစကားသည် သူ၏ ပါးအား ခပ်နာနာရိုက်ခံလိုက်ရသလိုဖြစ်၏။
သူသည် လိမ်လည် လှည့်စားထားခြင်းများအား ရှာဖွေမတွေ့ရှိခဲ့သည့်အပြင် ထိုဂိုဏ်းများသည် ထိပ်ဆုံးသုံးခုထဲတွင် ဝင်နိုင်သည့် ဂိုဏ်းတစ်ခုအဖြစ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အခြေအနေသည် ကြောင်တောင်တောင် နိုင်လွန်းလှ၏။
အကြီးအကဲကျိုးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒါဆိုရင် ကျုပ်တို့ ဒီည အဓိက ဌာနချုပ်ဆီ ပြန်တော့မယ်။မနှောက်ယှက်တော့ပါဘူး။"
သံမဏိအရိုးဂိုဏ်းသည် ထိပ်ဆုံးသုံးခုထဲတွင် ဝင်သည် ဆိုသော မှတ်ချက်အား ပေးခဲ့သည်ဆိုသည်မှာ ကိစ္စကြီးတစ်ခု ဖြစ်နေသည်။
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "အကြီးအကဲနှစ်ယောက်တို့ သံမဏိအရိုးဂိုဏ်းကို ခုမှ ရောက်တာလေ။ကျုပ်တို့ သံမဏိအရိုးဂိုဏ်းရဲ့ ဆောင်ပုဒ်က သိုသိုသပ်သိပ်နေဖို့ပဲ။ဒါ့ကြောင့် ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် မလုပ်ချင်ပါဘူး။"
တပည့်များကို လေးလေးနက်နက် ပြုလုပ်ခိုင်းပြီးသည့်နောက် သိုသိုသိပ်သိပ်နေချင်သည်ဟု ဆိုနေပြန်သည်။
မြို့တော်ဝန်ရှဲ့သည် ထိုစကားကို ကြားတော့ ဆွံ့အနေမိ၏။
"ဒါက"
အကြီးအကဲကျိုးသည်လည်း အနည်းငယ် ဆွံ့အသွားမိ၏။ တစ်ခြားသော ဂိုဏ်းများသာ ဆိုလျှင် ထိုကဲ့သို့ သတ်မှတ်ခံရပါက လူသိရှင်ကြား ကြေညာပြီး ဂုဏ်ပြုပွဲတွေတောင် ပြုလုပ်တော့မှာ သေချာသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းမှာတော့ သိုသိုသိပ်သိပ် နေချင်သည်ဆိုသော အကြောင်းပြချက်ဖြင့် အများပြည်သူ သိရှိအောင် ထုတ်ဖော်မပြသခိုင်းခဲ့ချေ။
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "မပြန်ခင်မှာ တစ်ခုခု စားသွားပါအုံးလား။"
ဖော်ရွေလှသော ကမ်းလှမ်းမှုကို ငြင်းဆန်ရန် မဖြစ်နိုင်သောကြောင့် အားလုံးသည် ထမင်းစားသောက်ရန် သဘောတူလိုက်ကြ၏။
ပြီးနောက် သူတို့အားလုံးသည် မျက်ရည်လည်ရွှဲ ဖြင့် အစားအသောက်များကို စားသောက်မိနေကြတော့သည်။
အကြီးအကဲနှစ်ယောက်တို့သည် အလွန်အရသာရှိလှသော အစားအသောက်များကို စားဖူးခဲ့ပြီးဖြစ်၏။
သို့ပေမဲ့ လျိုဝမ်ရှစ်၏ အစားအစာများကို စားသုံးပြီးသည့်နောက် သူတို့သည် အရင်က စားခဲ့ဖူးသော အရာများအား စာရွက်များကို ဝါးစားခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားမိခဲ့သည်။
အဆင့်ခုနစ်ဂိုဏ်းတစ်ခုသည် အလွန်အမင်းတော်လှသော စာဖိုမှူးတစ်ယောက်ပင် ရှိနေ၏။ တပည့်များ အလွန်အားကောင်းသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မလိုပေ။
စားသောက်ပြီးသည့်နောက် အကြီးအကဲကျိုးသည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ အရင်သွားပါအုံးမယ်။"
ကျွင်းချောင်ရှောင်းသည် တံခါးဝသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပို့ဆောင်ခဲ့၏။ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ဖြစ်သောကြောင့် သူသည် ဖော်ရွေတတ်ပေ၏။ တစ်ဖက်လူများအား လိုက်ပါ မပို့ဆောင်ပါက မာနကြီးသည်ဟု ထင်ခံရမည် မဟုတ်လား။ သူ့အနေနှင့် ရောမသို့ ရောက်မည်ဖြစ်သောကြောင့် ရောမလို ကျင့်ကြံရမည်ဖြစ်သည်။ မကောင်းသည့် အပြုအမူများကို ပြုမူ၍ မဖြစ်ချေ။
“ကျေးဇူးတင်ပါတယ် မြို့တော်ဝန်။” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါနဲ့ ဘာလို့ မသွားသေးတာလဲ။"
မြို့တော်ဝန်ရှဲ့သည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း အရိုးသားဆုံး ပြောရမယ်ဆိုရင်တော့ ကျုပ်ဗိုက်မဝသေးဘူး။"
ကျွင်းချောင်ရှောင်း လဲကျသွားမလို ဖြစ်သွားမိ၏။
သူ၏ ချစ်လှစွာသော မြို့တော်ဝန်ရှဲသည် စားသောက်ခန်းဆီသို့ ရောက်ရှိလာပြီး နောက်တစ်ကြိမ် စားသောက်တော့သည်။
ပြီးနောက် အဓိက အကြောင်းအရာအား ပြောပြလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျားရဲ့ဦးဆောင်မှုအောက်မှာ သံမဏိအရိုးဂိုဏ်းက တကယ့်ကို ပြောင်းလဲလာခဲ့တာပဲ။"
ဤစကားသည် သူ့အနေနှင့် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။
အရင်တုန်းက သံမဏိအရိုးဂိုဏ်းအား ဤကဲ့သို့ ဖြစ်လာမည်ဟု သူ မမျှော်လင့်မိခဲ့ချေ။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးပြီးသည့် နောက် မဟာမိတ်ခေါင်းဆောင်ကျွင်းအား တိုက်ခိုက်အနိုင်ယူခဲ့သော ဂိုဏ်းချုပ်ကျွင်းအား မြင်ချိန်မှာတော့ သူသည် အလွန်တရာ ရဲရင့်လှသော ကောင်လေးဖြစ်ကြောင်းတော့ သူ အသိအမှတ် ပြုခဲ့မိ၏။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဒါက အစပဲ ရှိသေးတယ်။ အဝေးကြီးသွားစရာ ရှိသေးတယ်လေ။"
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည်။ "ကျုပ်အထင်အရဆိုရင် ဂိုဏ်းချုပ်ကျွင်းရဲ့ ဂိုဏ်းက သံမဏိအရိုးတောင်ပေါ်မှာ ခွေပြီးအိပ်နေတဲ့ နဂါးကြီးတစ်ကောင်လိုပဲ။ယခုအချိန်မှာ နိုးထလာပြီး ကောင်းကင်ပေါ်ကို ပြန်တက်ဖို့ အချိန်တောင် ရောက်လာပြီပဲ။"
ဤစကားသည် ကျွင်းချောင်ရှောင်း၏ နှလုံးသားအား ထိခိုက်သွားစေ၏။
မြို့တော်ဝန်ရှဲ့ ထပ်ပြောလိုက်၏။ "ကျုပ်ရဲ့ ချင်းယန်နိုင်ငံမှာ ထိပ်ဆုံးသုံးခုထဲဝင်တယ်ဆိုတာ တကယ့်ကို ကောင်းမွန်တဲ့အရာပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျေးဇူးပါ မြို့တော်ဝန် ချီးကျုးပေးတဲ့အတွက်။"
မြို့တော်ဝန်ရှဲသည် အချိန်အတော်ကြာ စကားပြောပြီးသည့်နောက်မှာတော့ ပြန်လည် ထွက်ခွာသွားခဲ့သည်။
သူသည် တောင်ခြေသို့ လျှောက်လာပြီးသည့်နောက်မှာတော့ တောင်ပေါ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်ကို သတိပြုမိသွား၏။
ဂိုဏ်းချုပ်ကျွင်း ဒီဂိုဏ်းကို ပိုပြီး တိုးတက်အောင်လုပ်ပါ။ချင်းယန်နိုင်ငံ ရဲ့ ၃.၆ သန်းသော လူတွေက ဒီသံမဏိအရိုးဂိုဏ်း နေတဲ့အတွက် ဂုဏ်ယူပါတယ်။"
၃.၆ သန်းသော လူများ “ငါတို့က ပါလာပြန်ပြီ။ ဒါပေမဲ့ ပျော်ပါတယ်။”
မြို့တော်ဝန်ရှဲ့ ၏ နှလုံးသားထဲမှာတော့ သံမဏိအရိုးဂိုဏ်းသည် မျှော်လင့်ချက်ပင် ဖြစ်၏။
ဆိုရိုးစကားရှိသည်မဟုတ်လား။ လူတစ်ယောက်အနေနှင့် တာအိုကို ပိုင်ဆိုင်သွားပြီဆိုလျှင် သူမွေးထားသော ကြက်နှင့်ဘဲများပင်လျှင် ကောင်းကင်ပေါ်သို့ ပျံတက်သွားနိုင်၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း အားကောင်းလာသည်နှင့် အမျှ ချင်းယန်နိုင်ငံသည်လည်း ပိုမို၍ အားကောင်းလာပေလိမ့်မည်။
ကျွင်းချောင်ရှောင်း အနေနှင့် သိုသိုသိပ်သိပ်နေချင်သည်ဆိုသောကြောင့် မြို့တော်ဝန် ရှဲ့သည် ချင်းယန်မြို့ထဲသို့ ရောက်ရှိပြီးသည့်နောက် ဖြစ်ပျက်ခဲ့သော ကိစ္စများကိုရင်ငုံနှုတ်ပိတ်နေပြီး နှလုံးသားထဲတွင်သာ သိမ်းဆည်းထားမိသည်။
ဤအရာသည် မြို့အတွက် အလွန်အရေးကြီးသည့် ကိစ္စကြီးတစ်ခုဖြစ်သော်လည်း သူ့အနေနှင့် ထုတ်ဖော်ပြောကြား၍ မဖြစ်နိုင်ချေ။ ထိုအရာမှာ အမှန်ပင် နာကျင်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဂိုဏ်းအသိအမှတ်ပြု ဌာနမှ အကြီးအကဲများမှာတော့ ပို၍ပင် နာကျင်ဖွယ်ရာ ကောင်းနေသည်။
အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုထဲ ဝင်သော ဂိုဏ်းတစ်ခုသည် အဆင့်ကိုး နိုင်ငံတစ်ခုတွင် ပေါ်လာခဲ့၏။
ဤသို့သောကိစ္စမျိုးသည် လူထုအား ထုတ်ဖော်ပြောဆိုလိုက်မည်ဆိုလျှင် အလွန်တရာ ကျော်ကြားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာနိုင်သည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် သိုသိုသိပ်သိပ် နေထိုင်ချင်သည်ဟု ရွေးချယ်ခဲ့သောကြောင့် သူတို့အနေနှင့် မှတ်တမ်းရေးထိုးခြင်းကိုသာ ပြုလုပ်နိုင်ပြီး လူသိရှင်ကြား ကြေညာ၍ မရနိုင်ချေ။
"ခေါင်းဆောင်။"
အကြီးအကဲကျိုး ပြောလိုက်သည်။ "ဒီအဘိုးကြီးရဲ့ အမြင်ကတော့ ခေါင်းဆောင်ကျွင်းက မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကြောင့် သိုသိုသိပ်သိပ် နေထိုင်ဖို့ ရွေးချယ်ခဲ့တယ် ထင်တယ်။"
ရီထျန်းချန် ခေါင်းကိုယမ်းခါကာ ပြောလိုက်သည်။ "ထိပ်ဆုံးသုံးခုထဲဝင်တဲ့ ဂိုဏ်းတွေက ဂိုဏ်းအသိအမှတ်ပြုဌာနချုပ်ရဲ့ အထူးကာကွယ်ပေးခြင်းကို ခံရတယ်။သူက လူသိရှင်ကြား ကြေညာဖို့ကို ငြင်းဆိုလိုက်တယ်ဆိုတော့ အဲ့ဒီအခွင့်အရေးကို ငြင်းဆိုလိုက်တာနဲ့အတူတူပဲလေ။"
ဤကဲ့သို့ ကိစ္စမျိုး ရှိသည်လား။
ဂိုဏ်းချုပ်ကျွင်းသာ ထိုအရာကို သိမည်ဆိုပါက ကျိန်းသေပေါက် ရင်ကွဲပက်လက်ဖြစ်နေပေလိမ့်မည်။