အခန်း (၂၇၆)
Vol. 19 Ch. 276
မြို့တော်ဝန် ရှဲ့ နှင့် အတူ သောက်သုံးပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ငြိမ်းချမ်းဟန် ရှိနေသော လောကကြီးသည် အန္တရာယ်ကြားထဲတွင် ရှိနေကြောင်း နားလည်သွားမိသည်။ စစ်ပွဲသည်သာ အရှေ့တောင် ရန်ကျူးတွင် ဖြစ်ပွားလာပါက ချင်းယန်နိုင်ငံသည် ဖျက်ဆီးခံရရန် အခွင့်အလမ်း များပြားနေသည်။
အသိုက်ပျက်ဆီးမှတော့ ဥမကွဲဘဲ ဘယ်နေမည်နည်း။
သံမဏိအရိုးဂိုဏ်းသည် ချင်းယန်နိုင်ငံတွင် တည်ရှိသည်။ စစ်ပွဲမီးသာ တောက်လောင်ပါ က သံမဏိအရိုးဂိုဏ်းသည်လည်း သက်ရောက်ခြင်း ခံရမှာ သေချာသည်။ ထို့ကြောင့် မြို့တော်ဝန်ရှဲ့အား ကူညီခြင်းသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ခြင်းနှင့် ပင် ဆင်တူနေ၏။
“ငါတို့ အချိန်လိုသေးတယ်။” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဂိုဏ်းသည် ယခုမှ အစပျိုး အရှိန်ယူကာစဖြစ်သည်။ တခြားနိုင်ငံများ စစ်မက်ပြုမည်ဆိုပါက ချင်းယန်နိုင်ငံသည် ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သည့် အချိန်ကာလ လိုအပ်နေ၏။
မည်မျှအချိန်ယူမည်နည်း။
ကြာလေကောင်းလေပင် ဖြစ်သည်။
ဟုတ်ပေသည်။
ကျွင်းချောင်ရှောင်းသည် အားလုံး၏ ကယ်တင်ရှင်အဖြစ် သို့ မရောက်ချင်ပေ။ တကယ်တမ်း ဖြစ်လာမည်ဆိုလျှင် ဂိုဏ်းအခြေချရာ ချင်းယန်မြို့ကိုသာ သူ ကာကွယ်နိုင်လိမ့်မည်။ တခြားသောမြို့များ အတွက် သူ ထည့်သွင်း စဉ်းစားနိုင်မည် မဟုတ်ချေ။
အိုက်ကလန် တည်ရှိရာ မြို့အတွက်တော့ အိုက်မိသားစု ၏ မျက်နှာကြောင့် သူ့တွင် တတ်နိုင်စွမ်း ရှိသည် ဆိုပါက အကောင်းဆုံး ကြိုးစား၍ ကူညီမိပေလိမ့်မည်။
ဘာမှမလုပ်နိုင်ဘူးဆိုလျှင်တောင်မှ ခုခံမှုကိုတော့ အသားပေးထားချင်မိသည်။
ဂိုဏ်းချုပ်ကျွင်းသည် လောကကြီးတစ်ခုလုံးအား အနိုင်ယူရန် စိတ်ကူး ရည်မှန်းချက် မရှိချေ။ ထိုသို့သော ကိစ္စများအား နန်းအင်ပါယာတွေသာလျှင် ပြုလုပ်ပေလိမ့်မည်။ သူ့လို ဂိုဏ်းချုပ် တစ်ယောက်အတွက် ထိုသို့ပြုလုပ်ရန် အခွင့်အာဏာလည်း မရှိချေ။
“ဟောခန်းသခင်လီ …”
အဓိက ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “မိုးဆွေဟောခန်းက အဖွဲ့ဝင်တွေကိုစုစည်းပြီး မြို့ရှစ်မြို့မှာ ရှိနေတဲ့ ကျောက်ရိုင်းတွေကို အရေအတွက် များများဝယ်။”
စစ်ပွဲ ဆိုသည်မှာ လူသူအင်အားက အရေးပါသည် ဆိုသော်လည်း စစ်လက်နက် ပစ္စည်းသည်က အခြေခံဖြစ်သည်။ သူတို့အနေဖြင့် သန့်စင်ဖို့ လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည် ဖြစ်စေ ဦးဆုံး ဝယ်ယူထားမှုက မမှားယွင်းတာ သေချာသည်။
လီလိုရှု ပြောလိုက်သည် “စစ်ပွဲက ချက်ချင်းစမှာ မဟုတ်သေးဘူး။ ဂိုဏ်းချုပ် အစိုးရိမ် ကြီးနေပြီ ထင်တယ်”
“ငြိမ်းချမ်းတဲ့ အချိန်မှာ အန္တရာယ်အတွက် ကြိုပြင်ဆင်ထားရမှာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ကောင်းပါပြီ”
လီလိုရှုသည် သူမ၏ ကျောက်စိမ်းလို လက်များအား ပွတ်သပ်ပြီး ပြောလိုက်သည် “ပိုက်ဆံပေး”
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ် အနည်းငယ်အား လှမ်းပေးလိုက်၏။
လီလိုရှုသည် ငွေသားများအား ရေတွက်ကြည့်လိုက်တော့ သန်းငါးဆယ် တိတိ ရှိကြောင်း သိရှိလိုက်ရသည်။ ထို့ကြောင့် နဝေတိမ်တောင် နှင့် ပြန်မေးလိုက်မိသည် “ဂိုဏ်းချုပ် .. ဘယ်လောက်တောင် ဝယ်ချင်တာလဲ”
ကျွင်းချောင်ရှောင်းသည် အအေးဓား နှင့် တခြားသော လက်နက်များ၏ ပါဝင်ပစ္စည်းစာရင်းအား ကမ်းပေးပြီး ပြောလိုက်သည် “ဒီကျောက်တွေကို ဦးစားပေးဝယ်။ မရှိတော့မှ တခြားကျောက်တွေကို ဝယ်”
“ကောင်းပါပြီ”
လီလိုရှုသည် မြေဟောက် နှင့် တခြားသူများအား ဆင့်ခေါ်၍ ငွေလွှဲစာချုပ်များ ပေးလိုက်သည်။ ချင်းယန်နိုင်ငံ၏ မြို့ရှစ်မြို့ သို့ သွားရောက် ဝယ်ယူရန် သူမ အမိန့်ပေးလိုက်ပြန်သည်။
တိမ်ခြေလှမ်းနည်းစနစ်ကို ကျွမ်းကျင်သွားကြသော မိုးဆွေ အဖွဲ့သားများသည် ပိုမို၍ အကျိုးသက်ရောက်မှု ရှိအောင် ပြုလုပ်လာနိုင်ကြသည်။ သုံးရက် ၊ လေးရက် အတွင်းမှာပဲ လိုအပ်သည့် ပစ္စည်းများအား မြန်မြန်ဆန်ဆန် ဝယ်ယူလာနိုင်ကြ၏။
အအေးဓား ၊ လှံ နှင့် သံမဏိဒိုင်းကာ များအတွက် လုံလောက်သည့်အပြင် တခြားမတူညီသည့် ကျောက်ရိုင်းများကိုပါ ဝယ်ယူလာနိုင်ကြသည်။
သန်းငါးဆယ်ကတော့ ပြောင်သလင်းခါသွားလေ၏။
ကျွင်းချောင်ရှောင်းသည် မိုးသည်းမည့်အချိန်အတွက် ကြိုတင်ကာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံအား မနှမျောနေပေ။ ကျင့်ကြံနေတုန်းမှာပဲ ပန်းပဲခန်းမဆောင်အား ဖွင့်လှစ်၍ လက်နက်များ စတင်၍ သွန်းလုပ်လေတော့သည်။
မကြာမီမှာပဲ အအေးဓား နှစ်ရာကျော်နှင့် လှံ သုံးရာကျော်တို့အား ရရှိလိုက်၏။
သူသည် ရှောင်မိသားစု ဆီမှ သံကျောက်ရိုင်းများကို ပမာဏ များများ ရရှိခဲ့သောကြောင့် သံမဏိဒိုင်းကာ ခုနှစ်ရာကျော်အား သန့်စင်နိုင်ခဲ့သည်။
ထိုသို့ဆိုလျှင်တောင်မှ တစ်ထောင်ရှိသော တပည့်များအတွက် လုံလောက်သည့် လက်နက် တပ်ဆင်မှုမျိုး မပေးနိုင်သေးချေ။
…….
စစ်ပွဲ မည်သည့်အချိန်တွင် စတင်မည် ဆိုသည်ကို ရည်မှန်းချက် နှင့် အလိုလောဘကြီးသော အုပ်ချုပ်သူများသာ သိရှိပေလိမ့်မည်။ ထို့ကြောင့် ပြင်ဆင်စရာ ရှိသည်များအား ပြင်ဆင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအပေါ် ပြန်လည်၍ အာရုံစိုက်လေတော့သည်။
တိုးတက်မှုမှာ အားရစရာ ကောင်းလွန်းလှသလို ကုန်ကျမှုမှာလည်း အံ့အားသင့်စရာပင်။
ရက်လေးဆယ်အတွင်း ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ၄၅၀ ကို စုပ်ယူခဲ့သည်။ ပျဉ်းမျှအားဖြင့် တစ်ရက်လျှင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးဟု ဆိုရမည်။
ချီစုစည်းခြင်းဆေးလုံးများအား ထည့်မတွက်ဘဲ စိတ်ဝိညာဉ်ကျောက်တုံး သီးသန့်ကိုသာ တွက်ချက်ထားခြင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် တစ်ရက်လျှင် ငွေတစ်သိန်းလောက် သုံးနေခြင်း ဖြစ်၏။ ပိုက်ဆံများအား မီးရှို့နေသကဲ့သို့ပင်။
ဤသို့ သုံးစွဲနိုင်မှုအား အဆင့်လေး၊ အဆင့်ငါး ဂိုဏ်းချုပ် များပင်လျှင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
အတွင်းစည်း တပည့်များသည်လည်း ချီစုစည်းခြင်းဆေးလုံး ၊ စိတ်ဝိညာဉ်ကျောက်တုံးများအား အသုံးပြု၍ ကျင့်ကြံနေကြသည်။ ၎င်းတို့၏ ကျင့်ကြံခြင်းသည်လည်း ဆထက်ထမ်းပိုး ပိုမို တိုးတက်လာခဲ့သည်။
ရီရှင်းချန်သည် သိုင်းဆရာ အဆင့်လေး ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့၏။
လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည် သိုင်းဆရာ အဆင့်သုံး ကျင့်ကြံသူများ ဖြစ်သည်။
အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သော ထျန်းချီသည် အားလုံး ထက် ခြေတစ်လှမ်း နောက်ကျကာ သိုင်းဆရာ ဒုတိယ အဆင့်သို့ ရောက်ရှိလာခဲ့၏။
လက်ရှိအချိန်တွင် နတ်စမ်းချောင်းဂိုဏ်းသို့ သွားရောက်ရန် သုံးလ စွန်းစွန်းသာ ကျန်ရှိတော့သည်။ သို့ပေမဲ့ လုံလောက်သည့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိလျှင် ပျဉ်းမျှ အဆင့်ငါး သိုင်းဆရာ အဆင့်သို့ ရောက်ရှိရန်တော့ မခက်ခဲပေ။
သို့သော်ငြား စိတ်ဝိညာဉ်ကျောက်တုံးများ မရှိတော့ချေ။
အခြားတစ်ဖက်က ကြည့်လျှင် အကြီးအကဲဝေ စိုက်ပျိုးထားသော ဆေးပင်များနှင့် သန့်စင်ထားသော ချီစုစည်းခြင်း ဆေးလုံးများ၏ အရည်အသွေးမှာတော့ ပိုမိုကောင်းမွန်လာသည့်အပြင် အရေအတွက်မှာလည်း လုံလောက်နေ၏။
သံမဏိအရိုးဂိုဏ်းတပည့်များသည် သာမာန်ထက် အဆ တစ်ဆယ်မှ ဆယ့်ငါးထိ ပိုမို စုပ်ယူအား ကောင်းမွန်သော ချီစုစည်းခြင်း ဆေးလုံးများအား သောက်သုံးနေကြကြောင်း အပြင်လောကမှ လူများသိလျှင် မျက်ရည်ပေါက်ပေါက် ကျအောင် ဝမ်းနည်းကြပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ကို ပြင်ဆင်ပြီး ချင်းယန်မြို့သို့ ကိုယ်တိုင်သွားရောက်လိုက်သည်။ ပြီးနောက် သန်းနှစ်ဆယ် ကို အသုံးပြု၍ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကျော်ကို ဝယ်ယူကာ သူ၏ တပည့်များ၏ ကျင့်ကြံခြင်းတွင် အားဖြည့်ရန် စီစဉ်လိုက်သည်။
အိုက်မိသားစု ခေါင်းဆောင်ဆီမှ ရရှိထားသော ပိုက်ဆံ သန်းတစ်ရာသည် လက်ရှိအချိန်တွင် အကြွေစေ့ တစ်စေ့တောင် မကျန်တော့ချေ။
သူ့အနေနှင့် ဂိုဏ်းသားများ ပိုမို တိုးတက်လာစေရန် စနစ်မှ အရင်းအမြစ် တွေ အပြင် ပိုက်ဆံကိုလည်း ဖောဖောသီသီ အသုံးပြုလျက်ရှိသည်။
ထိုအတောအတွင်း ဂိုဏ်း၏ လစဉ် နှင့် သုံးလတာ အားအင် စမ်းသပ်မှု ပြုလုပ်ခြင်းများအားလည်း မမေ့လျော့ဘဲ ပြုလုပ်သည်။
အိုက်မိသားစုသည်လည်း ဆေးပင်များအား ပုံမှန်အတိုင်း ထောက်ပံ့လျက် ရှိနေ၏။
……..
နှစ်လတာ ကြာမြင့်ပြီးနောက်မှာတော့ ….
နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ရန် ဆယ်ရက်သာ ကျန်ရှိတော့သည်။
အပြင်လောကတွင် ထိုသတင်းနှင့် ပတ်သက်၍ ပွဲဖြစ်နေကြလေသည်။
ကျင့်ကြံသူများသည် နောက်ဆုံးထွက်ပေါ်လာသော သတင်းများအား သေချာ နားထောင်နေကြသည်။ သံမဏိအရိုးဂိုဏ်း တကယ်ကြီး ထွက်လာမှာလည်း ဆိုသည်ကို သူတို့ စိတ်ဝင်စားနေကြ၏။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများဆိုလျှင် တောင်ခြေတွင် သူလျှိုများကိုပင် ထားရှိ၍ စောင့်ကြည့်လျက် ရှိသည်။ ကျွင်းချောင်ရှောင်း တပည့်များနှင့် အတူ ထွက်လာပါက နတ်စမ်းချောင်းဂိုဏ်းသို့ ချက်ချင်း သတင်းသွားပေးရန် စဉ်းစားထားသည်။
သူတို့၏ ရည်မှန်းချက်သည် ထုံးစံအတိုင်း သံမဏိအရိုးဂိုဏ်းအား လှောင်ပြောင်ရန် ဖြစ်သည်။
ချင်းယန်မြို့၏ မြို့တော်ဝန် ရှဲ့သည်လည်း သံမဏိအရိုးဂိုဏ်းအား အားပေးရန် အလုံးစုံ ပြင်ဆင်လျက်ရှိသည်။
အိုက်မိသားစုသည်လည်း စိန်ခေါ်ပွဲကို အားပေးနိုင်ရန် လစဉ် ကျင်းပနေကျ ဖြစ်သည့် လေလံပွဲကိုပင် အချိန်ရွေ့ဆိုင်းခဲ့၏။
တခြားသူများသည် သံမဏိအရိုးဂိုဏ်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိကြသော်လည်း မြို့တော်ဝန် ရှဲ့ နှင့် အိုက်မိသားစု ကတော့ သံမဏိအရိုးဂိုဏ်း၏ အမာခံ ပရိသတ်များ ဖြစ်လို့နေသည်။ လိုအပ်ချိန်တွင် ရှိနေခြင်းသည် သူငယ်ချင်းတစ်ယောက်၏ စစ်မှန်သည့် လက္ခဏာပင် ဖြစ်လေသည်။
စိန်ခေါ်ပွဲနေ့သည် နီးကပ်လာခဲ့သည်။
မူလက ငြိမ်သက်နေသော ချင်းယန်နိုင်ငံသည် လှုပ်ရှား အသက်ဝင်လာသည်။ အနီးအနားရှိ နိုင်ငံများသည်ပင် လှုပ်ရှားလာကြ၏။
အဆင့်ရှစ် ဂိုဏ်းတစ်ခု အနေဖြင့် အဆင့်ငါး ဂိုဏ်းအား စိန်ခေါ်ခြင်းသည် ပြောမယုံ၊ ကြုံဖူးမှ သိ ဆိုသော ကိစ္စရပ်မျိုး ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် နတ်စမ်းချောင်းဂိုဏ်းသို့ သွားရောက်၍ ပွဲကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
…..
စိတ်ဝိညာဉ်စွမ်းအင်များ ပေါများစွာ လွှမ်းခြုံနေလျက် ရှိသည့် မြောင်ဟွာခန်းမဆောင် ထဲမှာတော့ …
ရှစ်ကျန်းရွှမ်သည် ပန်းပုရုပ်တစ်ခုကဲ့သို့ လှပစွာဖြင့် ငြိမ်ငြိမ်သက်သက် ရပ်လျက်ရှိသည် “ဂိုဏ်းချုပ်ကျွင်းက နတ်စမ်းချောင်းဂိုဏ်းကို သွားပြီး စိန်ခေါ်တော့မှာပဲ”
“ဆယ်ရက် လိုပါသေးတယ်”
လီအာ သည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က လေလံပွဲတွင် ကြားခဲ့သော သတင်းစကား အား အဘယ့်ကြောင့် ခန်းမသခင် ယခုထိ မှတ်မိနေရသနည်း ဆိုသည်ကို သူမ နားမလည်နိုင်ချေ။
ရှစ်ကျန်းရွှမ် ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်း ဆီ သွားရအောင်”
“ကောင်းပါပြီ”
……..
“ဂျုနီယာ ညီမလေး မုယုံ …”
နိုင်ငံတစ်ခု၏ အဓိက လမ်းမကြီးတစ်ခုပေါ်တွင် ကြည့်ကောင်းလှသော ခြေလှမ်းများနှင့် လျှောက်လျက် ရှိသော အမျိုးသမီးတစ်ယောက် က ပြောလိုက်သည် “အဆင့်သတ်မှတ်ချက် မရှိတဲ့ ဂိုဏ်းတစ်ခုက အဆင့်ငါး ဂိုဏ်းတစ်ခုကို စိန်ခေါ်မယ်လို့ ကြားတယ်။ သွားကြည့်ချင်လား”
သူမသည် လှပလွန်းသူဖြစ်သည်။ သို့ပေမဲ့ ဘေးမှ လျှောက်နေသော ဂျုနီယာ ညီမလေးနှင့် ယှဉ်လျှင် အလွန်ကွာခြားနေသေး၏။
ဘေးမှလျှောက်နေသော မိန်းကလေးသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှ အလွန်ခမ်းနားသည့် အရှိန်အဝါမျိုး ထွက်ပေါ်သော်လည်း အသက်အရွယ်မှာမူ ဆယ့်ခြောက်နှစ် ၊ ဆယ်ခုနှစ် နှစ် သာ ရှိနေသေးသည်။
ထိုသူမ လေးသည် ရှောင်ကျီ နှင့် စေ့စပ်ပွဲ ပျက်သွားခဲ့သည့် မိန်းမလှလေး မုယုံရှင်းပင် ဖြစ်တော့၏။
လမ်းပေါ်မှ တွေ့ရသော ကျင့်ကြံသူများသည် ဤမိန်းကလေးနှစ်ယောက်အား လိုင်လီနတ်ဂိုဏ်းကမှန်း သိသည်နှင့် တစ်ခါတည်း လမ်းဖယ်ပေးနေကြသည်။
“အဆင့်သတ်မှတ်ချက် မရှိတဲ့ ဂိုဏ်းဟုတ်လား” မုယုံရှင်း ပြောလိုက်သည်။
“မင်းနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့ရတဲ့ အမှိုက်ရှိနေတဲ့ ဂိုဏ်းလို့ ကြားတာပဲ။ နာမည် က သံမဏိ ဘာဆိုလားပဲ”
“သံမဏိအရိုးဂိုဏ်းလား”
မုယုံရှင်း ခဏလောက် ငြိမ်သက်သွားသည် “လေ့ကျင့်မှုတွေ ပြီးသွားတော့ အချိန်အားနေသေးတယ်။ ဘာလို့ သွားမကြည့်ရမှာလဲ”
စီနီယာအစ်မ က ပြုံးကာ ပြောလိုက်သည် “အဆင့်ကိုး သိုင်းဆရာ အဆင့်ကို ရောက်နေပြီ မဟုတ်လား ။ မင်းက တပည့်သစ်တွေထဲမှ အမြန်ဆုံး ကျင့်ကြံသူပဲ။ လာမယ့် ဂိုဏ်းရဲ့ ပြိုင်ပွဲမှာလည် ရလဒ်ကောင်း ရမှာ သေချာတယ်။”
“ဒါတွေအားလုံးက အကြီးအကဲရဲ့ အသင်အပြကောင်းလို့လေ” မုယုံရှင်း နှိမ့်ချစွာ ပြောလိုက်သည်။
စီနီယာအစ်မ က ပြောလိုက်သည် “ချင်းယန်နိုင်ငံရဲ့ အမှိုက် က ဘယ်လိုလုပ် မင်းနဲ့ ထိုက်တန်မှာလဲ။ စေ့စပ်ပွဲ ကို ဖျက်သိမ်းလိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”
မုယုံရှင်း မျက်မှောင်ကုတ်သွားသည် “စီနီယာအစ်မ .. သူ့အကြောင်း မပြောကြရအောင်”