အခန်း (၂၇၈)
Vol. 19 Ch. 278
တတိယမြောက် အထူးတာဝန်သည် နတ်စမ်းချောင်းဂိုဏ်းနှင့် သက်ဆိုင်နေသည်။ ကောင်းသည့် ကိစ္စပင်။ သူ့အနေဖြင့် တပည့်များအား ခေါ်ယူ၍ နတ်စမ်းချောင်းဂိုဏ်းအား သွားရောက် စိန်ခေါ်ရန် စီစဉ်ထားပြီး မဟုတ်လား။
သူသာ ပြည့်စုံအောင် ပြုလုပ်နိုင်မည် ဆိုလျှင် ဂိုဏ်း၏ အားအင်အဆင့်ကို ထုတ်ဖော်ပြသနိုင်ရုံမျှမက ဂိုဏ်းစုဆောင်းမှတ်များ ရရှိမည့်အပြင် သိုင်းစစ်သူကြီးအဆင့်ကိုပါ တက်ရောက်သွားနိုင်သည်။ ထိုအရာသည် ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်သည်ဟု ဆိုရမည်။
သို့ပေမဲ့ စိန်ခေါ်ပွဲပြုလုပ်မည့် အစီအစဉ်တွင် ပြောင်းလဲမှုများတော့ ရှိခဲ့သည်။
ပထမတုန်းက ကျွင်းချောင်ရှောင်းသည် အတွင်းစည်းတပည့်တွေနှင့် ကျိုးဟုန် တို့ကိုသာ ခေါ်ဆောင်၍ သွားမည် ဟု စဉ်းစားထားခဲ့သည်။ သို့ပေမဲ့ အထူးတာဝန်ကို သေချာပြန်ကြည့်ပြီးသည့်နောက် အပြင်စည်း တပည့်များကိုပါ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်တော့၏။
စိန်ခေါ်ပွဲအတွက် သာမာန်စည်းမျဉ်းအရ ဆိုလျှင် တစ်ယောက်ချင်းစီတိုင်းသည် တစ်ပွဲသာ တိုက်ခိုက်ရပေလိမ့်မည်။ ထို့ကြောင့် စိန်ခေါ်ပွဲ အထမြောက်ရန် တပည့် ၄၃ လိုအပ်သည်။
ထို့အပြင် ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ်တိုက်ပွဲတွင် ပွဲတိုင်းအနိုင်ရရန် မျှော်လင့်မထားချေ။ ထို့ကြောင့် သေချာ စဉ်းစားပြီးသည့်နောက် သူနှင့် အတူ တပည့် ငါးဆယ်ကို ခေါ်ဆောင်သွားရန် စဉ်းစားလိုက်၏။
လီထျန်းထျန်း ၊ စီမာကျုံးတ နှင့် တခြားသူများလည်း ရှိနေသည်။ ထို့အပြင် ၎င်းတို့သည် ဂိုဏ်းထဲ ဝင်ရောက်သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားနေကြပြီ ဖြစ်သည်။
လင်းကျန့်ဟန် နှင့် စွေ့ပုကျန့် တို့ကဲ့သို့ပင် ခေါ်ဆောင်သွားရမည့် သူများဖြစ်၏။
စုန့်ရွှမ်ကျုး သည် ဂိုဏ်းထဲဝင်ရောက်တာ မကြာသေးသော်လည်း ယင်းလူငယ်၏ ပင်ကိုယ်စွမ်းရည် နှင့် ကျင့်ကြံခြင်းအဆင့်သည် မြင့်မားသည်။ ထို့ကြောင့် ခေါ်ဆောင်သွားရမည်။
ဂိုဏ်းချုပ်ကျွင်းသည် လူရွေ။ချယ်မှုကို သေချာပြုလုပ်နေသည်။ သူသည် မြွေဟောက် နှင့် တောကြောင်တို့အား ခေါ်ဆောင်သွားရန် မစဉ်းစားချေ။ ၎င်းတို့သည် အသက်အရွယ်ကြီးမြင့်နေပြီ ဖြစ်သောကြောင့် တပည့်နှင့် မတူညီကြချေ။
“ဂိုဏ်းချုပ် …”
စားသောက်ခန်း၏ အဝင်ဝ တွင်တော့ မာယုံနင်သည် သူ၏ ဓားမော့ကို ပိုက်ကာ မေးလိုက်သည် “ကျွန်တော် လိုက်လို့ရမလား”
သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် လျှိုဝမ်ရှစ်အား သေချာကူညီပေးခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းအား မလစ်ဟင်းခဲ့ပေ။
ထို့အပြင် သူသည် ထူးချွန်လှသော ဓားမော့ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ဓားနှင့် ဓားမော့ ကျင့်ကြံခြင်းသည် တစ်စုံတစ်ယောက်၏ ပင်ကိုယ်စွမ်းရည် နှင့် သက်ဆိုင်နေပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှားပါးလှသော ကျင့်ကြံသူများ အဖြစ် သတ်မှတ်ထားကြ၏။
“ခင်ဗျားက အိုလွန်းနေပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဤစကားလုံသည် မာယုံနင်၏ နှလုံးသားအား ဓားထက်ထက် ဖြင့် ထိုးနှက်လိုက်သကဲ့သို့ပင် နာကျင်စေသည်။
“ဂိုဏ်းချုပ်”
သူ တီးတိုးပြောလိုက်သည် “ကျွန်တော်က အိုနေတာ မဟုတ်ပါဘူး။ ရုပ်ရင့်ရုံလေးပါ။ အခုမှ အသက်က ၂၉ ပဲ ရှိပါသေးတယ်”
“ဟုတ်လို့လား ….ခင်ဗျားပုံက အသက်လေးဆယ်၊ ငါးဆယ်လောက်တောင် ထင်ရတယ်။” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။
မာယုံနင်သည် ဂုဏ်သိက္ခာကြီးမား ထည်ဝါလှသော မျက်နှာပေးကို ထုတ်ဖော်ကာ ပြောလိုက်သည် “ကျေးှဇူးပြုပြီး ကျွန်တော့်ရဲ့ အားအင်ကို ထုတ်ဖော်ပြသပြီး တုတုကို အောင်ပွဲရယူစေချင်တယ်”
သူသည် လျှိုဝမ်ရှစ် အတွက် တိုက်ခိုက်လိုခြင်း ဖြစ်သည်။
ဤမိန်းကလေးသည် စားသောက်ခန်းထဲတွင် မေးထောက်၍ အမြဲရေရွတ်နေတတ်သည် “နတ်စမ်းချောင်းဂိုဏ်းဆီ သွားရင် ဂိုဏ်းချုပ်က ငါ့ကို ခေါ်သွားရင် ကောင်းမှာပဲ”
“ပွဲကြည့်ချင်လို့လား” မာယုံနင် မေးခဲ့သည်။
လျှိုဝမ်ရှစ်သည် လေးလေးနက်နက် ပြန်ဖြေခဲ့သည် “စီနီယာအစ်ကိုတွေကို လိုက်ပြီး အားပေးရမယ်လေ”
ထိုအပြုအမူလေးသည် ဘာမှမဟုတ်ပေမဲ့ မာယုံနင်၏ နှလုံးသားကို ထိရှစေခဲ့သည်။ ထို့ကြောင့် နတ်စမ်းချောင်းဂိုဏ်းနှင့် စိန်ခေါ်ပွဲတွင် လိုက်ပါပြီး ပြိုင်ဘက်ကို အနိုင်ယူကာ တုတု အား ပျော်ရွှင်စေမည် ဟု သံဓိဋ္ဌာန် ချမှတ်ခဲ့၏။
မနေ့ကတုန်းက ဤမိန်းကလေးသည် နတ်စမ်းချောင်းဂိုဏ်းဆီ လိုက်ပါ အားပေးခွင့် တရားဝင် ရရှိခဲ့သည်။ ထို့ကြောင့် သူလည်း စိန်ခေါ်ပွဲတွင် လိုက်ပါ တိုက်ခိုက်ချင်ခြင်း ဖြစ်သည်။
ချလွင် ..။
မာယုံနင်သည် သူ၏ ဓားမော့အား ဓားအိမ်ထဲမှ ဆွဲထုတ်ပြီး ပြောလိုက်သည် “ဂိုဏ်းချုပ် … ကျေးဇူးပြုပြီး ဓားမော့ ကျင့်ကြံသူတွေကို လေးစားပါ။ မဟုတ်ရင် ဂိုဏ်းချုပ် ရှေ့မှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေလိုက်မှာနော်။”
“………” ကျွင်းချောင်ရှောင်း။
လျှိုဝမ်ရှစ်၏ အစားသောက်လေးအတွက်နှင့် ဂိုဏ်းထဲ ဝင်လာသူက အဘယ့်ကြောင့် လေးစားမှုအကြောင်းကို ကြီးကြီးကျယ်ကျယ် ပြောဆိုနေရသနည်း။
သို့ပေမဲ့ ထိုကဲ့သို့ အခြေအနေ ဖြစ်နေပြီ ဆိုမှတော့ သူ မျက်စိမှိတ်ကာ ပြောလိုက်၏ “ခေါ်သွားမယ်။ တိုက်ခိုက်ရမလား၊ မတိုက်ခိုက်ရဘူးလား ဆိုတာကို ကျုပ် ဆုံးဖြတ်မယ်။ ဒါက အခြေအနေ ပေါ် မူတည်တယ်။”
“ကောင်းပါပြီ”
မာယုံနင်သည် ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
အားဟိုင် နှင့် ရိဟိုင်တို့သည်လည်း လျှောက်လာပြီး ပြောကြ၏ “ဂိုဏ်းချုပ်.. ကျွန်တော်တို့က သူ့ထက် ငယ်တယ်။ မျက်နှာကလည်း ပိုပြီး နုတယ်။ ဒီတော့ ဂိုဏ်းရဲ့စိန်ခေါ်ပွဲကို ခေါ်သွားပါ”
ထိုစကားကိုကြားတော့ မာယုံနင်သည် ဓားမော့အား ဆွဲထုတ်၍ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရန် ပင် စဉ်းစားလိုက်မိသည်။
အားဟိုင် နှင့် ရိဟိုင်တို့သည် အမှန်ပင် ငယ်ရွယ်သူများ ဖြစ်သည်။ ထို့အပြင် အသက်နှစ်ဆယ်ကျော်ဖြင့် သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သောကြောင့် နှစ်ယောက်လုံးကို ခေါ်ဆောင်သွားရန် ကျွင်းချောင်ရှောင်း ဆုံးဖြတ်လိုက်မိ၏။
….
လိုက်ပါမည့် လူဦးရေသည် ၅၀ မှ ၅၃ ထိ တိုးတက်သွားခဲ့သည်။
ပြီးနောက် ကျွင်းချောင်ရှောင်းသည် အပြင်စည်းတပည့် ၁၄၇ ယောက်ကို ရွေးချယ်လိုက်တော့ စုစုပေါင်း ၂၀၀ ဦး သို့ ရောက်ရှိသွားခဲ့၏။
တိုက်ပွဲဆီ သွားရာတွင် သူတို့သည် အရှိန်အဟုန်ကို ထုတ်ဖော်ပြသရမည်။ အပြင်စည်း တပည့်များအား ခေါ်ဆောင်သွားသည့် ရည်ရွယ်ချက်သည် တိုက်ပွဲ၌ အားပေးစေရန် ဖြစ်သည်။
အရာအားလုံး စီစဉ်ပြီးနောက်မှာတော့ စိန်ခေါ်ပွဲ စတင်ရန် ငါးရက် လိုအပ်နေသေး၏။ ကျွင်းချောင်ရှောင်းသည် တပည့်များအား မနက်ခင်းတွင် စုစည်းစေ၏။
ဂိုဏ်းချုပ်သည် စီနီယာအစ်ကိုများအား ခေါ်ဆောင်၍ စိန်ခေါ်ပွဲဆီ သွားတော့မည် ဖြစ်ကြောင်း သိရှိကြသောကြောင့် တပည့်များသည် အားမာန်အပြည့်နှင့် ရင်ကိုကော့ကာ တိုက်လေ့ကျင့်ရေး ကွင်းပြင်တွင် ရပ်လျက် ရှိကြသည်။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းရှေ့တွင် ရပ်တန့်ပြီး ပြောလိုက်သည် “တိုက်ပွဲကက ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ငါတို့ရှေ့မှာ တောင်ကြီးတစ်တောင် ရှိနေတယ် ဆိုရင်တောင်မှ ငါတို့ . သံမဏိ အရိုးဂိုဏ်းက ကျော်ဖြတ် သွားမယ်”
“သံမဏိအရိုးဂိုဏ်းသား ဖြစ်ရန်နှင့် သံမဏိအရိုးဂိုဏ်း၏ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်ရန်။”
တပည့်များအားလုံးသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်းတို့၏ အသံသည် သံမဏိအရိုးတောင် တစ်ခုလုံးသို့ ပြန့်နှံ့သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး ပြောလိုက်သည် “သွားစို့”
“ကောင်းပါပြီ”
သူ၏ ဦးဆောင်မှုုဖြင့် တိုက်ခိုက်ရန် ရွေးချယ်ထားသော တပည့် ၅၃ ယောက် နှင့် လိုက်ပါ အားပေးမည့် တပည့် ၁၄၇ ယောက်တို့သည် ညီညီညာညာ နှင့် တောင်ပေါ်မှ ဆင်းလာကြတော့သည်။
လီလိုရှုသည် လှမ်းပြောလိုက်သည် “ဂိုဏ်းချူုပ် .. အောင်ပွဲအတွက် ဝိုင် ကို ကြိုပြင်ဆင်ထားလိုက်မယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်၏။
တပည့်များ ထွက်ခွာသွားပြီးနောက်မှာတော့ ကျန်ရစ်ခဲ့သော ဂိုဏ်းသားတပည့်များသည် အနာဂတ် တိုက်ပွဲများတွင် လိုက်ပါနိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်ကြတော့သည်။
ယနေ့မှာတော့ ..
သံမဏိအရိုးဂိုဏ်းသား နှစ်ရာ သည် ဂိုဏ်းချုပ်ကျွင်း၏ ဦးဆောင်မှုနှင့် အတူ တောင်ပေါ်မှ ဆင်းလာခဲ့ပြီ ဖြစ်သည်။
တိုက်ခိုက်ပွဲအတွင်း သူတို့သည် အောင်မြင်မှုကို ရရှိနိုင်သလို ၊ သေဆုံးသွားနိုင်မျိုးလည်း ဖြစ်နိုင်၏။
……..
“သံမဏိအရိုးဂိုဏ်း ထွက်လာပြီ”
တောင်ခြေတွင် စောင့်လျက် အခြေအနေ ကြည့်နေသူများသည် အလျှင်အမြန်ပဲ ဟောင်ချီ ဂိုဏ်းဆီသို့ သတင်းပို့တော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုသူများအား သတိပြုမိသည်။ သို့ပေမဲ့ စောင့်ကြည့်ရုံသာ ပြုလုပ်ကြသူများ ဖြစ်သောကြောင့် ဂရုစိုက်မနေတော့ချေ။
မကြာခင်မှာပဲ ဤသတင်းသည် ချင်ဟောင်ရန်၏နားထဲသို့ ရောက်ရှိသွား၏။ သူသည် အေးစက်စက် ပြုံးလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ဖို့ တကယ်လာတာပဲ”
သွေးအန်ခဲ့ဖူးစော စစ်တုဝမ် သည် ထူးမခြားနားသလို ပြောလိုက်သည် “ကောင်းကင် နဲ့ မြေကြီး …. လောကကြီးကို နားမလည်တဲ့ ဂျူနီယာလေး တစ်ယောက်ကတော့ မကြောက်မရွံ့နဲ့ အဆင့်ငါး ဂိုဏ်းတစ်ခုကို စိန်ခေါ်ဖို့ ဆင်းလာပြီ”
“သွားကြစို့”
ချင်ဟောင်ရန် ပြောလိုက်သည် “ကျုပ်တို့ သွားကြည့်ကြစို့”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီး မကြာခင်မှာပဲ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့မှ ခေါင်းဆောင်များသည် နတ်စမ်းချောင်းဂိုဏ်းဆီသို့ ဦတည်သွားသည်။
သံမဏိအရိုးဂိုဏ်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်မည့် ကိစ္စသည် တခါမှ မဖြစ်ဖူးသည့် ကိစ္စထူးကြီးတစ်ခု ဖြစ်သည်။ တူညီသော နိုင်ငံအတွင်းမှ ဂိုဏ်းချင်း ဖြစ်သောကြောင့် လိုက်ပါ အားပေးရမည်မှာ သဘာဝပင်ဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့သည် ဟာသလုပ် လှောင်ပြောင်ရန် သွားကြခြင်း ဖြစ်၏။
တစ်ချို့သောသူများမှာတော့ လိုက်ပါ အားပေးကြသည်။
မြို့တော်ဝန်ရှဲ့ နှင့် အိုက်မိသားစု တို့ဖြစ်၏။
ကျွင်းချောင်ရှောင်း သည် သံမဏိအရိုးတောင် နယ်နိမိတ်မှ ကျော်လာသည်နှင့် စောင့်ဆိုင်းနေကြသော မြို့တော်ဝန်ရှဲ့ နှင့် ချင်းယန်မြို့ ၏ မိသားစု ခေါင်းဆောင် တစ်ဒါဇင်ကျော်ကို မြင်လိုက်ရသည်။
“ဂိုဏ်းချုပ်ကျွင်း …”
မြို့တော်ဝန်ရှဲ့သည် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “မိသားစု ခေါင်းဆောင်တွေနဲ့ မြို့သူမြို့သား ၃.၆ သန်းကို ကိုယ်စားပြုတဲ့ ကျုပ်က သံမဏိအရိုးဂိုဏ်းနဲ့အတူ လိုက်ပါမယ်”
“ကျေးဇူးပါ” ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်သည်။
ဤသို့သော အခြေအနေတွင် သူ့အား ထောက်ခံ အားပေးခြင်းအတွက် သူ အလွန်ပင် ကျေးဇူးတင်မိသည်။ အနည်းဆုံး သူ့အား ထောက်ခံသူ ရှိပါသေးလား ဆိုသော ခံစားချက်မျိုးကို ရရှိစေသည့်အတွက် ကျွင်းချောင်ရှောင်း စိတ်ထဲမှာ အလွန်နှစ်ခြိုက်မိနေသည်။
“အဖေ”
လီချင်းယန်သည် သူ့အဖေအား လှမ်းခေါ်လိုက်၏။
လီမိသားစု ခေါင်းဆောင်က ပြောလိုက်သည် “ငါ့သား .. အဖေ မင်းအတွက် ဂုဏ်ယူနေတယ်”
“ဂိုဏ်းချုပ်ကျွင်း …”
ကျွင်းချောင်ရှောင်း ထွက်ခွာခါနီးမှာတော့ အိုက်ရှန်းရီသည် အိုက်ရှန်းဖန် ၊ အိုက်ရှန်းကီ တို့အား ခေါ်ဆောင်၍ ရောက်ရှိလာကြသည်။ ၎င်းတို့၏ နောက်တွင်တော့ ဟူရန်မြို့၏ မြို့မိမြို့ဖ များ ရှိနေကြသည်။ ထိုအထဲတွင် စုန့်ရွှမ်ကျူး၏ ဖခင်ဖြစ်သည့် စုန့်မိသားစု ခေါင်းဆောင်လည်း ပါဝင်နေသည်။
ကျင့်ကြံခြင်းလောကသည် ရက်စက်လွန်းကာ အညှာအတာကင်းမဲ့လွန်းသည်ဟု မည်သူ ပြောခဲ့သနည်း။
အမှန်တကယ်တမ်းတွင်တော့ ချစ်ခင်ရင်းနှီးမှု ၊ မိတ်ဆွေရင်းတွေ၏ မေတ္တာတရား စသည်တို့နှင့် လွှမ်းထုံသော အချိန်ကာလမျိုးလည်း ရှိသည်။
စီးပွားရေး ပြုလုပ်ရင်း သိကျွမ်းခဲ့ရသော ရင်းနှီးမှုမျိုး ဆိုပေမဲ့ ခက်ခဲနေသည့် အချိန်ကာလမျိုးတွင် မကြောက်မရွံ့ နှင့် လိုက်ပါ အားပေးခြင်းက သံမဏိကဲ့သို့ ခိုင်မာသော ခင်မင်ရင်းနှီးမှုမျိုးကို ပြသနေလေ၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီနေ့မှာ ခင်ဗျားတို့က ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကို လိုက်ပါ အားပေးကြတယ်။ ဒါကို နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပါမယ်။ အနာဂတ်မှာ သံမဏိအရိုးဂိုဏ်းကို လိုအပ်လာပြီ ုဆိုရင် အကောင်းဆုံး ပြန်ကူညီပ့ါမယ်”
ထိုစကားသည် လေးလေးနက်နက် ပြောခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ လိုက်ပါလာသူများသည် ပြုံးရုံသာ ပြုံးမိကြသည်။ အနာဂတ်တွင် ထိုစကားသည် မည်မျှ အရေးကြီးခဲ့မှန်း သူတို့ မသိရှိခဲ့ကြချေ။