အခန်း (၂၈၀)
Vol. 19 Ch. 280
ရက်အနည်းငယ်အတွင်း များပြားလှသောဂိုဏ်း အသီးသီးသည် နတ်စမ်းချောင်းဂိုဏ်းဆီသို့ တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း ရောက်ရှိလာကြသည်။ ၎င်းတို့သည် နှစ်ထောင်ချီ နီးပါး သက်တမ်းရှိသည့် အဆင့်ငါး ဂိုဏ်းတစ်ခု၏ အမွေအနှစ် လက်ရာများအား ကြည့်ရှုပြီး အံ့အားသင့်မိနေကြသည်။
ဟုတ်ပေသည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းအားလည်း စောင့်မျှော်နေမိကြ၏။
စိန်ခေါ်ပွဲ ပြုလုပ်ရမည့်နေ့သည် တစ်ရက်သာ ကျန်ရစ်တော့သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသားများသည် နတ်စမ်းချောင်းဂိုဏ်း ရှိရာသို့ တရားဝင် ရောက်ရှိမလာကြချေ။
သို့ပေမဲ့ သံမဏိအရိုးရောက်လာသည် ဖြစ်စေ၊ မလာသည်ဖြစ်စေ သူတို့သည် အရေးတကြီးတော့ စိတ်ထဲ မရှိလှပေ။ အဘယ့်ကြောင့် ဆိုသော် ဤခရီး၏ ရည်ရွယ်ချက်သည် အဆင့်ငါး ဂိုဏ်းတစ်ခု၏ ကြီးကျယ်ခမ်းနားမှုကို ခံစားရန် ဖြစ်သောကြောင့်ပင်။
ထိုအချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် တပည့်နှစ်ရာအား ဦးဆောင်၍ မြို့တော်ဝန်ရှဲ့ ၊ အိုက်မိသားစု နှင့် အတူ နတ်စမ်းချောင်းဂိုဏ်း၏ အဓိက ဂိတ်တံခါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ခင်ဗျား ဘယ်သူလဲ” ဂိတ်စောင့် တပည့်တယောက်က လှမ်းအော်မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်းဟု ရေးထွင်းထားသော ကျောက်စိမ်းပြားအား ထုတ်ပြကာ သူ၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းကာ အော်လိုက်သည် “သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် ကျွင်းချောင်ရှောင်း နတ်စမ်းချောင်းဂိုဏ်းကို လာပြီး စိန်ခေါ်ပါတယ်”
သူ၏ အသံသည် စူးရှပြီး အလွန်အားကောင်းလှသည်။ အသံသည် တောင်တစ်ခုလုံးဆီ ပြန့်နှံ့ရောက်ရှိသွားတော့သည်။
“သူလာပြီ .. လာပြီ”
“ဒီသံမဏိအရိုးဂိုဏ်းချုပ် က တောင်ခြေကနေတောင် အော်ရဲတယ်။ သတ္တိတော့ ကောင်းသားပဲ”
“သူသာ ငကြောက်ဆိုရင် နတ်စမ်းချောင်းဂိုဏ်းကို ဘယ်လိုလုပ် စိန်ခေါ်ရဲမှာလဲ”
“ငါ တကယ့်ကို မစောင့်နိုင်တော့ဘူး။ သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်က ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် ရှိတာလား သိချင်နေပြီ”
“ခေါင်းနဲ့ လက်ဘယ်လောက် ရှိရှိ ဒီကို လာစိန်ခေါ်မှတော့ ကောင်းကောင်း ရိုက်နှက်ခံရမှာပဲ”
ကျင့်ကြံသူများသည် အားရပါးရ ဆွေးနွေးနေကြသည်။
မဟာမိတ်ခေါင်းဆောင်ချင် နှင့် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့မှ ခေါင်းဆောင်တို့သည် ပြုံးပျော်သွားကြသည်။ သူတို့သည် ဤနေရာသို့ ကျွင်းချောင်ရှောင်း ရောက်မလာမည်ကို နတ်စမ်းချောင်းဂိုဏ်းထက်ပင် စိုးရိမ်နေကြသူ များ ဖြစ်၏။
များပြားလှသော ကျင့်ကြံသူများ၏ သံမဏိအရိုးဂိုဏ်းအပေါ် အထင်အမြင်သေးသည့် မှတ်ချက်များအား နားဆင်ရင်း စိတ်သက်သာရာ ရှာနေကြသူများလည်း ဖြစ်သည်။
သနားစရာ လူတန်းစားများသာပင်။
သူတို့အနေနှင့် သံမဏိအရိုးဂိုဏ်းအပေါ် မည်သည့်လုပ်ရပ်မှ မလုပ်ရဲချေ။ ထို့ကြောင့် တစ်ဖက်သားအပေါ် ကဲ့ရဲ့ စကားများ နားထောင်ရင်း နှလုံးသား အာသာဖြေမှုကို ပြုလုပ်နေရသူများ ဖြစ်လေ၏။
ကျွင်းချောင်ရှောင်းသာ ထိုသူများ၏ အဖြစ်ကို မြင်လျှင် ကျိန်းသေပေါက် အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်မိပေလိမ့်မည်။
ထူးဆန်းသော နည်းလမ်းဖြင့် မိမိစိတ်ကို နှစ်သိမ့်ခြင်းအမှု အား အမှိုက်လို ကောင်များ သာလျှင် ပြုလုပ်တတ်ကြသည် မဟုတ်လား။
“လီအာ ….”
အတွင်းခြံဝန်း၏ သေးငယ်သော ဟောခန်းလေးထဲတွင် ထိုင်နေသော ရှစ်ကျန်းရွှမ် သည် ကျွင်းချောင်ရှောင်း၏ အသံကို ကြားတော့ ပြုံးကာ ပြောလိုက်၏ “သူပဲ .. သူ တကယ်လာတာပဲ”
လီအာ ၏ နှုတ်ခမ်းများသည် ကော့တက်သွား၏ “သူ တကယ်လာရဲတယ်”
နတ်စမ်းချောင်းဂိုဏ်းသို့ မလာခင်နှင့် ရောက်ပြီးချိန်မှာလည်း သံမဏိအရိုးဂိုဏ်းသည် သြင်္ကန်အမြှောက်ကဲ့သို့ အသံသာ ရှိပြီး အဆံမရှိကြောင်း စိန်ခေါ်မှု ပြုလုပ်ခဲ့သည် ဆိုပေမဲ့ တကယ်တမ်း လာရဲမှာ မဟုတ်ကြောင်း သူမ၏ ခန်းမသခင်အား အာပေါင်အာရင်း သန်သန်ဖြင့် ပြောဆိုမိခဲ့သည်။
“ဟားဟား …”
အတွင်းခြံဝန်း၏ ဘေးတစ်ဖက် အခန်းထဲတွင် စစ်တုရင် ကစားလျက် ရှိသော မာယွင်တန် သည် စစ်တုရင်ရုပ်အား အသာချ၍ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း လာပြီဟေ့။”
ဝမ်တုံလင် ပြောလိုက်၏ “သူ ပထမဆုံး ဟောင်ချီဂိုဏ်းကို စိန်ခေါ်တယ်။ အခု နတ်စမ်းချောင်းဂိုဏ်းကို တကယ် လာစိန်ခေါ်ပြီ။ ဒီကလေးက အဆင်ခြင်မဲ့တယ်။”
“လူငယ်တွေလေ”
မာယွင်တန် ပြောလိုက်သည် “အဆင်ခြင်မဲ့တာလည်း ကောင်းတဲ့အရာပဲ မဟုတ်လား”
“လာပြီ။ လာပြီ”
တောင်ဘက်စွန်း အခန်းတစ်ခု၏ ပြတင်းပေါက်တွင် ရပ်နေသော မုယုံရှင်း၏ နှလုံးသားထဲမှာတော့ ရှုပ်ထွေးလှသည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
ရှောင်ကျီသည် သိုင်းပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့သည် ဆိုသော်လည်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်မှုတွင် လိုက်လာခြင်းမှာ မိမိအရှက်ကို မိမိဘာသာ ခွဲခြင်း ဖြစ်ပေလိမ့်မည်။
သို့မဟုတ် စေ့စပ်ပွဲ ဖျက်သိမ်းခံရပြီးကတည်းက မိမိဘဝကို ဖြစ်သလို နေထိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့လေသလား။
ဟင်း …။
မုယုံရှင်း သက်ပြင်းချလိုက်သည်။
………
နတ်စမ်းချောင်းတောင်၏ အနောက်ဘက် တည်နေရာတစ်ခုမှာတော့ …
လှိုဏ်ဂူတစ်ခုထဲတွင် ခြေချိတ်ထိုင်လျှက် ရှိနေသော တိုင်လုသည် ကျွင်းချောင်ရှောင်း၏ အသံကို ကြားတော့ မျက်စိနှစ်လုံး ပွင့်လာတော့သည်။ သူ အေးစက်စက် ပြောလိုက်၏ “ကျွင်းချောင်ရှောင်း နောက်ဆုံးတော့ ရောက်လာပြီကိုး”
အစိမ်းရောင် မာဖလာ နှင့် တိုင်လုသည် ဝါးမြိုခြင်း စွမ်းရည်ကို အသက်ဝင် နိုးထ ရရှိခဲ့ပြီးနောက် လင်းယုန်နက်ဂိုဏ်း တောင်ခြေ၌ အကြီးအကဲဝိညာဉ်၏ ကျင့်ကြံခြင်းအားဝါးမြိုကာ သိုင်းတပည့် အဆင့်ခုနှစ်သို့ တစ်ခါတည်း ချိုးဖြတ် ရောက်ရှိသွားခဲ့သည်။
ဂိုဏ်းဆီသို့ ပြန်လာပြီးနောက် သူသည် ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် အစွမ်းပြပြီး အပြင်စည်း တပည့် အဆင့်မှ အတွင်းစည်း တပည့်အဖြစ် ရောက်ရှိရန် လျာထားခြင်းခံခဲ့ရ၏။ သို့ပေမဲ့ သူသည် သိုသိုသိပ်သိပ် ဖြင့် သူ၏ ကျင့်ကြံခြင်းကိုသာ ဆက်လက် အာရုံစိုက်ထား၏။
ဤအတောအတွင်း တောင်အနောက်ဘက်ရှိ သစ်ပင် နှင့် သားရဲများ၏ အသက်ဓာတ်ကို စုပ်ယူပြီး သူ၏ အဆင့်သည် သိုင်းတပည့်အဆင့်မှ သိုင်းဆရာ ပထမအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
အရိုးသားဆုံး ပြောရလျှင် အပြင်စည်း တပည့်အဖြစ်သာ ရှိနေသေးသော တိုင်လုအတွက် ဂိုဏ်း၏ ထောက်ပံ့မှုသည် အကန့်အသတ် ဖြစ်နေ၏။ ထို့ကြောင့် ပိုမို တိုးတက်ရန် အရာဝတ္တု များအား ဝါးမြိုရန် စဉ်းစားထား၏။
ယခု ကျွင်းချောင်ရှောင်းသည် တပည့်များအား ခေါ်ဆောင်၍ လာရောက်မည်ဖြစ်ကြောင်း သိရှိလိုက်ရတော့ သူ၏ အခွင့်အရေးရောက်လာပြီ ဖြစ်ကြောင်း တိုင်လု နားလည်လိုက်သည်။
သူသာ အစွမ်းပြလျှင် အတွင်းစည်း ဂိုဏ်းတပည့်အဖြစ် တခါတည်း ရောက်ရှိသွားမှာ ဖြစ်သလို သူ၏ မဟာရန်သူကြီးကိုလည်း အရှက်ခွဲနိုင်တော့မှာ ဖြစ်၏။
“ကျွင်းချောင်ရှောင်း … လက်ရှိ ကျုပ် ရဲ့ အဆင့်က အရင်လို မဟုတ်တော့ဘူး။ ခင်ဗျားဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေကို စိန်ခေါ်ပြီး ကျုပ် သောက်ရှက်ခွဲပြမယ်။ နာကျင်မှုဆိုတာ ဘာလဲ ကောင်းကောင်း နားလည်စေမယ်။ မှတ်ထား”
အစိမ်းရောင် မာဖလာ နှင့် တိုင်လု သည် ဆုံးဖြတ်ချက် ချလိုက်သည်။
သူသည် အပြင်စည်း တပည့်များထက် အတွင်းစည်း တပည့်များအား စိန်ခေါ်ချင်နေသည်။မည်သူ့ကို စိန်ခေါ်ရမည်နည်း။
ပြိုင်ပွဲစသည်နှင့် အားအကောင်းဆုံးသော အတွင်းစည်း တပည့်ကို လက်ညိုးထိုးကာ စိန်ခေါ်ရန် သူ တေးထားမိသည်။
သူ့အား မည်သူ အနိုင်တိုက်နိုင်မည်နည်း။ သူသည် ဝါးမြိုသူ တစ်ယောက် ဖြစ်သည် မဟုတ်လော။
တကယ်တမ်း တိုင်လုသည် ရီရှင်းချန် နှင့်သာ တိုက်ခိုက်မည် ဆိုလျှင် ကြည့်ကောင်းသည့် တိုက်ပွဲ တစ်ခု ဖြစ်မည်ဟု တွေးထင်နေမိသည်။
အဘယ့်ကြောင့် ဆိုသော် သံမဏိအရိုးဂိုဏ်းတွင် ရီရှင်းချန်သည် ကြမ်းတမ်းလှသူဖြစ်သလို သူသည်လည်း ကြမ်းတမ်းလှသူ ဖြစ်နေသည် မဟုတ်လား။
ဟား ..ဟား …ဟား..။
တိုင်လုသည် အားရပါးရ ရယ်လိုက်သည် “ကျွင်းချောင်ရှောင်း .. ခင်ဗျား နဲ့ ခင်ဗျားတပည့်တွေက ကျုပ်နင်းတက်ရမယ့် လှေကားထစ်တွေပဲ။”
………
တောင်ခြေမှာတော့ …
ကျွင်းချောင်ရှောင်း အော်လိုက်သည်နှင့် နတ်စမ်းချောင်းဂိုဏ်း ဂိတ်စောင့်သည် အထင်မြင် သေးသလို ကြည့်လာသည်။
သံမဏိအရိုးဂိုဏ်းသည် အဆင့်မြင့်မားလှသည် မဟုတ်သလို ဂိုဏ်းချုပ်မှာလည်း ငယ်ရွယ်လွန်းလှသည်။ သို့ပေမဲ့ အလွန်အမင်း မောက်မာသည်ကတော့ ထင်ရှားနေ၏။
ဟမ့် …
တစ်ယောက် က ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ နတ်စမ်းချောင်းဂိုဏ်းက ခင်ဗျားရောက်လာမှာကို စောင့်နေတာပါ။ ကျေးဇူးပြုပြီး တောင်ပေါ်တက်ပါ”
ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ခါယမ်းပြီး တပည့်များအား ဦးဆောင်ကာ တောင်ပေါ် တက်တော့သည်။
ရီရှင်းချန်သည် မျက်နှာပျက်ရွင်းစွာဖြင့် ကျောက်လှေကားအတိုင်း တက်လာသည်။ အဘယ့်ကြောင့် ဆိုသော် သူသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ကြီးအား ထမ်းလာရသောကြောင့်ပင် ။
ချီးတဲ့မှ .. ဘာလို့ ဒါကြီးကို ငါပဲ တစ်ချိန်လုံး ထမ်းနေရတာလဲ။
အိုက်မိသားစု နှင့် မြို့တော်ဝန် ရှဲ့အပါအဝင် ချင်းယန်မြို့မှ မိသားစု ခေါင်းဆောင်များသည် သူတို့၏ နာမည်များအား ပြောပြပြီး တောင်ပေါ် လိုက်တက်လာကြသည်။
တောင်ပေါ်တက်သွားသော သံမဏိအရိုးဂိုဏ်းတပည့်များအား ကြည့်လိုက်တော့ ပျော်ပွဲစားထွက်လာသည့် ကလေးများကဲ့သို့ တက်ကြွနေသည်ကို အံ့အားသင့်စွာ မြင်လိုက်ကြရ၏။
ဂိုဏ်းချုပ်ကျွင်း မည်ကဲ့သို့ လေ့ကျင့်ပေးခဲ့သနည်း.။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိတ်တံခါး ပွင့်သွားသည်။
တောက်ပသည့် နေကာမျက်မှန်အား ဝတ်ဆင်ထားပြီး သားမွှေးကုတ်အင်္ကျီနှင့် ပါးစပ်တွင် ဆေးပြင်းလိပ် ခဲထားသည့် ကျွင်းချောင်ရှောင်းသည် ဟန်ပါပါ နှင့် တလှမ်းချင်း လျှောက်ဝင်လိုက်၏။
အပြင်ခြံဝန်းတွင် ရှိနေကြသော ကျင့်ကြံသူများ အားလုံးသည် လှမ်းကြည့်လိုက်မိကြသည်။
“တော်တော် ဟိတ်ဟန်ထုတ်တဲ့ လူငယ်ပဲ”
“မနက်ဖြန် တိုက်ပွဲစရင် အခုလို ဆောင့်ကြွားဆောင့်ကြွား လုပ်နိုင်အုံးမလား ကြည့်မယ်”
အားလုံးက မဲ့ကာရွဲ့ကာ ဆိုမိလိုက်ကြ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရပ်လိုက်တော့ အနောက်တွင် သံမဏိအရိုးဂိုဏ်း တပည့်များမှာ စီစီရီရီ ဖြင့် ရပ်လာကြသည်။ ထိုသူတို့၏ အော်ရာ ကို မြင်တော့ အားလုံး၏ အမူအရာများသည် အေးခဲသွားသည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် အားကောင်းလှသည့် အော်ရာများ ရှိသလို ထက်ရှလှသည့် မျက်လုံးများလည်း ပိုင်ဆိုင်နေကြသည်။ ထိုသူများသည် အထက်အဆင့် သိုင်းတပည့်များ ဖြစ်ကြောင်း မျက်စိမကန်းသူတိုင်း မြင်နိုင်၏။
“ငါ့ မျက်လုံးများ အမြင်မှားတာလား”
“ဒါက အဆင့်ရှစ် ဂိုဏ်းတစ်ခုလား”
“မှားတယ်”
ကျွင်းချောင်ရှောင်းသည် ဆေးပြင်းလိပ်အား လက်ကြားညှပ်ကာ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းမှ ပေးထားသည့် ကျောက်စိမ်းပြားအား ထုတ်၍ ပြလိုက်သည် “မဟာမိတ်ခေါင်းဆောင်ချင် လိုမျိုး ခွေးမျက်စိ ရှိတယ် ဆိုရင်တောင်မှ ဒီပေါ်မှာ ရေးထားတာက ရှစ် မဟုတ်ဘဲ ခုနှစ် ဖြစ်ကြောင်းမြင်နိုင်တယ်။”
သူ သည် ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းခဲ့သည်။
ချင်ဟောင်ရန် ဒေါသတကြီး ပြောလိုက်၏ “ကျွင်းချောင်ရှောင်း … မင်း …”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ခလယ်အား ထောင်ပြကာ ခပ်တည်တည်နှင့် ပြောလိုက်သည် “အရှုံးသမား .. ခင်ဗျားက ကျုပ်ရှေ့မှာ လာဟောင်ဖို့ အရည်အချင်း မပြည့်မီဘူး”
ထိုသူသည် နတ်စမ်းချောင်းဂိုဏ်းအား အားပေးပြီး သူ့ကို လှောင်ပြောင်ရန် ရောက်နေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
သူ့အား မပျော်ရွှင်အောင် ပြုလုပ်လျှင် ထိုင်၍ငိုရအောင် ပြန်လုပ်ရပေလိမ့်မည်။
ချင်ဟောင်ရန်သည် မျက်လုံးတွေ ပြူးထွက်ပြီး တကိုယ်လုံးတုန်ရင်နေသည်အထိ ဒေါသထွက်နေသည်။ သို့ပေမဲ့ ဘာတခုမှ မပြောနိုင်ချေ။
ကျွင်းချောင်ရှောင်းသည် သားမွေးအင်္ကျီၤအား ချွတ်၍ အနောက်ဘက်သို့ ပစ်ပေးလိုက်သည်။ တပည့်တစ်ယောက် က မြန်မြန်ပဲ ဖမ်းကာ သိမ်းဆည်းလိုက်၏။
ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ဆံပင်အား လက်တစ်ဖက်နှင့် သပ်တင်၍ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက လာပြီး စိန်ခေါ်တယ်။ ဒါပေမဲ့ နတ်စမ်းချောင်းဂိုဏ်းက ထွက်ပြီးတောင် မကြိုဆိုပါလား။ ဒါက ဂိုဏ်းကြီးတွေ ဧည့်သည်ကို ဧည့်ခံတဲ့ နည်းလမ်းလား။”
အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။
နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ရဲသူ ဂိုဏ်းချုပ် တစ်ယောက် ပီသစွာပဲ ထိုလူငယ်သည် အရူးတစ်ယောက်လိုပင်။
“လီအာ ….”
အတွင်းခြံဝန်းထဲမှ လျှောက်ထွက်လာသော ရှစ်ကျန်းရွှမ် သည် ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း က အရမ်းကို ထက်မြက်တယ်။ ငါ အလင်းကို မြင်ရရင် သူ ဘယ်လိုပုံစံလဲ ဆိုတာ မဖြစ်မနေ ကြည့်ရမယ်”
ပြောနေရင်းမှာပဲ သူမ၏ စိတ်ထဲတွင် ဂိုဏ်းချုပ်ကျွင်း၏ ပုံပန်းသွင်ပြင်အား ဆက်စပ်ကြည့်လျက်ရှိသည်။
မျက်လုံးကြီးများ ရှိရမည်။ နှာခေါင်းချွန်ချွန် ဖြင့် နားရွက်ရှည်များလည်း ရှိမှာသေချာသည်။
ဟူး…။
ခန်းမသခင်ရှစ် ပုံဖော်နေသော ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်သည် တဖြည်းဖြည်း နှင့် လူသားမျိုးနွယ်တို့၏ အခြေခံ ပုံသဏ္ဍန်ဖြင့်ပင် ကွာခြားလာလေသည်။ သူမ ပုံဖော်သည့် အတိုင်းဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိသည့် သတ္တဝါပင် ဖြစ်လို့သွားခဲ့၏။