← Chapters

အခန်း (၂၈၃)

Vol. 20 Ch. 283

အခန်း (၂၈၃)

Vol. 20 Ch. 283

မဟာမိတ်ခေါင်းဆောင်ချင် နှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များအားလုံး၏ အမူအရာသည် ပိုမို၍ ဆိုးရွားလာကြသည်။

သူတို့သည် အစကတည်းက လှောင်ပြောင်ရန်အတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။

သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်းသည် သူတို့ လှောင်ပြောင်ဖို့ အခွင့်အရေး မပေးသည်အထိ ရှုံးနိမ့်နေသည်။

ထိုအရာသည် သူတို့ ထင်မှတ်ထားသည်နှင့် တစ်ခြားစီဖြစ်လို့ နေ၏။

သံမဏိအရိုးဂိုဏ်းကို အစောတုန်းကတည်းက လှောင်ပြောင်ရန် ပြင်ဆင်ထားကြသော တစ်ခြားသောသူများသည်လည်း မျက်နှာများ ရဲရဲနီလျက် ရှက်နေကြသည်။

ထို့အပြင် သူတို့သာ သူတို့၏ အပြင်စည်းတပည့်များကို ထည့်၍ တိုက်ခိုက်ပါက ပွဲသုံးဆယ်တွင် သုံးပွဲ မျှနိုင်လျှင်ပင် အလွန်တရာ ကံကောင်းသည်ဟု ဆိုရမည်။

"ခန်းမသခင်။"

အဝေးမှ လှမ်းကြည့်နေသော လီအာ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်နေ၏။

သံမဏိအရိုးဂိုဏ်းက ပွဲနှစ်ဆယ်လုံးကို အနိုင်ယူခဲ့သည်။

သူမ၏ ထင်မြင်ချက်အရဆိုလျှင် နတ်စမ်းချောင်းဂိုဏ်းသည် တိုက်ပွဲသုံးဆယ်မှ ငါးဆယ် ယှဉ်ပြိုင်တိုက်ခိုက်လျှင် တိုက်ပွဲအားလုံးအား အနိုင်ယူမည်ဟု ထင်မှတ်မိခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အခြေအနေရလာဒ်သည် ပြောင်းပြန်ဖြစ်လို့နေ၏။

ရှစ်ကျန်းရွမ် ပြုံးလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်တွေက အရမ်းအားကောင်းလွန်းတယ်။"

"အဘိုးကြီးမာ။"

ဝမ်တုန်လင်၏ နှူတ်ခမ်းများသည်လည်း တုန်ရင်နေ၏။

“ဒီသံမဏိအရိုးဂိုဏ်းတပည့်တွေက အရမ်းကြမ်းတာပဲ။ ဒီပွဲနှစ်ဆယ်လုံး အခွင့်အရေးတစ်ခုတောင် မပေးသွားဘူး။”

မာယွင်တန် သည် ဤအချိန်မှာတော့ မည်သည့်စကားမှ မဆိုနိုင်လောက်အောင် ဖြစ်မိနေ၏။

သူ၏ဂိုဏ်းမှ တပည့်များကို ခေါ်ယူ၍ နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် ဤကဲ့သို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

စိန်ခေါ်မှုမှာ ဆက်လက်၍ ယှဉ်ပြိုင်လျက်ရှိနေ၏။

အစောကတည်းက ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သော လင်းကျင်းဟန်နှင့် တစ်ခြားသော တပည့်များသည်လည်း ဝင်ရောက်တိုက်ခိုက်ပြီး လွယ်လွယ်ကူကူပဲ အနိုင်ရခဲ့သည်။

လွန်ခဲ့တဲ့ တစ်နှစ်အတွင်း သူတို့၏ စိတ်ဝိညာဉ်အမြစ်များသည် မပြောင်းလဲခဲ့သော်လည်း များပြားလှသည့် အရင်းအမြစ်နှင့် ခန္ဓာကိုယ်တည်ဆောက်ခြင်း အထောက်အပံ့များကို ရရှိပြီးသည့်နောက်မှာတော့ သူတို့၏ အားအင်အဆင့်သည် သိုင်းတပည့်အဆင့်များကြားတွင် အလွန်တရာအားကောင်းသည့် အဆင့်များသို့ ရောက်ရှိလာကြသည်။

သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်း၏ ထိပ်တန်းတပည့်များကို အဆက်မပြတ်ထောက်ပံ့နေသလို ဂိုဏ်း၏ အခြေခံတပည့်များကိုလည်း ပစ်မထားဘူးဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

အားလုံးသည် အတူတကွ ကြီးပြင်း၍ အားကောင်းလာကြသည်။

ထို့ကြောင့် အလွန်တရာ ကြောက်မက်ဖို့ ကောင်းနေ၏။

ထိုအရာကို သိသောကြောင့်ပင် ဂိုဏ်းအသိအမှတ်ပြု ဌာနချုပ်မှ အကြီးအကဲသည် အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခုထဲတွင် ပါဝင်ကြောင်း သံမဏိအရိုးဂိုဏ်းအား ထည့်သွင်းခဲ့ခြင်း ဖြစ်ပုံပေါ်သည်။

ဂိုဏ်းတစ်ခု၏ အားအင်အဆင့်ကို လူအနည်းအများနှင့် ဆုံးဖြတ်၍ မရချေ။ အလုံးစုံသော အားအင်အဆင့်ဖြင့် တွက်ချက်ခြင်းဖြစ်သည်။

ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၊ ကြွက်သားတည်ဆောက်ခြင်းအခန်း၊ စိတ်ဝိညာဉ်အစီအရင်၊ စမ်းသပ်မှုမျှော်စင်၊ များပြားလှသော အရင်းအမြစ် ၊ များပြားလှသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် အားလုံးသောအခြေခံတပည့်များ ရရှိနေသော တန်ဖိုးကြီးသည့်အရာများ ဖြစ်လို့နေ၏။

နတ်စမ်းချောင်းဂိုဏ်းမှာတော့ အဆင့်ငါးဂိုဏ်းတစ်ခုဖြစ်သည်ဆိုသော်လည်း သူတို့ပေးစွမ်းနိုင်သည့် အရင်းအမြစ်သည် အကန့်အသတ်ရှိနေ၏။ ထိုသူတို့သည် အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များကြား မျှဝေမှုရရှိနိုင်မှု အရင်းအမြစ်သည် အလွန်တရာ ကွာခြားနေသည်။

အပြင်စည်းတပည့်များ အနေနှင့် တန်ဖိုးထားခံချင်သည်ဆိုလျှင် အတွင်းစည်းတပည့်ဖြစ်လာစေရန် အတွက် ပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုအပ်နေ၏။

ထိုသို့ မကြိုးစားဘဲနှင့် ကံကောင်းစွာဖြင့် ရရှိနေသော ဂိုဏ်းတပည့်များသည် မည်သူဖြစ်သနည်း။

မှန်ပေသည်။ သံမဏိအရိုးဂိုဏ်းမှ တပည့်များ ဖြစ်ပေတော့သည်။

သူတို့သည် တစ်နှစ်သား အရွယ်သာ ရှိသေးသော ဂိုဏ်းသစ်တစ်ခုဖြစ်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း သူ၏ တပည့်များကို ပေးစွမ်းနေသည့် အရင်းအမြစ်များသည် အလွန်ရှေးကျပြီး နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော ဂိုဏ်းများမှ ပေးစွမ်းနေသော အရင်းအမြစ်များထက် ပိုမိုသာလွန်လျက်ရှိသည်။

ငါ ဒီနေ့ ဒီကို လာတာ မင်းတို့အားလုံးကို ကောင်းကောင်းရိုက်နှက်ချင်လိုပဲ။မဟုတ်ရင် ငါ ပုံပြီး ပေးခဲ့ရတဲ့ အရင်းအမြစ်တွေအတွက် ဘယ်လိုလုပ် ထိုက်တန်မှာလဲ။

နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်များအားလုံးသည် သူတို့၏ အဆင့်ကျင့်ကြံမှုထက် ပို၍ သာလွန်သည့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ကြသည်။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များနှင့် တွေ့ဆုံချိန်မှာတော့ ဆက်တိုက်ဆိုသလို ရှုံးနိမ့်မှုကိုသာ ကြုံနေရ၏။

လုံးဝ တစ်ဖက်သတ် ဖိနှိပ်တိုက်ခိုက်ခံရခြင်းပင် ဖြစ်ပေသည်။

ဘုန်း။

တစ်ခြားသော သံမဏိအရိုးဂိုဏ်းမှ တပည့်တစ်ယောက်သည် နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်ကို လွင့်စင်သွားအောင် တိုက်ခိုက်လိုက်၏။

လက်ရှိအချိန်တွင် နတ်စမ်းချောင်းဂိုဏ်းမှ ရှုံးနိမ့်သွားသည့် အပြင်စည်းတပည့်၏ အရေအတွက်သည် နှစ်ဆယ့်ကိုးမှ သုံးဆယ်အထိသို့ တိုးတက်သွားတော့သည်။

“ဒင် …နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းတပည့်အား အနိုင်ယူခြင်း ၃၀/၃၀”

“တာဝန်ပြည့်စုံမှုနှုန်း ၂၀ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည့်အတွက် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀ အား ရရှိခဲ့သည်။”

“ဒင် …..ဂိုဏ်းစုဆောင်းမှတ် ၁၆၀၅/၂၀၀၀”

လွန်ခဲ့သည့်အချိန်တုန်းက သူသည် နှစ်ဆယ်ရာခိုင်နှုန်းသော အထူးတာဝန်ကို အောင်မြင်မှုအတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ကိုသာ ရရှိခဲ့သည်။

လက်ရှိအချိန်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀ကိုတောင် ရရှိခဲ့၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "အကြီးအကဲကျင်း တိုက်ပွဲသုံးဆယ်ပြီး‌ရင် အပြင်စည်းတပည့်တွေရဲ့ ယှဉ်ပြိုင်မှုကို ရပ်လိုက်ကြရင် မကောင်းဘူးလား။"

"မရပ်ဘူး။"

အကြီးအကဲကျင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဆက်တိုက်ကြမယ်။"

သူသည် ပွဲသုံးဆယ်တွင် တစ်ပွဲလေးမှ အနိုင်မယူခဲ့ဘူးဆိုလျှင် မည်သူ့ကို မျက်နှာပြရမည်နည်း။ ဆက်လက်တိုက်ခိုက်မည်ဆိုပါက အကုန်လုံးကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင် အနည်းဆုံး ဆယ်ပွဲလောက်ပြန်၍ အနိုင်ယူပါက သူသည် မျက်နှာသာ ပြန်၍ ရပေလိမ့်မည်။

ရလာဒ်အနေနှင့် စီမာကျုံးတ၊ စွေ့ပုကျန် ၊ လင်းကျင့်ဟန်နှင့် တစ်ခြားသော တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သွားကြ၏။

သူတို့၏ ပြင်းထန်လွန်းသော အားအင်များကို ထုတ်ဖော်ပြသ၍ နတ်စမ်းချောင်းဂိုဏ်း၏ အပြင်စည်းတပည့်များအားလုံးကို အလုံးစုံနင်းချေခဲ့ကြသည်။

ဘုန်း။

လီထျန်းထျန်းသည် သူ၏ ပြိုင်ဘက်အား လေထဲသို လွင့်သွားအောင် ကန်ထုတ်လိုက်သည်။ ပြီးနောက် တိမ်ခြေလှမ်းကို အသုံးပြု၍ လေထဲသို့ လိုက်ပါခုန်ဝင်ပြီး မီတာသုံးရာထိ လွင့်စင်သွားအောင် နောက်ပြန်ကန်ချက်ဖြင့် ကန်ထုတ်လိုက်တော့သည်။

ထိုအချိန်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်သည် ပွဲငါးဆယ်မြောက်ကို အနိုင်ယူခဲ့ပြီးဖြစ်၏။

“ဒင် …..နတ်စမ်းချောင်းဂိုဏ်းမှ အပြင်စည်းတပည့်အား အနိုင်ယူခြင်း ၅၀/၅၀”

“ဖုံးကွယ်ထားသည့် တာဝန်အား ပြည့်စုံခဲ့သည့်အတွက် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် သုံးဆယ်ရာခိုင်နှုန်း တိုးသွားခဲ့သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား ရရှိခဲ့သည်။”

“ဒင် ….ဂိုဏ်းစုဆောင်းမှတ် ၁၈၀၅/၂၀၀၀”

ကျွင်းချောင်ရှောင်းသည် ကြောင်သွား၏။ ပြီးနောက် သွားဖြီးလိုက်၏။ "ဖုံးကွယ်ထားတဲ့ တာဝန်က နောက်ထပ် လူနှစ်ဆယ်ကို ရိုက်နှက်တာလား။"

လီထျန်းထျန်းသည် သူ၏ ပြိုင်ဘက်အား ကန်ထုတ်ပြီးသည့်နောက် လေပေါ်‌သို့ ခုန်ဆင်းလိုက်၏။

သူ၏ မျက်နှာပေါ်ရှိ အမူအရာများကို မြင်ရချိန်မှာတော့ များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် အရေထူနေကြပြီဖြစ်၏။

ပထမဦးဆုံးတိုက်ပွဲမှသည် ပွဲငါးဆယ်မြောက် တိုက်ပွဲထိ တိုက်ခိုက်ခဲ့သော အချိန်သည် နှစ်နာရီပင် မကြာခဲ့ပေ။

နတ်စမ်းချောင်းဂိုဏ်းမှ တပည့်များသည် အလုံးစုံရှုံးနိမ့်ခဲ့ကြ၏။

အဆင့်ငါး ဂိုဏ်းတစ်ခုသည် ဤမျှ ဆိုးဆိရွားရွား ရိုက်နှက်ခံရမည်ဟု မည်သူ ထင်မှတ်မည်နည်း။

အကြီးအကဲကျင်း၏ လက်များသည် တုန်ရင်လျက်ရှိ၏။

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ ရှိနေသည်သာ မဟုတ်လျှင် သူသည် ဒေါသဖြင့် သူ၏ မျက်နှာကိုပင် ပြန်ရိုက်မိနေလိမ့်မည်။

မာယွင်တန်နှင့် ဝမ်တုန်လင်တို့သည်လည်း ငြိမ်သက်လျက်ရှိ၏။ သံမဏိအရိုးဂိုဏ်း၏ အားအင်အဆင့်သည် သူတို့အား အကြီးအကျယ် တုန်လှုပ်မိစေသည်။

"ဂျူနီယာညီမ။"

မုယုံရှင်း၏ ဘေးနားတွင် မတ်တပ်ရပ်လျက်ရှိသော စီနီယာအစ်မသည် လေးလေးနက်နက်ပြောလိုက်၏။ "ဒါက မယုံကြည်နိုင်စရာပဲ။"

သူမ၏ ဂိုဏ်းသည်လည်း အဆင့်ငါးဂိုဏ်းတစ်ခုအား ဤကဲ့သို့ အခြေအနေမျိူးရောက်အောင် အနိုင်ယူနိုင်စွမ်းရှိကြ၏။ ထို့အပြင် သူမတို့၏ ဂိုဏ်းသည် အဆင့်နှစ်ဂိုဏ်းတစ်ခု ဖြစ်သည် မဟုတ်လော။

သို့ပေမဲ့ အဆင့်ခုနစ်ဂိုဏ်းတစ်ခုသည် ထိုကဲ့သို့သော ကိစ္စများကို ပြုလုပ်ခဲ့သည်ကို မြင်ရချိန်မှာတော့ သူမသည် အလွန်အမင်း အံ့အားသင့်မိနေသည်။

အပြင်စည်းတပည့်များ၏ တိုက်ပွဲမှာတော့ သံမဏိအရိုးဂိုဏ်းသည် သူတို့၏အားကို အစွမ်းကုန် ထုတ်သုံးပြီး များပြားလှသော ကျင့်ကြံသူများ၏ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ခဲ့သည်ဟုပင်ဆိုရမည်။

"ထပ်ပြီးတိုက်ခိုက်မယ်။" အကြီးအကဲကျင်းသည် လေးလေးနက်နက် ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အကြီးအကဲကျင်း ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ခင်ဗျားတို့ နတ်စမ်းချောင်းဂိုဏ်းလို လူအများကြီး ရှိတာမဟုတ်ဘူး။ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ဒါက လူဦးရေနဲ့ အနိုင်ကျင့်သလို ဖြစ်မနေဘူးလား "

မူလအရဆိုလျှင် သူသည် တိုက်ခိုက်ရန် ငါးဆယ့်သုံးယောက်ကိုသာ ရွေးချယ်ခဲ့၏။

သို့ပေမဲ့ တစ်ဖက်လူသည် အရှုံးပေးရန် မရည်ရွယ်သောကြောင့် အားပေါ်ရန်လိုက်ပါလာသော တပည့်များကိုပါ စင်ပေါ်တင်၍ တိုက်ခိုက်စေခဲ့ခြင်းဖြစ်သည်။ ဆက်၍ တိုက်ခိုက်နေမည်ဆိုပါက သူ့တွင် လူရှိတော့မည် မဟုတ်ပေ။

"ဒီလို လုပ်ကြရအောင်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အတွင်းစည်းတပည့်တွေကို တိုက်ခိုက်ခိုင်းရအောင်။"

အပြင်စည်းတပည့်များသည် လုံလုံလောက်လောက် တိုက်ခိုက်ခဲ့ပြီးဖြစ်၏။ ထို့အပြင် ဖုံးကွယ်ထားသည့် တာဝန်ကိုပင် သူ ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။ နောက်ထပ် အတွင်းစည်းတပည့်များကို တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ထိုမှသာ အထူးတာဝန်အား ပြည့်စုံပေလိမ့်မည်။ အထူးတာဝန်ပြည့်စုံခြင်းသည် သူ့အတွက် အ‌လွန်တရာ အရေးကြီးသော ကိစ္စလည်း ဖြစ်၏။

"ကောင်းပြီ။"

အကြီးအကဲကျင်းသည် သဘောတူ၍ သူ၏ လက်အား မြှောက်လိုက်၏။

အစိမ်းရောင်မာဖလာကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် တိုက်ခိုက်ရေး ကွင်းပြင်ဆီသို့ လျှောက်လာခဲ့သည်။

သူ၏ ဦးခေါင်းအား ငုံ့လျှက် ဝင်လာခြင်း ဖြစ်သည်။

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ သူ၏ ဦးခေါင်းသည် တစ်ဖြည်းဖြည်းနှင့် မြင့်တက်လာ၏။ ပြီးနောက် စပ်ဖြီးဖြီးနှင့် ပြောလိုက်သည် "ကျွင်းချောင်ရှောင်း … ကျုပ်ကို မှတ်မိသေးရဲ့လား။"

ဟမ်။

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "မင်းက ငါ့ရဲ့ တပည့်အကြီးဆုံးကို ချင်းယန်မြို့ အပြင်ဘက်မှာ စနောက်ခဲ့တဲ့ အစိမ်းရောင် မာဖလာနဲ့ကောင်ပဲ။"

တပည့်များအားလုံးသည် ချက်ချင်းဆိုသလိုပဲ ဆွံ့အသွားမိသည်။

"ကောင်းကင်ဘုံ …. ငါတို့ရဲ့ အေးစက်လှတဲ့ စီနီယာအစ်မကြီးကိုတောင် စနောက်ရဲတယ်ဆိုတော့ ဒီအကောင်ရဲ့သတ္တိက မိုးလောက်ကြီးတဲ့ အရာဖြစ်လိမ့်မယ်"

"လိုရင်းကို ပြောမယ်။"

တိုင်လုသည် သူ၏ လက်ကိုမြှောက်ကာ သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်းတပည့်များဆီသို့ လက်ညိုးညွှန်လိုက်၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားရဲ့ တပည့်တွေကို လွှတ်ပြီး ကျုပ်နဲ့ တိုက်ခိုက်ခိုင်းလိုက်။"

ဟမ်။

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်သည်။ "မင်း ဘယ်သူနဲ့ တိုက်ခိုက်ချင်တုန်း။"

တိုင်လုသည် ဂုဏ်ယူစွာပြောလိုက်၏။ "အားအကောင်းဆုံး လူကို လွှတ်လိုက်။ နတ်စမ်းချောင်းဂိုဏ်းက ခင်ဗျားတို့ လာပြီး လုပ်ချင်လိုလုပ် အနိုင်ယူလို့ရတဲ့ အမှိုက်ဂိုဏ်းတစ်ခု မဟုတ်ဘူးဆိုတာ အားလုံးကို သိအောင် ကျုပ် ခင်ဗျားရဲ့ တပည့်တွေထဲက အားအကောင်းဆုံးလူကို ရိုက်နှက်ပြမယ်။"

ဂိုဏ်းသည် ပွဲငါးဆယ် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ သူ၏ အခွင့်အရေးသည် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း တိုင်လု ကောင်းကောင်း နားလည်မိ၏။ ထို့ကြောင့် အကြီးအကဲကျင်း၏ ရှေ့တွင် ကောင်းကောင်း ပြုလုပ်ပြမှ ဖြစ်မည်။

သူ့အား ဤတိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်စေခြင်းသည် အပြင်စည်း တပည့် အဖြစ်မှ အတွင်းစည်း တပည့်အဖြစ်သို့ တက်လှမ်းစေချင်တာလည်းဖြစ်မည်။ ထိုသို့သာ တက်လှမ်းနိုင်ပါက သူ့အနေဖြင့် ပိုမိုကောင်းမွန်သည့် အရင်းအမြစ်များ ရရှိပေလိမ့်မည်။

ကျွင်းချောင်ရှောင်း … ကျွင်းချောင်ရှောင်း …. ခင်ဗျားနဲ့ ခင်ဗျားရဲ့ တပည့်တွေက ကျုပ် တိုင်လုရဲ့ လျှောက်လှမ်းရမယ့် လှေကားထစ်တွေပဲ။

“အားအကောင်းဆုံးလား။”

ကျွင်းချောင်ရှောင်း စတင် စဉ်းစားလိုက်သည်။

ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏ “ဂိုဏ်းချုပ် .. အားအကောင်းဆုံးကို သူ ရင်ဆိုင်ချင်တယ် ဆိုရင် တပည့်က လိုလိုချင်ချင် နဲ့ သွားပြီး တိုက်ခိုက်ပေးလိုက်မယ်”

ထိုစကားကိုကြားတော့ လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ဂျူနီယာညီလေးရီ .. မင်းက ငါတို့ထက် အားကောင်းတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အားအကောင်းဆုံး ဆိုတဲ့ စကားကို ပြောမယ် ဆိုရင် စီနီယာအစ်မကြီးဘက်လည်း တစ်ချက်လောက် လှည့်ကြည့်သင့်တယ်။

All Chapters