← Chapters

အခန်း (၂၈၅)

Vol. 20 Ch. 285

အခန်း (၂၈၅)

Vol. 20 Ch. 285

တိုင်လု၏ မဟာဗျူဟာသည် မှန်ကန်သည်ဟု ဆိုရမည်။ သူ သေခြင်းရှင်ခြင်းအခြေအနေ ကြား ရောက်ရှိနေချိန်မှာတော့ ဝါးမြိုခြင်းစွမ်းရည်အား အမှန်တကယ်ပင် အသက်သွင်းနိုင်ခဲ့သည်။

သို့ပေမဲ့ ထိုအသက်ဝင်လာသော စွမ်းရည်ကို အသုံးပြုနိုင်ရန် သေခြင်း၊ ရှင်ခြင်းအခြေအနေ တွင် အသက်ရှင်နိုင်ရန် လိုအပ်နေ၏။

ရီရှင်းချန်၏ အားပါပြင်းထန်လှသော ကန်ချက်ကို ခံယူပြီးနောက်မှာတော့ အစိမ်းရောင် မာဖလာနှင့် တိုင်လုသည် သူ၏ စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တစ်ခါတည်း မေ့မျောသွားတော့သည်။ ထွက်ပေါ်လာတော့မည့်ဟန် ပေါ်နေသော ဝါးမြိုခြင်းစွမ်းရည်သည်လည်း ပျောက်ကွယ်သွားရတော့သည်။

အဆုံးသတ်မှာတော့ သူသည် ဘာမှမဟုတ်ဘဲ အရိုက်နှက်ခံခဲ့ရခြင်းသာ ဖြစ်တော့သည်။ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိလိုက်ချေ။

တော်တော့်ကို ဆိုးရွားသည့် ကံကြမ္မာဟု ဆိုရမည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာခါယမ်းပြီး ပြောလိုက်၏ “သူ အားကောင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ တစ်ချက်တည်း တိုက်ခံရပြီး ရှုံးသွားတာပဲ”

အကြီးအကဲကျင်းသည် ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ရင်လျှက် ရှိသည်။

သူသည် တိုက်ခိုက်ရန် တိုင်လုအား စေလွှတ်ခဲ့သည်။ သို့ပေမဲ့ တစ်ချက်တည်းသော တိုက်ကွက်အောက်တွင် ရှုံးနိမ့်ခဲ့ပြီး ထပ်တလဲလဲ နင်းချေ ခြင်းကိုပင် ခံခဲ့ရ၏။ နတ်စမ်းချောင်းဂိုဏ်းအတွက် ရှက်ဖွယ်ရာပင်။

သို့ပေမဲ့ တခြားလည်း ဘာမှမတတ်နိုင်ချေ။ ရီရှင်းချန်မှာ အလွန်အားကောင်းနေသည်။

ချန်းလင်းဖန် အား စေလွှတ်၍ တိုက်ခိုက်ခိုင်းမည် ဆိုလျှင်ပင် ရှုံးနိမ့်ဦးမှာ သေချာသည်။

သံမဏိအရိုးဂိုဏ်း၏ အားအကောင်းဆုံး တပည့်တစ်ယောက် တိုက်ခိုက်မည့် စာရင်းထဲမှ ထွက်ခွာသွားသည်ဟု ကြံဖန် ဖြေသိမ့်ရမလို ဖြစ်နေ၏။

အကြီးအကဲကျင်းသည် လက်ကို ယမ်းခါလိုက်သည်။

အတွင်းစည်း တပည့်တစ်ယောက်သည် တိုက်ခိုက်ရေး တည်နေရာဆီသို့ လျှောက်ဝင်လာသည်။ ထိုသူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားတွေ၏ အရိပ်အငွေ့တွေနှင့် ဖြစ်နေလေ၏။

ဤမျှများပြားသော ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ရခြင်းကို နတ်စမ်းချောင်းဂိုဏ်းမှ မည့်သည့် အတွင်းစည်း တပည့်မဆို လက်မခံနိုင်ကြချေ။ ထို့ကြောင့် သူ အနိုင်ယူမှ ဖြစ်မည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ယုဟွာ .. သွား”

“ဟုတ်ကဲ့”

လီယုဟွာ ရှေ့သို့ လှမ်းတက်သွားလိုက်သည်။

“သံမဏိအရိုးဂိုဏ်း တပည့် လီယုဟွာ”

“နတ်စမ်းချောင်းဂိုဏ်း တပည့် ချီဖန်”

“စမယ်” ဒိုင်က အော်လိုက်သည်။

ချီဖန်သည် ကောင်းကင်လက်သီး သုံးဆယ့်ခြောက်ကွက်ကို စတင်၍ အသုံးပြုလိုက်သည်။ လေထဲတွင်တော့ ချက်ချင်းဆိုသလိုပဲ လက်သီးရိပ်များနှင့် ပြည့်နှက်သွား၏။

သူသည် နတ်စမ်းချောင်းဂိုဏ်းမှ စီနီယာ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သည်။ ထို့အပြင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုလည်း ပိုင်ဆိုင်သူ ဖြစ်သေး၏။ သိုင်းဆရာ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည် ဆိုသော်လည်း သူ၏ လက်သီးနည်းစနစ် ထုတ်ဖော်မှု၏ တိုက်ခိုက်ရေး အားအင်သည် တိုင်လု ထက်ပိုပြီး အားကောင်းလှသည်။

“လက်သီးချက် တစ်ခုချင်းစီတိုင်းက ဂျင်လေးသောင်းအားအင် ရှိနေတာပဲ”

“ဒါမှ နတ်စမ်းချောင်းဂိုဏ်းရဲ့ အစစ်အမှန် အတွင်းစည်း တပည့်လေ”

“သံမဏိအရိုးဂိုဏ်း တပည့်တော့ ကံဆိုးပြီပဲ”

ဝှစ် ….။

လီယုဟွာသည် ခြေကို ခိုင်အောင် ရပ်တန့်ပြီး သူ၏ လက်တွေကို စုစည်းလိုက်သည်။ ကြည့်လိုက်သည်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခြင်း ဖြစ်ကြောင်း သိသာသည်။

ထိုအရာကို မြင်တော့ ကြည့်ရှုနေသူများသည် ခေါင်းကိုသာ အသာခါယမ်းလိုက်မိကြ၏။

ကောင်းကင်လက်သီး သုံးဆယ့်ခြောက်ကွက်သည် နတ်စမ်းချောင်းဂိုဏ်း၏ ပြိုင်ဘက်ကင်း သီးသန့် နည်းစနစ် တစ်ခုဖြစ်ပြီး ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် အဆုံးမဲ့သော အရှိန်အဟုန်တွေ ဖြစ်ပေါ်လာပေလိမ့်မည်။ ခုခံရန် ရွေးချယ်လိုက်သည်နှင့် တစ်ခါတည်း အောက်စည်းထဲ ရောက်သွားမှာ သေချာသည်။

ဘန်း ..ဘန်း …။

လက်သီးရိပ်များသည် အမြှောက်ဆံများကဲ့သို့ အတွဲလိုက် ကျဆင်းလာလေသည်။

တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် ဂျင်လေးသောင်းသော အားအင်ကို ထုတ်ဖော်နေသည်။ သို့ပေမဲ့ တိုက်ခိုက်မှုကို ခံယူနေသော လီယုဟွာမှာတော့ တစ်ချက်ကလေးမှ တွန့်မသွားဘဲ နေရာမှာတင် ရပ်လျက် ရှိနေလေ၏။

သူသည် စည်းအကာအကွယ်ကိုပင် မဖွင့်ဘဲ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

အားလုံးသော သူများသည် မျက်လုံးပြူးသွားကြ၏။

သံမဏိအရိုးဂိုဏ်းတပည့်သည် ဤမျှပြင်းထန်သော တိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့သည် ဆိုသော်လည်း နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်မသွားခဲ့ချေ။

တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော ချီဖန်သည်လည်း ကြောင်သွားသည်။

သူ၏ တိုက်ခိုက်မှုကို ခံရလျှင် အားကောင်းပြီး ခန္ဓာကိုယ် သန်မာပါသည် ဆိုသော အဆင့်တူ သားရဲပင်လျှင် တစ်ခါတည်း ဖင်ထိုင်လဲသွားတတ်ကြသည်။

လီယုဟွာသည် အခြေအနေကို အခွင့်ကောင်းယူပြီး ပေါက်ကွဲလက်သီးနည်းစနစ်ကို ထုတ်ဖော် အသုံးပြုလိုက်တော့၏။

လက်သီးချက်သည် မြန်ဆန်လွန်းသောကြောင့် ချီဖန် အနေဖြင့် လက်နှင့် ကာရုံသာ တတ်နိုင်ခဲ့သည်။

“ဒါဆိုရင် တိုက်ပြီနော်”

လီယုဟွာ၏ လက်သီးချက်များသည် အဆက်မပြတ် ကျဆင်းလာတော့၏။

ဘန်း ….။

ချီဖန်းသည် နောက်သို့ လွင့်စင်သွားသည်။ လက်ဆီမှ ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားတော့သည်။

ဒုတိယအဆင့် သိုင်းဆရာ တစ်ယောက်ဖြစ်သော လီယုဟွာသည် ပေါက်ကွဲလက်သီးနည်းစနစ်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ အားအင်အဆင့် ၅၅၀၀၀ ထိ ရောက်ရှိသွားလေသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုကို သိုင်းဆရာ အဆင့်တစ် ကျင့်ကြံသူတစ်ယောက် အဘယ့်သို့ ခံနိုင်ရည် ရှိမည်နည်း။

ချီဖန်သည် အောက်သို့လွင့်စင်ရင်း တိုက်ခိုက်ရေးတည်နေရာ အပြင်ဘက်ဆီသို့ ရောက်ရှိသွားတော့သည်။ သူသည် ခက်ခက်ခဲခဲဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည် ဆိုပေမဲ့ သူ၏ ခြေထောက်များအား မထိန်းချုပ်နိုင် တော့ဘဲ မြေပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

“ဒင် .. နတ်စမ်းချောင်းဂိုဏ်း အတွင်းစည်း တပည့်အား အနိုင်ယူဲခင်း ၂ /၁၀”

ကြည့်ရှုနေကြသော ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွားကြသည်။

လက်သီးချက်တစ်ချက်တည်းနှင့် အတွင်းစည်းတပည့်တစ်ယောက် လွင့်စင်သွားသည်ကို မြင်ရသည်မှာ လက်ခံနိုင်ရန် ခက်သည့်အရာမျိုး ဖြစ်လို့နေ၏။

ချင်ဟောင်ရန် နှင့် မဟာမိတ်ခေါင်းဆောင်တို့သည်လည်း အံ့အားသင့်မိနေကြသည်။

အဆင့်သတ်မှတ်ချက်ပင် ကောင်းကောင်း မရှိခဲ့သော ဂိုဏ်းတစ်ခုသည် အဘယ့်ကြောင့် တစ်နှစ်အတွင်း ဤမျှ အားကောင်းလာရသနည်း။

အကြီးအကဲကျင်းသည် အဆုတ်တွေ ပေါက်ကွဲထွက်လုမတတ် ဒေါသဖြစ်မိနေသည်။

သူ၏ ဂိုဏ်းထဲတွင် အားလုံးသော ကျင့်ကြံသူများ၏ ရှေ့၌ သူတို့သည် ၅၂ ပွဲ ယှဉ်ပြိုင်ပြီး ၅၂ ပွဲ ရှုံးနိမ့်ခဲ့သည်။ အဘယ်သို့ သူ၏ ခံစားချက်ကို ထိန်းချုပ်နိုင်တော့မည်နည်း။

ဟင်း …။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ရွှမ်ကျူး .. သွား”

“ကောင်းပါပြီ”

စုန့်ရွှမ်ကျူးသည် တိုက်ခိုက်ရေး တည်နေရာထဲသို့ လှမ်းဝင်ပြီး ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လိုက်သည်။

နတ်စမ်းချောင်းဂိုဏ်းသည် နောက်ထပ် အတွင်းစည်း တပည့်အား လွှတ်လိုက်ပြီး ထိုသူမှာ အဆင့်တစ် သိုင်းဆရာ တစ်ယောက်လည်း ဖြစ်၏။

အဆင့်ငါးဂိုဏ်းတစ်ခုတွင် အတွင်းစည်း တပည့်ဖြစ်လာရန် နည်းလမ်းနှစ်ခုရှိသည်။ တစ်ခုသည် ကောင်းမွန်လှသည့် စိတ်ဝိညာဉ်အမြစ်အရည်အသွေး ရှိရမည် ဖြစ်ပြီး အခြားတစ်ခုမှာတော့ အားကောင်းရမည် ဖြစ်သည်။

စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေးက ကောင်းမွန်သလို ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားလျှင် တိုက်ရိုက်တပည့် ဖြစ်လာပေလိမ့်မည်။

ဟုတ်ပေသည်။ စိတ်ဝိညာဉ်အမြစ် အားကောင်းသူသည် ကျင့်ကြံခြင်းအဆင့်လည်း မြင့်လာမှာ သေချာသည်။

ဥပမာအားဖြင့် စိတ်ဝိညာဉ်စမ်းချောင်းတောင်တွင် လီချင်းယန်နှင့် တိုက်ခိုက်ခဲ့သော မိုရှန်းဖေးသည် အဆင့်ရှစ် သိုင်းတပည့်အဆင့်မှသည် တစ်နှစ်အတွင်း အဆင့်နှစ် သိုင်းဆရာ ဖြစ်လာခဲ့သည်။

ကံဆိုးစွာဖြင့် ဤတိုးတက်မှုသည် သံမဏိအရိုးဂိုဏ်းအတွက်မူ နှေးကွေးလွန်းလှ၏။

ထိုအချိန်က အဆင့်လေး သိုင်းတပည့်အဆင့်သာ ရှိခဲ့သော လီချင်းယန်သည် လက်ရှိတွင် အဆင့်ငါး သိုင်းဆရာ တစ်ယောက် ဖြစ်လို့နေပြီ မဟုတ်လော။

ဤကဲ့သို့ နှိုင်းယှဉ်ကြည့်လျှင် ကွာခြားချက်မှာ နည်းနည်းနောနော မဟုတ်ချေ။

“ဒီသံမဏိအရိုးဂိုဏ်းတပည့်က သိုင်းတပည့်အဆင့်ပဲ”

“နတ်စမ်းချောင်းဂိုဏ်း အတွင်းစည်း တပည့်က သိုင်းဆရာလေ။ သူတို့ ပထမဆုံး အောင်ပွဲ ရယူနိုင်ပြီ ထင်တယ်”

အားလုံးသည် တီးတိုးဆွေးနွေးနေကြသည်။

ကျင့်ကြံခြင်း အဆင့်ကြီး တစ်ဆင့်ပိုမိုမြင့်မားသော လူတစ်ယောက်အား ရင်ဆိုင် အနိုင်ယူရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။

စုန့်အဘိုးအို၏ နှလုံးသားသည် တုန်ရင်လျက်ရှိသည်။

သူ၏ သားသည် အိပ်ရာထဲ လဲနေရာမှ ပြန်လည် သက်သာလာကာစ ဖြစ်၏။ ထို့ကြောင့် သိုင်းဆရာ တစ်ယောက် နှင့် ရင်ဆိုင် တိုက်ခိုက်ခြင်းမှာ အလွန်အန္တရာယ်များသော အလုပ်ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ တိုက်ပွဲစသည် ဆိုသည်နှင့် စုန့်ရွှမ်ကျူးသည် များပြားလှသော သိုင်းနည်းစနစ်များအား အသုံးပြု၍ အချိန်တိုအတွင်း တစ်ဖက်လူအား ဖိနှိပ်ထားနိုင်ခဲ့သည်။

အထူးသဖြင့် တောင်ဖြိုလက်ဝါးနည်းစနစ်ကို ထုတ်ဖော်ချိန်မှာတော့ သူ၏ အားအင်သည် ဂျင် ၃၀၀၀၀ ထိ ရောက်ရှိသွား၏။

သူ၏ ပြိုင်ဘက်မှာမူ ဂျင် ၂၅၀၀၀ သော အားအင်ကိုသာ ပိုင်ဆိုင်သူ ဖြစ်သည်။

စုန့်ရွှမ်ကျူး၏ လက်ဝါးရိုက်ချက်များဆီမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားမိတော့ စုန့်အဘိုးကြီ၏ မျက်နှာတစ်ခုလုံးသည် ထိန်လင်းသွားတော့သည်။

ငါ့သား …။

သူ … သူ ဒီလောက်အားကောင်းတယ်လား။

ဘုန်း …။

စုန့်ရွှမ်ကျူးသည် ရှေ့သို့ လှမ်းတက်ပြီး ပေါက်ကွဲလက်သီး နည်းစနစ်ကို ဆက်တိုက် ထုတ်ဖော်ကာ သူ့ထက် အဆင့်ကြီးတစ်ဆင့် မြင့်မားသော ပြိုင်ပွဲအား တိုက်ခိုက်ရေး တည်နေရာအတွင်းမှ ဆုတ်ခွာသွားစေ၏။

သူသည် သူ၏ စီနီယာအစ်ကိုတွေကဲ့သို့ ပြတ်ပြတ်သားသား အနိုင်မယူနိုင်ဘူး ဆိုလျှင် ပြိုင်ဘက်အား အစမှ အဆုံးထိ ဖိနှိပ် တိုက်ခိုက်သွားနိုင်ခဲ့သည်။

ထိုအရာနှင့်ပင် အိပ်ရာထဲ လှဲနေခဲ့ရသော ပါရမီရှင်သည် သံမဏိအရိုးဂိုဏ်းတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး အားအင်အဆင့်ကို ပြသခဲ့၏။

သူ၏ သား သည် ပြိုင်ဘက်အား အနိုင်ယူခဲ့ကြောင်း မြင်ရချိန်မှာတော့ စုန့်အဘိုးအိုသည် မည်သို့မှ မထိန်းနိုင်တော့ဘဲ မျက်လုံးအိမ်ထဲတွင် မျက်ရည်တွေပင် ဝိုင်းလာတော့သည်။

………

စုန့်ရွှမ်ကျုးသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် တစ်ယောက် ဖြစ်သည် ဆိုပေမဲ့ သိုင်းဆရာ ပထမအဆင့် ကျင့်ကြံသူအား အနိုင်ယူခဲ့သည်။ သူ့ကိုယ်သူ အားကောင်းကြောင်း သက်သပြနိုင်ခဲ့ရုံတင် မကဘဲ သံမဏိအရိုးဂိုဏ်းသားများသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်သူများ ဖြစ်ကြောင်း အားလုံးကို သိသာစေခဲ့သည်။

နတ်စမ်းချောင်း၏ ထိပ်ပိုင်းအကြီးအကဲများသည် မျက်နှာများ ပျက်ကုန်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ထပ်မံတိုက်ခိုက်ရန် ရောက်လာကြသော ကျန်းဝေ နှင့် တခြားသူများသည် စုန့်ရွှမ်ကျုးထက် အားကောင်းသူ များဖြစ်နေကြပြီး နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းစည်း တပည့်များအား တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူသွားသောကြောင့်ပင် ဖြစ်၏။

“ဒင် … နတ်စမ်းချောင်းဂိုဏ်း အတွင်းစည်း တပည့်အား အနိုင်ယူခြင်း ၁၀ / ၁၀”

“ဒင် .. အတွင်းစည်းတပည့်အား အနိုင်ယူပြီးနောက် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် ၅၀ ရာခိုင်နှုုန်း တိုးတက်သွားခဲ့သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀ ကို ရရှိခဲ့သည်။”

“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၂၂၀၅ / ၂၀၀၀”

“ဒင် … ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျံနေသောကြောင့် …….”

ကျွင်းချောင်ရှောင်းသည် သူတပည့်များ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အလွန်အမင်း သဘောတွေ့နေသည်။ ထို့ကြောင့် စတိုးအား ဖွင့်ပြီး ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်း ဆယ်ပုလင်းကို ဝယ်ယူလိုက်သည်။

သူသည် တပည်တစ်ယောက်ချင်းစီတိုင်းအား မပေးနိုင်ဘူးဆိုသော်လည်း လက်ရှိ တပည့်များ၏ စွမ်းဆောင်ရည်ကို ကြည့်ရှုမှတ်သားပြီး အနာဂတ်တွင် ဆုအဖြစ် ပေးရန် စဉ်းစားထား၏။

သံမဏိအရိုးဂိုဏ်းတပည့်များသည် တစ်နှစ်အတွင်း တိုးတက်လာခဲ့ကြသည်။ စိတ်ဝိညာဉ်အမြစ်များပါ တိုးတက်လာခဲ့ပါက ပိုမို၍ ကြောက်စရာကောင်းသူတွေ ဖြစ်လာပေလိမ့်မည်။

“အကြီးအကဲကျင်း …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဆက်ပြီး တိုက်ခိုက်ချင်သေးလား”

အကြီးအကဲကျင်းသည် မည်သည့်စကားကို မှ မဆိုချေ။ မှုန်ကုတ်ကုတ် မျက်နှာဖြင့် လက်ကိုသာ ခါယမ်းလိုက်သည်။ သိုင်းဆရာ အဆင့်သုံး အတွင်းစည်း တပည့်တစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လာတော့သည်။

ဆိုလိုသည်မှာ ဆက်လက်တိုက်ခိုက်မည်။

ကျွင်းချောင်ရှောင်းသည်လည်း စိုးရွံ့မနေချေ။ လုံကျိရန်အား စေလွှတ်၍ တိုက်ခိုက်ခိုင်းခဲ့သည်။

ဘုန်း …။

အပြင်စည်းတပည့်များထဲတွင် အားအကောင်းဆုံးသော လုံကျိရန်သည် သူ၏ ပြိုင်ဘက်အား အနိုင်ယူခဲ့၏။

ကြည့်ရှုနေသူများသည် လက်ရှိအချိန်တွင်တော့ တည်ငြိမ်နေကြပြီ ဖြစ်သည်။

ခြောက်ဆယ့်တစ်ပွဲတိုက်ခိုက်ပြီးချိန်တွင် သံမဏိအရိုးဂိုဏ်းမှာ ခြောက်ဆယ့်တစ်ပွဲ အနိုင်ရခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် အံ့အားသင့်ရန် ပင် မျက်နှာပေါ်ရှိ ကြွက်သားများ ထုံလျက်ရှိနေကြတော့၏။

All Chapters