← Chapters

အခန်း (၂၈၆)

Vol. 20 Ch. 286

အခန်း (၂၈၆)

Vol. 20 Ch. 286

အတွင်းစည်းတပည့်များ၏ တိုက်ပွဲသည် ဆက်လက်ဖြစ်တည်နေ၏။

ကျွင်းချောင်ရှောင်းသည် နောက်ထပ်တိုက်ပွဲတစ်ခုအတွက် လင်းယွမ်ရွှယ် အား ခေါ်ထုတ်၍ တိုက်ခိုက်စေသည်။

ထိုမိန်းကလေးသည် အနည်းငယ် စိုးရွံ့၍ ကြောက်ရွံ့တတ်သည်ဆိုသော်လည်း ပေါက်ကွဲလက်သီးနှင့် တောင်ဖြိုလက်ဝါးတို့အား တိုက်ပွဲစတင်ကတည်းက စတင်အသုံးပြုပြီး သူမ၏ပြိုင်ဘက်အား တစ်ခါတည်း သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီမှ လွင့်စင်သွားအောင် ပြုလုပ်ခဲ့၏။

ထို့ကြောင့် ကျိုးဟုန်မှအပ သေမင်းတောင်ကြားထဲသို့ သွားခဲ့သော အပြင်စည်းဂိုဏ်းသား တပည့်များအားလုံးသည် တိုက်ခိုက်၍ သူတို့၏ပြိုင် က်များကို အနိုင်ယူနိုင်ခဲ့ပြီဟု ဆိုရမည်။

အောင်ပွဲအရေအတွက်ကလည်း ခြောက်ဆယ်လေးသို့ တိုးတက်ရောက်ရှိလာခဲ့သည်။

များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြ၏။

တိုက်ပွဲမစတင်မီက ရှုံးနိမ့်မည့်သူသည် သံမဏိအရိုးဂိုဏ်းဖြစ်သည်ဟု အားလုံးက တွေးထင်ထားခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ နတ်စမ်းချောင်းဂိုဏ်းသာ ဖြစ်လို့နေ၏။

"ကြောက်စရာကောင်းလိုက်တာ။" မာယုတင် ထအော်လိုက်မိ၏။

သူ၏တောင်ပြာဂိုဏ်းတပည့်များကို ခေါ်ဆောင်၍ ကျွင်းချောင်ရှောင်း ၏ တပည့်များအား တိုက်ခိုက်စေမည်ဆိုလျှင်တောင်မှ သူတို့သာ ကျိန်းသေပေါက် ရှုံးနိမ့်မှာ သေချာသည်။

ရှစ်ကျန်းရွှမ်သည် ပြုံးလိုက်မိ၏။ "ငါပြောခဲ့သလိုပဲ ဂိုဏ်းချုပ်ကျွင်းရဲ့ သံမဏိအရိုးဂိုဏ်းက ဒီလိုမျိုးအားအင်မရှိရင် ဘယ်လိုလုပ် နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ဖို့ သတ္တိရှိမှာလဲ။"

လီအာ သည် အလုံးစုံငြိမ်သက်သွားခဲ့မိ၏။

ခြောက်ဆယ့်လေးပွဲတိတိအနိုင်ရရှိခဲ့သည်။ ထိုသို့သော ကိစ္စမျိုးကို သူမတို့၏ မြောင်ဟွာခန်းမဆောင်ပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

မုယုံရှင်း သည် တီးတိုးရေရွတ်လိုက်၏။ "သူ့ဂိုဏ်းက အဲလောက်အားကောင်းတာလား။"

"ဟမ့်"

စီနီယာအစ်မသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ဒါက အဆင့်ငါးဂိုဏ်းတစ်ခုလေ။ဒါကြောင့် အရမ်းအားနည်းတာပေါ့။"

သူမသည် နားမလည်နိုင်ခြင်းပင်ဖြစ်၏။

နတ်စမ်းချောင်းဂိုဏ်းသည် အားနည်းခြင်းမဟုတ်ပေ။ သံမဏိအရိုးဂိုဏ်းကသာ အလွန်အမင်း အားကောင်းနေခြင်းဖြစ်သည်။

ထို့အပြင် ဆက်လက်တိုက်ခိုက်စရာမလိုတော့ချေ။

အဘယ့်ကြောင့်ဆိုသော် နတ်စမ်းချောင်းဂိုဏ်းသည် အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း ခြောက်ဆယ့်လေးပွဲလုံး ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ၎င်းတို့၏ မျက်နှာကို မည်ကဲ့သို့ ပြရတော့မည်နည်း။

သို့ပေမဲ့ အကြီးအကဲကျင်းမှာတော့ အခြားတပည့်များကို စေလွှတ်၍ ထပ်မံ တိုက်ခိုက်ခိုင်းနေသည်။

အတွင်းစည်းတပည့်များ အားလုံးသည် အသက်သုံးဆယ် နီးပါးရှိခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့၏အားအင်အဆင့်များသည် သိုင်းဆရာအဆင့်လေးအဆင့်သို့ ရောက်ရှိနေကြ၏။

ဤတစ်ကြိမ်မှာတော့ နတ်စမ်းချောင်းဂိုဏ်းသည် သိုင်းဆရာအဆင့်လေး ကျင့်ကြံသူအား စေလွှတ် တိုက်ခိုက်စေတော့သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ သိုင်းဆရာအဆင့်နှစ်ဂိုဏ်းသားအား သူတို့ရှုံးနိမ့်နေတုန်းပင် ဖြစ်သည်။

နတ်စမ်းချောင်းဂိုဏ်းသားများသည် အရင်းအမြစ်အများအပြား ကို ရရှိနေကြသော ဂိုဏ်းသားအဖွဲ့နှင့် ရင်ဆိုင်ရချိန်မှာတော့ အလုံးစုံ တစ်ဖက်စောင်းနင်း ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံနေရသည်။ အနိုင်ရယူရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

ကျွင်းချောင်ရှောင်းသည် မူလအားဖြင့် ထျန်းချီအား စေလွှတ်တိုက်ခိုက်ရန် စီစဉ်ထားပြီး မာယုံနင်က ဝင်ပြောလိုက်၏။

"ဂိုဏ်းချုပ် … ကျုပ်ကိုတိုက်ခိုက်ခွင့်ပေးပါ။"

ရီဟိုင်နှင့် အားဟိုင်တို့နှစ်ယောက်သည် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ လျိုဝမ်ရှစ်အား အလွန်အမင်း ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့ပြီဖြစ်သည်။

သူသည် တိုက်ခိုက်လိုစိတ်များအား မည်သို့မှ မထိန်းချုပ်နိုင်သလို ဖြစ်မိနေ၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကောင်းပြီ။"

မာယုံနင်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

သူသည် ခုတ်ပိုင်းဖြတ်တောက်ခြင်းခံရသော သူ၏ဓားမော့အား ပြန်လည်ထုလုပ်၍ တပ်ဆင်ထားပြီးဖြစ်၏။ ထိုဓားမော့အား ရင်ခွင်ထဲတွင် ခပ်တင်းတင်းပိုက်ထားပြီး ဂုဏ်ယူစွာပြောလိုက်၏။ "လက်နက်နဲ့ တိုက်ခိုက်ကြစို့။"

နတ်စမ်းချောင်းဂိုဏ်းတပည့်သည် အကြီးအကဲကျင်းအား လှမ်းကြည့်လိုက်၏။ ညွှန်ကြားချက်ကို ရယူပြီးသည့်နောက်မှာတော့ သုံးပေခန့်ရှိသော ဓားတစ်လက် အား ထုတ်ယူလိုက်တော့သည်။

"နတ်စမ်းချောင်းဂိုဏ်းတပည့် - လန်ကျင်း"

"သံမဏိအရိုးဂိုဏ်းတပည့် - မာယုံနင်"

နာမည်များကို ထုတ်ဖော်ပြောဆိုပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံးသည် အနည်းငယ် ဆွံ့အသွားကြသည်။

နှစ်ယောက်အားသည် အနည်းငယ် အိုမင်းကြပုံပေါ်၏။

အထူးသဖြင့် သံမဏိအရိုးဂိုဏ်းမှ မာယုံနင်ဖြစ်သည်။

သူ၏အသွင်အပြင်သည် အသက်လေးဆယ်မှ အသက်ငါးဆယ်နီးပါး ကြီးရင့်သည့်ပုံပေါက်သည်။ သို့ပေမဲ့ ဂိုဏ်း တပည့်တစ်ယောက် အဆင့်သာရှိသေး၏။ မည်မျှညံ့ဖျင်းလိုက်သနည်း။

ကျုပ်က နှစ်ဆယ့်ကိုးနှစ်ပဲရှိသေးတယ်။ဘယ်က အသက်လေးဆယ် ငါးဆယ်ရှိရမှာတုန်း။

မာယုံနင်ပြောလိုက်သည် "တိုက်ပွဲစပြီဆိုရင် မင်းအရင်ဆုံးတိုက်ခိုက်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ဓားမော့က အပြင်ကိုရောက်ပြီဆိုတာနဲ့ မင်းအခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။"

လန်ကျင်း "..."

ဤသက်လတ်ပိုင်းလူသည် အမှန်တကယ်ပင် မောက်မာလွန်းလှ၏။

"စကြမယ်။" ဒိုင်လူကြီးကအော်ဟစ်လိုက်သည်။

လန်ကျင်းသည် သူ၏ဓားအား ဓားအိမ်ထဲမှ ထုတ်ယူပြီး ရှေ့သို့လှမ်းတက်လိုက်၏။

ပြီးနောက် တစ်ပြိုင်တည်း ဆိုသလိုပဲ သူ၏လက်ကောက်ဝတ်ကို ခါရမ်းလိုက်တော့ လေထဲတွင် ဓားရိပ်ဓားယောင်များသည် ပန်းများကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဖြစ်တည်လာတော့သည်။

"ဓားလှိုင်းနည်းစနစ် … ဒါက အထက်အဆင့် ဓားတိုက်ကွက်တစ်ခုပဲ။" တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ပန်းများကဲ့သို့ ဖြစ်တည်နေသော ဓားလှိုင်းများကို ရင်ဆိုင်ရချိန်မှာတော့ မာယုံနင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

သူသည် သူ၏ဓားမော့အား လက်ထဲတွင် အသာကိုင်၍ ညာဘက်လက်သည် ဓားလက်ကိုင်ပေါ်သို့ ရောက်ရှိသွား၏။

"ဝှစ် ….. ဝှစ်"

ချက်ချင်းဆိုသလိုပဲ ထူထဲပြီးကြီးမားလှသော ဓားမော့ဆန္ဒသည် သူ၏ခန္ဓာကိုယ်သို ရစ်ပတ်သွားပြီး အလုံးစုံ အရှိန်အဝါကောင်းလှသော အော်ရာ သည် ထွက်ပေါ်လာတော့၏။

"ဓားမော့ဆန္ဒ"

ကျွမ်းကျင်သူတစ်ယောက်က ထအော်လိုက်သည်။ "သူကဓားမော့ကျင့်ကြံသူပဲ။"

"ဘာ"

အားလုံးသည် မျက်လုံးပြူးသွားမိကြ၏။

ဓားမော့ကျင့်ကြံသူနှင့် ဓားကျင့်ကြံသူများမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှားပါးလှသည် မဟုတ်လား။

"ကလန်"

ထိုအခိုက်အတန့်မှာပဲ မာယုံနင်သည် ရှေ့သို့လှမ်းတက်၍ သူ၏ဓားမော့အား ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်တော့သည်။

လေထဲတွင် သဲမုန်တိုင်းတစ်ခုကဲ့သို့ အလွန်အမင်း ပြင်းထန်သော လှိုင်းအဟုန်များ ဖြစ်တည်လာသည်။

“မြောက်ဘက်သဲကန္တာရမှ ဓားမော့"

"ဝှစ်"

ဓားမော့အော်ရာ များသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး ပန်းရိပ်ပန်းရောင်များကဲ့သို့ ဖြစ်တည်နေသော ဓားလှိုင်းများအား အရှိန်အဟုန်ကောင်းကောင်းနှင့် ဖျက်ဆီးသွားတော့သည်။

"အိုး …. မဟုတ်ဘူး။"

လန်ကျင်း၏မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသည်။

သူသည် အလျင်စလိုပဲ တိုက်ခိုက်ရေးတည်နေရာ အပြင်ဘက်ဆီသို့ နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်၏။

"ဘုန်းး"

ထူထဲလှသော ဓားမော့အော်ရာသည် ကျောက်ခင်းလမ်းများအား ထိမှန်သွားပြီး ငါးမီတာခန့်ရှိသော ဓားမော့အရာကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

တိုက်ခိုက်ရေးတည်နေရာ အပြင်ဘက်ဆီသို့ လွတ်မြောက်သွားပြီဖြစ်သော လန်ကျင်းသည် နဖူးပေါ်မှ ချွေးစေးတွေ ကျလာသည်အထိ ထိတ်လန့်ကြောက်ရွံ့မိသွား၏။

မာယုံနင်၏ ဓားမော့သည် တစ်စုံတစ်ယောက်ကို ထိခိုက်မိရန် ရည်ရွယ်ချက်မရှိချေ။ မဟုတ်ပါက သူ့အနေနှင့် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ခေါင်းနှင့်ကိုယ် နှစ်ပိုင်းခွဲသွားနိုင်သည်။

သံမဏိအရိုးဂိုဏ်းသည် နောက်တစ်ပွဲ နိုင်ခဲ့ပြန်၏။

ဒီအချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ခြောက်ဆယ့်ငါးပွဲ အနိုင်ယူခြင်းနှင့် ပတ်သက်၍ ဂရုမစိုက်ခဲ့တော့ပေ။

သူတို့ဂရုစိုက်ခဲ့သည်မှာ အသက်အရွယ်ကြီးရင့်လှပုံပေါ်သော သံမဏိအရိုးဂိုဏ်းတပည့်သည် ဓားမော့ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်ဆိုခြင်းကို ပင်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ကြောင်သွားသည်။

သူသည် အရင်တုန်းက မာယုံနင်နဲ့ တိုက်ခိုက်ခဲ့ဖူး၏။ ထိုအချိန်တုန်းက မာယုံနင်သည် ယခုလောက် အားမကောင်းခဲ့ချေ။

"ဟူးး"

လျိုဝမ်ရှစ်သည် စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။ "အရမ်းအားကောင်းတယ်။"

ကလေးမလေးဆီမှ ချီးကျူးစကားကို ကြားရချိန်မှာတော့ မာယုံနင်သည် သူ၏ဓားမော့အား ဓားအိမ်ထဲသို့ ဖြေးဖြေးချင်း ပြန်၍ ထည့်သွင်းလိုက်သည်။

ဓားမော့ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာတရားသည် သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာတော့၏။

"ဒင် ……နတ်စမ်းချောင်းဂိုဏ်းမှ အတွင်းစည်းတပည့်များအား အနိုင်ယူခြင်း - ၁၅/၁၅"

"ဖုံးကွယ်ထားသော တာဝန်၏ အချက်အလက်နှင့် ကိုက်ညီသွားသောကြောင့် အထူးတာဝန် ပြည့်စုံမှုနှုန်းသည် ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ရာကို ရရှိသည်။"

"ဒင် …. ဂိုဏ်းစုဆောင်းမှတ် - ၁၉၀၅/၂၀၀၀"

ကြည့်ရသည်မှာ ဖုံးကွယ်ထားသည့် တာဝန်များကို ပြည့်စုံရန်အတွက် မူလသတ်မှတ်ထားသော အရေအတွက်ထက် ပိုမို၍ အတွင်းစည်းတပည့်များကို တိုက်ခိုက်ရန် လိုအပ်နေပုံ ပေါ်၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "အကြီးအကဲကျင်း…. အားနာပါတယ် ကံတရားကြောင့် နောက်တစ်ပွဲ နိုင်သွားခဲ့ပြန်ပြီ။"

"..."

အားလုံးသည် လဲကျသွားတော့မလို ဖြစ်သွားရသည်။

ဂိုဏ်းချုပ်ကျွင်း မင်းရဲ့ သံမဏိအရိုးဂိုဏ်းက ခြောက်ဆယ့်ငါးပွဲလုံးလုံး ကံတရားကြောင့် အနိုင်ယူခဲ့တယ်ပေါ့ ဟုတ်လား။ ဒါက နတ်စမ်းချောင်းဂိုဏ်းကို သက်သက် ရိသဲ့သဲ့ လုပ်သလိုတောင် ဖြစ်နေပြီ။

"အကြီးအကဲ"

ချင်းလင်းဖန်သည် မည်သို့မှ မခံစားနိုင်တော့သည့်ဟန်ဖြင့် ပြောလိုက်သည် "တပည့် တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်။"

အကြီးအကဲကျင်းသည် သူ၏ အဆုံးမဲ့ဖြစ်တည်နေသော ဒေါသတရားများကို ဖိနှိပ်ပြီး ချင်းလင်းဖန်ပေါ်တွင် ကြီးမားသည့် မျှော်လင့်ချက်ကို ရွှေ့ပြောင်းထားလိုက်၏။ "လင်းဖန် … မင်းနိုင်မှဖြစ်မယ်။"

"ကောင်းပါပြီ။"

ချင်းလင်းဖန်သည် တိုက်ခိုက်ရေးစင်မြင့်ဆီသို့ လျှောက်လာခဲ့သည်။

ပြီးနောက် အလယ်ဗဟိုတွင် မတ်မတ်ရပ်ပြီး သူ၏နှိုင်းယှဉ်၍ မရအောင် အားကောင်းလှသော ထည်ဝါမှုများနှင့် အော်ရာ များကို ထုတ်ဖော်ပြသလိုက်၏။

သူသည် သူ၏ဂျူနီယာညီလေးများ ခြောက်ဆယ့်ငါးပွဲလုံး ရှုံးနိမ့်ခဲ့ခြင်းကို လက်မခံနိုင်ချေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်ဖြစ် ဤတိုက်ပွဲအား အနိုင်ယူနိုင်မှ ဖြစ်ပေလိမ့်မည်။

"နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့် တိုက်ခိုက်ပြီပဲ။ အစောထဲက သူ့ကို စောစောလွှတ်ထားမယ်ဆိုရင် ကျန်တဲ့တပည့်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီးတိုးတက်လာနိုင်တယ်။"

"အော်ရာတွေကို ကြည့်ရတာ သခင်လေး လင်းဖန်က အနည်းဆုံး သိုင်းဆရာ အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်။"

"ကျွတ် … ကျွတ် အထူးအဆင့် အလားအလာနဲ့ သိုင်းဆရာတစ်ယောက်ရဲ့ အားအင်အဆင့်က ဒီအချိန်မှာဆိုရင် အနည်းဆုံး ဂျင်ရှစ်သောင်းလောက်ရှိတယ်။"

ချင်းလင်းဖန် တိုက်ခိုက်ရေးကွင်းပြင်ဆီသို့ ဝင်ရောက်လာချိန်မှာတော့ များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် နတ်စမ်းချောင်းဂိုဏ်း ဤတစ်ကြိမ်၌ လေးလေးနက်နက် တိုက်ခိုက်ပြီဖြစ်ကြောင်း နားလည်လိုက်ကြ၏။

ထိုသူများ ဤကဲ့သို့တွေးနေသည်ကို အကြီးအကဲကျင်းသာ သိမည်ဆိုလျှင် ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ နတ်စမ်းချောင်းဂိုဏ်းသည် တိုက်ပွဲစကတည်းက လေးလေးနက်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ တစ်ပွဲမှ အနိုင်မရခဲ့ချေ။

"ဟမ့်"

မဟာမိတ်ခေါင်းဆောင်ချင်သည် အေးစက်စက်ပြောလိုက်၏။ "သခင်လေးလင်းဖန်က အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တယ်။ ပြီးတော့ အဆင့်မြင့်စွမ်းရည် နဲ့ သိုင်းဆရာတစ်ယောက်ပဲ။ သံမဏိအရိုးဂိုဏ်း တပည့် မပြောနဲ့။ ကျွင်းချောင်ရှောင်းကိုယ်တိုင် သွားပြီးတိုက်မယ်ဆိုရင်တောင် ကျိန်းသေပေါက် အရိုက်ခံရမှာပဲ။"

"နောက်ဆုံးတော့ ပွဲကြီးပွဲကောင်း ရောက်လာခဲ့ပြီ။"

တော်ဝင်ဓားမော့ဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် မဟာမိတ်ခေါင်းဆောင်တို့သည် အားရပါးရ ရယ်မောလိုက်ကြသည်။

ခြောက်ဆယ့်ငါးပွဲ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် ခြောက်ဆယ့်ငါးပွဲလုံး အနိုင်ရခဲ့သည်။ ဤအရာသည် သူတို့အား အလွန်ကို စိတ်ပျက်စေခဲ့သည်။

ချင်းလင်းဖန်တစ်ယောက် သွားရောက်တိုက်ခိုက်တော့မည်ကို တွေ့လိုက်ရတော့ သူတို့၏စိတ်ထဲတွင် အားအင်များ ပိုမိုတိုးပွားလာခဲ့သည်။ သို့ပေမဲ့ တစ်ပွဲလောက်နိုင်သည်ဆိုလျှင်တောင် မည်သို့မှ ထူးခြားလာလိမ့်မည် မဟုတ်ပေ။

"ဒီကောင်က အားမနည်းဘူးပဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ပြီး ခဏလောက်တွေးလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "ရှောင်ကျီ မင်းသွားပြီး တိုက်ခိုက်လိုက်။"

"ကောင်းပါပြီ။"

ရှောင်ကျီ လှမ်းလျှောက်သွား၏။

ကွင်းပြင်၏အလယ်ဆီသို့ လျှောက်သွားပြီး မတ်မတ်ရပ်ကာ ပြောလိုက်သည်။

"သံမဏိအရိုးဂိုဏ်း … ရှောင်ကျီ"

"ရှောင်ကျီဟုတ်လား။" ကျင့်ကြံသူများအားလုံးသည် ကြောင်အသွား၏။

ပြီးနောက် သူတို့သည် တိုက်ပွဲအား အဝေးတစ်နေရာမှ လှမ်းကြည့်လျက်ရှိသော မုယုံရှင်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။

"ဂျူနီယာညီမလေး"

စီနီယာအစ်မသည် အလွန်အမင်း အံ့အားသင့်သွားသည်။ "ဒီတစ်ယောက်က မင်းစေ့စပ်ပွဲ ဖျက်သိမ်းခဲ့တယ်ဆိုတဲ့ ရှောင်ကျီ မဟုတ်လား။"

မုယုံရှင်းသည် မည်သည့်စကားကိုမှ မပြောချေ။

သူမ၏တောက်ပသည့် မျက်လုံးများသည် ကွင်းပြင်၏ အလယ်၌ ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်လျက်ရှိသော လူဆီသို့ ရောက်ရှိလျက်ရှိ၏။ သူမတွေးလိုက်မိသည်။ "ရှင့်ရဲ့ ရောင်းရင်း ဂိုဏ်းသားတွေက အရမ်းအားကောင်းခဲ့ကြတယ်။ရှင်ကကော ဘယ်လိုလဲ။"

All Chapters