← Chapters

အခန်း (၂၈၇)

Vol. 20 Ch. 287

အခန်း (၂၈၇)

Vol. 20 Ch. 287

"ဒီလူငယ်လေးက ရှောင်ကျီလား။ဒါဆိုရင် မုယုံမိသားစုရဲ့ ပါရမီရှင်နဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တဲ့ သူပေါ့။"

"သူက ချင်းယန်နိုင်ငံရဲ့ သိုင်းပြိုင်ပွဲမှာ သံမဏိအရိုးဂိုဏ်းကို ကိုယ်စားပြုပြီး တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ဗိုလ်ဆွဲခဲ့တယ်။ ဒါပေမဲ့ ကြားထားတာ သူက အမှိုက်တစ်ခု ဖြစ်သွားတာ မဟုတ်ဘူးလား။"

"မုယုံရှင်းက နတ်စမ်းချောင်းဂိုဏ်းကို ရောက်လာခဲ့တာ သူမနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တဲ့ ကောင်လေးကို လာပြီး ကြည့်တာလား။သူမက အခု လိုင်လီနတ်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တစ်‌ယောက် ဖြစ်နေပြီ။ရှောင်ကျီကတော့ အဆင့်ခုနစ်ဂိုဏ်းတစ်ခုဖြစ်တဲ့ သံမဏိအရိုးဂိုဏ်းမှာ။ သူတို့နှစ်ယောက်ကြား ကံကြမ္မာရေစက်က မတူညီ‌တဲ့ ကမ္ဘာနှစ်ခုမှာ ရောက်နေသလိုပဲ။ မိန်းကလေးဘက်က စပြီး ဖျက်သိမ်းတယ်မဟုတ်လား။ ဘယ်လောက် ကျက်သရေယုတ်လိုက်လဲ။"

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် အသံတီးတိုးဖြင့် ဆွေးနွေးနေကြသည် ဆိုသော်လည်း စကားလုံးတိုင်းအား ရှောင်ကျီသည် ကြားမိနေသည်။ ထို့ကြောင့် ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

မုယုံရှင်းသည်လည်း မျက်မှောင်ကုတ်မိသွားသည်။ အဘယ့်ကြောင့် ဤလူများသည် ထိုမျှ စကားများပြားရသနည်း။

ရှောင်ကျီသည် ခေါင်းကို အသာ လှည့်၍ မုယုံရှင်း ရှိရာဆီသို့ ကြည့်လိုက်မိသည်။

သူ၏မျက်လုံးထဲမှာ ပြောပြနေသော စကားလုံးများမှာတော့ "မင်းယူဆောင်ခဲ့တဲ့ နာကျင်မှုတွေက ငါ့ကို ထိခိုက်စေခဲ့တယ်။ဒီတော့ မင်းရဲ့ တာဝန်တွေကို မင်း ယူရလိမ့်မယ်။ယောကျာ်းတစ်ယောက်အနေနဲ့ ငါ့ရဲ့ ထိခိုက်ခဲ့တဲ့ ဂိုဏ်သိက္ခာတွေအကုန်လုံးကို ငါ ပြန်ပြီး ယူရလိမ့်မယ်" ဟုပင် ဖြစ်သည်။

မုယုံရှင်းသည် ရှောင်ကျီနှင့် မျက်လုံးချင်းစုံမကြည့်ရဲပေ။ ဤထူးမခြားနားသော မျက်လုံးအကြည့်များသည် သူမ၏ နှလုံးသား အား ပိုမိုထိခိုက်စေသည်။

ဟူး။

ရှောင်ကျီသည် သက်ပြင်းချလိုက်၏။

ဂိုဏ်းချုပ်တစ်ခါပြောခဲ့သည်။ သူ၏ ဆုံးရှုံးခဲ့သော အရာများအား သူ၏ ကိုယ်ပိုင်အားအင်နှင့် ပြန်လည်ရယူရမည် ဖြစ်သည်။ သူဆုံးရှုံးခဲ့သည်မှာ ယောကျာ်းတစ်ယောက်၏ ဂိုဏ်သိက္ခာ‌ဖြစ်တော့သည်။

မည်ကဲ့သို့ ပြန်၍ ယူရမည်နည်း။

နှစ်နှစ်ကြာပြီးနောက် သူသည် လိုင်လီနတ်ဂိုဏ်းဆီသို့ သွား၍ အားလုံး၏ရှေ့တွင် စေ့စပ်ပွဲဖျက်သိမ်းခဲ့သော မိန်းကလေးအား ပြန်၍ အနိုင်ယူပြရပေလိမ့်မည်။

"နတ်စမ်းချောင်းဂိုဏ်း၏တပည့် ချင်းလင်းဖန်။"

ချင်းလင်းဖန်သည် သူ၏ နာမည်ကို ပြောဆိုပြီးသည့်နောက် ပြောလိုက်သည်။ "ငါ မင်းကို ကိုယ်ချင်းစာပါတယ်"

ဤအရာသည် အစစ်အမှန် ကိုယ်ချင်းစာခြင်း ဖြစ်သည်။ လှောင်ပြောင်ခဲ့ခြင်းမဟုတ်။

ယောကျာ်းများသာ ကြီးစိုးခဲ့သောလောကကြီးတွင် အမျိုးသမီးတစ်ယောက်၏ စေ့စပ်ခြင်းကို ဖျက်သိမ်းခံခဲ့ရသော ယောက်ျားတစ်ယောက်၏ ခံစားမှုကို သူ နက်နက်နဲနဲ ကိုယ်ချင်းစာမိသည်။

ရှောင်ကျီ ပြုံးကာပြောလိုက်သည်။ "တကယ်တော့ ငါက အဲ့ဒီအမျိုးသမီးကို ‌အရမ်းကျေးဇူးတင်နေတာ။သူမသာ ငါ့ကို စေ့စပ်ပွဲ မဖျက်သိမ်းခဲ့ဖူးဆိုရင် ဒီနေ့ ဒီနေရာကို ရောက်နေမှာ မဟုတ်ဘူး။"

သူ ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ "ငါက သံမဏိအရိုးဂိုဏ်းတပည့် ဖြစ်လာမှာ မဟုတ်ဘူး။"

သူ၏နောက်တွင်ရှိသော ဂိုဏ်းသူဂိုဏ်းသားများအားလုံးများ၏ မျက်နှာပေါ်တွင် အလွန်တရာ ဂုဏ်ယူလှသည် မျက်နှာမျိုး ဖြစ်လာ၏။

သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်းတပည့်များ ဖြစ်ခဲ့ရသည့်အတွက် အလွန်ပင် ဂုဏ်ယူနေမိသည်။

သူတို့သည် ဤနေရာတွင် မတ်တပ်ရပ်၍ ယှဉ်ပြိုင်ရန် တစ်စက်ကလေးမှ မကြောက်ရွံ့ကြချေ။

ကျွင်းချောင်ရှောင်း၏ ကြိုးစားမှုသည် အလကား မဖြစ်ဘူးဟု ဆိုရမည်။

တပည့်များအားလုံး၏ နှလုံးသားထဲသို့ သံမဏိအရိုးဂိုဏ်းဆိုသည့် ခံစားချက်ကို ထည့်သွင်းပေးနိုင်ခဲ့၏။

“စကြရအောင်။” ဒိုင်လူကြီးက ပြောလိုက်သည်။

ရွှီ။

ချင်းလင်းဖန်သည် လက်နှစ်ဖက်နှင့် စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲတွင် ဖြစ်တည်လာပြီး အလွန်အမင်း ကြီးမားလှသော လက်ဝါးကြီးတစ်ခု ဖြစ်တည်လာတော့သည်။

စိတ်ဝိညာဉ်လက်ဝါး စည်း။

နတ်စမ်းချောင်းဂိုဏ်းထဲမှာတော့ အထက်အဆင့် အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များသာ သင်ယူရရှိနိုင်သည့် အထက်အဆင့် သိုင်းစွမ်းရည်တစ်ခုရှိနေ၏။

ဟူး။

ကြီးမားလှသော လက်ဝါးကြီးတစ်ခုသည် လေထဲတွင် ဖြစ်တည်လာသည်။

ထိုလက်ဝါးကြီး၏ အားအင်သည် အလွန်အမင်း ကြီးမားလာပြီး ဂျင်ငါးသောင်းလောက်အထိ တိုးတက်လာခဲ့သည်။

"အရမ်း အားကောင်းလွန်းတယ်။" အားလုံးက ထ၍ အော်ဟစ်လိုက်မိ၏။

သိုင်းနည်းစနစ်၏ ထောက်ပံ့ပေးမှု နှင့်အတူ ချင်းလင်းဖန်၏ အားအင်အဆင့်သည် သာမန်အဆင့် သိုင်းစစ်သူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရလောက်သည်အထိ ‌တိုးတက်ကောင်းမွန်သွားခဲ့သည်။

ထိုအရာသည် နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်ဆီမှ အားအင်မျိုးပင် ဖြစ်တော့သည်။

မုယုံရှင်း၏ ဘေးနားတွင်ရှိသော စီနီယာအစ်မက ပြောလိုက်၏။ "ချင်းလင်းဖန်က မဆိုးဘူး။အဲကောင်လေး ဘယ်လိုလုပ် သူနဲ့ယှဉ်နိုင်မှာလဲ။"

သူမ၏ လေသံကို ကြည့်ရတာ အဆင့်ငါးဂိုဏ်းမှ တပည့်ကို ချီးကျူးမိသောကြောင့် တစ်ဖက်လူသည် ဂုဏ်ယူရမလိုပင် ဖြစ်နေသည်။

အဆင့်နှစ်ဂိုဏ်းတစ်ခုဆီမှ တပည့်ဖြစ်သောကြောင့် သူမသည် အလွန်အမင်း မောက်မာလှသည်။

မုယုံရှင်းသည် လိုင်လီနတ်ဂိုဏ်းမှလူများအား ခေါ်၍ ရှောင်မိသားစုဆီသို့ သွား၍ စေ့စပ်ပွဲဖျက်သိမ်းခဲ့စဉ်က သူမ၏ မောက်မာမှုသည် ပိုမို၍ပင် အားကောင်းခဲ့သေး၏။

လေထဲတွင် ဖြစ်တည်လာ‌သော လက်ဝါးကြီးသည် အောက်သို့ ဆင်းသက်လာချိန်မှာတော့ ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်၏။

ပြီးနောက် သူ၏ ခန္ဓာကိုယ်အား အသာကွေးညွှတ်ပြီး ဒန်ထျန်ထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းကာ ညာဘက်လက်သီးဆီသို့ ပိုလွှတ်လိုက်တော့သည်။

ဘန်း။

ပေါက်ကွဲလက်သီး နည်းစနစ်ကို အသုံးပြု၍ သူသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

ဘုန်း။

လက်သီး၏ အဟုန်နှင့် ကြီးမားလှသော လက်ဝါးကြီးတို့ ထိပ်တိုက်တွေ့ဆုံမိချိန်မှာတော့ ပြင်းထန်လှသော အားအင်များ ဖြစ်ပေါ်လာပြီး လေထဲ၌ ဖုန်တွေပေါ်လာ၏။

ရှောင်ကျီနှင့် ချင်းလင်းဖန်တို့ နှစ်ယောက်လုံးသည် အနောက်သို့ ခြေငါးလှမ်းဆီ ဆုတ်ခွာသွားပြီးမှ ခန္ဓာကိုယ်အား တည်ငြိမ်စွာပြုလုပ်နိုင်ခဲ့တော့သည်။

"ဒါက ….."

ကျင့်ကြံသူများအားလုံးသည် မျက်လုံးများ ပြူးသွားကြသည်။

သံမဏိအရိုးဂိုဏ်းတပည့်နှင့် နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်များအားလုံးသည် တစ်ဖက်နှင့်တစ်ဖက် မည်သူမှ အသာမရခဲ့ပေ။

ဝမ်တုန်ရင်သည် လေးနက်စွာပြောလိုက်သည်။ "ဒီကောင်လေးက သိုင်းဆရာအဆင့်ငါး ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ အထူးအဆင့် စွမ်းရည် နဲ့ သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မယ်။"

စဦးတိုက်ခိုက်မှု ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် အထူးအဆင့် သိုင်းဆရာတစ်ယောက်ဖြစ်ကြောင်း ရှိရှိသမျှသော လူအားလုံး နားလည်လိုက်ကြတော့သည်။

သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်နေသည်။

အထူးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ အခြေခံလိုအပ်ချက်သည် အထူးအဆင့်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ရန်ပင်ဖြစ်၏။

မုယုံရှင်း၏ တောက်ပသော မျက်လုံးများသည် အံ့အားသင့်မှုများ နှင့် ပြည့်နှက်သွားတော့သည်။ "သူရဲ့ အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပြန်ရသွားပြီလား။"

"မင်း။"

ချင်းလင်းဖန်သည် လေးနက်စွာပြောလိုက်၏။ "အရမ်းအားကောင်းတယ်။"

ဝှစ်။

ရှောင်ကျီသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့တိုးလိုက်၏။

သူ၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်များအားလုံးသည် ပေါက်ကွဲလက်သီးနှင့် တောင်ဖြိုလက်ဝါး နည်းစနစ်အား အသီးသီးထုတ်ဖော်၍ တိုက်ခိုက်လိုက်တော့သည်။

လေထဲမှာတော့ အလွန်အမင်းအားကောင်းလှသောလှိုင်းများ ဖြစ်တည်လာ၏။

ဘုန်း …. ဘုန်း။

ချက်ချင်းဆိုသလိုပဲ အထူးအဆင့် သိုင်းဆရာ ကျင့်ကြံသူနှစ်ယောက်တို့သည် တိုက်ကွက် အနည်းငယ်ကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်ပြီးဖြစ်ပြီး တစ်ယောက်ချင်းစီ တိုင်းသည် အလွန်အမင်း အားကောင်းလှသော စွမ်းအင်မျိုးကို ထုတ်ဖော်ပြသလျက်ရှိသည်။

တိုက်ခိုက်မှုများသည် အလွန်တရာ ကြည့်၍ ကောင်းလွန်းလှ၏။

စိန်ခေါ်ပွဲစတင်ကတည်းက စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးသော တိုက်ပွဲဟု ဆိုရတော့မည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းတပည့် သည် တစ်ဖက်သတ်တိုက်ခိုက်နေခြင်း မဟုတ်သလို တစ်ဖက်မှာလည်း အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့‌သောကြောင့် ဖြစ်သည်။

ကြည့်ရှုနေမိကြသော ကျင့်ကြံသူများသည် အံ့အားသင့်မိနေကြသည်။

နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်သည် တစ်ဖက်လူအား ကျိန်းသေပေါက် အနိုင်ယူနိုင်မည်ဟု သူတို့ တွေးထင်နေမိကြသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ရှောင်ကျီဆိုသည့် သံမဏိအရိုးဂိုဏ်းတပည့်သည် ချင်းလင်းဖန်ထက် နည်းနည်းလေးမှ အားမနည်းလှချေ။

ယနေ့မှာတော့ သံမဏိအရိုးဂိုဏ်း၏ တပည့်များ၏ စွမ်းဆောင်ရည်ကို မြင်ပြီးသည့်နောက်မှာတော့ သူတို့သည် သံမဏိအရိုးဂိုဏ်း၏ အားအင်အဆင့်ကို နားလည်သွားခဲ့ကြပြီဖြစ်၏။

နားမလည်၍လည်း မဖြစ်ချေ။ သူတို့၏ မျက်နှာအား အကြိမ်ပေါင်းများစွာဖြတ်ရိုက်ခံနေရသလို ဖြစ်နေသည်မှာ အကြိမ်ပေါင်းမနည်းတော့ချေ။

ဘန်း …. ။

ဘုန်း။

ရှောင်ကျီ၏ လှုပ်ရှားမှုများသည် အလွန်တရာ ရဲတင်းလွန်းလှ၏။ ပေါက်ကွဲလက်သီးနှင့် တောင်ဖြိုလက်ဝါးနည်းစနစ်အား အကြိမ်ပေါင်းပေါင်းများစွာ ထုတ်ဖော် အသုံးပြုလျက်ရှိသည်။

သူသည် ချင်းလင်းဖန်နှင့် ယှဉ်လျှင် ကျင့်ကြံခြင်းအဆင့်မှာ အဆင့်နိမ့်သည်ဆိုသော်လည်း သူ၏ အားအင်အဆင့်သည် တစ်ဖက်လူထက် နည်းနည်းလေးမှ အားမနည်းချေ။ ထို့အပြင် သိုင်းနည်းစနစ်များမှာလည်း အလွန်တရာ အားကောင်းလှ၏။

တောင်ဖြိုလက်ဝါးနှင့် ပေါက်ကွဲလက်သီးနည်းစနစ်များသည် အထက်အဆင့်သိုင်းနည်းစနစ်များ မဟုတ်သော်လည်း အဆုံးအစွန်ထိ နားလည်ထားသောကြောင့် အလွန်အမင်းကောင်းမွန်သည့် တိုက်ခိုက်ရေးနည်းစနစ်အဖြစ် ထောက်ပံ့ပေးနိုင်သည်။

ဘုန်း …. ဘုန်း။

နှစ်ဖက်ပေါင်း တိုက်ကွက် ပေါင်းဆယ်ကွက်ကို တိုက်ခိုက်ခဲ့ပြီးသည့်နောက်မှာတော့ ချင်းလင်းဖန်သည် အနောက်သို့ ခြေဆယ်လှမ်းဆုတ်လိုက်သည်။

သူ၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ လက်များသည် ထုံကျဉ်နေသည့် ခံစားချက်ကို ရရှိနေသည်။

ရှောင်ကျီသည် တည်ငြိမ်သည့် အမူအရာဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေ၏။

သူတို့၏ အားအင်အဆင့်သည် ထပ်တူညီနေသည်ဆိုသော်လည်း ရှင်းလင်းဖန်သည် ရှောင်ကျီနှင့် ယှဉ်နိုင်ရန် အဝေးကြီး လိုအပ်နေသေးသည်။

တိမ်ခြေလှမ်း နည်းစနစ်ကို အသုံးပြုလိုက်သည်။ ရှောင်ကျီသည် နောက်တစ်ကြိမ် ဆက်လက် တိုက်ခိုက်ချိန်မှာတော့ စ၍ တိုက်ခိုက်စဉ် တုန်းကကဲ့သို့ အားကောင်းနေတုန်းပင် ဖြစ်သည်။

"ဒီကောင်လေးကို ကြည့်ရတာ အစကတည်းက သူသေ ကိုယ်သေတိုက်နေတာ။ သူ့ရဲ့ခန္ဓာကိုယ်က ဒါကို လက်ခံနိုင်ပါ့မလား။"

"ချင်းလင်းဖန်က အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်သွားနိုင်တယ်။ ကြာရင် တစ်ဖက်လူ ကျိန်းသေပေါက် မောပန်းသွားမှာပဲ။"

"ရှောင်ကျီက သခင်လေး လင်းဖန်နဲ့ ယှဉ်တိုက်နေတယ်ဆိုပေမဲ့ အကြမ်းပတမ်း တိုက်ခိုက်နေတာပဲ။ တကယ်တမ်း သူ့ဆီမှာ လုံလောက်တဲ့ တိုက်ခိုက်တဲ့ အတွေ့အကြုံမရှိဘူး။"

ထိုကဲ့သို့ ပြောနေသည်ကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရယ်လိုက်၏။

အရူးတွေ … ငါ့တပည့်က ဒီဟာတွေကို ကစားနေတာ ။သူ့လောက်တောင် အားမကောင်းဘဲနဲ့ မင်းတို့ဆီမှာ သူ့ကို မှတ်ချက်ပေး‌ဖို့ အဆင့်မရှိဘူး။

ရှောင်ကျီ ခန္ဓာကိုယ်သည် အနည်းငယ် အားကောင်းလှသည် မဟုတ်ပေ။ အလွန်တရာအားကောင်းလှ၏။ ထို့ကြောင့် အနည်းငယ်သော မောပန်းမှုကိုပင် မခံစားရသေးချေ။

တိုက်ခိုက်လေ ပို၍ သွက်လက်လာလေပင်ဖြစ်‌နေသည်။

သူ၏စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံး၍ မောပန်းလာနေသည်ဆိုသည်ကို ချင်းလင်းဖန် ကောင်းကောင်း သိ၏။

လက်ရှိအချိန်တွင်မှာတော့ ရှောင်ကျီသည် ပိုမို၍ သွက်လက်လာပြီး ချင်းလင်းဖန်မှာတော့ တိုက်ခိုက်ရာ၌ တဖြည်းဖြည်း နှေးကွေးလာလေသည်။

သူသည် သူ၏ အားအင်ကို ထိန်းချုပ်ထားနိုင်သည့် အတိုင်းအတာမှာ ဆယ်မိနစ်စာပင်ဖြစ်သည်။

"မဟုတ်သေးဘူး။ ငါ အခွင့်အရေးကို အရရှာပြီး တစ်ခါတည်း တိုက်ခိုက်ရမယ်။"

ဝှစ်။

ချင်းလင်းဖန်သည် ရှောင်ကျီ ကင်းလွတ်သွားသည်ကို အခွင့်‌အရေးယူ၍ နောက်သို့ ဆုတ်လိုက်၏။

ပြီးနောက် သူသည် လေထဲသို့ ခုန်တက်၍ စည်း‌သင်္ကေတတစ်ခုကို မြန်မြန်ပဲ ပြုလုပ်လိုက်တော့သည်။

"တော်ဝင်စိတ်ဝိညာဉ်လက်ဝါး စည်း"

ဟူး …. ဟူး

သူ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်တရာ ကြမ်းရမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ထွက်လာသည်။ ပြီးနောက် လေထဲမှာတော့ ငါးမီတာမှ ခြောက်မီတာအထိ ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်တည်လာသည်။

ထို့နောက်မှာတော့ အညှာအတာကင်းမဲ့စွာဖြင့် ရှောင်ကျီအား ရိုက်ချလိုက်တော့၏။

All Chapters