အခန်း (၂၈၈)
Vol. 20 Ch. 288
"တော်ဝင်စိတ်ဝိညာဉ်လက်ဝါး စည်း။"
"ဒါက နတ်စမ်းချောင်းဂိုဏ်းရဲ့ အထူး စိတ်ဝိညာဉ်တိုက်ခိုက်ရေး နည်းစနစ်တွေထဲက တစ်ခုပဲ။ ဒီတိုက်ကွက်က ဒုတိယ အဆင့် တိုက်ကွက် တစ်ခုပဲ။ တပည့်တစ်ယောက်က ဒါကို တကယ်ကြီး အသုံးပြုနိုင်တယ် ဟုတ်လား။"
ချင်းလင်းဖန်သည် ကြီးမားသော လက်ဝါးကြီးကို လေထဲတွင် ဖွဲ့စည်းနိုင်သည်ကို မြင်တော့ များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံးသည် အလန့်တကြားဖြင့် ထအော်လိုက်မိ၏။
အကြီးအကဲချင်း၏ မှုန်ကုတ်နေသော မျက်ခုံးများသည်လည်း ပြေလျော့သွားသည်။ အလွန်အမင်း ရှားပါးလှသော အပြုံးတစ်ခုသည် သူ၏ မျက်နှာပေါ်တွင် ဖြစ်တည်လာသည်။
တိုက်ရိုက်တပည့်တစ်ယောက်က သူ၏ ဝှက်ဖဲကို ထုတ်ဖော်လျက်ရှိသည်။ ကိစ္စသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
"ငါတို့ နတ်စမ်းချောင်းဂိုဏ်းက နောက်ဆုံးမှာတော့ ပထမဆုံးတိုက်ပွဲကို အနိုင်ရခဲ့ပြီ။နည်းနည်းလေး နောက်ကျတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် မျက်နှာသာတော့ ရသေးတယ်။"
ဝှစ် …. ဆွစ်။
တော်ဝင် စိတ်ဝိညာဉ် လက်ဝါးစည်း ၏ ဒုတိယ တိုက်ကွက်သည် အလွန်အမင်း ကြီးမားလှသော အရှိန်အဟုန်နှင့်အတူ ကျဆင်းလာ၏။ ထိုအားအင်အဆင့်သည် ဂျင်တစ်သိန်းခွဲလောက် ပြင်းထန်သော အားအင်များ ပါဝင်နေ၏။
လေများ တဟူးဟူး နှင့် ဖြစ်တည်လာပြီး အနီးအနားတွင်ရှိသော ကျင့်ကြံသူများ၏ အဝတ်အစားများပင် လှုပ်ခါလျက် ရှိသည်။
အားလုံးသည် အသက်ကို ရဲရဲမရှူရဲသလို ထိတ်လန့်စွာဖြင့် ကြည့်ရှုနေမိကြ၏။
ပြင်းထန်လှသော တိုက်ကွက်အောက်မှ လွတ်မြောက်အောင် ကြိုးစားပြီး အလွန်အမင်း အားကောင်းလှသော လက်ဝါး ရိုက်ချက်အား ထုတ်ဖော်နိုင်သည်ကို ကြည့်လျှင် နတ်စမ်းချောင်း၏ တိုက်ရိုက်တပည့်သည် အလွန်အမင်း ထူးချွန်လှကြောင်း သိသာနေသည်။
ဝမ်တုန်ရင်၏ မျက်လုံးများသည်လည်း လေးနက်သွား၏။ "တော်ဝင်စိတ်ဝိညာဉ် လက်ဝါးစည်း ရဲ့ အားအင်အဆင့်က အဆင့်ငါး သိုင်းစစ်သူကြီးတစ်ယောက် ရဲ့ အားအင်နဲ့တောင် နှိင်းယှဉ်လို့ ရနိုင်တယ်။"
"ဒါက အရမ်း အန္တရာယ်များတယ်။" မာယုတန်ပြောလိုက်သည်။
ချင်းလင်းဖန်သည် အလွန်အမင်းအားကောင်းလှသည့် လက်ဝါးကြီးကို ဖွဲ့စည်းလိုက်သည်ကို မြင်ချိန်မှာတော့ အခြားသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ရှောင်ကျီတော့ ဆိုးရွားလှသည်ကို ခံရမည်ဟု ယုံကြည်ကြသည်။
တိုက်ပွဲသည် ဤကဲ့သို့ ပြီးဆုံးသွားမည်ကို ထင်မြင်ခဲ့ကြ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းကတော့ ထိုကဲ့သို့ မထင်မိခဲ့ပေ။သူ၏ တပည့်အား သူသည် နည်းနည်းလေးမှ စိတ်မပူမိခဲ့ချေ။
ဘုန်း။
ရှောင်ကျီသည် မြေပေါ်သို့ ခြေဆောင့်လိုက်သည်။သူ၏ အားကောင်းလှသော ကြွက်သားများသည် ဖောင်းကြွလာ၏။
ပြီးနောက် သူသည် လက်နှစ်ဖက်ကို မြှောက်၍ လက်ဝါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
"မောက်မာလိုက်တာ။ဒီလောက်အားကောင်းလှတဲ့ လက်ဝါးရိုက်ချက်ကို ဒီအတိုင်းပဲ ရင်ဆိုင်တယ် ဟုတ်လား။သူက အပိုင်းပိုင်း ဖြစ်သွားမှာကို မကြောက်ဖူးလား မသိဘူး။"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ဦးခေါင်းကိုသာ ခါယမ်းမိလိုက်ကြ၏။
ရှောင်ကျီသာ ချင်းလင်းဖန်ထက် အားကောင်းမည်ဆိုပါက ခန္ဓာကိုယ် အားအင်ဖြင့် ထိပ်တိုက်ရင်ဆိုင်သည်ကို လက်ခံနိုင်သေး၏။
သို့ပေမဲ့ ရှောင်ကျီသည် အစောကတည်းက ချင်းလင်းဖန်ထက် အဆင့်တစ်ဆင့်နိမ့်နေသည်။
ယခု ဂျင် တစ်သိန်းခွဲလောက် အားအင် ပြင်းထန်သော လက်ဝါးရိုက်ချက်ကြီးကို ထိပ်တိုက်ရင်ဆိုင်သည် ဆိုခြင်းမှာ မိမိကိုယ်ကို ဒုက္ခပေးသည်နှင့်ပင် ဆင်တူလှ၏။
"သူက အရမ်းကို အဆင်အခြင်မဲ့လွန်းတယ်။" မုယုံရှင်း မျက်မှောင်ကုတ်လိုက်မိသည်။
ရှောင်ကျီသာ ဤတော်ဝင်စိတ်ဝိညာဉ်လက်ဝါးအား ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ကျိန်းသေပေါက် ဒဏ်ရာရရှိသွားမည်။ ထိုသို့ဆိုလျှင် မည်ကဲ့သို့ ဆက်လက်၍ တိုက်ခိုက်နိုင်တော့မည်နည်း။
အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်မှာ ရှောင်ရှား၍ တစ်ဖက်လူ မောပန်းသည်အထိ ဆက်လက်တိုက်ခိုက်ရန်ဖြစ်၏။ ထိုမှသာ အနိုင်ရနိုင်ပေလိမ့်မည်။
နှစ်ဖက်လုံးသည် သရေကျနေ၏။ ထို့ကြောင့် မောပန်းသွားသောသူသည် ရှုံးနိမ့်ပေလိမ့်မည်။
စီနီယာအစ်မသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဒီလိုတိုက်ခိုက်ပုံနဲ့ သူက မကြာခင်မှာ ဆိုးဆိုးရွားရွား သေမှာပဲ။ဂျူနီယာညီမလေးအနေနဲ့ သူနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တာ လုံးဝမမှားဘူး။ ဒီကောင်လေးက ဦးနှောက်မဲ့တယ်"
ဝှစ် …. ဆွစ်။
တော်ဝင်စိတ်ဝိညာဉ် လက်ဝါး စည်း သည် အောက်သို့ ဆင်းသက်လာချိန်မှာတော့ တိုက်ခိုကရေး ကွင်းပြင်အား ကြည့်ရှုနေကြသော လူအားလုံး၏ အမြင်များသည် မှောင်မဲသွားတော့သည်။
ရှောင်ကျီသည် နေရာတွင် မတ်မတ်ရပ်ရင်း သူ့ဆီသို့ ကျဆင်းလာသော လက်ဝါးကြီးအား ခုခံထားနိုင်သည်ကို အားလုံး ခပ်ရေးရေး ဝိုးတဝါး မြင်လိုက်ရ၏။
"လာစမ်း … လာစမ်း။"
သူ၏ အကြည့်များသည် စူးရှသွားသည် ။
သူ၏ ကြွက်သားများသည်လည်း ဖောင်းကြွလာသည်။ ထိုကြွက်သားတစ်ခုချင်းစီတိုင်းသည် ပိုမိုအားကောင်းလာစေရန် အကြိမ်ထောင်ပေါင်းများစွာတိုင်း ထုနက်ခြင်းကို ခံထားရသော ကြွက်သားများလည်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ၏ ဂိုဏ်းဝတ်စုံအား ဝတ်ဆင်ထားခဲ့၏။
ထို့ကြောင့် ကြည့်ရှုနေကြသော ကျင့်ကြံသူများအနေဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ အလွန်ကြီးမားလှသော ကြွက်သားကြီးများကို မမြင်ရတော့ချေ။
အကယ်၍ မြင်ရမည်ဆိုလျှင်လည်း မည်သူမှ ဂရုစိုက်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် အားလုံး၏ အကြည့်များသည် လေထဲတွင်ရှိနေသော ကြီးမားသည့် လက်ဝါးကြီးပေါ်တွင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ဘုန်း။
တောင်ဝင်စိတ်ဝိညာဉ်လက်ဝါး စည်း သည် ကောင်းကင်ပေါ်မှကျဆင်းလာ၏။
ထိုလက်ဝါးနှင့် ထိပ်တိုက်ရင်ဆိုင်မိချိန်မှာတော့ အလွန်တရာအားကောင်းလှသည့် လေလှိုင်း အဟုန်များသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ သက်ရောက်သွားတော့သည်။
အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများသည် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်မိကြ၏။
သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ရှိသော များပြားလှသော ကျောက်တုံးများသည် တစ်စစီ ဖြစ်ကုန်ကြတော့သည်။
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်သွား၏။
စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကျောက်ပြားများအား တစ်စစီဖြစ်သွားစေသည်။
သိုင်းဆရာတစ်ယောက်၏ အားအင်သည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သို့ပေမဲ့ များပြားလှသော ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ဦးခေါင်းမော့၍ တိုက်ပွဲတည်နေရာဆီသို့ အသာလှမ်းကြည့်လိုက်မိ၏။ သူတို့၏ အမူအရာများသည် အေးခဲသွားသည်။
ရှောင်ကျီသည် သက်တောင့်သက်သာနှင့် တောင်ဝင်စိတ်ဝိညာဉ် လက်ဝါးစည်း အား ထိန်းချုပ်ထား၏။
သူ၏ ခြေထောက်အောက်တွင် ရှိနေသော ကျောက်ပြားများသည် အပိုင်းပိုင်းတစစီ ဖြစ်သွားသည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ခပ်မတ်မတ် ရှိနေသေး၏။
"တကယ်ပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ် ဘယ်လိုဖြစ်နိုင်မှာလဲ။"
စီနီယာအစ်မ ၏ မျက်လုံးများတွင် ယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်တည်လာသည်။
သူမ၏ဘေးတွင်ရှိသော မုယုံရှင်းပင်လျှင် အလွန်အံ့အားသင့်သွား၏။
ရှောင်ကျီသည် ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သေဆုံးသွားမည်ဟု သူမထင်မှတ်ထားခဲ့သည်။
များပြားလှသော ကျင့်ကြံသူများအားလုံးသည်လည်း ထိုကဲ့သို့ပင် ဆွံ့အလျက်ရှိနေကြသည်။
ဂျင်တစ်သိန်းခွဲခန့်လောက် ပြင်းထန်သည့် ရိုက်ချက်ကြီးအား ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ဆိုသော်လည်း ရှောင်ကျီ ၏ ခန္ဓာကိုယ်သည် တည့်တည့်မတ်မတ်ပင် ဖြစ်နေသေး၏။
အားလုံးသည် ထိပ်လန့်တုန်လှုပ်နေကြသော်လည်း ကျွင်းချောင်ရှောင်းနှင့် သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် ပြုံးရုံသာ ပြုံးလိုက်ကြသည်။
ချင်းလင်းဖန်၏ အားအင်အဆင့်သည် မဆိုးလှချေ။
သို့ပေမဲ့ စမ်းသပ်မှုမျှော်စင်ထဲတွင် မြေဆွဲအားဒဏ်ကို ကြံကြံခံခဲ့သော ရှောင်ကျီအတွက် ထိုအားအင်အဆင့်သည် ပြောပလောက်သည့် အရာ မဟုတ်ပေ။
ဝှစ်။
ချင်းလင်းဖန်သည် မြေပေါ်သို့ မတ်မတ်ရပ်လိုက်ပြီးနောက် သူ၏အားအင်ကို ဆက်လက်၍ ထိန်းချုပ်ထားလိုက်သည် ။ သူ၏ နှလုံးသားထဲတွင်တော့ ထိပ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
လက်ဝါးရိုက်ချက်၏ အားအင်အဆင့်သည် သာမန် အဆင့်ငါး သိုင်းစစ်သူကြီးတစ်ယောက်၏ အားအင်အဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် လွယ်လွယ်ကူကူနှင့် ရင်ဆိုင်သွားခဲ့၏။
ဝှစ်။
သူသည်လေထဲသို့ ထပ်မံခုန်တက်လိုက်သည်။
ပြီးနောက် ဒုတိယအကြိမ်မြောက် တော်ဝင်စိတ်ဝိညာဉ် လက်ဝါးစည်းအား ထပ်မံထုတ်ဖော်လိုက်သည်။
"ဒုတိယမြောက် ရိုက်ချက်က ပိုပြီး ကြမ်းတာပဲ။" အားလုံးက ထအော်လိုက်မိကြသည်။
နတ်စမ်းချောင်းဂိုဏ်း၏ တပည့်သည် အလွန်အမင်း အားအင်ကုန်ခမ်းလှသော တိုက်ခိုက်ရေး နည်းစနစ်အား ထပ်ဖန်တလဲလဲ တိုက်ခိုက်နေသည်။
"ပြီးပြီပဲ။" အကြီးအကဲကျင်း သည် အလုံးစုံသေချာသည့် ဟန်ဖြင့် တွေးလိုက်၏။
သိုင်းဆရာအဆင့်ငါးကျင့်ကြံသူတစ်ယောက်အနေနှင့် တော်ဝင်စိတ်ဝိညာဉ် လက်ဝါးစည်း ၏ နှစ်ချက်ရိုက်သည့်ဒဏ်ကို မည်သို့မှ ခံနိုင်မည် မဟုတ်ပေ။ ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။
မုယုံရှင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် ။ "နောက်ဆုတ်ဖို့ အချိန်မှီသေးတယ်။"
အား။
ရှောင်ကျီ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏ ခန္ဓာကိုယ်အပေါ်ဘက်တွင်ရှိသော ဂိုဏ်းဝတ်စုံသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး အလွန်အမင်း အားကောင်းလှသော ကြွက်သားများ ပေါ်လာသည်။
ဘောင်းဘီမှာ အဘယ့်ကြောင့် တစ်စစီ မကွဲသွားသနည်းကိုတော့ မမေးကြနှင့်။ ထိုအရာသည် လျို့ဝှက်ချက်ပင် ဖြစ်တော့၏။
ဘုန်း။
တော်ဝင်စည်းလက်ဝါးကြီးသည် ပထမ ရိုက်ချက်အတိုင်း ကျဆင်းလာသည်။
ခရက် …. ခရက် … ခရက်။
စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်ပြီး နောက်မှာတော့ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ရှိ ကျောက်ပြား တော်တော်များများသည် ကွဲကြေသွားခဲ့ပြီဖြစ်သည်။
တိုက်ပွဲတည်နေရာရှိ အခြေအနေတစ်ခုလုံးကို ကြည့်ရှုနေသူများသည် သေချာမမြင်ရတော့ချေ။
နှစ်ချက်မြောက် လက်ဝါးရိုက်ချက်အောက်မှာတော့ တည်နေရာတစ်ခုလုံး လေပြင်းမုန်တိုင်းတိုက်ခိုက်နေသလို ပင် ဖြစ်ပေါ်နေသည်။
လက်ဝါးရိုက်ချက် ကျဆင်းလာချိန်မှာတော့ ရှောင်ကျီ၏ အားကောင်းလှသော ကြွက်သားများကို သူတို့ ဝိုးတဝါး မြင်လိုက်ရ၏။
ထိုကြွက်သားများသည် သံမဏိနံရံများကဲ့သို့ အလွန်ခိုင်မာလှသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"သူ ထပ်ပြီး ထိပ်တိုက်ရင်ဆိုင်အုံးမယ် ထင်တယ်။"
ဖုန်မှုန့်များ ကင်းရှင်းသွားသည့် အချိန်မှာတော့ အားလုံးသည် အခြေအနေတစ်ခုလုံးအား သေချာ မြင်လိုက်ကြရသည်။
ရှောင်ကျီသည် အစောကတည်းကအတိုင်း မတ်မတ်ရပ်လျက်ရှိ၏။
သူ၏ လက်များမှာ တော်ဝင်စိတ်ဝိညာဉ်လက်ဝါးစည်း နှင့် ထိပ်တိုက်ရင်ဆိုင်လျက်ရှိသည်။
တည်နေရာတစ်ခုလုံး ငြိမ်သက်သွား၏။
အကြီးအကဲကျင်း နှင့် တစ်ခြားသော ကျင့်ကြံသူများအားလုံးသည် ဆွံ့အလျက်ရှိကြသည်။
ဟူး။
ထိုအချိန်မှာတော့ ရှောင်ကျီသည် သူ၏ လက်များကို အသာကွေးညွှတ်လိုက်၏။
“ဟား ဟား ဟား …သူမခံနိုင်တော့ဘူး သူ အဖိခံရတော့မယ်။"
တော်ဝင်ဓားမော့ဂိုဏ်းမှ ခေါင်းဆောင်သည် အားရပါးရ ထရယ်လိုက်၏။
ချင်ဟောင်ရန်နှင့် တစ်ခြားသူများ အားလုံးသည်လည်း ပြုံးမိလိုက်ကြသည်။
ရှောင်ကျီ၏ စွမ်းဆောင်ရည်သည် သူတို့အား ထိပ်လန့် တုန်လှုပ်မိသည်ဆိုသော်လည်း ယခု ချင်းလင်းဖန်၏ တိုက်ကွက်အောက်တွင် ရှောင်ကျီခန္ဓာကိုယ်ကွေးညွှတ်သွားသည်ကို သူတို့ မြင်လိုက်ကြရသည်။
အကြီးအကဲကျင်းသည်လည်း ရယ်မောမိသွား၏။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူ၏ မျက်နှာသည် အေးခဲသွားလေသည်။
လုံလောက်သည့် အတိုင်းအတာတစ်ခုထိသို့ ကွေးညွတ်သွားပြီးသည့် နောက်မှာတော့ ရှောင်ကျီ၏ လက်မောင်းပေါ်ရှိ အပြာရောင်သွေးကြောကြီးများသည် ဖောင်းကြွလာ၏။
ဝှစ်။
ချက်ချင်းဆိုသလိုပဲ သူသည် ပြန်၍ မတ်တပ်ရပ်လိုက်ပြီး တော်ဝင်စိတ်ဝိညာဉ်စည်းလက်ဝါးအား အပေါ်ဘက်သို့ တွန်းလွှတ်လိုက်တော့သည်။
အကုန်လုံး၏ မျက်လုံးများသည် ပြူးထွက်သွားကြ၏။
ရှောင်ကျီသည် ခန္ဓာကိုယ်အား ကွေးညွတ်လိုက်ခြင်းမှာ တစ်ဖက်လူ၏ခွန်အားကို မခံနိုင်၍ မဟုတ်ပေ။ လက်ဝါးရိုက်ချက်နှစ်ခုလုံးကို တွန်းလွှတ်ပစ်ရန် အားယူခြင်းသာ ဖြစ်တော့သည်။
ဝှစ်။
လက်ဝါးရိုက်ချက်များအား တွန်းလွှတ် ခံရချိန်မှာတော့ ချင်းလင်းဖန်သည် ဖြူဖျော့နေသော မျက်နှာဖြင့် လေထဲမှ အောက်သို့ ဆင်းသက်လာရတော့၏။
တော်ဝင်စိတ်ဝိညာဉ်စည်းလက်ဝါးအား နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးသည့်နောက်မှာတော့ သူ၏ သက်လုံနှင့် စိတ်ဝိညာဉ်စွမ်းအင်များ သည် အလွန်အမင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"အခွင့်အရေးကောင်းပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။