အခန်း (၂၉၇)
Vol. 20 Ch. 297
"ဂိုဏ်းချုပ်ဟုန် … ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုမှတော့ အခုပဲ တိုက်ခိုက်လိုက်ရအောင်။"
ကျွင်းချောင်ရှောင်း၏ အသံသည် ကျယ်လောင်ပြီး စူးရှလှ၏။ အားလုံး၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာတော့သည်။
"ဟမ် … စိန်ခေါ်မှုကို လက်ခံတယ် ဟုတ်လား။" အားလုံးသည် ချက်ချင်းဆိုသလိုပဲ မျက်လုံးပြူးသွားကြ၏။
နတ်စမ်းချောင်းဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် တစ်ယောက်ဖြစ်၏။ သံမဏိအရိုးဂိုဏ်းချုပ်မှာတော့ သိုင်းစစ်သူကြီး ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လို့နေ၏။ ထိုတောင်မှ စိန်ခေါ်မှုအား လက်ခံရဲလေသည်။
မည်ကဲ့သို့သော သတ္တိမျိုး သူဆီတွင် ရှိနေသနည်း။
ထိုအချိန်မှာတော့ အားလုံး၏ ကျွင်းချောင်ရှောင်းအပေါ် ချီးကျူးမှုသည် ပိုမို၍ အားကောင်းလာတော့သည်။
သူတို့သာ ဆိုလျင် အဆင့်ကိုး သိုင်းစစ်သူကြီး တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သိုင်းစစ်သူကြီးအမြင့်ဆုံးအဆင့်၏ စိန်ခေါ်မှုကို လက်ခံရဲလိမ့်မည် မဟုတ်ပေ။
ကျွင်းချောင်းရှောင်းအား မည်ကဲ့သို့ ကူညီရမည်ဆိုသည်ကို တွေးတောလျက်ရှိသော မာယွင်တန်နှင့် ဝမ်တုန်လင်တို့သည် ရုတ်တရက်ဆိုသလိုပဲ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ရင်သွားကြသည်။
ကျုပ်တို့ရဲ့ ချစ်လှစွာသော ဂိုဏ်းချုပ်ကျွင်း အကြီးအကဲကျင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်ဆိုတာ နားလည်ပေးလို့ရတယ်။ဒါပေမဲ့ ဘယ်လိုကြောင့် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်တစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံရတာလဲ။ ဘာကြောင့်လဲ။"
သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထိုသူ၏ အားအင်အဆင့်သည် ဂျင်လေးသိန်းခွဲ အနည်းဆုံးရှိသည်ဖြစ်ကြောင်း အားလုံးသိကြသည်။
ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်မှာတော့ အနည်းဆုံး ဂျင်သုံးသိန်းခွဲလောက်သာ ရှိ၏။ နှစ်ယောက်ကြား ကွာခြားမှုသည် ဂျင်တစ်သိန်းလောက်ရှိ၏။
မည်ကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြမည်နည်း။
ဂျင်တစ်သိန်းသာ ကွာဟသည်ဟု လူတစ်ချို့က တွေးကောင်းတွေးပေလိမ့်မည်။
သို့ပေမဲ့ အကြီးအကဲကျင်းနှင့် ဂိုဏ်ချုပ်ကျွင်းတို့ နှစ်ယောက်အကြား အားအင်ကွာခြားမှုသည် ဂျင်နှစ်သောင်းမှ သုံးသောင်းခွဲကြားသာ ရှိသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အကြီးအကဲကျင်းအား ပယ်ပယ်နယ်နယ်ရိုက်နှက်ခဲ့သည် မဟုတ်လော။
ရှစ်ကျန်းရွှမ် သည် အသာပြန်ထိုင်လိုက်ပြီး သူမ၏ နဖူးထပ်ရှိ ဆံပင်အား အသာအယာသပ်တင်ကာ ပြုံးလိုက်မိ၏။ "ဂိုဏ်းချုပ်ကျွင်းက ထပ်ပြီး တိုက်ခိုက်ချင်သေးတာလား။"
လီအာ “……..”
သူမသည် ထင်ရာလုပ်တတ်သော လူမျိုးပေါင်းများစွာကို မြင်ဖူးခဲ့၏။ သို့ပေမဲ့ ထိုမျှ ကြမ်းတမ်းပြီး မိမိစိတ်ထင်ရာကို လုပ်တတ်သည့်လူမျိူးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
လိုင်လီနတ်ဂိုဏ်း၏ အမျိုးသမီးတပည့်သည်လည်း ထူးမခြားနားသလို ပြောလိုက်သည်။ "အဆင်အခြင်မဲ့လိုက်တာ ဦးနှောက်မရှိဘူး။"
အကြီးအကဲကျင်း၏ စိန်ခေါ်မှုကို လက်ခံလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို အထင်ကြီးနေခြင်းဖြစ်ကြောင်း သူမပြောဆိုခဲ့၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူမ၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပင် ကျွင်းချောင်ရှောင်းသည် အကြီးအကဲကျင်းအား အနိုင်ယူခဲ့၏။
ဤတစ်ကြိမ်တွင်လည်း သူမသည် ကျွင်းချောင်ရှောင်းအား အဆင်အခြင်မဲ့၍ ဦးနှောက်မဲ့သူတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေပြန်သည်။
ဒုတိယအဆင့်သိုင်းစစ်သူကြီးကျင့်ကြံသူတစ်ယောက်သည် သိုင်းဘုရင်တစ်ယောက်၏ အားအင်နှင့် အလွန်ပင် နီးကပ်နေသူတစ်ယောက်၏ စိန်ခေါ်မှုကို လက်ခံခဲ့ည် ဆိုခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးသူနှင့်ပင် ဆင်တူလှ၏။ ပြိုင်ဘက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက သဘောတူပြီဆိုမှတော့ တောင်ပြာဂိုဏ်းက အကြီးအကဲနှစ်ယောက်က ငြင်းချင်တာ ရှိသေးလား။"
မာယွင်တန်နှင့် ဝမ်တုန်လင်တို့နှစ်ယောက်သည် တိတ်ဆိတ်သွားမိကြ၏။
"ဂိုဏ်းချုပ်ဟုန်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်က အခုလေးတင်မှ တိုက်ခိုက်လာတာလေ။ ပြီးတော့ ခင်ဗျားရဲ့ အားအင်က ကျုပ်ထက် အများကြီးသာတယ်လေ။ဒီတော့ ကျုပ်အနေနဲ့ လက်နက်အသုံးပြုလို့ရမလား သိချင်တယ်။"
သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား လက်ဗလာနှင့် သွားရောက်တိုက်ခိုက်လျှင် အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်းသိ၏။ ထို့ကြောင့် လက်နက်အပေါ်တွင် အားကိုးရပေလိမ့်မည်။
မည်သည့် လက်နက်ဖြစ်သနည်း။ နဂါးစိမ်းလခြမ်းဓားမော့ပင် ဖြစ်တော့သည်။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း လက်နက်ကို အသုံးပြုလို့ရတယ်။ဒါပေမဲ့ ကျုပ်ကတော့ လက်ဗလာနဲ့ပဲ တိုက်မယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် နှစ်ဖက်လုံး လက်နက်ထုတ်တိုက်ခိုက်မည်ဟု အစောတုန်းက စဉ်းစားထား၏။ သို့ပေမဲ့ တစ်ဖက်လူသည် လက်ဗလာနှင့် တိုက်ခိုက်မည်ဆိုသောကြောင့် သူ ပျော်ပျော်ရွင်ရွင်နှင့် လက်ခံရပေလိမ့်မည်။
ဤသို့နှင့်ပင် သံမဏိအရိုးဂိုဏ်းချုပ်နှင့် နတ်စမ်းချောင်းဂိုဏ်းချုပ်တို့သည် တိုက်ခိုက်ရန် သဘောတူညီမှုကို ရရှိခဲ့ပြီးနောက် အသီးသီး သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီ သို့ လျှောက်ဝင်လာလိုက်သည်။
"ဂိုဏ်းချုပ်ဟုန်က သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်လေ။ဂိုဏ်းချုပ်ကျွင်းက လက်နက်ကို အားကိုးတယ်ဆိုရင်တောင်မှ နှစ်ယောက်ကြားမှာ ကွာခြားချက်က အကြီးကြီးပဲ။ဒီတိုက်ပွဲမှာတော့ သူကျိန်းသေပေါက် ရှုံးလိမ့်မယ်။”
“နတ်စမ်းချောင်းဂိုဏ်းက တိုက်ပွဲတွေ အများကြီးကို ရှုံးခဲ့တာလေ။နောက်ဆုံးကျမှ ဂိုဏ်းချုပ်က သူ့ဂိုဏ်းရဲ့ အရှက်သိက္ခာကို ကာကွယ်ဖို့ ထွက်လာခဲ့ရတော့တာပဲ။”
“ဂိုဏ်းချုပ်ကျွင်း မနိုင်ဘူးဆိုရင်တောင်မှ သူ့အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ရပြီးသွားပြီလေ။”
တစ်ချို့သောသူများသည် ဂိုဏ်းချုပ်ကျွင်းဘက်မှနေ၍ စကားများကို လိုက်လံ၍ ပြောဆိုနေကြ၏။
အဘယ့်ကြောင့်ဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားကောင်းသူသာ လေးစားခံရသည် မဟုတ်လား။
အဆင့်ခုနစ်ဂိုဏ်းတစ်ခုအနေနှင့် အဆင့်ငါးဂိုဏ်းတစ်ခုကို စိန်ခေါ်ခဲ့ပြီး ခုနစ်ဆယ့်သုံးပွဲကို တိုက်ခိုက်ပြီးတာတောင်မှ တစ်ပွဲမှ မရှုူံးနိမ့်ခဲ့ချေ။ ထိုအရာသည် တစ်ခြားသူများ၏ လေးစားမှုကို ရရှိရန် လုံလောက်ပေသည်။
သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ခြင်းဆိုသည်မှာတော့ မီးထဲတိုးဝင်သွားသည့် ပိုဖလံတစ်ကောင်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထိုအရာကိုတော့ သူတို့ အားလုံး လက်ခံယုံကြည်ကြ၏။
သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ နှစ်ယောက်သည် တည်နေရာ အသီးသီးယူ၍ ရပ်လိုက်ကြသည်။
ဂိုဏ်းချုပ်ဟုန်သည် ကြည့်ကောင်းလှစွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျားရဲ့ လက်နက်ကို ထုတ်ပါ။"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို အသာမြှောက်လိုက်၏။ တည်နေရာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး နဂါးစိမ်းလခြမ်းဓားမော့သည် ဖြေးဖြေးချင်းပေါ်လာတော့သည်။
ချင်ဟောင်ရန်၏ မျက်နှာသည် နီမြန်းသွား၏။ သူ၏ကျောများသည် ယားယံသလို ခံစားလိုက်မိ၏။
ဟောင်ချီဂိုဏ်း၏ တိုက်ပွဲ၌ သူသည် ဤဓားမော့၏ အောက်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ ဤအရာကို သူ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။
"ကောင်းလိုက်တဲ့ ဓားမော့။"
မာယွင်တန် ချီးကျူးလိုက်မိ၏။
ဝမ်တုန်လင်သည် နဂါးစိမ်းလခြမ်းဓားမော့ကို အရင်တုန်းက မြင်ဖူးခဲ့၏။ ထိုအရာဖြင့် ကျွင်းချောင်ရှောင်းတစ်ယောက် ချင်ဟောင်ရန်ကို အနိုင်ယူခဲ့သည်ကိုလည်း မျက်မြင် မြင်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ သူ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဒီဓားက တော်တော်ကြီးကောင်းတယ်။ဒါပေမဲ့ ဒီလက်နက်ကို မှီခိုပြီးတော့ ဂိုဏ်းချုပ်ဟုန်ကို အနိုင်ယူဖို့ဆိုတာက သိပ်တော့ မဖြစ်နိုင်ဘူး။"
"ဂိုဏ်းချုပ်ကျွင်း။"
ဂိုဏ်းချုပ်ဟုန်သည် ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဓားမော့က အထက်အဆင့်လက်နက်တစ်ခု ဖြစ်လိမ့်မယ်လို့ ကျုပ်ထင်တယ်။"
"အထက်အဆင့် ဟုတ်လား။"
အားလုံး၏ မျက်လုံးများသည် ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွား၏။
သိုင်းစစ်သူကြီးအဆင့်ကျင့်ကြံသူ တစ်ယောက်တွင် အထက်အဆင့် လက်နက်တစ်ခု ရှိသည်ဆိုသည်မှာ အလွန်တရာ အံ့ဩဖွယ်ရာ ဖြစ်ပေသည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ အထက်အဆင့် လက်နက်တစ်ခု ရှိလို့နေ၏။ မနာလိုစရာပင် ကောင်းလှသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဖြစ်နိုင်ပါတယ်။"
သူသည် နဂါးစိမ်းလခြမ်းဓားမော့၏ အဆင့်ကို ကောင်းကောင်းမသိပေ။သို့ပေမဲ့ သူ အားကောင်းလာသည်နှင့်အမျှ ဓားမော့ ကလည်း အားကောင်းလာလိမ့်မည်ဟု စနစ်က သူ့အား ပြောဆိုခဲ့ဖူးသည်။
ပြောနေစရာပင် မလိုပေ။ သူသည် သိုင်းစစ်သူကြီး ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်ရသည်မှာ အလွန်တရာ ချောမွေ့၍ သက်တောင့်သက်သာရှိလှသည်ဟု ခံစားမိနေ၏။
စနစ်မှ ပြောလိုက်သည်။ "ဒီအရာကို ထိန်းချုပ်ဖို့အတွက် အားအင်အဆင့်က ဂျင်တစ်သိန်းခွဲပဲ လိုအပ်တာလေ။ အခု လက်ခံသူက ဂျင်သုံးသိန်းသုံးသောင်းရှိတဲ့ အားအင် ကို ပိုင်ဆိုင်နေပြီဆိုတော့ ဒါက လွတ်လွတ်လပ်လပ်နဲ့ မီးကုန်ယမ်းကုန် ထုတ်သုံးလို့ရနေပြီ။"
"ဂိုဏ်းချုပ်ဟုန်။"
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကို ကိုင်၍ လှမ်းပြောလိုက်သည်။ "ကျုပ်တို့ အခုစလို့ရပြီ။
“ကျေးဇူးပြုပြီး…”
ဂိုဏ်းချုပ်ဟုန်က ပြောလိုက်သည်။ "ခင်ဗျားအရင်ဆုံးစ တိုက်ပါ။"
သူသည် လက်ဗလာနှင့် တိုက်ခိုက်ရုံသာမက ကျွင်းချောင်ရှောင်းအားလည်း အရင် တိုက်ခိုက်ခွင့်ပေးသည်။
ဤအရာသည် သူ့အနေဖြင့် အားနည်းသူအား အနိုင်ယူခြင်း မဟုတ်ကြောင်း ရှိရှိသမျှသော လူအားလုံးအား သိစေချင်သောကြောင့် ပြုလုပ်သည့် လုပ်ရပ်ပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ငြင်းပယ်မည့်သူ မဟုတ်ပေ။ ထို့ကြောင့် တိမ်ခြေလှမ်းအား အသုံးပြု၍ လေထဲသို့ ခုန်လိုက်၏။
ချက်ချင်းဆိုသလိုပဲ နဂါးစိမ်းလခြမ်းဓားမော့ကြီးနှင့် ခုတ်ပိုင်းကာ အော်လိုက်တော့သည်။
“ဟွာတောင် ခုတ်ပိုင်းခြင်း။”
ဝမ်ယု “ငါ ဒါမျိူး ဘယ်တော့မှ မလုပ်ဘူး။”
ဝှစ်။
နဂါးခြမ်းလခြမ်းဓားမော့ကြီး၏ အားအင်သည် ဂျင်လေးသိန်း ဓားအင်အဆင့်ကို ထုတ်ဖော်လာ၏။
သေချာသည် ။ သိုင်းစစ်သူကြီးအဆင့်ဆီသို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အဆင့်သည် တိုးတက်လာရုံသာမက နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ပိုမို ကောင်းမွန်အောင် ထုတ်ဖော်အသုံးပြုနိုင်နေပြီဖြစ်သည်။
ဝှစ် ဝှစ်။
နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် ကြီးမားလှသော အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ချက်ချင်းဆိုသလိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေပြင်းများ ဖြစ်တည်လာပြီး ရှိရှိသမျှသော လူများအားလုံးအား ထိပ်လန့်တုန်လှုပ်စေ၏။ ဤဓားမော့သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဂိုဏ်းချုပ်ဟုန်သည်လည်း အံ့အားသင့်မိသွားသည်။
သို့ပေမဲ့ သူသည် သူ၏ အင်္ကျီလက်အား ယမ်းခါလိုက်သည်။ အလွန်တရာ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲတွင် ဖြစ်တည်လာပြီး လက်သီးကြီး တစ်ခုကဲ့သို့ အသွင်ဖြစ်တည်လာသည်။
နဂါးစိမ်းလခြမ်းဓားမော့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့၏။
ဘန်း။
နဂါးစိမ်းလခြမ်းဓားမော့နှင့် စိတ်ဝိညာဉ်စွမ်းအင်တို ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ တစ်ခုနှင့် တစ်ခု ချေဖျက်သွားသည်။
သို့ပေမဲ့ ထိပ်တိုက်ရင်ဆိုင်ပီးသည့်နောက်မှာတော့ တည်နေရာထဲတွင် ရှိရှိသမျှသော မြေပြင်ရှိ ကျောက်ပြားများသည် အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ကြ၏။
“ကောင်းကင်ကို ခုတ်ပိုင်းသည့် ဖန်းဂု။”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသပ်လာပြီး နဂါးစိမ်းလခြမ်းဓားမော့ကြီးနှင့် ထိပ်မံခုတ်ပိုင်းလိုက်သည်။
ဤတစ်ကြိမ်တိုက်ခိုက်လိုက်တော့ အားအင်အဆင့်သည် ပထမအကြိမ်ကထက်ပို၍ အားကောင်းလှ၏။
ကွမ်ယု “ကောင်းကင်ကို ခုတ်ပိုင်းတဲ့ ဖန်းဂု ဟုတ်လား။ပေါက်ကရတွေ မပြောနဲ့ ။ ဘာတွေလျောက်ပြီး အော်နေတာလဲ။"
ကျွင်းချောင်ရှောင်းသည် ဓားမော့နည်းစနစ်နှင့် ပတ်သက်၍ တစ်ခါမှ မလေ့ကျင့်ဖူးပေ။ ထို့ကြောင့် သူ့စိတ်ထဲတွင် ရှိသမျှ စကားလုံးများကို လျှောက်အော်၍ ဓားမော့ကြီးအား ဝှေ့ယမ်းတိုက်ခိုက်နေခြင်းသာဖြစ်၏။
ဝှစ် ဝှစ်။
ဒုတိယအကြိမ် ခုတ်ပိုင်းတိုက်ခိုက်မှုမှာတော့ နတ်စမ်းချောင်းဂိုဏ်းချုပ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့သည်။
သူသည် ချက်ချင်းဆိုသလိုပဲ ရှုပ်ထွေးလှသော လက်စည်း သင်္ကေတတစ်ခု ပြုလုပ်၍ သူ၏ ရှေ့တွင် အကာအကွယ်အတားအဆီးကို ထုတ်ဖော်လိုက်၏။
ဘုန်း။
နဂါးစိမ်းလခြမ်းဓားမော့သည် ထိုအကာအကွယ် ဓားမော့အား ထိမိချိန်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ တစ်စစီဖြစ်သွားစေသည်။
ဟူး
အားလုံးသည် သက်မချလိုက်မိ၏။
နတ်စမ်းချောင်းဂိုဏ်းချုပ် ဖန်တီးလိုက်သော အကာအကွယ် အတားအဆီးသည် ဂိုဏ်းချုပ်ကျွင်း၏ ဓားချက်ကြောင့် တစ်ခါတည်း ပျက်ဆီးသွားခဲ့သည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် ထိုအခြေအနေကို အခွင့်အရေးယူ၍ ဆက်လက်၍ တိုက်ခိုက်လိုက်သည်။ သူသည် နဂါးစိမ်းလခြမ်းဓားမော့ကို ဝှေ့ယမ်းကာ အော်လိုက်တော့သည်။ “ဟွာတောင်အားတိုက်ခိုက်ခြင်း။”
ဘန်း … ဘန်း … ဘန်း။
သုံးချက်တိတိ ခုတ်ပိုင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရချိန်မှာတော့ နတ်စမ်းချောင်း ဂိုဏ်းချုပ်သည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖန်တီးထားသော အကာအကွယ်အတားအဆီးကို အသက်သွင်းရန်အတွက် ခက်ခဲသွားခဲ့တော့သည်။
သူသည် မြန်မြန်ဆန်ဆန်ပဲ ဘေးတစ်ဖက်သို့ ခုန်ကာ ရှောင်လိုက်တော့သည်။
ဂိုဏ်းချုပ်ကျွင်း၏ လခြမ်းဓားမော့သည် အလွန်တရာ အားကောင်းလှချေ၏။
"ငါ့အနေနဲ့ ဒီအတိုင်းပဲ ဆက်ပြီးရှောင်နေလို့မဖြစ်ဘူး။ပြန်ပြီး တိုက်ခိုက်မှ ဖြစ်မယ်။"
နတ်စမ်းချောင်းဂိုဏ်းချုပ်သည် သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည်။ အလွန်တရာ ရှုပ်ထွေးလှသည့် ခြေလှမ်းကွက်များကို အသုံးပြု၍ ကျွင်းချောင်းရှောင်း၏ အနောက်ဘက်ဆီသို့ လှစ်ခနဲ ရောက်ရှိသွားသည်။ ပြီးနောက် သူသည် စိတ်ဝိညာဉ်လက်ဝါးစည်းအား ထုတ်ဖော်အသုံးပြုလိုက်တော့သည်။
အကြီးအကဲကျွင်းသည် ကောင်းကင်ပေါ်တွင် စိတ်ဝိညာဉ်လက်ဝါးစည်း ဖြစ်တည်လာစေရန် တစ်ဖြည်းဖြည်းချင်းသာ ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့၏။
သို့ပေမဲ့ ထိုနည်းစနစ်သည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် လက်ထဲတွင်တော့ အလွန်တရာ အားကောင်းလှသော အခြေအနေတစ်ခုအဖြစ်ဖြစ်တည်လာတော့သည်။
"မကောင်းတော့ဘူး။"
ကျွင်းချောင်ရှောင်းသည် ရှောင်ရန် အချိန်အရတော့ချေ။ ချက်ချင်းဆိုသလိုပဲ သူ၏ အကာအကွယ်စည်းအား အသက်သွင်းကာ တိုက်ခိုက်ရင်ဆိုင်လိုက်တော့သည်။
ဘန်း။
အနည်းဆုံး ဂျင်ငါးသိန်းရှိသော တိုက်ခိုက်ချက်သည် သူ၏ အတားအဆီးဆီသို့ ရောက်ရှိလာတော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့နှင့်အတူ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။
ဤတစ်ကြိမ်မှာတော့ နတ်စမ်းချောင်းဂိုဏ်း ဂိုဏ်းချုပ်သည် ထပ်မံ၍ တိုက်ခိုက်လာတော့သည်။
သူ၏ လက်နှစ်ဖက်ကို မြှောက်၍ စိတ်ဝိညာဉ်လက်ဝါးစည်း နည်းစနစ်နှစ်ခုအား တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ ရိုက်ချလိုက်၏ … ။
ဘုန်း ဘုန်း။
ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းချုပ် နိုင်သေးခင်မှာပဲ ထပ်မံ၍ တိုက်ခိုက်ခံလိုက်ရသည်။ သူ ဖန်တီးခဲ့သော အကာအကွယ် အတားအဆီးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားရသည်။
သူသည်လည်း နောက်ဘက်သို့ လန်ထွက်သွား၏။
ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်သည့် အချိန်မှာတော့ သူ၏ခန္ဓာကိုယ်ရှိ သွေးများသည် လည်ချောင်းဝတွင် စုဝေးလာပြီး သွေးအန်လုမတတ် ဖြစ်သွားသည်။
"ချီးထဲမှ … သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ဆိုတာ တကယ့်ကို အားကောင်းလွန်းတာပဲ။"