ပါဝင် ပစ္စည်းများ (၂)
Vol. 88 Ch. 1220
ပိုင်ရှု၏ မျက်လုံးလေးများက အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေကာ နှုတ်ခမ်းထက်တွင်တော့ လှပသည့် အပြုံးလေး တစ်ခု ပေါ်နေခဲ့သည်။ ဝေ့ဝူယင် ထုတ်ဖော်ခဲ့သည့် ရင်းမြစ်များ၏ ရှားပါးမှုနှင့် ပြိုင်စံရှားမှုတို့က သူမ မျှော်လင့်ထားခဲ့သည်ထက်ပင် ကျော်လွန်နေသည်။ တစ်နည်းအားဖြင့် ၎င်းတို့ အားလုံးမှာ ကောင်းကင် ရတနာများ အဖြစ်ပင် သတ်မှတ်၍ရသော ပစ္စည်းများ ဖြစ်သည်။
ဝေ့ဝူယင် ထုတ်ယူလိုက်သည့် နောက်ထပ် ပစ္စည်း တစ်ခုကတော့ ရွှေရောင် လျှပ်စီးများ ထည့်သွင်းထားသည့် ပုလင်းတစ်လုံး ဖြစ်သည်။ သေချာစွာ ချိပ်ပိတ်ထားသည့်တိုင်အောင် ၎င်းမှာ အဂ္ဂိရတ် ခန်းမ တစ်ခုလုံးကိုပင် လျှပ်စီး အလင်းတန်းများနှင့် အက်ကွဲ ပြောင်းလဲ သွာစေခဲ့သည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ဖျပ်ခနဲ လင်းလက်သွားကာ မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်ခြင်း စွမ်းရည်ကို ထုတ်ဖော် လိုက်သည်။ ထိုအခါတွင်မှ လျှပ်စီးတန်းများမှာ အမိန့်နာခံစွာ ငြိမ်သက် သွားကြ၏။
ကောင်းကင် လောက လျှပ်စီး အမတေ...
ဝေ့ဝူယင် ၎င်းကို အနန္တ သင်္ချိုင်း အဆိပ် ပိုင်ရှင် မိန်းမကြီးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ကောင်းကင် တာအိုမှာ ထိုအမတေကို ကျင်းကျူး အတွက် ရည်ရွယ်ထားခဲ့ဟန် ရကာ ယင်းကို စုပ်ယူခြင်းဖြင့် မူလ အဆင့် ကျင့်ကြံခြင်း အခြေခံကို ပြီးမြောက် စေလိုခဲ့ပုံ ရသည်။ ကံကောင်းစွာပင် ဝေ့ဝူယင်မှာ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက်၏ ကမ္မ ကံကောင်းမှုကို စီးနင်းကာ ၎င်းကို ရယူနိုင်ခဲ့သည်။
မူလ အဆင့်မျာ လျှို့ဝှက် ရည်ရွယ်ချက်ကို ပိုမို လွယ်ကူစွာ ချောမွေ့စွာ နားလည်နိုင်သည်ဟု ဆိုကြသည်။ ထိုစကားက မှန်ကန်ပေသည်။ ဝေ့ဝူယင်မှာ ကြယ်တာရာ သခင် အဆင့်ကို မရောက်သေးသည့်တိုင် လျှို့ဝှက် ရည်ရွယ်ချက်ကို ဖွဲ့စည်းနိုင်သည့် နေရာ တစ်ခုသို့ ရောက်ရှိပြီး ဖြစ်သည်။
ထို့နောက်တွင်တော့... ဝေ့ဝူယင်၏ မျက်လုံးများက လေးနက်သည့် အာရုံ စူးစိုက်မှုများနှင့် ပြည့်နှက် သွားကာ တြိဂံ တစ်ခုလို ပုံသဏ္ဌာန် ရှိသည့် သတ္တု အပိုင်းအစ တစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းကတော့ သူ့ ကိုယ်ပိုင် ကမ္မ ကံကောင်းမှုဖြင့် ရရှိလာသည့် ပစ္စည်း တစ်ခု ဖြစ်သည်။
လွန်ခဲ့သည့် ရှစ်နှစ်ခန့်တုန်းက ဝူယုနှင့် စကားပြောနေတုန်း အပြစ်သား သွေးမျိုးဆက်၏ သတိပေးချက် တစ်ခုကို သူ လက်ခံ ရရှိခဲ့သည်။ တစ်ချိန်တည်း၌ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည့် လှိုင်း တစ်ခုက သူ့ မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို လှုံ့ဆော်ခဲ့သည်။
ဝေ့ဝူယင် ချက်ချင်းပင် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ထိုပစ္စည်းကို ရှာဖွေ၍ ယူဆောင်ခဲ့သည်။ နောက်ပိုင်း ဧဒင် နန်းတော်ထဲမှ အချက်အလက်များ အရ ၎င်းမျာ ကောင်းကင်လောက အမြုတေ၏ အပိုင်းအစ တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကောင်းကင် လောက အမြုတေမှာ ကောင်းကင် အပျက်အစီးနှင့် လျှို့ဝှက် အဆင့် မန်နာတို့ ရောနှော ပါဝင်နေသည့် ရတနာ တစ်ခု ဖြစ်သည်။ ၎င်းကို လျှို့ဝှက် လောက အဆင့် အစီအရင်ကြီးများ ဖန်တီးရာတွင် လည်းကောင်း၊ မူလ အဆင့်ကို ရရှိစေသည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ချို့ ကျင့်ကြံရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် အပိုင်းအစ နှစ်ခု စားပွဲပေါ်တွင် ပေါ်လာခဲ့သည်။ ၎င်းတို့သည်လည်း အလားတူပင် ကောင်းကင် လောက အမြုတေ၏ နောက်ထပ် အစိတ်အပိုင်းများ ဖြစ်သည်။ လွန်ခဲ့သည့် ရှစ်နှစ် အတွင်း ဝေ့ဝူယင် ၎င်းတို့ကို ခြေရာခံခဲ့ကာ တစ်ခုကို လေလွင့် ကောင်းကင် (ဂြိုဟ်အပျက်အစီး) တစ်ခု ပေါ်တွင် တွေ့ခဲ့ရသည်။ နောက်ထပ် တစ်ခုကိုတော့ ဟင်းလင်းပြင် သင်္ဘော အပျက် တစ်စီးပေါ်တွင် ကြယ်တာရာမိုးများ ဝန်းရံ၍ တွေ့ခဲ့ရသည်။
ကောင်းကင် လောက အမြုတေ နောက်ထပ် အပိုင်းအစများစွာ ရှိနိုင်သေးကြောင်း ဝေ့ဝူယင် သိရှိပေသည်။ သို့သော်လည်း... နှစ်ခုကို ရှာဖွေရုံဖြင့်ပင် သူ အချိန်၊ အင်အား များစွာ ကုန်ဆုံးခဲ့သည်။ ထို့အပြင်... ၎င်းတို့က သူ့ အတွက် အသုံးမဝင် သလောက်ပင်။
ကောင်းကင် လောက အမြုတေများမှာ အဖိုး ထိုက်တန်ကောင်း တန်နိုင်ပေသည်။ သို့သော်လည်း... မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို အောင်မြင်ပြီးသား ဖြစ်သည့် သူ့လိုလူ တစ်ယောက် အတွက်တော့ သာမန်သာ ဖြစ်သည်။ ထို့အပြင်... သူ သုတသန လုပ်နေသည့် အာရုဏ်ဦး မူလ ဆေးတောင့် ဖန်တီးခြင်း ဖြစ်စဉ်ကလည်း ပြီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အဆင့်ကိုး အထွတ်အထိပ် အဆင့် ထုတ်ကုန် တစ်ခု ဖြစ်ကာ ကျင့်ကြံသူများ အတွက် မူလ အဆင့်ကို ရရှိစေနိုင်သည်။
ကောင်းကင် လောက အမြုတေ အပိုင်းအစများမှာ သူ့အတွက် ကျင့်ကြံရာတွင် အသုံးမဝင်တော့သည့်တိုင် ဆေးဖော်စပ်ရာတွင်တော့ အလွန်အမင် အသုံးဝင်နေဆဲ ဖြစ်သည်။ ၎င်းမှာ ကောင်းကင် မန်နာ ဖြစ်သည့် အပြင် ကောင်းကင် အပျက်အစီးနှင့် လျှို့ဝှက် အဆင့် မန်နာတို့ တည်ငြိမ်သော ပုံစံဖြင့် ပါဝင်နေပေသည်။ အနာဂတ် ဆေးဖော်စပ်ခြင်း အစီအစဉ်များ အတွက် ဝေ့ဝူယင် သေချာစွာ တွက်ချက်ပြီး ဖြစ်သည်။
ဝေ့ဝူယင် နောက်ထပ် ထုတ်ယူလိုက်သည့် ပစ္စည်းများကတော့ ပုတီးလုံးလေးများ ဖြစ်သည်။ ၎င်းတို့က အရောင် အသွေး စုံလင်လှကာ ဒါဇင်နှင့်ချီသည် အထိ များပြားလှပေသည်။ ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းတို့မှာ မှော်သန့်စင် ဆေးအိုးထက်၌ လွင့်မြော နေကြ၏။
“အိုး...”
ပိုင်ရှုက အံ့သြတကြီး ရေရွတ်လိုက်၏။
“ဆန်းကြယ် ပုတီးစေ့တွေ... ဒီလောက်တောင် များတာလား...”
ပုတီးလုံး တစ်ခုချင်းစီမှာ ပြိုင်စံရှား ရုပ်သန့်စင်ရေး ရတနာများ အဖြစ် ထင်ရှားသည့် ဆန်းကြယ် ပုတီးစေ့များ ဖြစ်ကြသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ ယင်၊ ယန်၊ ရုပ်၊ စစ်၊ လျှပ်စီး၊ မီး၊ အာကာသ၊ အချိန်၊ မြေဆွဲအား စသည်ဖြင့် မတူကွဲပြားသည့် စွမ်းအင် ပေါင်းစုံကို သယ်ဆောင်ထားသည်။
၎င်းတို့မှာ မြေကြီး အဆင့် ရုပ်ခန္ဓာ အတွက် အခြေခံ ဖြစ်ကာ မြေပြီး အဆင့် ရုပ်ခန္ဓာ သန့်စင်ခြင်း နည်းလမ်းများ ကျင့်ကြံရာတွင် မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိကြသည်။ ဆန်းကြယ် ပုတီးစေ့များသာ ရှိပါက သင်၏ ရုပ်ခန္ဓာမှာ ပိုမို မြင့်မားသည့် သင်္ကေတ မျိုးစေ့ ခြေချခြင်းကို ရရှိနိုင်ပေသည်။
ကျင့်ကြံခြင်း လမ်းစဉ်မှာ နားလည်ခြင်း တစ်ခုတည်း အတွက် မဟုတ်ချေ။ ရုပ်ခန္ဓာ သန့်စင်မှုမှာလည်း ထပ်တူ ထပ်မျှ အရေးပါပေသည်။ လျှို့ဝှက် တာအို၏ ဆန္ဒကို ထိန်းသိမ်းရန်၊ အလွန်အမင်း ပြင်းထန်လှသည့် အင်အားများကို ကိုင်တွယ်ရန် အတွက် ထပ်တူထပ်မျှ အစွမ်းထက်သည့် ခန္ဓာကိုယ်ကို လိုအပ်ပေသည်။
ဝေ့ဝူယင် ထိုဆန်းကြယ် ပုတီးစေ့များကို ဆပ်စပ်မှု စစ်ဝိညာဉ်၊ စစ်သည်တော် စာရင်းမှ ဝေ့ဝူယင် ရရှိလာခဲ့ခြင်း ဖြစ်သည်။ အမျိုးအစားကို လိုက်၍ ၎င်းတို့မှာ စစ်ဝိညာဉ် ၂၀ မှ စစ်ဝိညာဉ် ၁၂၀၀ အထိ ကျသင့်ခဲ့သည်။ ပုတီးစေ့ တစ်ခုချင်းစီကို ကြည့်ရင်း ဝေ့ဝူယင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ထို့နောက်တွင်တော့ သူ နောက်ထပ် ပါဝင် ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းကတော့ ကြယ်တာရာမိုး အသိုက်အတွင်းမှ ရရှိလာခဲ့သည့် အန္တိမကြယ်ပင် ဖြစ်လေသည်။
ဟူး...ဟူး...
ဝေ့ဝူယင် အရှေ့၌ နေကြယ် အသေးစားလေး တစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ လေထုထဲ၌ အလိုအလျောက် လွင့်မြောနေကာ ကိုယ်ပိုင် ဝင်ရိုးပေါ်၌ လည်ပတ်နေခဲ့သည်။ အန္တိမကြယ်မှာ နေကြယ် တစ်စင်း၏ စွမ်းအင် အလုံးစုံကို ပိုင်ဆိုင်ထားပေသည်။
မာ့ကျန်းမျာ သူ၏ မူလဒြပ်စင် စွမ်းအင်ကို သုံးကာ သဘာဝ နေကြယ် တစ်ခု ဖန်တီးပြခဲ့ဖူးသည်။ သို့သော်လည်း ၎င်းက အန္တိမကြယ်နှင့် ခြားနားပေသည်။ အန္တိမကြယ်မှာ သေမျိုးတာအိုကို ကောင်းချီးပေးထားလေရာ အန္တိမ ကြယ်တာရာ ဆင်းတု ဖန်တီးရာတွင် မပါမဖြစ် လိုအပ်သည့် ပစ္စည်း တစ်ခု ဖြစ်သည်။
အန္တိမကြယ်၏ တောက်ပမှုကို ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ အံ့သြမိသွား၏။ ၎င်းအား ရရှိရန် အတွက် မျက်နှာဖုံးတပ် ပုဂ္ဂိုလ် များစွာ ဒုက္ခခံခဲ့သည်မှာ အံအားသင့်စရာ မရှိတော့ချေ။ သို့သော်လည်း... ဝေ့ဝူယင် ၎င်းကို ထက်ပိုင်းပိုင်းပစ်လိုက်သော အချိန်၌ သူ၏ အစီအစဉ်များမှာလည်း ပျက်စီး သွားခဲ့ရသည်။ နောက်ပိုင်း လေ့လာမှုများ အရ အန္တိမကြယ် တစ်ပိုင်းမှာ အန္တိမ ကြယ်တာရာ ဆင်းတု ဖန်တီးရန် မလုံလောက်ကြောင်း ဝေ့ဝူယင် ထပ်မံ သိရှိလာရသည်။ အထူးသဖြင့်... ကြယ်တာရာ ဝိညာဉ် လေးခု ပိုင်ဆိုင်ထားသည့် သူ့ အတွက် ပိုမို၍ပင် မလုံလောက် သေးသည်။
ထို့ကြောင့်ပင် အန္တိမ နေကြယ်ကို ဆေးဖော်စပ်ရာတွင် အသုံးပြုဖို့ ဝေ့ဝူယင် ဆုံးဖြတ်ခဲ့သည်။ သူ မသိလိုက်သည့် အရာကား ထိုအရာမှာ သူ ပြုလုပ်ခဲ့သမျှထဲတွင် အကောင်းဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခု ဖြစ်လာခြင်းပင် ဖြစ်လေသည်။
“အဲဒါက အန္တိမကြယ် မလား...”
ပိုင်ရှုက ပျံဝဲလာရင်း အံ့အားသင့်စွာဖြင့် မေးလိုက်၏။ သူမ၏ မျက်လုံးများက နေကြယ် အသေးစားလေး ထံမှ တစ်ဖဝါးမှ မခွာပါချေ။
“ဒါပေမဲ့... အဲဒါက ကျွန်မ မှတ်မိတာထက်တော့ ပိုပြီး သေးတယ်”
သူမက သံသယ ဝင်စွာဖြင့် ပြောလိုက်၏။ ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ထက်ဝက် ပိုင်းဖြတ်လိုက်ပြီး နောက်တွင် ၎င်းမှာ မူလ အရွယ်အစား၏ ထက်ဝက်ခန့် အထိ ကျုံ့ဝင် သွားခဲ့ပေသည်။
“ကုန်ပြီလား... ဆရာ...”
ပိုင်ရှုက မေးလိုက်၏။ ဝေ့ဝူယင် ထုတ်ယူလိုက်သည့် ပစ္စည်းတိုင်းက သူမလို အဂ္ဂိရတ် တာအို ဝိညာဉ် အတွက်ပင် အံ့အားသင့်ဖွယ် ကောင်းသည့် ရတနာများ ဖြစ်နေခဲ့သည်။ အထူးသဖြင့်... ကောင်းကင် မန်နာကို သယ်ဆောင်ထားသည့် အပိုင်းအစများနှင့် အန္တိမ နေကြယ်တို့ကို ယခုလို ချိပ်ပိတ် နယ်မြေ အတွင်း တွေ့ရလိမ့်မည် ဟုပင် သူမ ထင်မှတ် မထားခဲ့ချေ။
“နောက်ဆုံးတစ်ခု ကျန်သေးတယ်...”
ဝေ့ဝူယင်က ပြောလိုက်ရင်း နောက်ဆုံးသော ပစ္စည်းကို ထုတ်ယူလိုက်၏။ ၎င်းမှာ သူ အသုံးပြုမည့် ပစ္စည်းများထဲတွင် အရှားပါးဆုံးလည်း မဟုတ်သလို အဖိုးအတန်ဆုံးလည်း မဟုတ်ပါချေ။ သို့သော်လည်း... အရေး အကြီးဆုံး ပစ္စည်းဟု ဆိုနိုင်ပေသည်။ ၎င်းမှာ သူ ဖော်စပ်မည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုလုံး အတွက် အဓိက အကျဆုံး ပါဝင် ပစ္စည်း ဖြစ်ပေသည်။
“ခြေချခြင်း သလင်းကျောက် အမတေ...”
၎င်းကား... ရွှေရောင် အသက်နန်းတော်၏ ရတနာ တစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင်၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီလာခဲ့၏။ သူ၏ ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်မှုများ၊ အဂ္ဂိရတ် တာအို အပေါ် လေ့လာမှုများ၊ မဆုတ်မနစ် ကြိုးပမ်းမှုများမှာ ဤအခိုက်အတန့်လေး အတွက် ဦးတည် နေခဲ့ခြင်း ဖြစ်သည်။
“အဆင့်သင့် ဖြစ်ပြီလား ဆရာ...”
ပိုင်ရှုက မေးလိုက်၏။ ဝေ့ဝူယင် သူ့လက်ထဲရှိ ခြေချခြင်း သလင်းကျောက် အမတေလေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ လေးနက်သည့် အမူအရာနှင့် ခေါင်းညိတ်ပြလိုက်၏။
“အဆင်သင့်ဖြစ်ပြီ...”
***