← Chapters

အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း (၂)

Vol. 88 Ch. 1224

အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း (၂)

Vol. 88 Ch. 1224

“အရာအားလုံးက သေမျိုး ခန္ဓာကနေ ဖြစ်တည်ခဲ့တာချည်းပဲ...”

ကောင်းကင် စစ်ဝိညာဉ်က လျှို့ဝှက် ဆန်းကြယ်စွာဖြင့် ဆိုလိုက်၏။ ဝါကျတစ်ကြောင်းတည်းသာ ဖြစ်သည့်တိုင် ၎င်းမှာ ကျင့်ကြံခြင်း၏ ထာဝရ အမှန်တရား တစ်ခုကို နက်ရှိုင်းစွာ ထိတွေ့ထားသည်။

ခန္ဓာကိုယ်မှ စိတ်၊ ရုပ်၊ ဝိညာဉ်၊ သွေးမျိုးဆက်၊ မူလ ယင်ယန်နှင့် ကျင့်ကြံခြင်း ဝိညာဉ်တို့ အပါအဝင် အမျိုးမျိုးသော ကျင့်ကြံခြင်း အစိတ်အပိုင်းများစွာကို သိုလှောင်ထားသည့် နေရာ ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း ကဏ္ဍတိုင်း အတွက် အလွန် အရေးပါသည်။ ဝူယုမှာ ခန္ဓာကိုယ် ပျက်စီးခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်တွင် ထိုအမှန်တရားကို နားလည်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝေ့ဝူယင်မှာ အနန္တ ဧကရာဇ် ကျမ်းစာကို ဖတ်ရှုကာ သေမျိုး အဆင့် သုံးခု၏ အခြေခံ စည်းမျဉ်းများကို နာလည်ခဲ့သည်။ ကျင့်ကြံံခြင်း အလွှာသုံးလွှာလုံးတွင် ရုပ်ခန္ဓာကို အသွင် ပြောင်းလဲရန် ဒီဇိုင်းဆွဲထားသည့် အပိုင်းများ ပါဝင်‌ကြောင်း သဘောပေါက် ခဲ့သည်။

ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားလာသည်နှင့် အမျှ ကျင့်ကြံသူများမှာ ဂြိုဟ်များကိုပင် ဖျက်ဆီးလာနိုင်ကြသည်။ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သွားလာ လာနိုင်ကြသည်။ အာကာသ ရွှေ့ပြောင်းမှုများ လုပ်လာနိုင်ကြသည်။ ထိုကဲ့သို့ မှော်ဆန်သည့် အရာများ လုပ်ဆောင်နိုင်ရန် အတွက် ရုပ်ခန္ဓာ သန်စွမ်းမှုမှာ အလွန်ပင် အရေးကြီးလှပေသည်။ အင်အားကြီးသည့် ရုပ်ခန္ဓာမျိုးသာလျှင် ထိုကဲ့သို့ မှော်ဆန်သည့် စွမ်းအားများကို ထိန်းသိမ်းထားနိုင်စွမ်း ရှိပေသည်။

“ဆရာ... ဒီဆေးလုံးက ဘယ်လို ရုပ်ခန္ဓာမျိုးကို တည်ဆောက်ပေးမှာလဲ... အဲဒါက ကောင်းကင်ကို ဆန့်ကျင်နိုင်မှာလား...”

ပိုင်ရှုက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ သူမက ဝေ့ဝူယင် လက်ဝါးနားတွင် လှည့်ပတ် ပျံသန်းရင်း ဆေးလုံးကို ရှုထောင့် ပေါင်းစုံမှ အကဲခတ် နေခဲ့သည်။ ၎င်းမှာ သူမ ဆည်းပူးခဲ့ဖူးသည့် ဗဟုသုတ အကန့်အသတ်ကို ကျော်လွန်နေလေရာ မည်ကဲ့သို့ အာနိသင်မျိုး ဖော်ဆောင်ပေးနိုင်မည်ကို ခွဲခြမ်း စိတ်ဖြာရန် ခက်ခဲနေတုန်း ဖြစ်သည်။

ဝေ့ဝူယင်က ရွှင်မြူးစွာပင် ရယ်မောလိုက်၏။

“ကောင်းကင်ကို ဆန့်ကျင်နိုင်ဖို့လား... ဖြစ်ချင်လည်း ဖြစ်မှာပေါ့... မဖြစ်ချင်လည်း မဖြစ်ဘူး‌ပေါ့...”

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း သက်တောင့်သက်သာ ရှိသည့် ကုလားထိုင် တစ်လုံးကို ထုတ်ယူ လိုက်သည်။ ထို့နောက်တွင်တော့ နောက်ကို မှီကာ ထိုင်ချလိုက်ရင်း ဆေးလုံးလေးကို မျက်လုံးနား အထိ မြှောက်ကာ ကြည့်လိုက်သည်။

“ဒီရုပ်ခန္ဓာ တည်ဆောက်ခြင်း ဆေးလုံးကို ဖော်စပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ငါ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးရယ်... ထူးခြားစေဖို့ပဲ...”

ဝေ့ဝူယင်၏ စကားလုံးများက ရိုးရှင်းသည့်တိုင် အဆုံးမဲ့သည့် အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်နေပေသည်။ ပိုင်ရှုက ပျံသန်းကာ ဝေ့ဝူယင်၏ လက်မောင်းထက်၌ ထိုင်လိုက်၏။ သူမ၏ စိမ်းပြာရောင် မျက်လုံးလေးများက စိတ်ဝင်စားစွာဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ငါ့ဆီမှာ ဘာချို့တဲ့နေတယ် ဆိုတာကို ငါ သိခဲ့တယ်... အဲဒါက ခန္ဓာကိုယ် ပါရမီပဲ... သာမန် လူတစ်ယောက်နဲ့ ယှဉ်ရင်တော့ ငါ့ ခန္ဓာကိုယ် ပါရမီက ပိုမြင့်ကောင်း မြင့်မှာပေါ့လေ... ဒါပေမဲ့ သာမန် ပါရမီရှင် တစ်ယောက် အဆင့်ကိုတောင် မရောက်ခဲ့ဘူး... ဖြတ်သန်းခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်ရရင် ငါ ရရှိခဲ့တဲ့ အောင်မြင်မှုတွေက ငါ့ရဲ့ မြင့်မားတဲ့ နားလည်နိုင်စွမ်း၊ အလုပ် ကြိုးစားမှု၊ ဆန္ဒ ပြင်းပြမှုနဲ့ ကံကောင်းမှုတွေ ကြောင့်ချည်းပဲလို့ ဆိုနိုင်တယ်”

“ကျင့်ကြံခြင်း ဝိညာဉ် ပြင်ပ ခွဲထုတ်ခြင်း နည်းလမ်းကိုသာ မတီထွင်နိုင်ခဲ့ဘူး ဆိုရင် နောင် နှစ်ပေါင်း တစ်ရာ ကျင့်ကြံတောင် ခု လက်ရှိ အဆင့်ကိုတောင် ငါ ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး...”

ဝေ့ဝူယင်မှာ အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ ထိုအတွက်လည်း သူ့ထံတွင် ရှက်ရွံ့စိတ် နည်းနည်းလေးမျှ မရှိပါချေ။

ကောင်းကင် စစ်ဝိညာဉ်နှင့် ပိုင်ရှုတို့ နှစ်ယောက်မှာ ဝေ့ဝူယင်၏ စကားကို တိတ်တဆိတ် လက်ခံလိုက်ကြ၏။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်မှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များစွာကို ဖန်တီးခဲ့သော်လည်း စားသုံးသူက သူ မဟုတ်ချေ။ သူ၏ ကြယ်တာရာ ဝိညာဉ်များသာလျှင် ဖြစ်သည်။ ကြယ်တာရာ ဝိညာဉ်များမှာ သူ့ကိုယ်စား ကျင့်ကြံကြကာ ခန္ဓာကိုယ် အကန့်အသတ်များ ရှိသည့် အကြားမှပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ကျင့်ကြံခြင်း အခြေခံကို ရရှိစေခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ မွေးရာပါ ပါရမီမှာ လျှို့ဝှက် အာဏာရှင် အဆင့်များမှ မွေးဖွားလာသည့် ကလေးငယ်များနှင့် ယှဉ်လျှင် မနှိုင်းသာလောက်အောင် နိမ့်ကျသည်။ သူက လက်ရှိ အဆင့်ကို ကြိုးပမ်း အားထုတ်မှု၊ အလုပ် ကြိုးစားမှုတို့ကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်၏။

“တကယ်တမ်း ပြောရမယ် ဆိုရင် ငါ့ရဲ့ ဗာကီရီ အဖွဲ့ဝင် အားလုံးနီးပါးနဲ့ ဟုန်ချွင်းဟွာတို့လို အာဏာရှင် အဖွဲ့ဝင်တွေတောင် ငါ့ထက် ပိုသာထက် ခန္ဓာကိုယ် ပါရမီကို ပိုင်ဆိုင်ထားကြတယ်... စုမေ့ ဆိုရင် ခန္ဓာကိုယ် ပါရမီရော၊ နားလည်နိုင်စွမ်းမှာပါ ငါ့ထက် အများကြီး သာတယ်... ချင်ချူးမူတို့လို လူမျိုးဆိုရင် ပြောမနေနဲ့တော့... သစ်သား ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် အဲဒီ အယ်ဗန်မလေးရဲ့ ပါရမီက နတ်ဘုရား နီးနီးပဲ... ငါ ကိုယ်တိုင်တောင် မနာလို ဖြစ်ရတယ်... ဒီလို ဝန်ခံရတာ ငါ့မာနကို နည်းနည်းတော့ ထိခိုက်စေတယ်... ဟဟ...”

ဝေ့ဝူယင် နာကျင်စွာဖြင့် အနည်းငယ် ရယ်မော လိုက်သည်။ ထို့နောက်တွင်တော့ သူက ဆက်လက်၍ ရှင်းပြလိုက်၏။

“ဆိုတော့ကာ ခန္ဓာကိုယ် ပါရမီကို ပြုပြင်ဖို့ အစောကြီးတည်းက ငါ့မှာ အတွေးတွေ ရှိခဲ့တယ်... အနာဂတ်မှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံလာရနိုင်တယ် ဆိုတာ ငါသိတယ်... အထူးသဖြင့် ဝိညာဉ် အင်အားကြောင့် မျက်လုံးကွယ်ရတဲ့ အချိန်မျိုးတွေ ကြုံတွေ့ပြီးတဲ့ နောက်မှာ ငါ ပိုပြီး စိုးရိမ်လာခဲ့တယ်... အဲဒီလို အဖြစ်အပျက်မျိုးတွေ ငါ ထပ်ပြီး အဖြစ်မခံနိုင်တော့ဘူး... အကန့်အသတ်မဲ့တဲ့ ခန္ဓာကိုယ် တစ်ခုကို ငါ လိုချင်ခဲ့တယ်”

“ဒီပြဿနာကို ဖြေရှင်းဖို့ ငါ နည်းလမ်း အမျိုးမျိုး စဉ်းစားခဲ့တယ်... အဂ္ဂိရတ် တာအိုရဲ့ အကူအညီနဲ့ ခန္ဓာကိုယ် ပါရမီကို မြှင့်တင်ရတာက လွယ်ပါတယ်... ဒါပေမဲ့ အကန့်အသတ်မဲ့ ခန္ဓာကိုယ်တော့ ဖြစ်မှာ မဟုတ်ဘူး... ငါ ထပ်ခါထပ်ခါ အဖြေရှာခဲ့တယ်... အကန့်အသတ်မဲ့ ခန္ဓာကိုယ် ဆိုတာက ဘယ်လိုမျိုးလဲ... အဲဒါက ဘယ်လို ပုံသဏ္ဌာန် ရှိမှာလဲ...”

“အဲဒီနောက်မှာ ငါ သဘောပေါက် သွားခဲ့တယ်... အကန့်အသတ်မဲ့ ခန္ဓာကိုယ် ဆိုတာက ချိုးဖျက်လို့ မရနိုင်ဘူး... မကုန်ခမ်းနိုင်ဘူး... နောက်ပြီး သဟဇာတ ဖြစ်တယ်... လိုက်လျောညီထွေ ပြောင်းလဲ နိုင်တယ်... အစွမ်းထက်တယ်...”

ဆေးလုံးကို စိုက်ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပိုမို၍ တောက်ပလာနေခဲ့သည်။ ထိုအခိုက်၌ သူ့ နှလုံးသားက မည်မျှ စိတ်လှုပ်ရှားနေကြောင်း သိသာ ထင်ရှားလှသည်။

“ဟုတ်တယ်... အကန့်အသတ်မဲ့ ခန္ဓာ ဆိုတာက ချိုးဖျက်လို့ မရနိုင်ဘူး... မကုန်ခမ်းနိုင်ဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ သွေးမျိုးဆက် ရင်းမြစ် ကုန်ခမ်းသွားတာမျိုးတွေ၊ မူလယန်နဲ့ မူလ အလင်း ရင်းမြစ် အားနည်း သွားတဲ့ အဖြစ်အပျက်မျိုးတွေ ငါ မကြာခဏ ဆိုသလို ကြုံခဲ့ရတယ်... အဲဒါတွေက ငါ့ကို အမြဲတမ်း ကန့်သတ်ထားခဲ့တယ်... ဒါပေမဲ့ ယင်နဲ့ ယန် ပြန်လည် ဖွံ့ဖြိုးခြင်း ရုပ်ခန္ဓာတွေရဲ့ ပြိုင်စံရှား ရည်ရွယ်ချက်နဲ့ ဆိုရင် အချိန်မရွေး ပြန်ပြီး ဖြည့်တင်းနိုင်တဲ့ ဟန်ချက်ညီမှုမျိုးကို ပိုင်ဆိုင်လာနိုင်တယ်... ငါ့ရဲ့ စွမ်းအင် ရင်းမြစ်တွေ ဘယ်တော့မှ ပြိုကွဲ မသွားနိုင်တဲ့ နေရာမျိုးပေါ့လေ”

“နောက်ပြီး အကန့်အသတ်မဲ့ ခန္ဓာက သဟဇာတ ဖြစ်တယ်... သေမျိုးနဲ့ လျှို့ဝှက် စွမ်းအင်တွေကို လိုက်လျော ညီထွေ ပေါင်းစည်းနိုင်တယ်... အဲဒါက ငါ ဆေးလုံးထဲမှာ ခြေချခြင်း သလင်းကျောက် အမတေကကို သုံးခဲ့ရတဲ့ အကြောင်းပြချက်ပဲ”

“နောက်တစ်ချက် အနေနဲ့ အကန့်အသတ်မဲ့ ခန္ဓာက လိုက်လျောညီထွေ ပြောင်းလဲနိုင်တယ်... ဘယ်လို စွမ်းအင်မျိုး၊ ရင်းမြစ်မျိုးကို မဆို သန့်စင်ပြီး ကိုယ်ဆန္ဒရှိတဲ့ အခြား ပုံစံတစ်ခု အဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတယ်... အစစ်အမှန် ဒြပ်စင် သလင်းကျောက်က ရိုးရှင်းတယ်.. ဒါပေမဲ့ သူ့ရဲ့ အဓိက စွမ်းအားက တစ်ချက် စဉ်းစားရုံနဲ့တင် သာမန် အမတေ တစ်ခုကို ကိုယ်ဆန္ဒရှိသလို အသွင်ပြောင်းလဲ ပေးနိုင်တာပဲ”

"နောက်ဆုံး တစ်ချက်... အကန့်အသတ်မဲ့ ခန္ဓာကိုယ်က အစွမ်းထက်တယ်... လက်ရှိ ကျင့်ကြံခြင်း အခြေခံထက် အဆပေါင်းများစွာ ကျော်လွန်နေတဲ့ စွမ်းအားတွေကိုတောင် ထိန်းထားနိုင်တဲ့ အထိ အစွမ်းထက်တယ်... ဝိညာဉ် အင်အားကြောင့် မျက်စိကွယ်သွားခဲ့ရတဲ့ အဖြစ်မျိုး ငါ နောက်တစ်ကြိမ် ထပ်ပြီး အဖြစ် မခံနိုင်ဘူး”

ဝေ့ဝူယင် ပြတ်သားစွာပင် ကြေညာလိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက ရူးသွပ်မှု အငွေ့အသက် တစ်ချို့ဖြင့် လင်းလက်နေသည်။ တာအို ဝိညာဉ် နှစ်ခုမှာ ဝေ့ဝူယင်၏ ရည်မှန်းချက်များကြောင့် တုန်လှုပ် သွားကြ၏။ နောက်ဆုံး၌... ဝေ့ဝူယင် အောင်မြင်ချင်သည့် အရာကို သူတို့ တဖြည်းဖြည်း နားလည် လာခဲ့ကြပြီ ဖြစ်လေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ ထိုအခိုက်၌ သူ့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ တစ်အောင်စမျှပင် မကျန်အောင် ခမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ဆေးလုံးကို သောက်သုံးရန် အပြီးပြည့်စုံဆုံး အခြေအနေ ဖြစ်သည်။ ဝေ့ဝူယင် ပါးစပ်ကို ဟကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက်တွင်တော့ ဆေးလုံး တစ်ခုလုံးကို မြိုချ ပစ်လိုက်တော့သည်။

ဆေးလုံးက ဖြည်းညင်းစွာပင် သူ့ ဝမ်းဗိုက် အတွင်း ကျဆင်း သွား၏။ ထိုအခိုက်တွင်မှ ဝေ့ဝူယင်မှာ ဆေးလုံးကို နာမည်ပေးဖို့ မေ့နေကြောင်း ပြန်လည် သတိရသွားခဲ့သည်။

“ငါ မင်းကို ဘယ်လို နာမည် ပေးရမလဲ... အာရုဏ်ဦး အကန့်အသတ် ချိုးဖျက်ခြင်း ဆေးလုံး... မဟုတ်သေးဘူး... နည်းနည်း ကလေးဆန်တယ်... အာရုဏ်ဦး အကန့်အသတ်မဲ့ နိုးထခြင်း ဆေးလုံး... ဒါက နည်းနည်း ပိုကောင်းတယ်... ဒါပေမဲ့ မှန်တော့ မမှန်‌သေးဘူး...”

“အာရုဏ်ဦး အကန့်အသတ် ပြည့်စုံစေခြင်း ဆေးလုံး ဆိုရင်ရော...”

ထိုအခိုက်တွင်ပင် ဆေးလုံးမှာ သူ့ ဝမ်းဗိုက်အတွင်း နေသားတကျ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အေးစက်စက် ခံစားချက် တစ်ခုက ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့လာခဲ့၏။

ထိုအခိုက်တွင်ပင် ကြယ်တာရာ ဝိညာဉ် လေးခု စလုံးမှာ တုန်ခါသွာကြ၏။ ထို့နောက်တွင်တော့ သူတို့မှာ ပြိုင်တူ ဆိုသလိုပင် နာမည် တစ်ခုကို အော်ဟစ် လိုက်ကြလေသည်။

“ပါရဂွန် ထုဆစ်ခြင်း...”

၎င်းက ဝေ့ဝူယင် ဆေးလုံးကို မဖော်စပ်ခင် အချိန်ကတည်းက သူတို့ ပေးထားသည့် နာမည် ဖြစ်ပေသည်။ ဝေ့ဝူယင်၏ စိတ်က အနည်းငယ် တုန်ရီသွားခဲ့၏။ ထို့နောက်တွင်တော့ သူ မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်မိသည်။

ဒဏ္ဍာရီထဲမှ ပြစ်မျိုး မှဲ့မထင် ပါရဂွန် တစ်ခုကို ထုဆစ်ခြင်း...

ဘယ်လောက်တောင် ကောင်းမွန်သည့် ရည်ရွယ်ချက် မျိုးနည်း။

“အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံး..”

ဝေ့ဝူယင် နာမည်ပေးလိုက်သည်နှင့် တစ်ပြိုက်နက် ချိပ်ပိတ် နယ်မြေများ အပါအဝင် အလွှာကြားနှင့် အပြင်ဘက်မှ လောကကြီး တစ်ခုလုံးမှာ မသိမသာ တုန်ရီသွားခဲ့လေတော့သည်။

***

All Chapters